အခန်း (၃၅၇)
Vol. 24 Ch. 357
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ကိစ္စကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် နောက်ထပ် တစ်ရက်ခန့် နေထိုင်ခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်သည် ထိုက်ရှဂိုဏ်းကို တစ်ကိုယ်တော် ခရီးထွက်ရန် ပြင်ဆင်နေခဲ့သည်။
"အကြီးအကဲ ကျန်းချန်.. ထိုက်ရှဂိုဏ်းက ရှေးဟောင်းအပျက်အစီးမြေ နတ်ကုန်းမြေမှာ တည်ရှိတယ်.. ဒါက ရှေးဟောင်း အပျက်အစီး နတ်ကုန်းမြေရဲ့ မြေပုံပါ.. အကြီးအကဲ အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်"
ယွဲ့ယန်ချန်သည် မြေပုံတစ်ခုကို ထုတ်ယူကာ ကျန်းချန်ကို ပေးအပ်လိုက်သည်။
"ကျေးဇူးပဲ"
ကျန်းချန်သည် မြေပုံကို ယူကာ ယန်ချင်းရွှယ်ကို ကြည့်ရှုလိုက်သည်။
"အကိုယန်.. ကျွန်တော် ထိုက်ရှဂိုဏ်းဆီ ထွက်သွားခဲ့ရင် မဟာရှားနိုင်ငံကို ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိသေးဘူး"
"အကိုယန်က အနာဂတ်မှာ ကျန်းမိသားစုကို ပိုမို ဂရုစိုက်ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
"ညီလေး ကျန်းချန် စိတ်ချပါ.. ငါယန်ချင်းရွှယ် အသက် ရှိနေသရွေ့ မင်းရဲ့ ကျန်းမိသားစုကို စိတ်ပူစရာမလိုအောင် ကာကွယ်ပေးထားပါ့မယ်"
ယန်ချင်းရွှယ်သည် ပြုံး၍ ရင်ထဲကလာသည့် စစ်မှန်သော စကားကို ပြောလိုက်သည်။
"အကြီးအကဲ ကျန်းချန်.. ထိုက်ရှဂိုဏ်းမှာ ကောင်းကင်ထိ မြင့်တက်သွားနိုင်ဖို့ ဆုတောင်းပေးပါတယ်"
"ညီနောင် ယန်ချန်က အတိတ်နိမိတ်ကောင်းတဲ့ စကားတွေကို ပြောကြားလိုက်တာပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ယန်ချင်းရွှယ်နှင့် အခြားသူများကို ပွေ့ဖက်နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ကျန်းချန် ထွက်ခွာတော့မည့် အချိန်တွင် ချိုမြိန်သော အသံတစ်သံသည် ရုတ်တရက် သူ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်... ခဏလေး စောင့်ပါဦး"
ကျန်းချန် ခဏမျှ မှင်တက်သွားခဲ့၏။
သူက အသံလာရာဆီ ကြည့်လိုက်ရာ ချိုးလော်လန်က သူ့ဆီသို့ လျင်မြန်စွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ကျန်းချန်သည် ရုတ်တရက် အံ့အားသင့်သော အကြည့်ဖြင့် ချိုးလော်လန်ကို ကြည့်ရှုလိုက်သည်။
"မိန်းကလေး လော်လန်.. မင်းငါ့ကို ရှာနေတာလား"
"ကျွန်မဆရာက ရှေးဟောင်းအပျက်အစီး နတ်ကုန်းမြေရဲ့ အပျက်အစီး နယ်မြေထဲမှာလို့ ကျီကျင်းက ပြောပြခဲ့တယ်.. ဒါကြောင့် ကျမ ရှင်နဲ့ အတူ လိုက်လာပြီး ဆရာ့ကို ရှာဖွေချင်တယ်"
ချိုးလော်လန်က ကွေ့ဝိုက်မနေဘဲ တိုက်ရိုက် ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး...ရှေးဟောင်း အပျက်အစီးနယ်မြေက မင်းအတွက် အရမ်း အန္တရာယ်များလွန်းတယ်"
ကျန်းချန်က ခေါင်းကို ခါယမ်းကာ ငြင်းဆိုလိုက်သည်။
ရှေးဟောင်း အပျက်အစီး နတ်ကုန်းမြေထဲမှ အပျက်အစီးနယ်မြေ။
၎င်းသည် စစ်မှန်သော နဂါးနိုင်ငံတွင် အလွန် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။
ထိုနေရာသည် အရွယ်အစားကြီးမားသော ကမ္ဘာဦး သားရဲများ တည်ရှိသောနေရာ ဖြစ်၏။
ဆိုရလျှင် ထိုနေရာသည် စစ်မှန်သော နဂါးနိုင်ငံ မတည်ထောင်မီကတည်းကပင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တချို့နေရာတွင် အဆိပ်ငွေ့များပင် ရှိတတ်၏။
ဤနေရာက ကောင်းကင်နှင့် မြေကြီး၏ ရတနာ အမြောက်အမြား ထွက်ပေါ်သော နေရာတစ်ခု ဖြစ်သည်။
၎င်းက အဆင်သင့် မပြင်ဆင်ထားသောသူများ အတွက် ကြီးမားသော အန္တရာယ်များကို ဖုံးကွယ်ထား၏။
"မိန်းကလေး လော်လန်...ရှေးဟောင်း အပျက်အစီးနယ်မြေက မူလဘူတအဆင့်ကို မကြာခင်ကမှ ကျော်ဖြတ်ထားတဲ့ မင်းလို ကလေးမ သွားရောက်ရမဲ့ နေရာ မဟုတ်ဘူး"
နံဘေးတွင်ရှိသော ယန်ချင်းရွှယ်က ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် သူက လေးနက်စွာ ပြောလိုက်၏။
"မင်း ဇူလုံမြို့မှာပဲ နေပါ...ရှေးဟောင်း အပျက်အစီးနယ်မြေမှာ မင်းဆရာကို ရှာဖွေမဲ့ ကိစ္စအတွက် ငါ့ကိုပဲ လွှဲပေးလိုက်ပါ"
ချိုးလော်လန်၏ ဆရာ ကူချင်းဟဲသည် ဤကမ္ဘာတွင် ယန်ချင်းရွှယ်၏ အကောင်းဆုံး သူငယ်ချင်းများထဲမှ တစ်ဦး ဖြစ်သည်။
ကူချင်းဟဲသာ ရှေးဟောင်းမြေတွင် အမှန်တကယ် အန္တရာယ်တစ်ခုခု ဖြစ်ပေါ်လျှင် သူက သဘာဝကျစွာပင် လက်ပိုက်၍ ကြည့်နေမည် မဟုတ်ပေ။
"ဆရာယန်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ဆရာ့ကို ရှာဖွေဖို့ ရှေးဟောင်း အပျက်အစီးနယ်မြေကို ကျွန်မ ကိုယ်တိုင်ပဲ သွားချင်ပါတယ်"
ချိုးလော်လန်သည် ကျန်းချန်ကို ပြတ်သားစွာ ကြည့်ရှုရင်း ပြောလိုက်သည်။
"ကျွန်မကိုခေါ်သွားလို့ ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်လို့ ထင်ရင် ကျွန်မဘာသာ တစ်ယောက်တည်းပဲ သွားပါတော့မယ်"
ချိုးလော်လန်၏ စကားများကို ကြားလျှင် ကျန်းချန်သည် ခါးသီးစွာ ပြုံးလိုက်သည်။
ချိုးလော်လန်၏ ခွန်အားဖြင့် ရှေးဟောင်း အပျက်အစီးနယ်မြေကို တစ်ယောက်တည်း သွားရောက်ခွင့် ပြုလိုက်လျှင် သူမကို သေတွင်းထဲ ပို့လွှတ်လိုက်သည်နှင့် မခြား ဖြစ်သွားနိုင်၏။
"ကောင်းပြီလေ..ငါမင်းကို ခေါ်သွားပေးပါ့မယ်"
ကျန်းချန်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
နောက်ဆုံးတွင် ကျန်းချန်သည် ချိုးလော်လန်ကို ရှေးဟောင်း အပျက်အစီး နတ်ကုန်းမြေသို့ ခရီးထွက်ရာတွင် ခေါ်ဆောင်သွားခဲ့ရ၏။
ရှေးဟောင်းအပျက်အစီး နတ်ကုန်းမြေသည် စစ်မှန်သော နဂါးနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသော်လည်း စစ်မှန်သော နဂါးနိုင်ငံနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည်။
ကံကောင်းစွာဖြင့် ကျန်းချန်၏ သားရဲအိတ်ထဲတွင် တတိယအဆင့် မိုးကြိုးအတောင်ပံ လင်းယုန် သားရဲ ရှိနေသောကြောင့် အဆင်သင့် ဖြစ်သွားခဲ့၏။
သို့သော် မိုးကြိုးအတောင်ပံ လင်းယုန် သားရဲ ဖြင့်ပင် ကျန်းချန်တို့သည် ရှေးဟောင်းအထီးကျန် နတ်ကုန်းမြေသို့ ရောက်ရှိရန် နှစ်ရက် သုံးရက်ခန့် လိုအပ်လိမ့်မည် ဖြစ်သည်။
သားရဲ မပင်ပန်းစေရန် သူတို့က လမ်းတစ်လျောက် မကြာခဏ ရပ်နားပြီးမှ သွားလာခဲ့သည်။
သုံးရက်ခန့်အကြာတွင် ကျန်းချန်တို့သည် နောက်ဆုံးတွင် ရှေးဟောင်းအထီးကျန် နတ်ကုန်းမြေ၏ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်သည့် ရှေးဟောင်းမြို့သို့ ရောက်ရှိလာကြ၏။
အခန်း(၃၅၇) ပြီး၏