← Chapters

အခန်း (၃၄၈)

Vol. 24 Ch. 348

အခန်း (၃၄၈)

Vol. 24 Ch. 348

"လခွမ်း.. ကျီမိသားစုလည်း ရောက်ရှိလာပြီဟ"

"မထင်မှတ်ဘဲ ဒီကောင်လေးက ရှေးဟောင်းမိသားစု သုံးခုထဲက ကျီမိသားစုနဲ့ ဆက်နွယ်နေတာပဲ"

"ဒီတစ်ခေါက် ယွီမိသားစုတော့ တကယ်ကို သံတုံးကို ကန်မိပြီပဲ"

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းသည် ပတ်ဝန်းကျင်မှ လူတိုင်းကို တစ်ဖန် အံ့အားသင့်စေခဲ့သည်။

"ကျီရန်ရှန်.. ဒီကိစ္စက မင်းတို့ ကျီမိသားစုနဲ့ ဘာမှ မသက်ဆိုင်ဘူး.. မင်းတို့အနေနဲ့ ကိုယ့်ရဲ့ ကိစ္စကိုပဲ အာရုံစိုက်သင့်တယ်လို့ ငါထင်တယ်"

ယွီကန်းက ဖြည်းညင်းစွာ ချဉ်းကပ်လာသော ပုံရိပ်နှစ်ခုကို စူးစိုက်၍ ကြည့်ရှုလိုက်၏။

သူ၏ မျက်နှာက ရုတ်တရက် တင်းမာသွားခဲ့သည်။

ကျီမိသားစု ခေါင်းဆောင်၏ လူယုံဖြစ်သည့် ကျီရန်ရှန်က ရုတ်တရက် ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ကျီမိသားစု။

၎င်းသည် စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုထဲမှ တစ်ခုဖြစ်ပြီး သူတို့ ယွီမိသားစုထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည်။

ကျီမိသားစုသာ တကယ်ပဲ ဤကောင်လေးကို ကာကွယ်နေလျှင် ကိစ္စသည် အနည်းငယ် ခက်ခဲသွားပေလိမ့်မည်။

ကျီရန်ရှန်က အေးစက်စွာ ပြန်လည် ဖြေကြားလိုက်သည်။

"ငါက မင်းစကားကို နားထောင်ရမှာလား"

"ကျီရန်ရှန်.. ကျီမိသားစုရဲ့ မျက်နှာကို ထောက်ထားပြီး ငါက မင်းကို အလျှော့ပေးနေတာ.. သိပ်ပြီးမလွန်လာနဲ့"

"ဟမ့် မင်းလို ခြေလှမ်းတစ်ဝက် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့်က ငါ့ရဲ့ဆုံးဖြတ်ချက်ကို စွက်ဖက်ရဲလား"

ထိုစကားကိုကြားလျှင် ယွီကန်းက မျက်နှာပျက်သွားခဲ့သည်။

"ဒီကလေးသည် ငါတို့ ယွီမိသားစုရဲ့ အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်တွေကို သတ်ပစ်ခဲ့တယ်.. ဒီနေ့ သူ့ကို မဖယ်ရှားရင် ငါတို့ ယွီမိသားစုအနေဲ့ ဒီဇူလုံမြို့မှာ ဘယ်လိုမျက်နှာနဲ့ ရပ်တည်ရမှာလဲ"

"ယွီကန်း...မင်း တကယ်ပဲ ဒီလောက်ထိ လုပ်ချင်နေမှတော့ ငါ မင်းကို မတားဆီးတော့ဘူး"

"ဒါပေမဲ့ အနာဂတ်မှာ မင်းတို့ ယွီမိသားစုအနေနဲ့ ဇူလုံမြို့မှာ ခြေကုပ်ယူချင်ရင်တော့ သူ့ကို မထိပါးတာ အကောင်းဆုံးပဲ"

ထိုစကားကို ပြောနေသည့် အဘိုးကြီး ကျီရန်ရှန်၏ မျက်လုံးများသည် တောက်ပနေခဲ့၏။

"အခု မင်းက ငါတို့ ကျီမိသားစုကို ဆန့်ကျင်ရုံတင်မကဘဲ ဆေးနန်းတော်ကိုပါ ဆန့်ကျင်နေမိပြီ ဆိုတာ မင်းသိရဲ့လား"

"ကျီရန်ရှန် မင်းစကားက ဘာအဓိပ္ပါယ်လဲ"

ယွီကန်း၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။

ကျီမိသားစု တစ်ခုတည်းကပင် သူ့ကို ကြောက်လန့်စေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဆေးနန်းတော်ပါ ထပ်မံ ပါဝင်လာခဲ့လျှင် သူတို့ ယွီမိသားစုအတွက် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ရပ် ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

"မင်း သတ်ချင်နေတဲ့ မိတ်ဆွေလေး ကျန်းချန်က ဒီနေ့ကျင်းပတဲ့ အဂ္ဂိရတ်ပြိုင်ပွဲမှာ ပထမနေရာကို ရရှိထားပြီး ဆေးနန်းတော် အရှင်သခင် ဖျင်ရီရှန်း ကိုယ်တိုင် ဆေးနန်းတော်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ခန့်အပ်ထားတဲ့သူပဲ"

ကျီရန်ရှန်က ပြုံး၍.ပြောလိုက်သည်။

"ဖျင်ရီရှန်းက မင်းတို့ ယွီအိမ်တော် တံခါးထိလာပြီး ပြဿနာလာရှာမှာကို မကြောက်ရင်တော့ ဆက်လုပ်ပါ"

"အဂ္ဂိရတ် ပြိုင်ပွဲရဲ့ ပထမဆုရှင်၊ ဆေးနန်းတော်ရဲ့ဂုဏ်ထူးဆောင် အကြီးအကဲလား"

ကျီရန်ရှန်၏ စကားများကို ကြားလျှင် ယွီကန်း၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားခဲ့၏။

ဆေးနန်းတော်။

၎င်းသည် စစ်မှန်သော နဂါးနိုင်ငံတွင် အင်အားစုကြီး တစ်ရပ်ဖြစ်ပြီး ရှေးဟောင်းမိသားစု သုံးခုထက် မလျော့သော တန်ခိုးအာဏာ ရှိသည်။

ဆေးနန်းတော်၏ အရှင်သခင် ဖျင်ရီရှန်းသည် အားကောင်းသော စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင် ကျင့်ကြံသူ ဖြစ်ရုံသာမက စစ်မှန်သော နဂါးနိုင်ငံ၏ တစ်ဦးတည်းသော သတ္တမအဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်၏။

ထို့အပြင် ထိုအဘိုးကြီးသည် လုံးဝ သွားမဆွသင့်သော သူတစ်ဦး ဖြစ်သည်။

သူသာ တကယ်ပဲ ကျန်းချန်ကို ထိပါးခဲ့လျှင် သူတို့ ယွီမိသားစု အနေဖြင့် ဇူလုံမြို့တွင် ခြေကုပ်ယူရန် မည်သည့် အခွင့်အရေးမှ မကျန်တော့မည်ကို သူစိုးရိမ်လာမိသည်။

ထိုအချိန်တွင် ယွီကန်းသည် စိတ်နှလုံးထဲတွင် အလွန် မသက်မသာ ခံစားနေရသည်။

သူ၏ မျက်လုံးများက အရောင် ပြောင်းလဲသွားခဲ့ပြီး အဆုံးသတ်တွင် သူ၏ နှလုံးသားထဲမှ ဒေါသကို ဖိနှိပ်လိုက်ရ၏။

"ကောင်လေး... ဒီနေ့တော့ ငါတို့ ယွီမိသားစု အလျှော့ပေးလိုက်ပါ့မယ်.. သွားကြစို့"

ယွီကန်းက ကျန်းချန်ကို အေးစက်စွာ ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

မြေပြင်ပေါ်မှ ယွီထိုက်ကလည်း ထိုအချင်းအရာကို မြင်သောအခါ လှည့်ထွက်သွားခဲ့၏။

ယွီမိသားစု၏ အကြီးအကဲ ယွီကန်းပင် ကျန်းချန် အပေါ်ဖိအားပေးမှုကို အလွယ်တကူ လက်လျော့၍ ထွက်ခွာသွားသည်ကို မြင်လျှင် လူတိုင်းသည် မှင်တက်သွားခဲ့ပြီး ပြန်လည် သက်သာလာရန် အချိန်အတော်ကြာယူခဲ့ရသည်။

"အံ့သြစရာပဲ.. ဒီကောင်လေးက တကယ်ကို သာမန်လူတစ်ဦး မဟုတ်ဘူးဟ"

ယွီကန်းတို့ ထွက်ခွာသွားပြီးနောက်တွင် ကျီမိသားစု၏ သခင်လေး ကျီကျင်းသည် ရှေ့တက်ကာ ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။

"ညီနောင် ကျန်းချန်.. မင်းအဆင်ပြေရဲ့လား"

"ငါ အဆင်ပြေပါတယ်"

ကျန်းချန်က ခေါင်းကို ခါယမ်း၍ ဖြေလိုက်သည်။

ထို့နောက် သူက စိတ်ဝင်တစား မေးလိုက်သည်။

"မင်း ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

"မိတ်ဆွေလေး ကျန်းချန်.. ငါတို့သခင်လေး ပြဿနာကို မင်းတကယ်ပဲ ဖြေရှင်းပေးနိုင်တာလား"

ကျီကျင်း မပြောမီ အဘိုးကြီး ကျီရန်ရှန်၏ အတည်ပြုသော အသံသည် ကျန်းချန်၏ နားထဲသို့ ပထမဆုံး ရောက်ရှိလာခဲ့သည်။

အခန်း (၃၄၈) ပြီး၏

All Chapters