အခန်း (၃၅၁)
Vol. 24 Ch. 351
"မိတ်ဆွေလေး ကျန်းချန်... သခင်လေး နိုးထဖို့ ဘယ်လောက်ကြာဦးမလဲ"
ကျီရန်ရှန်သည် အသက်ကို ခပ်ပြင်းပြင်းရှူကာ လေးနက်သော မျက်နှာထားဖြင့် ကျန်းချန်ကို မေးလိုက်သည်။
ကျီမိသားစု၏ သခင်လေး ကျီကျင်းသာ သန္ဓေမူလသိုင်းခန္ဓာကိုယ်ကို နိုးထစေခဲ့လျှင် ကျီမိသားစုအတွင်းမှ လူအများအပြား၏ အကျိုးစီးပွားသည် ထိခိုက်လိမ့်မည် ဖြစ်သည်။
ကျီရန်ရှန်က ထိုအချက်ကို ကောင်းစွာ သိရှိထားခဲ့၏။
ဤကိစ္စကိုသာ သိသွားခဲ့လျှင် ကျီမိသားစုအတွင်းမှ တစ်စုံတစ်ယောက်သည် မည်သည့် အဖိုးအခကို ပေးရပါစေ၊ ကျန်းချန်၏ နိုးထစေခြင်းကို တားဆီးလိမ့်မည် ဖြစ်သည်။
ကိစ္စက ဤမျှ လျင်မြန်စွာ ဖြစ်ပေါ်လာလိမ့်မည်ဟု ကျီရန်ရှန် မထင်မှတ်ထားခဲ့ပေ။
ကျီကျင်းသာ အမြန်ဆုံး နိုးထနိုင်ခြင်း မရှိလျှင် သူ၏ ခွန်အားဖြင့် ကျီထျန်းလွေ့ကို တားဆီးရန် ခက်ခဲလိမ့်မည် ဖြစ်၏။
"ငါ့အနေနဲ့ သန္ဓေမူလသိုင်းခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် နိုးထစေခြင်း ဖြစ်လို့ ဘယ်လောက် ကြာနိုင်မလဲတော့ အတိအကျ မသိဘူး"
ကျန်းချန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"ဒါပေမဲ့ ခန့်မှန်းချက်အရတော့ အများဆုံး နာရီဝက်အတွင်း ရလဒ်က ထွက်ပေါ်လာမယ်လို့ ထင်တယ်"
"ကောင်းပြီ"
"မိတ်ဆွေလေး ကျန်းချန်.. ဒီနေရာကို မင်းဆီ ငါအပ်နှံခဲ့ပါ့မယ်.. ငါက ကျီထျန်းလွေ့ကို နာရီဝက်လောက် အချိန်ဆွဲနိုင်အောင် ကြိုးစားကြည့်မယ်"
ကျီရန်ရှန်က ထိုစကားကို ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"ခဏလေးနေဦး"
"အကြီးအကဲ ထွက်သွားရင် ကျီထျန်းလွေ့က လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမမှာ ကျီကျင်း ပုန်းအောင်းနေတာကို သိရှိသွားလိမ့်မယ်"
ကျန်းချန်က ကျီရန်ရှန်ကို တားဆီး၍ ပြောလိုက်သည်။
သူက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်ပဲ ထွက်တွေ့လိုက်မယ်.. ကျွန်တော်ရှိနေရင် ကျီထျန်းလွေ့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထဲကို အလွယ်တကူ ဝင်ရဲမှာမဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ကျီရန်ရှန်က အနည်းငယ် တုံ့ဆိုင်းကာ ပြောလိုက်သည်။
"ဒီနေရာမှာ မိတ်ဆွေလေးကျန်းချန် ရှိမနေရင် သခင်လေးက အဆင်ပြေပါ့မလား"
"စိတ်မပူပါနဲ့.. အရပ်မျက်နှာ၆ပါး ကောင်းကင် မူလ အစီအရင်က သန္ဓေမူလသိုင်းခန္ဓာကိုယ်ကို နိုးထစေရာမှာ အထူးအသုံးဝင်တဲ့ အစီအရင်ပါ"
"အခု အစီအရင်က အသက်ဝင်နေခဲ့ပြီ.. အစီအရင်ကို မဖျက်ဆီးသရွေ့ ဘယ်သူမှ ကျီကျင်းရဲ့ နိုးထလာခြင်းကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး"
"ကျီထျန်းလွေ့ကို ဖြေရှင်းဖို့က ငါ့တာဝန်ပဲ ထားလိုက်ပါ"
ကျန်းချန်က စကားဆုံးသည်နှင့် ယန်ချင်းရွှယ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
အခန်းထဲမှ ထွက်လာပြီးနောက် ကျန်းချန်တို့သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ကျယ်ဝန်းသော အရှေ့ဘက်ခန်းမဆီသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
သူတို့ရောက်လာသောအခါ ကျီထျန်းလွေ့နှင့် ကျီမိသားစုမှ ကျင့်ကြံသူ အုပ်စုတစ်စုသည် ခန်းမထဲသို့ ရန်လိုစွာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
"ရှာကြစမ်း.. ထောင့် တစ်ထောင့်မှ မလွတ်စေနဲ့"
ကျီထျန်းလွေ့က ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် သူ၏ လက်ကို တိုက်ရိုက် ဝှေ့ယမ်းပြီး သူ၏ နောက်မှ ကျင့်ကြံသူအုပ်စုကို အော်ဟစ် အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ"
ကျီထျန်းလွေ့၏ အမိန့်ကို ကြားပြီးနောက်တွင် ကျီမိသားစုမှ ကျင့်ကြံသူအုပ်စုသည် စတင်၍ ရှာဖွေရန် ပြင်လိုက်ကြ၏။
သူတို့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ တားဆီးမှုကို တိုက်ရိုက် လျစ်လျူရှုလိုက်ကြသည်။
ထိုခဏတွင် သဘာဝစွမ်းအားဖွင့်ခြင်း ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည် ကျန်းချန် တို့ဆီ ပြေးဝင်လာခဲ့၏။
သူက သူ၏ ရှေ့တွင် ရပ်နေသော ကျန်းချန်တို့ကို ကြည့်ကာ မောက်မာသောလေသံဖြင့် ပြောလိုက်သည်။
"ဒီနေရာကနေ ထွက်သွားကြစမ်း"
ကျန်းချန်က ထိုစကားကို တုံ့ပြန်သည့် အနေဖြင့်
သူက အားကောင်းသော လက်သီးဖြင့် ကျီမိသားစု ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။
ချက်ချင်းပင် ကျီမိသားစု ကျင့်ကြံသူထံကနေ အော်ဟစ်သံတစ်သံကို ကြားလိုက်ရ၏။
သူ၏ တစ်ကိုယ်လုံးကလည ကြိုးပြတ်သွားသော စွန်သဖွယ် နောက်သို့ ပြန်လည် လွင့်စင်သွားခဲ့သည်။
ဤရုတ်တရက် မြင်ကွင်းသည် အခြား ကျီမိသားစု ကျင့်ကြံသူများကိုပါ အံ့အားသင့်စေခဲ့သည်။
ကျီထျန်းလွေ့၏ မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။
သူက ရုတ်တရက် ခေါင်းမော့၍ ကြည့်လိုက်ရာ ကျန်းချန်တို့ နှစ်ယောက်က ခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ကျန်းချန်...မင်းက ဒီနေရာမှာ ဘယ်လိုကြောင့် ရှိနေရတာလဲ"
ကျန်းချန်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ ထွက်လာသည်ကို မြင်လျှင် ကျီထျန်းလွေ့၏ မျက်နှာသည် ရုတ်တရက် အကြည့်ရ ဆိုးသွားခဲ့သည်။
"ငါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲပါ.. ဒီလခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ငါ့ရဲ့ နေရာပဲ.. ဒီနေရာမှာ ငါရှိနေတာ ဘာများ ထူးဆန်းနေလို့လဲ"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
သူ၏ မောက်မာသောလေသံသည် ကျီထျန်းလွေ့၏ နားထဲကို တိုက်ရိုက် ပဲ့တင်ထွက်သွားခဲ့သည်။
"ကျီထျန်းလွေ့...မင်းက ငါတို့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကို ဘာထင်နေတာလဲ"
"အခုချက်ချင်း မင်းရဲ့ လူတွေကို ခေါ်ပြီး ထွက်သွားပေးပါ.. ငါ့နေရာမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့ စိတ်မကူးနဲ့"
အခန်း(၃၅၁) ပြီး၏