အခန်း (၃၄၉)
Vol. 24 Ch. 349
ကျန်းချန်သည် ကျီရန်ရှန်ကို အေးဆေးစွာ ကြည့်လိုက်သည်။
"ဒါဆို မင်းတို့က ကောင်းကင် မူလ နတ်ကျောက်တုံးကို ယူဆောင်လာခဲ့ပြီပေါ့"
"ညီနောင် ကျန်းချန်.. တကယ်တော့ ငါတို့ ကျီမိသားစုမှာ ကောင်းကင် မူလ နတ်ကျောက်တုံး တစ်ခု ရှိပါတယ်"
"ကျွန်တော်နဲ့ ဦးလေးရှန်တို့က ကောင်းကင် မူလ နတ်ကျောက်တုံးကို ယူပြီး ချင်းဟဲ ဆေးကုသရေးဌာနမှာ ညီနောင်ကျန်းချန်ကို သွားရှာပါသေးတယ်.. မိန်းကလေးချိုးက ညီနောင်ကျန်းချန် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရောက်နေတယ်လို့ ပြောပြခဲ့တာကြောင့် ဒီနေရာထိ လိုက်လာခဲ့ကြတာပါ"
ကျီကျင်းက ပြုံး၍ ရှင်းပြလိုက်သည်။
"သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေဖို့ အရေးကြီးဆုံးအရာက ကောင်းကင် မူလ နတ်ကျောက်တုံးပါပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ကောင်းကင် မူလ နတ်ကျောက်တုံးကို ယူလာပြီ ဆိုမှတော့ မင်းရဲ့ သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေဖို့က ဘာပြဿနာမှ မရှိတော့ဘူး"
ကျီကျင်းက ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။
သူက ကျီရန်ရှန် ဘက်သို့ လျင်မြန်စွာ လှည့်ကာ ပြောလိုက်သည်။
"ဦးလေးရှန်...ကောင်းကင် မူလ နတ်ကျောက်တုံးကို ညီနောင် ကျန်းချန်ဆီ ပေးလိုက်ပါ"
သို့သော်လည်း ကျီရန်ရှန်က ကျီကျင်း၏ စကားကို မကြားဟန်ပြုကာ ကျန်းချန်ကို လေးလေးနက်နက် ကြည့်ရှု၍ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်.. သခင်လေးရဲ့ သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေဖို့ မင်းမှာ သေချာမှု ဘယ်လောက်ထိ ရှိလဲ ဆိုတာကို သိလို့ရမလား
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
"ဘာလဲ...အကြီးအကဲက ကျွန်တော်ကို မယုံတာလား"
"မင်းကို မယုံကြည်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ ဒီကိစ္စက အလွန် အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်နေတယ်.. အခန့်မသင့်ရင် ကျီမိသားစုရဲ့ခေါင်းဆောင် ရာထူးကိုတောင် လှုပ်ခတ်စေနိုင်တယ်.. ဒါကြောင့် ငါ လုံးဝ ပေါ့ပေါ့ဆဆ မလုပ်ဆောင်ရဲတာပါ"
ကျီရန်ရှန်က ခါးသီးစွာ ပြုံးလိုက်သည်။
ကောင်းကင် မူလ နတ်ကျောက်တုံးသည် ကောင်းကင်နှင့် မြေကြီးမှ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ဖြစ်သည်။
၎င်းသည် ကျင့်ကြံသူတစ်ဦးကို ကျင့်ကြံရာတွင် ကူညီပေးနိုင်ရုံသာမက သေဆုံးသွားသူများကိုပင် ပြန်လည်ရှင်သန်စေနိုင်သော စွမ်းရည်နှင့် ကုသရေးစွမ်းရည် မြင့်မားသော ကျောက်တုံး ဖြစ်သည်။
စင်စစ် ဤကောင်းကင် မူလကျောက်တုံးသည် ကျီမိသားစု၏ ဘိုးဘွားအမွေအနှစ် ရတနာများထဲမှ တစ်ခု ဖြစ်သည်။
ကျီမိသားစု၏ ခေါင်းဆောင်ပင် ၎င်းကို အလွယ်တကူ အသုံးပြုနိုင်ခြင်း မရှိပေ။
ဤတစ်ကြိမ်တွင် ကျီရန်ရှန်သည် မိသားစုခေါင်းဆောင်၏ အကာအကွယ်အောက်တွင် ကောင်းကင် မူလ နတ်ကျောက်တုံးကို လျှို့ဝှက်စွာ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကျီကျင်း၏ သန္ဓေမူလသိုင်းခန္ဓာကို အောင်မြင်စွာ နိုးထစေနိုင်ပါက အရာအားလုံးကို ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည် ဖြစ်သော်လည်း ကျရှုံးခဲ့လျှင် သူတို့သည် ကောင်းကင် မူလ နတ်ကျောက်တုံးကို အသုံးပြုခဲ့သည့် အကျိုးဆက်အား ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
"ညီနောင် ကျန်းချန်.. ဒီတစ်ကြိမ်မှာ ငါက ကောင်းကင် မူလ နတ်ကျောက်တုံးကို ငါရဲ့ ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခဲ့တယ်.. ဒါကြောင့် မတော်တဆ ကျရှုံးခဲ့ရင် ငါ့အဖေကို ထိခိုက်မှာ ဦးလေးရှန်က စိုးရိမ်နေတာပါ.. မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
ကျီကျင်းက ကျီရန်ရှန်၏ စကားများကြောင့် ကျန်းချန် စိတ်အနှောင့်အယှက် ဖြစ်မည်ကို အလွန်အမင်း စိုးရိမ်ကာ ကျန်းချန်ကို လျင်မြန်စွာ ရှင်းပြလိုက်သည်။
"အကြီးအကဲရှန်.. စိတ်ချနိုင်ပါတယ်"
"ကောင်းကင် မူလ နတ်ကျောက်တုံး ရှိနေသရွေ့ မင်းတို့ သခင်လေးရဲ့ သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေဖို့ ငါ့မှာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သော်လည်း သူ၏လေသံတွင် မောက်မာသော အရိပ်အယောင်များ ပါဝင်နေ၏။
"မိတ်ဆွေလေး ကျန်းချန်ရဲ့ စကားကြောင့် ငါ စိတ်အေးသွားပါပြီ"
"သခင်လေးရဲ့ အထူးခန္ဓာကိုယ်သာ နိုးထခဲ့ရင် အနာဂတ်မှာ ကျီမိသားစုက မိတ်ဆွေလေးကို ကောင်းကောင်းကြီး ပြန်လည်ပေးဆပ်ပါ့မယ်"
ကျီရန်ရှန်က ကျန်းချန်ကို လေးလေးနက်နက် ပြောလိုက်သည်။
မကြာမီမှာပင် သူက သိုလှောင်အိတ်ထဲမှ လက်ဖဝါးအရွယ် အပြာရောင် ကျောက်တုံးတစ်တုံးကို တိုက်ရိုက် ထုတ်ယူကာ ကျန်းချန်ကို ပေးလိုက်၏။
"မိတ်ဆွေလေး ကျန်းချန်.. ဒါက ငါတို့ ကျီမိသားစုရဲ့ ကောင်းကင် မူလ နတ်ကျောက်တုံးပါ"
"ငါတို့သခင်လေးရဲ့ အထူးခန္ဓာကိုယ်ကို အမြန်ဆုံး နိုးထနိုင်အောင် လုပ်ဆောင်ပေးပါ"
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ.. ဒါဆို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ အရပ်မျက်နှာ ၆ပါး ကောင်းကင်မူလ အစီအရင်ကို တည်ဆောက်ပြီး သူ့ရဲ့ သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေမယ်"
သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေရန် သူသည် အဓိကအချက်အဖြစ် ကောင်းကင် မူလ နတ်ကျောက်တုံးကို အသုံးပြုဖို့လိုသလို ရှေးဟောင်း အစီအရင်ဖြစ်သည့် အရပ်မျက်နှာ ၆ပါး ကောင်းကင် မူလ အစီအရင်ကို ခင်းကျင်းဖို့လည်း လိုအပ်၏။
"အရပ်မျက်နှာ၆ပါး ကောင်းကင် မူလ အစီအရင်ကို ခင်းကျင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ငါ့အတွက် ပြင်ဆင်ပေးပါ"
ကျန်းချန်က ယွဲ့ယန်ချန် ဘက်သို့ လှည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"ယွဲ့ယန်ချန်.. ငါ့အတွက် တိတ်ဆိတ်တဲ့ အခန်းတစ်ခန်း စီစဉ်ပေးပါ.. ငါ မင်းကို လိုအပ်တဲ့ ဆေးဖက်ဝင် ပစ္စည်း စာရင်း ပေးလိုက်မယ်"
"ကောင်းပါပြီ.. အကြီးအကဲ ကျန်းချန်.. ကျွန်တော့်နောက်ကနေ လိုက်လာခဲ့ပါ"
ယွဲ့ယန်ချန်က. လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ကျန်းချန်တို့ကို လခြမ်းတံဆိပ်ကုန်သွယ်ရေး ခန်းမထဲသို့ ဦးဆောင်၍ လျင်မြန်စွာ ခေါ်သွားခဲ့၏။
အခန်း(၃၄၉) ပြီး၏