အခန်း (၃၅၀)
Vol. 24 Ch. 350
ယွဲ့ယန်ချန်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ နောက်ဖေးရှိ ကျယ်ဝန်းသော အခန်းတစ်ခန်းသို့ ရောက်ရှိလာကြသည်။
ကျန်းချန်တို့ကို နေရာချပြီးနောက်တွင် ယွဲ့ယန်ချန်သည် ကျန်းချန်၏ ညွှန်ကြားချက်များအတိုင်း ပစ္စည်းများ ပြင်ဆင်ရန် ထွက်ခွာသွားခဲ့သည်။
ကောင်းကင် မူလ နတ်ကျောက်တုံးမှ လွဲ၍ အရပ်မျက်နှာ ၆ပါး ကောင်းကင် မူလ အစီအရင်ကို ခင်းကျင်းရန် အသုံးပြုသော ပစ္စည်းများသည် သာမန် ပစ္စည်းများသာ ဖြစ်ကြသည်။
ထို့ကြောင့် ယွဲ့ယန်ချန်အတွက် ပြင်ဆင်ရန် ခက်ခဲခြင်း မရှိပေ။
နာရီဝက်အတွင်း ယွဲ့ယန်ချန်သည် ပစ္စည်းအားလုံးကို ကျန်းချန်ထံသို့ ပို့ဆောင်ပေးခဲ့သည်။
ကျန်းချန်က ပစ္စည်းများကို ယူကာ လုပ်ငန်းစတင်ရန် ပြင်ဆင်ခဲ့၏။
"မိတ်ဆွေလေး ကျန်းချန်.. ငါအကူအညီပေးနိုင်တဲ့ အရာများ ရှိလား"
ကျန်းချန် အလုပ်ရှုပ်နေသည်ကိုမြင်လျှင် ကျီရန်ရှန်က မေးမြန်းလိုက်၏။
"သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေဖို့ တစ်ခုတည်းသော နည်းလမ်းက ရှေးဟောင်း ပဉ္စမအဆင့် အစီအရင် ဖြစ်တဲ့ အရပ်မျက်နှာ၆ပါး ကောင်းကင် မူလ အစီအရင်ကို ခင်းကျင်းဖို့ပဲ"
"ဒီအစီအရင်က အရမ်းထူးခြားတယ်.. ကမ္ဘာပေါ်မှာ ကျွန်တော်က လွဲပြီး ဒီအစီအရင်ကို ခင်းကျင်းနိုင်တဲ့ ဒုတိယလူ မရှိနိုင်ဘူး.. အကြီးအကဲက ကျွန်တော့်ကို ဘယ်လိုကူညီနိုင်မှာလဲ"
ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ အစီအရင်ကို အာရုံအပြည့်ထား၍ ခင်းကျင်းနေခဲ့သည်။
ပဉ္စမအဆင့် ရှေးဟောင်း အစီအရင်။
"ဒီကောင်လေးက ပဥ္စမအဆင့် အစီအရင်ကိုတောင် ခင်းကျင်းနိုင်တယ်လား"
ကျီရန်ရှန်က စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။
သူ၏ အိုမင်းသော မျက်လုံးထဲတွင် အံ့သြထိတ်လန့်သောအရိပ်အယောင်တစ်ခုက ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
ပဉ္စမအဆင့် အစီအရင်ကို ကျွမ်းကျင်စွာ ခင်းကျင်းနေပုံကိုထောက်လျှင် ဤကောင်လေးသည် ပဥ္စမအဆင့် အစီအရင်သခင်အဆင့်ကို ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
ဤကောင်လေးသည် အသက် ၁၆နှစ် သို့မဟုတ် ၁၇နှစ်ဖြင့် သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့်၁ ကျင့်ကြံသူကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်သော စွမ်းရည်ရှိပြီး ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင်နှင့် ပဉ္စမအဆင့် အစီအရင်သခင် ဖြစ်သည်။
သူ၏ အသက်အရွယ်တွင် မည်သည့် ရှုထောင့်မှ ကြည့်စေကာမူ သူရရှိထားသော အောင်မြင်မှုများသည် ဤကမ္ဘာပေါ်ရှိ ပါရမီရှင် အများစုကို သတ်သေခိုင်းရန် လုံလောက်နေပြီ ဖြစ်၏။
"ဒီကလေးက တကယ့်ကို ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါးပဲ"
ကျန်းချန်သည် ကျီရန်ရှန်၏ အံ့သြတုန်လှုပ်မှုကို လျစ်လျူရှုလိုက်သည်။
သူက ချောမွေ့စွာ စီးဆင်းနေသောရေကဲ့သို့ အရပ်မျက်နှာ ၆ပါး ကောင်းကင် မူလ အစီအရင်ကို ခင်းကျင်းခဲ့၏။
နာရီဝက်ခန့်အကြာတွင် အရပ်မျက်နှာ၆ပါး ကောင်းကင် မူလ အစီအရင်ကို ကျန်းချန်က ခင်းကျင်း၍ ပြီးစီးသွားခဲ့သည်။
"ကျီကျင်း.. အစီအရင်ရဲ့ အလယ်မှာရှိတဲ့ ကျောက်စားပွဲပေါ်မှာ သွားထိုင်လိုက်ပါ"
ကျန်းချန်က ကျီကျင်းကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ကျီကျင်းကလည်း မဆိုင်းမတွပင် လုပ်ဆောင်လိုက်ပြီး အစီအရင် အလယ်ရှိ ကျောက်စားပွဲ ပေါ်တွင် လျင်မြန်စွာ ထိုင်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် ကောင်းကင် မူလ နတ်ကျောက်တုံးကို ယူကာ ကျီကျင်း၏ ဦးခေါင်းထက်သို့ ပို့လွှတ်လိုက်ရာ ကောင်းကင် မူလ နတ်ကျောက်တုံးသည် ကျီကျင်း၏ ဦးခေါင်းထက်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင် မူလ နတ်ကျောက်တုံးကို ဗဟိုပြု၍ တောက်ပသော အလင်းတန်းတစ်ခုသည် တိုက်ရိုက် ပေါက်ကွဲထွက်လာပြီး ကျီကျင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။
"အရပ်မျက်နှာ၆ပါး ကောင်းကင် မူလ အစီအရင်ကို အသက်သွင်းလိုက်ပြီ.. အကြာဆုံး နေ့တစ်ဝက်လောက်ပါပဲ.. ကျီကျင်းရဲ့ သွေးဖွဲ့စည်းပုံက အသက်ဝင်လာပြီး သန္ဓေမူလသိုင်းခန္ဓာကို လုံးဝ နိုးထစေလိမ့်မယ်"
အရပ်မျက်နှာ ကောင်းကင် မူလ အစီအရင်ကို ခင်းကျင်းပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်ခါ၍ အေးဆေးစွာ ပြောလိုက်သည်။
"နေ့တစ်ဝက်လား.."
ကျန်းချန်၏ စကားများကို ကြားလျှင် ကျီရန်ရှန်သည် မျက်မှောင် တင်းကြပ်စွာ ကြုတ်သွားခဲ့၏။
သူတို့အနေဖြင် ယခုအခါတွင် အချိန်ကို အလိုအပ်ဆုံး ဖြစ်သည်။
နေ့ဝက်အတွင်း မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိရှိနိုင်ပေ။
ယခု သူက နေ့ဝက်ကို တည်ငြိမ်စွာ ဖြတ်သန်းနိုင်ရန်အတွက် နှလုံးသားထဲကနေ ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။
ဤသို့ဖြင့် ကျီရန်ရှန် မျှော်လင့်ထားသည်ထက်ပင် ပိုမိုအဆင်ပြေစွာဖြင့် အချိန်က ကုန်ဆုံးသွားခဲ့သည်။
ကျီကျင်း၏ သန္ဓေမူလ သိုင်းခန္ဓာကိုယ်ကို ပြန်လည် နိုးထစေမည့် လုပ်ငန်းစဉ် ပြီးဆုံးတော့မည်ကို မြင်လျှင် ကျီရန်ရှန်၏ တင်းကျပ်သော နှလုံးသားသည် အဆုံးသတ်တွင် အနည်းငယ် ပြေလျော့သွားခဲ့၏။
သို့သော် ထိုအချိန်မှာပင် ယွဲ့ယန်ချန်သည် ထိတ်လန့်တကြား လျှောက်လာခဲ့သည်။
"အကြီးအကဲ ကျန်းချန်.. မကောင်းတော့ဘူး"
"ကျီမိသားစုရဲ့ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် အကြီးအကဲ ကျီထျန်းလွေ့က သူ့လူတွေကို ဦးဆောင်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ဝိုင်းထားခဲ့ပြီ"
ယွဲ့ယန်ချန်၏ စကားများကို ကြားလျှင် ကျီရန်ရှန်၏ နှလုံးသားသည် ရုတ်တရက် တင်းကျပ်သွားခဲ့၏။
သူ၏ နှလုံးသားထဲတွင် အစိုးရိမ်ဆုံးသော အရာက အဆုံးသတ်တွင် ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလား။
အခန်း(၃၅၀) ပြီး၏