အထီးကျန်နှလုံးသား (၃)
Vol. 2 Ch. 72
အဲဒီနောက်တော့ ကျွန်မတို့တွေ ကလေးရဲ့မိဘတွေနဲ့ ဆက်သွယ်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီး အိမ်တံခါးကို ဘယ်သူအရင်ခေါက်မလဲ စဥ်းစားကြရတယ်။ ကျွန်မက ပထမတော့ အုပ်စုခေါင်းဆောင်လိုဖြစ်နေတဲ့ နက်ဆန်ကို သွားပြီးတံခါးခေါက်ခိုင်းစေချင်ပေမဲ့ နာတာရှာက ချက်ချင်း ငြင်းလိုက်လေရဲ့။
“နက်ဆန်က ဂျာကင်အမည်းကြီးဝတ်ထားပြီးတော့ သူ့ရုပ်က မျက်နှာသေကြီးနဲ့။ ဒီလိုလူစိမ်းတစ်ယောက်က သမီးလေး မွေးထားတဲ့မိသားစုအိမ်တံခါးကို သွားခေါက်ရင် သူတို့ ဘယ်လိုထင်ကုန်မလဲ။”
“ဟုတ်သားပဲနော်၊ ကလေးသူခိုးဂိုဏ်းကလူထင်ပြီးတော့ ရဲတိုင်လိုက်ရင် မခက်ပေဘူးလား။”
ကျွန်မ တွေးလိုက်မိတယ်။ နာတာရှာက ရဲဝင့်စွာနဲ့ဘဲ ရှေ့ထွက်လာပြီးတော့ တံခါးသွားခေါက်ဖို့ပြင်တယ်။ ဒါပေမဲ့ ကျွန်မက သူရှေ့ကိုမသွားခင် လက်ကိုဖမ်းဆွဲထားလိုက်ပြီး။
“အစ်မကြီး၊ ရှင်ပုံစံကလည်း ထောက်လှမ်းရေးလိုလို မာဖီးယားလိုလိုပုံစံပေါက်နေတာလေ။ အိမ်သားတွေ လန့်ကုန်မှာပေါ့။”
နာတာရှာလည်း လက်လျှော့လိုက်တယ်။ ကျွန်မလည်း ကျွန်မအလှည့်ရောက်ပြီဆိုပြီး တံခါးသွားခေါက်ဖို့ အသင့်ပြင်လိုက်တော့ နက်ဆန်နဲ့နာတာရှာတို့ နှစ်ယောက်လုံးက ကျွန်မကိုဖမ်းဆွဲထားလိုက်ကြတယ်။
“စိတ်မကောင်းပေမဲ့၊ နင့်ပုံစံကလည်း ဆေးအတုတွေ လိုက်ရောင်းတဲ့ သူနာပြုအတုနဲ့တူနေတယ်။ ဒီတော့ နင့်ကိုလည်း ဖယ်ထုတ်ရမှာပဲ။”
အဲဒီနောက်တော့ ကျွန်မတို့အကြည့်တွေက အိုလီရာနာဆီ ရောက်သွားတယ်။ “အိုလီရာနာကို ကလေးမလေးရဲ့ သူငယ်ချင်းအဖြစ် ဟန်ဆောင်ခိုင်းပြီး တံခါးသွားခေါက် ခိုင်းရင်ရော။”
ကျွန်မတို့သုံးယောက်မှာ ငြင်းစရာဆင်ခြေမရှိတော့တဲ့ အတွက်ကြောင့် အိုလီရာနာကို တိုက်စစ်မှူးအဖြစ်ခန့်ဖို့ ကန့်ကွက်မဲမရှိ အတည်ပြုလိုက်နိုင်တယ်။ အိုလီရာနာက ငြင်းဖို့လုပ်ပေမဲ့ နာတာရှာက သူ့အိတ်ထဲဆောင်ထားတဲ့ ကွက်ကီးမုန့်အကျန်လေးတွေကို လက်ထဲထည့်ပေးပြီး..
“ရော့၊ လိမ္မာတယ်။ လူကြီးစကားနားထောင်။” လို့ပြောရင်း အိမ်ဘက်ကို အတွန်းတွန်းပို့ပေးလိုက်တယ်။ အိုလီရာနာက အိမ်တံခါးခေါက်ရမှာကို သေမလောက်ကြောက်နေတဲ့ပုံစံနဲ့ အနားကိုချဥ်းကပ်သွားပြီး တံခါးခေါက်လိုက်တယ်။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးက မဆိုသလောက်လေးပွင့်လာတယ်။ တံခါးနောက်မှာ သက်လတ်ပိုင်းဝင်စ အမျိုးသမီး တစ်ယောက်ရှိနေပြီး သူ့မျက်လုံးတွေက စိတ်ပုံမှန် မဟုတ်သူတစ်ယောက်လိုမျိုး ပျာယာခတ်နေပါတယ်။
“မင်္ဂလာညနေခင်းပါ။ သမီးက ဒေါ်ဒေါ့်သမီးနဲ့ အတန်းဖော်တွေပါ။ အထဲဝင်ပြီးတော့ ဒေါ်လေးနဲ့ စကားပြောလို့ရမလားဟင်။”
ဂျိန်း...
အိုလီရာနာစကားဆုံးတာနဲ့ အဒေါ်ကြီးက တံခါးကို ချောင်းခနဲမြည်အောင် ဆွဲပိတ်လိုက်တယ်။ အိုလီရာနာလည်း လန့်သွားပြီး နောက်ကို ခြေလှမ်းတချို့ပြန်ဆုတ်မိတယ်။ ခဏနေတော့ ကျွန်မတို့တွေအားလုံး ကောင်မလေးရဲ့အိမ်နဲ့ ခပ်လှမ်းလှမ်းနေရာမှာ လူပြန်စုပြီး ဆက်လုပ်ရမယ့်ကိစ္စကို တိုင်ပင်ဖြစ်ပါတယ်။
“အဲဒီမိန်းမကိုကြည့်ရတာ သိပ်ပြီးမူမမှန်သလိုပဲ။” ဒီလို ကိစ္စတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံအများဆုံးရှိတဲ့ နာတာရှာက ကောက်ချက်ချတယ်။ ကျွန်မတို့တွေကတော့ နားထောင်ရုံသာ နားထောင်ဖြစ်ကြတယ်။
“စိတ်ထင်တာလို့တွေးမိပေမဲ့ အဲဒီအမျိုးသမီးရဲ့စိတ်က ပုံမှန်သိပ်မဟုတ်သလိုပဲ။ အထူးသဖြင့် အိုလီရာနာကို ကြည့်တဲ့မျက်လုံးတွေပေါ့။ အပြင်လောကကြီးကို သိပ်ပြီး ကြောက်နေသလိုပဲ။”
နာတာရှာက သူတွေ့မိသလောက်ပြောတယ်။ ကျွန်မက စိတ်ရောဂါကုဆရာဝန်မဟုတ်ပေမဲ့ နာတာရှာပြောတာကို အနည်းနဲ့အများတော့ နားလည်ပါတယ်။
“ရှင်ပြောချင်တာက ကလေးအမေက စိတ်ထရော်မာ ကြီးကြီးမားမားရထားတယ်ဆိုတဲ့သဘောပေါ့။”
နာတာရှာက ခေါင်းညိတ်လိုက်တယ်။ “အင်း၊ မိသားစုကိစ္စ ဘာညာဖြစ်နိုင်ပေမဲ့ ငါတို့က အခုထိတောင် ကလေးမလေး နာမည်ကိုသိတာမဟုတ်ဘူးရယ်။”
အိုလီရာနာကလည်း တစ်ခုခုပြောချင်နေဟန်နဲ့ ကျွန်မတို့ သူ့ကိုသတိထားမိအောင် လက်ထောင်ပြပြီးတော့ ပြောပါတယ်။
“ကျွန်မ အဲဒီအဒေါ်ကြီးဆီကနေ အားနည်းပြီးမတည်မငြိမ် ဖြစ်နေတဲ့ မှော်စွမ်းအားမျိုးကို ခံစားမိတယ်။”
မှော်စွမ်းအားလို့ကြားရတော့ ကျွန်မတို့တွေအားလုံးက သူ့ကိုဝိုင်းကြည့်လိုက်ကြတယ်။ နက်ဆန်လည်း စိတ်ဝင်စား လာတဲ့ပုံပေါ်ပြီး အိုလီရာနာရဲ့အရပ်အတူတူဖြစ်အောင် ဒူးတစ်ဖက်ထောက်ချလိုက်ရင်း မေးပါတယ်။
“အဲဒီမှော်စွမ်းအားက ဘယ်လိုမှော်စွမ်းအားမျိုးလဲ။ မီးစာကုန်လို့ ငြိမ်းတော့မလိုမျိုး မှေးမှိန်နေတာလား။ ဒါမှမဟုတ် လေတိုက်ခတ်ခံရပြီး ငြိမ်းသွားတော့မလို ဖြစ်နေတာလား။”
အိုလီရာနာကတော့ သူမြင်ခဲ့တဲ့မြင်ကွင်းကို သေချာပြန် သုံးသပ်ရင်းနဲ့ တစ်လုံးချင်းစီစဥ်းစားပြီး ဖြေလိုက်တယ်။ “အဲဒီမှော်စွမ်းအင်က မီးစာကုန်ပြီး ငြိမ်းတော့မလို ဖြစ်နေတာ။”
နာတာရှာနဲ့နက်ဆန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ပိန်းဥဖြစ်တဲ့ ကျွန်မကတော့ ဒီလိုကိစ္စတွေကို ဘယ်လိုလုပ်ပြီးနားလည်မှာလဲ။ သူတို့တွေ ရှင်းပြမလား ရှင်းပြမလားဆိုတာကို ရပ်စောင့်နေပေမဲ့ သူတို့တွေက ကျွန်မနားမလည်တဲ့ စကားတွေကိုချည်းပဲ ဆက်ပြောနေတော့တာ။
“ဒီတော့ သူက မိုရီယမ်တစ်ယောက်ပေါ့။ အိုလီရာနာကို မြင်ပြီးတော့ အထဲပေးမဝင်တာ အံ့ဩစရာမရှိဘူးပဲ။”
“အဲဒီမိန်းမက မိုရီယမ်ဆိုပေမဲ့ မှော်ဆရာတစ်ယောက် ဖြစ်နေတုန်းပဲ။ မှော်ဆရာတစ်ယောက်ရဲ့ကလေးက သဘာဝလွန်အရာတစ်ခုနဲ့ အခုလိုဆက်ဆံရေးရှိနေတာ သိပ်ထူးဆန်းတယ်လို့တော့ ပြောလို့မရဘူး။”
သူတို့နှစ်ယောက်က ကျွန်မကိုလစ်လျူရှုထားပြီးတော့ သူတို့ဘာသာသူတို့ စကားပြောနေကြတဲ့အတွက်ကြောင့် ကျွန်မစိတ်ထဲ ထောင်းခနဲဒေါသထွက်လာတယ်။ ဒါကြောင့် နှစ်ယောက်လုံးကို မအော်မိအောင်လို့ သတိထားရင်း အတင်းပြုံးထားတဲ့မျက်နှာနဲ့ မေးလိုက်တော့တယ်။
“နှစ်ယောက်လုံးပဲ... မိုရီယမ်ဆိုတာ ဘာကြီးလဲဟင်။”
ဒီတော့မှ သူတို့နှစ်ယောက်က ကျွန်မကိုလှည့်ကြည့်တယ်။ နာတာရှာကတော့ နဖူးကိုလက်ဝါးနဲ့ဖိထားရင်း “ငါတို့ထဲမှာ မှော်ပညာရေးအခြေခံ လုံးဝမရှိတဲ့တစ်ယောက်ပါနေတာ မေ့သွားတယ်။”
နာတာရှာက ကျွန်မကို ပိန်းဥမှတကယ့်ပိန်းဥဆိုတဲ့လေသံနဲ့ ပြောနေပေမဲ့ နက်ဆန်ကတော့ စေတနာထားပြီး အလင်းပြ ပေးဖို့အသင့်ရှိနေတယ်။
“မိုရီယမ်ဆိုတာက ကိုယ်ပိုင်မှော်စွမ်းအားကို အလွန်အကျွံ သုံးမိရာကနေ တည်မငြိမ်ဖြစ်ပြီး မှော်ဆရာအဖြစ်ကနေ အဆုံးသတ်ရတော့မယ့် သူကိုပြောတာ။”
နက်ဆန်ရှင်းပြတဲ့ပုံစံက အဘိဓာန်စာအုပ်ကိုဖတ်နေရတဲ့ အတိုင်းပါပဲ။ သူကလည်း ကျွန်မကိုဝါကျတစ်ခုတည်းနဲ့ ရှင်းပြရင် နားမလည်မှန်းသိတဲ့ပုံနဲ့ ဆက်ပြီးပြောပြတယ်။
“လူတစ်ယောက်ရဲ့မှော်စွမ်းအားက ကုန်ခမ်းသွားပြီးရင် ဖြည်းဖြည်းချင်း သဘာဝအတိုင်း ပြန်ပြည့်လာနိုင်တယ်။ ဒါပေမဲ့ ကိုယ့်မှာရှိနေတဲ့မှော်စွမ်းအင်ထက် ကျော်လွန်တဲ့ မှော်ဂါထာ၊ ဒါမှမဟုတ် မှော်ပစ္စည်းတစ်ခုကိုသုံးမိရင်တော့ မှော်စွမ်းအင်က ပြန်ပြည့်လာနိုင်တဲ့ပမာဏထက် ကျော်ပြီး ကျဆင်းသွားလေ့ရှိတယ်။”
နာတာရှာက နက်ဆန်ရဲ့ရှင်းပြချက်ကို အချက်အလက် ပြည့်စုံစေဖို့အတွက် ထပ်ဖြည့်ပြောတယ်။ “ EUOCရဲ့သုတေသနတွေအရ မှော်ဆရာတွေမှာ မှော်စွမ်းအင်တွေကိုသိုမှီးထားနိုင်တဲ့ သီးခြားသွေးကြောတွေရှိတယ်။ တတ်နိုင်တဲ့ပမာဏထက် ပိုပြီးသုံးလိုက်တဲ့အခါ ဂါထာ ဒါမှမဟုတ် မှော်ပစ္စည်းက အဲဒီသွေးကြောတွေ တိမ်ကောပျောက်ကွယ်သွားတဲ့အထိ လူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်ကို စုပ်ယူပစ်လိမ့်မယ်။”
“အဲဒီနောက်ပိုင်းတော့ မှော်ဆရာရဲ့စွမ်းအင်တွေက ဘယ်တော့မှ ပြန်ပြည့်လာတော့မှာမဟုတ်ဘူး။ တခြား ဆိုးကျိုးတွေလည်းတွဲပါတတ်ပြီး စိတ်ဓာတ်ကျတာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ဂယောက်ဂယက်ဖြစ်တာ စသည်ဖြင့်ပေါ့။ အဲဒီလိုဝေဒနါမျိုး ခံစားနေရတဲ့သူတွေကို မိုရီယမ်လို့ခေါ်တာပဲ။ လက်တင်လို ငြိမ်းခါနီး ဖယောင်းတိုင်ပေါ့။”
ဒီတော့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေကို အလွန်အကျူးသုံးမိရင် မှော်စွမ်းအင်တွေကို ထာဝရ ဆုံးရှုံးသွားရမယ့် အန္တရာယ်ရှိတယ်ပေါ့။ နက်ဆန်က သက်ပြင်းချလိုက်တယ်။
“ဆယ်ဗီ၊ မင်းအဲဒီဓားကိုသုံးတုန်းက နှလုံးတအားခုန်ပြီး လဲကျသွားတယ်မဟုတ်လား။ ဓားက မင်းဆီက မှော်စွမ်းအင်တွေကို ရူးသွပ်စရာကောင်းတဲ့နှုန်းနဲ့ စုပ်ယူခဲ့လို့ အဲဒီလိုဖြစ်တာ။ အဲဒါကြောင့် ငါက အဲဒီဓားကို ထပ်မသုံးခိုင်းတော့တာပဲ။”
နောက်ဆုံးတော့ ကျွန်မနားလည်သွားပြီ။ သရဲစီးနေတဲ့ ခွဲစိတ်ဓားကိုသုံးဖို့ ကျွန်မမှာရှိနေတဲ့ မှော်စွမ်းအင် ပမာဏထက် အများကြီးပိုလိုမယ့်ပုံပဲ။
“ဒီတော့ ဘာဆက်လုပ်ကြမလဲ။” ကျွန်မက ပခုံးတွန့်ပြတယ်။ နာတာရှာကတော့ သိပ်ပြီးတော့ အရေးတယူ မရှိလှပါဘူး။
“ကလေးအမေက မှော်ဆရာဆိုတော့ ဒီကလေးမမှာ သိပ်ပြီးအန္တရာယ်မရှိလောက်တော့ဘူးထင်တာပဲ။ သူတို့ မိသားစုရဲ့အစေခံတွေဘာတွေလည်း ဖြစ်ရင်ဖြစ်နေမှာပါ။”
နက်ဆန်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မမှာ တခြားအတွေးတစ်ခုရှိနေပါတယ်။
“အနည်းဆုံးတော့ ကလေးမလေးကိုတွေ့ပြီးတော့ တကယ်အဆင်ပြေမပြေ ကြည့်ချင်သေးတယ်။”
ကျွန်မက ဆက်ပြီးခေါင်းမာနေတယ်ဆိုပေမဲ့ နာတာရှာက သူ့လက်က နာရီကိုပြန်ငုံကြည့်လိုက်ပြီး “နင်တို့နဲ့အတူတူ အချိန်ဖြုန်းနေတာတောင် တော်တော်ကြာသွားပြီပဲ။ အဖွဲ့ဆီ ပြန်သွားပြီးတော့ အလုပ်တွေလုပ်ရဦးမယ်။ ရော့ဝဲလ်က နတ်ဘုရားခန္ဓာတွေကို မျက်စိကျနေတဲ့အကြောင်း အဖွဲ့ချုပ်ကို အစီအရင်ခံရဦးမယ်။”
အဲဒီနောက်တော့ နာတာရှာက ပါးစပ်ကို လက်ဝါးနဲ့ကာ သန်းဝေလိုက်ရင်း ထွက်သွားတယ်။ နက်ဆန်ကတော့ “ပြန်ရအောင်။ အပြင်မှာ မှောင်တဲ့အထိနေတာ မကောင်းဘူး။”
ဒါပေမဲ့ ကျွန်မက ခေါင်းခါလိုက်တယ်။ “မြို့ထဲ ခဏလောက် လျှောက်ကြည့်ချင်သေးတယ်။”
“ကောင်းပြီလေ။ မမှောင်စေနဲ့။” နက်ဆန်က ကျွန်မကို တားမရမှန်းသိတဲ့အတွက် ဟိုတယ်ကို ပြန်သွားတယ်။ ကျွန်မနဲ့အတူ အိုလီရာနာကို ထားရစ်ခဲ့တယ်။ အိုလီရာနာက လက်ပိုက်ထားရင်းနဲ့ ကျွန်မကို ကြည့်လိုက်ပါပြီ။
“အမှိုက်မ၊ နင်လက်မလျှော့ချင်သေးဘူးမဟုတ်လား။ နင့်မှာ ပိုကောင်းတဲ့အကြံတို့ဘာတို့များ ရှိနေလို့လား။”
ကျွန်မကို အိုလီရာနာလှမ်းစကားပြောတဲ့အချိန်မှာပဲ ကလေးမလေးရဲ့အိမ်တံခါးက ပွင့်သွားပြီးတော့ ဟိုကလေးမလေး ထွက်လာတယ်။ ခေါင်းမှာတော့ စက်ဘီးစီးရင်သုံးတဲ့ ဖိုက်ဘာဦးထုပ်လေးကို ဆောင်းထားပြီး စက်ဘီးလေးကို တွန်းလာတယ်။ နောက်မှာတော့ မည်းမည်းအရိပ်ကြီးက ကပ်ပါလို့။
“ဟိုမှာကြည့်စမ်း။ ကလေးမလေးက အပြင်ထွက်ပြီး ကစားမလို့နဲ့တူတယ်။”
အိုလီရာနာလည်း ကျွန်မလက်ညိုးထိုးပြတဲ့နေရာကို လှမ်းကြည့်တယ်။ နောက်တော့ မျက်မှောင်ကြုတ်ထားရင်း
“ဆယ်ဗီ၊ မဟုတ်မှလွဲရော နင်က ကလေးမလေးကို နောက်ယောင်ခံလိုက်မလို့လား။”
“နင်မပြောခင်တုန်းက ငါ့မှာ အဲဒီအကြံမရှိဘူး။ အခုတော့ နောက်ယောင်ခံလိုက်ဖို့ အကြံရသွားပြီ။”
“....”
...
စက်ဘီးစီးနေတဲ့ ကောင်မလေးနောက်ကို ဆယ့်ငါးမိနစ်ကျော်ကြာတဲ့အထိ လိုက်လာပြီးတဲ့ နောက်မှာတော့ ကျွန်မတစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွဲနေပြီ။ သူနာပြုဆရာမအင်္ကျီက ချွေးတွေနဲ့ချည်းဖြစ်နေလို့ အသားကပ်အင်္ကျီလားတောင်ထင်ရတယ်။ အိုလီရာနာက ပင်ပန်းနေပုံ တစ်စက်ကလေးမှမရှိဘူး။
ကောင်မလေးက ကလေးတွေကစားဖို့လုပ်ပေးထားတဲ့ ရပ်ကွက်ကစားကွင်းလေးထဲမှာ စက်ဘီးကိုရပ်လိုက်ပြီး သဲကစားဖို့လုပ်ထားတဲ့ ဘောင်သေးသေးလေးထဲမှာ ဝင်ကစားတယ်။
အရိပ်မည်းကြီးက ကလေးမလေးကို ကူညီပြီးတော့ သဲရဲတိုက်တစ်ခုဆောက်ပေးတယ်။ တကယ့်ကိုလှပပြီး ပြီးမားတဲ့ သဲရဲတိုက်တစ်ခုပါ။ သူတို့ဆောက်လို့ပြီးတော့ နှစ်ယောက်လုံးပျော်နေကြပုံပဲ။ ကျွန်မလည်း အချိန်ကျပြီ ဆိုပြီးတော့ ရှေ့ထွက်လာပြီး သူတို့ကို စကားပြောဖို့ ကြိုးစားပေမဲ့...
“ဟယ်လို၊ အစ်မနာမည်က ဆယ်ဗီပါ။”လို့ ပြောတယ်ဆိုရုံ ရှိသေးတယ်။ ကောင်မလေးက စူးစူးဝါးဝါးအော်ဟစ်ပြီး ကျွန်မကို သဲတွေနဲ့လှမ်းပေါက်တော့တာပဲ။ ဒါကြောင့် ပြန်ပြေးလာပြီး အိုလီရာနာထိုင်နေတဲ့ ခုံတန်းရှည်နားအထိ ပြန်ဆုတ်လာရတယ်။
“နောက်ဆုံးတော့ ဆယ်ဗီမလည်း တပ်ခေါက်ပြေးလာရ ပြန်ပြီပေါ့။”
အိုလီရာနာက နာတာရှာပေးထားတဲ့ ကွက်ကီးတစ်ပြားကို ပါးစပ်ထဲပစ်ထည့်ရင်း ကျွန်မကိုနောက်တယ်။ “ကြည့်ရတာ ကလေးအမေတင်မဟုတ်ဘဲ ကလေးကပါ စိတ်ဒဏ်ရာတွေများပြီးတော့ သူစိမ်းတွေကို ကြောက်နေတဲ့ ပုံပဲ။”
ကျွန်မက ကောက်ချက်ချလိုက်ရင်း လေပူတွေအများကြီး ပါးစပ်ထဲကနေ မှုတ်ထုတ်လိုက်မိတယ်။ အဲဒီနောက်တော့ ဘာမှဆက်မလုပ်ဖြစ်ကြဘဲ သူတို့ဆော့တာကိုပဲ ထိုင်စောင့် ကြည့်နေမိတယ်။ တခြားကလေးတစ်အုပ် ရောက်မလာခင် အထိဆိုပါတော့။
“နင့်အမေက စုန်းမကြီး။ နင်ကလည်း စုန်းမလေး မဟုတ်လား။ အဲဒါကြောင့် တစ်ယောက်တည်း မရှိတဲ့ သူတွေနဲ့ကစားနေတာ။”
အသစ်ရောက်လာတဲ့ကလေးတွေထဲက နည်းနည်းကြီးကြီး ကလေးမလေးက ကောင်မလေးကိုသွားပြီး မခံချင်အောင် စတယ်။ ဟိုကအဖက်မလုပ်တော့ ကလေးမအကြီးလေးက သရဲနဲ့အတူဆောက်ထားတဲ့ရဲတိုက်ကို ခြေနဲ့ဆောင့်ကန်ပြီး ဖြိုချပစ်လိုက်တယ်။
ဝါး.. ဝါး...
အဲဒီမှာ ကလေးမလေးက စငိုတော့တာပဲ။ ကျွန်မလည်း ဝင်ဖျန်ဖျေပေးဖို့ နေရာကနေ ထလိုက်ပေမဲ့ အဲဒီကို ရောက်မသွားခင်မှာပဲ အရိပ်နက်ကြီးက ခပ်ရိုင်းရိုင်း ကောင်မလေးကို လက်နဲ့ရိုက်ချလိုက်တယ်။ အဲဒီကလေးမ လွင့်ထွက်ပြီးသေတော့မှာပဲဆိုပြီး မျက်လုံးမှိတ်ထားပေမဲ့ မျက်လုံးဖွင့်ကြည့်တော့ ကလေးမက ဘာမှမဖြစ်ဘူး။
အဲဒီအစား ပခုံးပေါ်မှာ လက်ရာမည်းမည်းပြီးထင်သွားပုံပဲ။ တော်သေးတာပေါ့ဆိုပြီး ကျွန်မသက်ပြင်းချလိုက်ပေမဲ့ မကြာခင်မှာပဲ လွင့်ထွက်သွားတာကမှ ကောင်းဦးမယ်ဆိုတဲ့ အတွေးဝင်လောက်တဲ့ အဖြစ်အပျက်မျိုး ဖြစ်လာတော့တာပဲ။
အနိုင်ကျင့်ချင်တဲ့ ကလေးအကြီးရဲ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာပြီး ပါးစပ်ကိုဟကာ အော့အန် လိုက်တယ်။ ဒါပေမဲ့ အန်လိုက်တာက အန်ဖက်မဟုတ်ဘူး။ ဖြူဖြူဖွေးဖွေးလောက်ကောင်တွေ အထွေးလိုက်။
ကစားကွင်းထဲက ကလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကုန်တော့တာပေါ့။ ဒါပေမဲ့ အဲဒီကလေးမက တစ်ဆတ်ဆတ်တုန်ခါနေဆဲဖြစ်ပြီး လက်က လက်သည်းတွေ ကျွတ်ထွက်လာတယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ ဆံပင်တွေက သံချေးရောင်ပြောင်းပြီး ဦးရေပြားကနေ ကျွတ်ကျတယ်။ ခဏလောက်နေတော့ အသားအရေတွေက ပုပ်ပွလာပြီး မျက်လုံးထဲကနေ အပုပ်ရည်တွေစီးကျလာရော။
“အိုလီရာနာ...” ကျွန်မက အိုလီရာနာကို အကူအညီ တောင်းလိုက်ပေမဲ့ အိုလီရာနာက ခေါင်းခါပြတယ်။
“နောက်ကျသွားပြီ၊ အဲဒီကလေးမက သေသွားပြီ။ နောက်ပြီး ငါက မှော်ဆရာမဟုတ်လို့ ဒီလိုကျိန်စာမျိုးကို မဖြေတတ်ဘူး။”
အိုလီရာနာရဲ့စကားအဆုံးမှာပဲ ကျိန်စာတိုက်ခံလိုက်ရတဲ့ ကလေးမက မြေပြင်ပေါ်ကို လဲကျပြီးမလှုပ်တော့ဘူး။ အရှင်လတ်လတ်လူတစ်ယောက်ကို ပုပ်ပွသွားအောင် လုပ်နိုင်တဲ့ ကျိန်စာစွမ်းအားကြောင့် ကျွန်မကလေးမ နောက်မှာရှိနေတဲ့ အရိပ်နက်အပေါ်အမြင်က ပြောင်းသွားတယ်။
ပြီးတော့ အဲဒီကလေးမလေးကိုရောပဲ။ သရဲကိုခေါ်လာတဲ့ ကျွန်မတို့ရဲ့ကလေးမလေးက သေသွားတဲ့ကလေးကြီးကို ကြည့်ပြီးတော့ ဝမ်းနည်းရမှန်းမသိဘဲ ရယ်မောနေခဲ့လို့ပေါ့။
ကျွန်မရဲ့လက်ကလည်း အလိုလိုဖုန်းဆီကို ရောက်သွားပြီ။ “လူတွေတောင် သေကုန်ပြီဆိုတော့ EUOC ဝင်ပါသင့်ပြီ ထင်တာပဲ။”