← Chapters

အထီးကျန်နှလုံးသား (၃)

Vol. 2 Ch. 71

အထီးကျန်နှလုံးသား (၃)

Vol. 2 Ch. 71

သမီးမငယ်ငယ်လေးကတည်းက အဖေက အမေ့ကို မချစ်ခဲ့ဘူး။ အဖေက အမြဲတမ်းလိုလို အမေ့ကို စုန်းမလို့ ခေါ်တတ်တယ်။ အမေက အမြဲတမ်းမငြင်းခဲ့ဘဲ အဲဒီလို အခေါ်ခံရတဲ့အခါတိုင်း ငိုနေခဲ့တာချည်းပဲ။

အမေက နှစ်ယောက်တည်း ရှိခဲ့အချိန်မျိုးဆိုရင် အဖေ့ကို စိတ်မဆိုးဖို့နဲ့ ဒီလိုအပြောခံရတာက သူ့အပြစ်တွေ ဖြစ်တဲ့အကြောင်းပဲ အမြဲလိုလိုပြောခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ အမေက တအားဝမ်းနည်းတဲ့အခါမျိုးမှာ သမီးကိုဖက်ထားပြီး ငိုနေတတ်တယ်။

အမေက သူ့မှာရှိနေတဲ့ ခက်အခဲတွေကို သမီးကိုပြောပြပြီး ရင်ဖွင့်တတ်တယ်။ ဒါပေမဲ့ နားလည်နိုင်စွမ်းမရှိတဲ့ သမီးကတော့ အမေ့ကြောင့်ဝမ်းနည်းပြီး အာခေါင်ခြစ် ငိုနေတာကိုပဲ မှတ်မိတော့တယ်။

တစ်နေ့တော့ အဖေက သမီးကို အပြင်ခေါ်သွားဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။

“သမီးလေး၊ ဒီနေ့အဖေတို့ ကစားကွင်းသွားကြမယ်နော်။”

အဖေက သမီးကို မြို့ထဲမှာရှိတဲ့ အကြီးဆုံးကစားကွင်းကြီးဆီ ခေါ်သွားခဲ့တယ်။ အဲဒီမှာတော့ သမီးအမေမဟုတ်တဲ့ မိန်းမ တစ်ယောက်က သမီးတို့ကို စောင့်နေခဲ့တယ်။

“သမီးလေး၊ ဒီဒေါ်လေးက နောက်ကျရင် အဖေတို့နဲ့အတူ နေရတော့မှာ။ ဒါကြောင့် အခုကနေစပြီး ကောင်းကောင်း မွန်မွန်ဆက်ဆံနော်။”

ဒေါ်လေးဆိုတဲ့ အမျိုးသမီးက သမီးကို မုန့်တွေအများကြီး ဝယ်ကျွေးခဲ့တယ်။ ညနေစောင်းတဲ့အထိ ကစားကွင်းထဲမှာ လျှောက်သွားပြီး ကစားပေးခဲ့တယ်။ ကစားလို့ဝတဲ့ အချိန်ကို ရောက်တဲ့အခါမှာတော့ သမီးက သူတို့နှစ်ယောက်ပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ်။

သမီးနိုးလာတော့ အဖေက သမီးကို ကုန်းပိုးထားပြီး အဲဒီဒေါ်လေးကို လက်ချင်းတွဲထားတယ်။

“ကျွန်မတို့ ဒီလိုပဲလုပ်သင့်ရဲ့လား။ ကလဲရာက ရှင့်ကို သိပ်ချစ်တာနော်။”

“ကိုယ်ဆုံးဖြတ်ပြီးပါပြီ။ နောက်ဆုံးတော့လဲ ကလဲရာက ကိုယ့်ကိုလှည့်စားခဲ့တာပဲလေ။ သူကိုယ့်ကို သူ့အနားမှာ ရှစ်နှစ်လုံးလုံး အတင်းနေခိုင်းခဲ့ပြီးပြီ။ အခုက ကိုယ့်ဘာသာ ကိုယ့်လမ်းကိုယ် လျှောက်ရမယ့်အချိန်ပဲ။”

သူတို့က မေမေ့အကြောင်းပြောနေတာလား။ အဖေက ဆက်ပြီးတော့ ပြောနေတယ်။ သမီးကတော့ ဆက်ပြီး အိပ်ချင်နေသေးတာမလို့ မျက်လုံးကို မှေးထားခဲ့တယ်။

“မနက်ဖြန်ကျရင် ကိုယ်ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတော့မယ်။ သမီးလေးကို လက်ခံပေးတဲ့အတွက်လည်း ကျေးဇူးပါ။”

သူတို့စကားပြောနေတုန်းမှာပဲ အဖေ့ဖုန်းက မြည်လာတယ်။ ပြီးတော့ မလှမ်းမကမ်းမှာရပ်နေတဲ့ အမေ့ကို သမီးမြင်လိုက်ရပြီး ခေါင်းထောင်ကြည့်လိုက်မိတယ်။

“မေမေ...”

သမီးဒီလိုပြောတာကြားတော့ ဒေါ်လေးရော အဖေကပါ ရှေ့ကိုကြည့်လိုက်တယ်။ အမေကတော့ တော်တော်လေး ဒေါသထွက်နေတဲ့ပုံစံနဲ့ အဖေ့ကို ဆွဲလားရမ်းလားလုပ်တော့ တာပါပဲ။

“ရှင့်ကို တစ်သက်လုံးဒီတစ်သက်လုံး အလျှော့ပေးခဲ့တာကို ဘာလို့ဒီလိုကိစ္စမျိုး လုပ်ရတာလဲ။”

အမေက အဖေ့ဆီကနေ သမီးကိုဆွဲယူတယ်။ နာလွန်းလို့ သမီးအော်ငိုမိတဲ့အထိပဲ။

“မင်းဝင်ရှုပ်ခဲ့လို့ ငါတို့နှစ်ယောက် ဝေးခဲ့တာကွ။ နည်းနည်းလောက် ငါ့အပေါ်ကောင်းပြရုံနဲ့ ကျေမယ်လို့ ထင်နေတာလား။”

“ရှင့်ဘာသာရှင် အဲဒီမိန်းမနဲ့လိုက်ချင်လိုက်သွား။ ကျွန်မတို့ရဲ့သမီးလေးကိုတော့ နောက်အိမ်ထောင်နဲ့ မထည့်လိုက်နိုင်ဘူး။”

...

နောက်နေ့မှာတော့ ဖေဖေက အိမ်ကသူ့ပစ္စည်းတွေကို ထုတ်ပြီးတော့ ထွက်သွားခဲ့တယ်။ မသွားခင် သူက သမီးကို ဖက်ပြီးတော့...

“အဲဲဒီအရူးမကြီး သမီးကိုနာအောင်လုပ်ရင် အဖေ့ဆီကို လိုက်လာခဲ့နော်။” လို့ပြောတယ်။

သမီးကလည်း ငိုပြီးရင်းငိုရင်းကနေ အဖေ့ဆံပင်တွေကို ဆောင့်ဆွဲမိတော့တာပဲ။ “သမီးမေမေက အရူးမကြီး မဟုတ်ဘူး။ ဖေဖေ... ဘယ်ကိုသွားမလို့လဲ။”

“တောင်းပန်ပါတယ်.... အဖေသူနဲ့ဆက်မနေနိုင်တော့ဘူး။ သမီးလေးကို တကယ်ပဲမထားခဲ့ချင်ပါဘူး။ ဒါပေမဲ့ သမီးအမေက အတင်းပဲဖြစ်နေတယ်လေ။”

...

အဖေထွက်သွားပြီးတဲ့နောက် မေမေ့ရဲ့စိတ်အနေအထားက ပိုဆိုးလာတယ်။ အိမ်ကို သန့်ရှင်းရေးမလုပ်တော့ဘူး။ ထမင်းချက်ဖို့တောင်မှ မေ့နေတတ်တယ်။ တစ်ခါတလေ ညမအိပ်ဘဲ တစ်ယောက်တည်း ရေရွတ်နေတတ်တယ်။

“ဒါတွေအားလုံး ငါ့အမှားတွေ၊ ငါပြုစားခဲ့လို့ ဖြစ်ခဲ့တာတွေ။” ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ လပိုင်းလောက်ကြာပြီးချိန်မှာတော့ အမေ့ရဲ့သဘောထားက စပြီးပြောင်းလာတယ်။

“ငါ့ကို... ငါ့ကိုသစ္စာဖောက်ရဲတယ်ပေါ့။”

တစ်နေ့ သမီးအိမ်ကိုပြန်လာတော့ အမေက သူ့လက်ထဲမှာ ကောက်ရိုးလူရုပ်ကလေးနှစ်ရုပ်ကို ကိုင်ထားပြီး အရုပ်တွေ ရဲ့ခေါင်းမှာ အဖေနဲ့အဲဒီဒေါ်လေးရဲ့ဓာတ်ပုံတွေကို ကပ်ခဲ့တယ်။

“နင်တို့တွေ၊ ငါခံစားရသလို ပြန်ခံစားရစေမယ်။”

အမေက အဲဒီအရုပ်နှစ်ရုပ်ကို မီးသွေးမီးဖိုထဲ ပစ်ထည့်ခဲ့တယ်။

ရက်နည်းနည်းလောက်နေတော့ နယ်မှာနေတဲ့ အဖေဘက်က သမီးရဲ့ဖိုးဖိုး အိမ်ကိုရောက်လာပြီး သမီးဖေဖေမရှိတော့တဲ့ အကြောင်းကို ပြောပြပါတယ်။

“သမီးလေး၊ သမီးဖေဖေဆုံးပြီကွဲ့။ ကားမှောက်ပြီးတော့ မီးလောင်တဲ့အထဲ ပါသွားတယ်ဆိုပါတော့ကွာ။”

အဲဒီနေ့က သမီးတစ်ယောက်တည်း ငိုနေခဲ့ပေမဲ့ အမေက ရုပ်ရှင်တွေထဲက အရူးတစ်ယောက်လိုမျိုး ရယ်မောနေတာ။ အဲဒီနောက်ပိုင်း မေမေစိတ်အခြေအနေ ပြန်ကောင်းလာတဲ့ပုံ ပေါ်တယ်ဆိုပေမဲ့ သမီးမေမေ့ကိုကြောက်သွားတယ်။

မေမေကြောင့် ဖေဖေသေသွားတာလို့ပဲ သမီးခံစားနေရတယ်။ ဒါကြောင့် သမီးမေမေ့ကို ကြောက်လာပြီး စကားမပြောရဲတော့ဘူး။ မေမေက ကြိုးစားကြည့်ပါသေးတယ်။ သမီးကြိုက်တဲ့စားစရာတွေ ချက်ကျွေးပြီး အိမ်ကိုသန့်ရှင်းရေးလုပ်ပေးခဲ့ပေမဲ့ သမီးက အမေ့ကို ကြောက်လို့ပုန်းနေခဲ့တာ။

အဲဒီနောက်တော့ အမေလည်း သည်းမခံနိုင်တော့ဘဲ သမီးကို စရိုက်တော့တာပဲ။

“အဖေနဲ့သမီး တစ်ချိုးတည်းပဲ။ နင်တို့တွေ ဘယ်သူမှ ငါ့ကို သစ္စာမရှိကြဘူး။”

နောက်ပိုင်းတော့ သမီးတို့တွေ တစ်အိမ်တည်းနေနေခဲ့ပေမဲ့ သူစိမ်းတွေလိုပါပဲ။ တစ်ရက်၊ သမီးကျောင်းကိုသွားတော့ ကျောင်းက သမီးသူငယ်ချင်းတွေအားလုံးက သမီးကို ကြောက်နေတာ သတိထားခဲ့မိတယ်။ ​ယောက်ျားတချို့က သမီးကို ‘စုန်းမရဲ့သမီး'ဆိုပြီး လိုက်စကြတယ်။ ဆရာမ ရောက်လာပြီး အားလုံးကိုရပ်ခိုင်းခဲ့ပေမဲ့ နောက်တစ်ရက် ကျောင်းသွားဖို့ကိုတောင် သမီးလန့်သွားခဲ့တယ်။

အိမ်ကိုပြန်လာတော့ အမေက သတင်းစာကိုဖတ်ပြီး အခန်းထောင့်မှာ တုန်ယင်နေတာကို သမီးတွေ့ခဲ့တယ်။ “ဘာလို့၊ အဲဒီမိန်းမက အသက်ရှင်နေတာလဲ။ ဘာလို့ အဲဒီမိန်းမက အသက်ရှင်နေသေးတာလဲ။”လို့ အော်ဟစ်လို့။ သမီးလည်း သတင်းစာကို မဖတ်တတ်ဖတ်တတ်နဲ့ ဖတ်ကြည့်တော့ ဒေါ်လေးဆိုတဲ့အမျိုးသမီးက ကိုမာဝင်ရာကနေ ပြန်နိုးလာပြီး သမီးအမေက သူတို့ကို ကျိန်စာတိုက်တာပါဆိုပြီး ဆေးရုံမှာအော်ဟစ်နေတဲ့ကိစ္စ သတင်းထဲပါလာတာ။

သတင်းစာတွေက အဲဒီဒေါ်လေးကို စိတ်ထိခိုက်ပြီး ရူးသွားတဲ့ပုံစံနဲ့ တင်ဆက်ကြပေမဲ့ ဒေါ်လေးက သမီးအမေကို စုန်းမဆိုပြီး စွပ်စွဲနေရာကနေ တစ်ကျောင်းလုံး သမီးကိုကြောက်ကုန်ကြတယ်ထင်ပါရဲ့။

...

ကြာလာတော့ သမီးတစ်ယောက်တည်း ပျင်းလာခဲ့တယ်။ ကျောင်းမှာ စကားပြောမယ့်သူမရှိဘူး။ အိမ်မှာလည်း စကားပြောမယ့်သူမရှိဘူး။ အရုပ်ကလေးတွေနဲ့ ကစားဖြစ်တယ်ဆိုပေမဲ့ သူတို့က သမီးကို ပြန်ပြီးတော့ စကားမပြောနိုင်တော့ မတူဘူးလိုခံစားရတယ်။ သမီးရင်ထဲ တစ်ခုခုဟာနေသလိုပဲ။

ဒီလိုနဲ့ အရုပ်အဟောင်းလေးတွေများ တွေ့လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မေမေမတက်ရဘူးလို့ပြောထားတဲ့ အိမ်ရဲ့ထပ်ခိုးက စတိုခန်းလေးပေါ် သမီးတက်ဖြစ်ခဲ့တယ်။

ဒီနေ့က စနေနေ့။ သမီးကျောင်းပိတ်ပေမဲ့ အမေအလုပ်သွားတယ်။ ပြန်မလာခင် အောက်ပြန်ရောက်ရင်တော့ အဆင်ပြေမှာပါ။

စက္ကူဘူးတွေကို တစ်ခုပြီးတစ်ခုလိုက်ဖွင့်ရင်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ သစ်သားဘုတ်ပြားလေးဖြစ်ပြီးတော့ Aကနေ Z အထိ အက္ခရာဇယားလေးပါတယ်။ ပြီးတော့ မှန်ပြားလေးတစ်ချပ်နဲ့ စာအုပ်ကလေးတစ်အုပ်ရောပဲ။

စာအုပ်ပေါ်မှာတော့ ခမ်းခမ်းနားနားနဲ့ Ouijaလို့ ရေးထားတာ တွေ့ခဲ့တယ်။ သမီးစာအုပ်ကို လှန်ကြည့်တော့ တမလွန်က လူတွေနဲ့ စကားပြောလို့ရတယ်လို့ ရေးထားတာတွေ့ရ တော့တာပါပဲ။

“ဖေဖေနဲ့စကားပြောလို့ရမလားမသိဘူး။”

ဒီအတွေးနဲ့အတူ သမီးအဲဒီဘုတ်ပြားလေးကို အောက်ထပ် ပြန်သယ်လာပြီး မေမေမတွေ့အောင် အဝတ်ဗီရိုအောက်မှာ ဝှက်ထားခဲ့တယ်။

မေမေအလုပ်ကနေပြန်လာပြီး ညအိပ်တော့မှ အဲဒီဘုတ်ကို သမီးထုတ်ပြီးတော့ ကစားဖို့ဆုံးဖြတ်လိုက်တာ။

ဘုတ်ပြားကို သမီးစာလုပ်တဲ့စားပွဲပေါ်မှာတင်ပြီး ဖန်ပြားလေးကို အသင့်နေရာချလိုက်တယ်။ အဲဒီ​နောက် ဖန်ပြားလေးကို လက်နဲ့ထိပြီး စာအုပ်ထဲကအတိုင်းပဲ ဝိညာဥ်တွေကို ဖတ်ခေါ်လိုက်တယ်။

“အနီးအနားရှိဝိညာဥ်များအားလုံး ကျွန်မနဲ့စကားပြောဖို့ လာပေးကြပါ။”

ဟူး...

ရုတ်တရက် ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ လေပြင်းပြင်း တစ်ချက်တိုက်လာပြီး သမီးဆံပင်တွေက မျက်နှာကို လာအုပ်တယ်။ သမီးလည်း လက်တစ်ဖက်နဲ့ဆံပင်တွေကို ဖယ်လိုက်ပြီးမှ ဘုတ်ပြားကိုပြန်ကြည့်လိုက်တယ်။

“တစ်ယောက်ယောက်ရှိလား။” သမီးမေးလိုက်တော့ ကတ်ပြားက သူ့အလိုလို ‘Yes'ဆိုတဲ့နေရာကို ရွေ့သွားတယ်။ သမီးလည်း ပျော်သွားတာပေါ့။ ဒါဆိုရင် ဒီစာအုပ်က အလိမ်အညာမဟုတ်ဘူးပေါ့။

“ဖေဖေလားဟင်။” လို့မေးလိုက်တော့ ကတ်ပြားက ‘No' ဆိုတဲ့နေရာကို ရွေ့သွားတယ်။ သမီးနည်းနည်း စိတ်ဓာတ် ကျသွားပေမဲ့ စကားပြောဖော်တစ်ယောက် ရှိလာတာကြောင့် သိပ်ကိုဝမ်းသာမိသွားတယ်။

“ဒါဆို နင့်နာမည်က ဘယ်သူလဲဟင်။ နင့်မှာ နာမည်ရှိလား။”

ကျွန်မက သူ့နာမည်မေးလိုက်တော့ ‘No’မှာပဲ အကြာကြီး ဆက်ရပ်နေတယ်။ ပြီးမှ ကတ်ပြားကလှုပ်ရှားလာပြီးတော့ ‘မသိဘူး။'လို့ စာလုံးတစ်လုံးချင်း ပေါင်းလိုက်တယ်။ ဒါနဲ့ သမီးလည်း

“နာမည်မရှိဘူးလား။ နင်က မိန်းကလေးလား၊ ယောက်ျားလေးလား။”

သမီးထပ်မေးတော့ သူက ‘မိန်းကလေး'လို့ ပေါင်းပြတယ်။

“ဒါဆို၊ ငါတို့က အတူတူပဲပေါ့။” သမီးလည်း ဝမ်းသာပြီး သူ့ကိုနာမည်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ဟုတ်ပြီ၊ ဒီနေ့ကစပြီးတော့ နင့်ကို ဒေစီလို့ခေါ်မယ်။” ဘုတ်ပြားက တုန်ခါလာတယ်။ ပြီးတော့ ဖန်ပြားလေးက အလျင်လျင်မြန်​မြန်ရွေ့သွားပြီး ‘ ပျော်လိုက်တာ'လို့ စာလုံးပေါင်းပြတယ်။

“ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီနော်။”

‘Yes’ အဲဒီလိုကနေပြီး ဒေစီဆိုတဲ့ မမြင်ရတဲ့ ပရလောက သူငယ်ချင်းတစ်ယောက်ကို ကျွန်မရလာခဲ့တာပဲ။

...

“ဆယ်ဗီ၊ အဲဒီကောင်မလေးက ဒီကိုထပ်လာမယ်ဆိုတာ နင်သေချာလို့လား။” ကျွန်မနဲ့အတူတူ အကင်ဆိုင်မှာ ထိုင်နေတဲ့ နာတာရှာက မေးလာတယ်။

နက်ဆန်ရဲ့ဆာဘတ်ပြီးတဲ့နောက်မှာ သူက ကျွန်မတို့တွေ ကတိရှိထားတဲ့အတိုင်းပဲ လေလွင့်သရဲတစ်ကောင်ကပ်တာ ခံနေရတဲ့ ကောင်မလေးကိစ္စကို တစ်ချက်ကူကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ထုံးစံအတိုင်းပဲ နာတာရှာလည်း ကပ်ပါလာတော့တာပေါ့။

ဆိုင်ရှင်ဦးလေးကြီးကတော့ ကျွန်မကိုကြည့်လိုက်၊ နက်ဆန်ကိုကြည့်လိုက် နာတာရှာကိုကြည့်လိုက်နဲ့ လေတွေကို နှာခေါင်းကနေ မှုတ်ထုတ်တယ်။ နောက်တော့ ကျွန်မတို့အမှာတော်ရှိတဲ့အတိုင်း အသားမျိုးစုံကို ကင်ပြီး လာချပေးတော့တာပေါ့။

ကျွန်မကတော့ နေ့တိုင်းစားနေကျ အရသာကိုသိနေတဲ့ အတွက်ကြောင့် ပျော်ပျော်ကြီးပါးစပ်ထဲ အကင်တွေထည့် စားတယ်ဆိုပေမဲ့ နက်ဆန်ကတော့ ဝက်သားတစ်တုံးကို ပါးစပ်ထဲ ထည့်ပြီးတာနဲ့ ‘ဂူး...’ ခနဲအာလုတ်သံကြီးထွက်လာပြီး အသားတွေကို ပြန်ထွေးလိုက်တယ်။

“အောင်မလေး... ချဥ်လိုက်တာ။” နာတာရှာလည်းပဲ အလားတူပဲ ပြုမူတယ်။

ကျွန်မလည်း နားမလည်နိုင်စွာနဲ့ ဆိုင်ရှင်ဦးလေးကြီးကို ကြည့်လိုက်တော့ ဆိုင်ရှင်ကြီးက ကျွန်မကို သူလှီးထားတဲ့ သံပုရာသီးအကြီးကြီးကို ထောင်ပြတယ်။ ဒီတော့မှ ကျွန်မပြန်သတိရလာတယ်။ နက်ဆန်နဲ့ကျွန်မ အထင်လွဲပြီး ဖြစ်ခဲ့တဲ့ကိစ္စကို ကျွန်မသူ့ကို ပြောပြခဲ့တာပဲ။ အခုတော့ ဦးလေးကြီးက နက်ဆန်နဲ့နာတာရှာကို ကျွန်မကွယ်ရာမှာ တိတ်တိတ်ပုန်းဖောက်ပြန်နေတဲ့သူတွေလို့ထင်ပြီး ပညာပေးဖို့ ကြိုးစားနေတဲ့ပုံပဲ။

‘အင်း၊ တကယ်တမ်း အဲဒီလိုမဖြစ်ခဲ့ဘူးဆိုပေမဲ့ အဲဒီ သောက်ကျိုးနည်းနက်ဆန်ဆိုတဲ့ကောင်စုတ်က ငါ့ကို နာတာရှာက အိမ်ထောင်ကျပြီးသားမှန်းမပြောထားဘူး။ ဒီတော့ ခံစမ်း၊ သေလောက်အောင် ခံစားလိုက်။'

ကျွန်မကလည်း သူတို့ကို မချိုမချဥ်နဲ့ကြည့်လိုက်ပြီး မနာလိုဖြစ်အောင် အကင်ကိုအလွန့်အလွန်အရသာရှိတဲ့ ပုံစံမျိုးနဲ့စားပြတယ်။ ဒီလိုနဲ့မနေ့ကအချိန်ကိုရောက်တော့ ကျောင်းဖယ်ရီအဝါလေး လမ်းထဲမှာထိုးစိုက်လာတာ တွေ့ရော။

“ဟိုမှာလာပြီ။” ကျွန်မလည်း လက်ညိုးထိုးပြလိုက်တာပေါ့။

တခြားကျောင်းသားကျောင်းသူတွေက ပုံမှန်ဆိုပေမဲ့ နောက်ဆုံးဆင်းလာတဲ့ ကျောင်းသူလေးဘေးမှာတော့ လူနှစ်ရပ်စာလောက် အရပ်မြင့်တဲ့ လေလွင့်သရဲတစ်ကောင် ပါလာပြီး ကလေးမလေးက အဲဒီသရဲကြီးကို စကားတွေ ပြောနေတာ။

“စိတ်ဝင်စားစရာပဲ... ကောင်မလေးက သရဲကိုမြင်နိုင်တဲ့ပုံ မပေါ်ဘူး။ ဒါပေမဲ့ ရှိနေတာကိုတော့ သိနေတဲ့ပုံပဲ။”

နက်ဆန်က ကောက်ချက်ချလိုက်တယ်။ ကျွန်မလည်း နက်ဆန်ကို ပြုံးပြလိုက်ပြီး။

“ကဲ၊ ဘယ်လိုလဲ။ ကိုအပနှင်ဆရာကြီး။ ဒီကိစ္စကို စိတ်ဝင်စားသွားပြီလား။”

နက်ဆန်က အခက်တွေ့သွားဟန်နဲ့ လေပူတွေကို မှုတ်ထုတ်တယ်။ နာတာရှာကလည်း...

“ဒီကိစ္စမှာ ကာယကံရှင်က အရွယ်ရောက်ပြီးသူသာဆိုရင် ဖျောင်းဖျရလွယ်တယ်။ အခုက ကလေးတစ်ယောက်မလို့ ကိုင်တွယ်ရပိုခက်မယ်။ ပြီးတော့ EUOCရဲ့ဥပဒေအရ အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့ပတ်သက်တဲ့ သဘာဝလွန်ကိစ္စတွေမှာ မိဘတွေကိုအသိပေးပြီးမှ အရေးယူဆောင်ရွက်ရတာမျိုး။ အဲဒီကလေးမိဘက လက်မခံတာတို့၊ မယုံကြည်တာတို့ဆိုရင် ပြဿနာဖြစ်စေလိမ့်မယ်။”

ကျွန်မကတော့ အခုထိလက်မလျှော့သေးဘူး။ “အရင်ဆုံး ဝင်မေးကြည့်တာမကောင်းဘူးလား။”

ဒီလိုမေးလိုက်တော့ သူတို့အားလုံးက ခေါင်းညိတ်ပြတယ်။ နက်ဆန်ကတော့ နောက်ထပ်ဝက်သားတုံးချဥ်တူးတူး တစ်ခုကို ပါးစပ်ထဲ မရဲတရဲပစ်ထည့်လိုက်ပြီးနောက် ကျွန်မကိုလှည့်ကြည့်ပြီး ပြောတယ်။

“ဆယ်ဗီ၊ မင်းရဲ့အကြိုက်က တော်တော်ထူးဆန်းတာပဲ။”

“.....” ဒီအရူးကောင်က ပညာပေးခံရတယ်လို့မထင်ဘဲ ကျွန်မအချဥ်ကြိုက်တယ်လို့ ထင်သွားတာလား။

All Chapters