အခန်း (၃၄၇)
Vol. 24 Ch. 347
လူအများ၏ အာရုံစိုက်မှုအောက်တွင် လေထဲမှ အနက်ရောင်အရိပ်သည် မျက်စိတစ်မှိတ်အတွင်း ယွီထိုက်၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။
ထိုသူသည် ယွီမိသားစု၏ ခေါင်းဆောင် ယွီကန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
"ယွီထိုက် ဘာတွေ ဖြစ်ပျက်နေတာလဲ"
ယွီကန်း၏ စူးရှသော အကြည့်က မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်များ၏ အလောင်းများပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုခဏတွင် သူ၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားခဲ့သည်။
သူသည် ဒေါသတကြီး ကြုံးဝါးလိုက်ရာ ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် ပရိသတ်အားလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
အနက်ရောင်ဝတ် ကိုယ်ရံတော်များသည် ယွီမိသားစု၏ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြပြီး ၎င်းတို့ကို မွေးထုတ်ရန် ယွီမိသားစုသည် မရေမတွက်နိုင်သော အရင်းအမြစ်များကို အသုံးပြုခဲ့ရသည်။
ယခုအခါတွင် ကျန်းချန်က သူတို့အားလုံးကို ဤနေရာ၌ သတ်ဖြတ်လိုက်ရာ ယွီကန်းက မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
"ခေါင်းဆောင်.. ကျွန်တော်က ခေါင်းဆောင် ညွှန်ကြားချက်အတိုင်း လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမနဲ့ ညှိနှိုင်းဖို့ လာရောက်ခဲ့တာပါ"
"ဒါပေမဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက အကောင်းအဆိုးကို နားမလည်ခဲ့ဘူး.. ဒီကောင်လေးကို ခေါ်လာပြီး ကျွန်တော်တို့ ယွီမိသားစုရဲ့ အနက်ရောင် ကိုယ်ရံတော် အားလုံးကို သတ်ပစ်လိုက်တယ်"
ယွီထိုက်က ကျန်းချန်ကို လက်ညှိုးထိုးပြကာ တိုင်တန်းလိုက်သည်။
ယွီကန်းသည် ယွီထိုက်၏ လက်ညှိုးလားရာအတိုင်း ကြည့်လိုက်သောအခါ ကျန်းချန်ကို မြင်လိုက်ရ၏။
ထိုခဏတွင် သူ၏ မျက်လုံး၌ မယုံကြည်နိုင်အောင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
ယွီမိသားစုရဲ့ အနက်ရောင်ဝတ် ကိုယ်ရံတော် အားလုံးကို ဒီကောင်လေးက သတ်ပစ်လိုက်တာလား။
သူ့ရှေ့မှ ကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို မကျော်လွန်သေးသည်မှာ သေချာ၏။
ထို့ကြောင့် သူက သဘာဝကျစွာပင် မယုံကြည်နိုင် ဖြစ်နေရခြင်းပင်။
အသက် ၁၆နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို မကျော်ဖြတ်ရသေးဘဲ ဤမျှလောက် အားကောင်းသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
သို့သော် ယွီကန်းက နှလုံးသားထဲမှ အံ့အားသင့်မှုကို ထိန်းချုပ်လိုက်ရာ သူ၏ တည်ငြိမ်မှုသည် ချက်ချင်းဆိုသလို ပြန်လည် ရရှိသွားခဲ့သည်။
သူက ကျန်းချန်ကို မောက်မာစွာ ကြည့်လိုက်သည်။
"ကောင်လေး.. ငါတို့ ယွီမိသားစုရဲ့ အနက်ရောင် ကိုယ်ရံတော်တွေကို သတ်ပစ်လိုက်တာ မင်းလား"
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။
"မင်းက အရာအားလုံးကို သိပြီးသားပဲ မဟုတ်လား.. ဘာလို့ အပိုတွေ လျောက်မေးနေရသေးတာလဲ"
"ကောင်းတယ်.. သိပ်ကောင်းတယ်"
ယွီကန်းက ကောက်ကျစ်စွာ ရေရွတ်လိုက်သည်။
"မင်းက ငါတို့ ယွီမိသားစုရဲ့ အနက်ရောင်ဝတ် ကိုယ်ရံတော်တွေကို သတ်ပစ်လိုက်တယ် ဆိုမှတော့ မင်းဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ မင်းကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"
"မင်းတို့ ယွီမိသားစုနဲ့ ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ သဘောတူထားတာ နောက်ဆုံးရက် မတိုင်မီ သုံးရက် ကျန်သေးတယ်"
"မင်းရဲ့လူတွေကို နောက်သုံးရက်ကြာရင် လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမမှာ ကုန်ပစ္စည်း လာရောက် ယူနိုင်ကြောင်း ငါ ရှင်းရှင်းလင်းလင်း ပြောပြီးသားပဲ.. ဒါပေမဲ့ မင်းတို့ ယွီအိမ်တော်ရဲ့ လူတွေက ပြဿနာရှာဖို့ ကြိုးစားခဲ့ကြတယ်"
"သူတို့က ဒီလောက်ထိ သေချင်နေမှတော့ ငါသူတို့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ"
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
"သေလမ်း ရှာနေတာပဲ"
ယွီကန်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွား၏။
ထိုခဏတွင် သူ၏ စွမ်းအင်သိပ်သည်းခြင်းအဆင့် အရှိန်အဝါသည် တောင်တန်းကြီးသဖွယ် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ရင်ဆိုင်ခဲ့ရသည်။
ကျန်းချန်က ဓားဆန္ဒကို တိုက်ရိုက် ထုတ်ဖော်ကာ ကြောက်မက်ဖွယ် အရှိန်အဝါ၏ ဖိနှိပ်မှုကို လေထဲတွင် ပျော်ဝင်စေခဲ့သည်။
"မင်းက ဓားဆန္ဒကို ဒီအတိုင်းအတာထိ နားလည်ထားတာ တကယ်ကို အံ့သြဖို့ကောင်းတယ်.. ငါတို့ ယွီမိသားစုရဲ့ အနက်ရောင်ဝတ် ကိုယ်ရံတော်တွေကို သတ်နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူးလေ"
ယွီကန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
သူက ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ဓားဆန္ဒ ဒုတိယ အဆင့်ကို နားလည်ထားလည်း ငါ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေမှာပဲ"
ယွီကန်းက စကားသံအဆုံးတွင် ခြေထောက်ကို လှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် ကျန်းချန်၏ ဦးခေါင်းထက်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သို့သော် ယွီကန်းက ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ခပ်ထေ့ထေ့ လှောင်ရယ်သံ တစ်သံသည် ရုတ်တရက် သူ၏ နားထဲတွင် ပေါ်လာခဲ့၏။
"ဟားဟား...ယွီကန်း...မင်းက ယွီမိသားစုရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး လူငယ်တစ်ဦးကို အရှက်မရှိ တိုက်ခိုက်နေတယ်.. မင်းက အရင်ကထက်တောင် အရှက်မရှိတော့တဲ့ပုံပဲ"
ထိုခဏတွင် ယွီကန်း၏ မျက်နှာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ လူငယ်တစ်ဦးက ဖြည်းဖြည်းချင်း သူတို့ ရှိရာသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
လူငယ်၏ ဘေးတွင် ဆံဖြူ အဘိုးအိုတစ်ဦးလည်း ပါလာ၏။
ယွီကန်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
"ကျီရန်ရှန်.. မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ငါက မိတ်ဆွေလေး ကျန်းချန်ကို တွေ့ချင်လို့ ရောက်လာတာပဲ"
ဆံဖြူ အဘိုးအိုသည် ယွီကန်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်က ငါတို့ သခင်လေး အပေါ်မှာ ကျေးဇူးရှိသူ ဖြစ်တယ်.. မင်း ငါ့ကို မျက်နှာသာပေးနိုင်မလားဆိုတာ ငါ သိချင်တယ်... ဒီကိစ္စကို လက်လွှတ်ပေးလို့ရမလား"
အခန်း(၃၄၇) ပြီး၏