အစစ်အမှန်ပြိုင်ဘက်
Vol. 136 Ch. 2039
ရုတ်တရက် မိုးကြိုးဧကရာဇ်၏ စိတ်ခံစားချက်များက တည်ကြည်လေးနက်လာခဲ့၏။ သူက တွေဝေရှုပ်ထွေးနေသော အမူအရာတစ်ခုနှင့်အတူ တိတ်တဆိတ်ဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်နေ၏။
အတန်ကြာပြီးနောက် မိုးကြိုးဧကရာဇ်က ညင်သာစွာ ပြောလိုက်၏။
“ငါ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ကနေ ထွက်သွားတော့မယ်”
ဖုန့်ကျစ်ရီက အလောတကြီး ပြောလိုက်၏။
“အဘိုး.. အဘိုး ဘယ်ကိုသွားမှာလဲ.. ကျွန်မတို့ အတူတူသွားကြမယ်”
“မင်းက အကြွင်းအကျန်ညရဲ့ အစစ်အမှန်ဝိညာဉ်ပဲ”
ပကတိအင်မော်တယ် ညသင်္ချိုင်းက ပြောလိုက်၏။
“အကြွင်းအကျန်ညက မင်းရောက်တဲ့နေရာတိုင်းမှာ ရှိနေလိမ့်မယ်”
မိုးကြိုးဧကရာဇ်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“မင်းတို့တွေ ငါ့နောက်ကို လိုက်ခဲ့လို့ မရဘူး”
“ဘာလို့…”
ဖုန့်ကျစ်ရီက ထိုမေးခွန်းကို မေးလိုက်စဉ်မှာပင် သူမက အဖြေတစ်ခုကို ခန့်မှန်းမိသွားပြီဖြစ်၏။
မိုးကြိုးဧကရာဇ်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“ငါက ဘုရင်အန်ရှီနဲ့ ဘုရင်ထျန်ရှင်းရဲ့ ပစ်မှတ်ထား ခံနေရတာ.. မင်းတို့တွေက ငါ့ဘေးမှာ နေမယ်ဆိုရင် မင်းတို့တွေက အချိန်မရွေး သေဆုံးသွားရနိုင်တယ်.. ငါတို့က လူချင်းခွဲနေမှပဲ အသက်ရှင်နိုင်ကြလိမ့်မယ်”
ပကတိအင်မော်တယ် ညသင်္ချိုင်းသည် မိုးကြိုးဧကရာဇ်နှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး သူဆိုလိုသည့် အဓိပ္ပာယ်ကို အလျင်အမြန် နားလည်သဘောပေါက်သွား၏။
မိုးကြိုးဧကရာဇ်သည် အင်မော်တယ်ဘုရင်နှစ်ပါး၏ လက်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
သူက ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီကို အတူခေါ်သွားမည်ဆိုလျှင် သူတို့အနေဖြင့် လှုပ်ရှားသွားလာဖို့ ပိုမိုခက်ခဲလာပြီး ကြီးမားသည့် ပစ်မှတ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့သုံးယောက်စလုံးက သေရပေလိမ့်မည်။
ဆူဇီမိုက ခဏမျှ စဉ်းစားပြီး မေးလိုက်၏။
“စီနီယာ မိုးကြိုးဧကရာဇ်.. ခင်ဗျားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ချိုးဖျက်တက်လှမ်းပြီး အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာမယ်ဆိုရင် ဘာဖြစ်မလဲ.. ခင်ဗျားက ဘုရင်အန်ရှီနဲ့ ဘုရင်ထျန်ရှင်းကို ဖိနှိမ်နိုင်မှာမလား.. အဲ့ကျရင် ခင်ဗျားက ထွက်ပြေးနေစရာ မလိုတော့ဘူးမလား”
“ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ချိုးဖျက်တက်လှမ်းပြီး ဘုရင်တစ်ပါးဖြစ်လာဖို့လား”
မိုးကြိုးဧကရာဇ်က ပြုံး၍ ခေါင်းခါပြလိုက်၏။
“ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာဖို့က ပြောသလောက် မလွယ်ဘူး.. မင်းရဲ့ ရောင်စဉ်ခုနှစ်သွယ်အင်မော်တယ်ဂျင်စင်းရဲ့ အကူအညီကြောင့် ငါက အချိန်အတိုင်းအတာတစ်ခုအထိ အားဖြည့်ပြီးရင် ငါ့ရဲ့ ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားလိမ့်မယ်”
“ဒါပေမဲ့ အရင်တုန်းက ငါက ဘုရင်တစ်ပါးအဖြစ် တက်လှမ်းခြင်းမှာ ကျရှုံးခဲ့တယ်.. ငါက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို နောက်တစ်ခါထပ်ပြီး ချိုးဖျက်တက်လှမ်းချင်တယ်ဆိုရင် ခက်ခဲမှုက အဆတစ်ရာ အဆတစ်ထောင် တိုးလာလိမ့်မယ်.. ငါ့က မဟာအခွင့်အလမ်းတစ်ခုခုကို မရရှိဘူးဆိုရင် ငါက ငါ့ရဲ့ ဘဝမှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ချိုးဖျက်တက်လှမ်းချင်မှ တက်လှမ်းနိုင်တော့မယ်”
ဆူဇီမိုက သနားကရုဏာသက်စွာဖြင့် အသံတိတ်သွား၏။
မိုးကြိုးဧကရာဇ်က ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ထိုစဉ်တုန်းက မထင်မှတ်ထားခဲ့သော ဖြစ်ရပ်သည် သူ့ကို ပြန်လည်အစားမထိုးနိုင်သော ပျက်စီးထိခိုက်မှုကို ဖြစ်စေခဲ့၏။
သူသည် ပကတိတစ်ဆယ်ငရဲမှာ နှစ်ပေါင်းလေးသိန်းကျော်ကြာအောင် ဖိနှိမ်ခံခဲ့ရသည့် ရှည်ကြာလွန်းသော အချိန်ကာလကိုပင် သူ့ကို ဘယ်သူက အစားပြန်လျော်ပေးနိုင်ပါ့မလဲ။
မိုးကြိုးဧကရာဇ်က ဆက်ပြောလိုက်၏။
“နောက်ပြီး ငါက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ချိုးဖျက်တက်လှမ်းပြီး ဘုရင်တစ်ပါး ဖြစ်လာနိုင်မယ်ဆိုရင်တောင် ငါက ဒီနေရာကနေ ထွက်ခွာရမှာပဲ.. ငါ့ရဲ့ ပြိုင်ဘက်တွေက အင်မော်တယ်ဘုရင်တစ်ပါး.. နှစ်ပါးပဲ…. မဟုတ်ဘူး”
မိုးကြိုးဧကရာဇ်က တွေဝေတုံ့ဆိုင်းနေ၏။
ဘုရင်အန်ရှီနှင့် ဘုရင်ထျန်ရှင်းမှာ မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံး၏ နောက်ခံရှိထားလေသည်။
မိုးကြိုးဧကရာဇ်က ဘုရင်ဘွဲ့ကို ခံယူနိုင်ခဲ့ပြီဆိုလျှင်တောင် သူတစ်ယောက်တည်းက အင်အားနည်းနေပြီး အင်မော်တယ်နိုင်ငံတစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်ဖို့ သူ့အနေဖြင့် မလွယ်ကူပေ။
“မင်း ဘယ်ကိုသွားမှာလဲ”
ပကတိအင်မော်တယ် ညသင်္ချိုင်းက မေးလိုက်၏။
“အင်မော်တယ်မဟာနယ်မြေကိုးခုထဲက ဘယ်တစ်ခုလဲ.. ဒါမှမဟုတ် အဲဒါက လင်းကျန့်ရဲ့ နေရာလား”
လင်းကျန့်သည် ထာဝရလူသားဧကရာဇ်ဖြစ်၏။
ခဏမျှ ရပ်တန့်ပြီးနောက် ပကတိအင်မော်တယ် ညသင်္ချိုင်းက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် လင်းကျန့်က လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းအချို့တုန်းက ဒဏ်ရာအပြင်းအထန် ရရှိလာတယ်လို့ ငါကြားထားတယ်”
“အစကတော့ သူက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခု သူ့မှာ ရှိခဲ့တယ်.. အဲဒီဒဏ်ရာကြောင့် သူက အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်လာမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်.. အခု သူက ပြန်သက်သာနေပြီလား ငါသိချင်မိတယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းတချို့…
အဲဒါသည် ထာဝရလူသားဧကရာဇ် ဆင်းသက်လာခဲ့သည့်အချိန်ဖြစ်နေမလား။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မျိုးနွယ်စုတစ်သောင်းစုဝေးပွဲအကြောင်းကို ခပ်မြန်မြန် ပြန်ပြောပြလိုက်၏။
မိုးကြိုးဧကရာဇ်နှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းက ထိုအကြောင်းအရာကို ကြားသောအခါ စိတ်လှုပ်ရှားယိမ်းယိုင်သွားကြ၏။
“လင်းကျန့်က ထာဝရလူသားဧကရာဇ်အဖြစ် သူ့ရဲ့ ဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်”
ပကတိအင်မော်တယ် ညသင်္ချိုင်းက ရေရွတ်ပြောဆိုလိုက်၏။
မိုးကြိုးဧကရာဇ်က သက်ပြင်းချလိုက်၏။
“ဧကရာဇ်နယ်ပယ်ကို မရောက်သေးဘဲ အောက်ဘုံလောကကို အတင်းအကျပ် ဆင်းသက်မယ်ဆိုရင် သူတို့က ကောင်းကင်နဲ့မြေကြီး နိယာမတွေရဲ့ တန်ပြန်ရိုက်ခတ်မှုတစ်ခုကို သေချာပေါက် တွေ့ကြုံခံစားရလိမ့်မယ်.. သူတို့က အဲ့လိုမျိုး ထိခိုက်ဒဏ်ရာကနေ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ပြန်ပြီး ကုသနိုင်ချင်မှ ကုသနိုင်တော့မှာ.. တကယ်ဆို သူတို့က ဧကရာဇ်တစ်ပါးဖြစ်လာဖို့တောင်မှ အရမ်းကို ခဲယဉ်းသွားပြီ”
ထိုအချိန်တုန်းက လူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်နှင့်မြေကြီးနိယာမများဖြင့် ဖျက်ဆီးခံရကာ ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ပြန်သွားခဲ့၏။
လူသားဧကရာဇ်၏ ဆင်းသက်လာမှုက ဤကဲ့သို့ ကြီးမားသော သက်ရောက်မှုတစ်ခုဖြစ်ခဲ့ပြီး သူက အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်လာဖို့ အခွင့်အရေးကိုပင် ဆုံးရှုံးခဲ့လိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် လူသားဧကရာဇ်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာခဲ့ပြီး လူသားမျိုးနွယ်ကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့၏။
လူသားဧကရာဇ်က ဆင်းသက်လာဖို့အတွက် ဘယ်လောက်ထိ ပေးဆပ်ခဲ့ရသလဲ ယခုအခါမှသာ ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
မိုးကြိုးဧကရာဇ် ပြောပုံအရ ကောင်းကင်နှင့်မြေကြီးနိယာမများကြောင့် ဖြစ်ပေါ်ခဲ့သော ထိုထိခိုက်မှုသည် လူသားဧကရာဇ်၏ လက်ကျန်ဘဝတစ်လျှောက်လုံး ရှိနေတော့မည်ဖြစ်ပြီး သူက ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးကိုပင် ဘယ်တော့မှ မရတော့ဖို့ အခွင့်များကြောင်း သိလိုက်ရလေသည်။
မိုးကြိုးဧကရာဇ်က သူ၏ ခေါင်းကို ခါလိုက်၏။
“လင်းကျန့်က ငါ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး.. သူ့နေရာကို ငါသွားမယ်ဆိုရင် ငါက သူ့ကိုပါ ဒုက္ခရောက်စေလိမ့်မယ်”
ထိုနေရာအရောက်တွင် ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။
“မဟာကျင်းအင်မော်တယ်နိုင်ငံက စွမ်းအားကြီးမားတယ်ဆိုပေမဲ့ အဲဒါက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေထဲမှာပဲ မဟုတ်လား.. ဘုရင်ကျင်းရဲ့ လက်တံက ဘယ်လောက်ထိ ဝေးဝေးရောက်နိုင်မှာလဲ”
“ငါ့ကို သေစေချင်နေတာက ဘုရင်ကျင်းတစ်ယောက်ပဲလို့ မင်းတကယ်ပဲ ထင်နေလို့လား”
မိုးကြိုးဧကရာဇ်က ပြန်လှန်မေးလိုက်၏။
ဆူဇီမိုက ခဏမျှ မှင်တက်သွား၏။
မိုးကြိုးဧကရာဇ်၏ အမူအရာက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးနောက် သူက ပြုံးပြလိုက်၏။
“အရင်တုန်းက ငါက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ထဲမှာ တံခါးပိတ်ကျင့်ကြံပြီးတော့ ပကတိအင်မော်တယ်နယ်ပယ်ကနေ ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ပြင်ဆင်ထားခဲ့တာ.. အဲဒီလူရဲ့ တိတ်တဆိတ် ခွင့်ပြုချက် မရှိဘဲ ဘုရင်ထျန်ရှင်းက ငါ့ကို တိုက်ခိုက်ရဲခဲ့မှာ မဟုတ်ဘူး”
ဆူဇီမိုသည် တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး နားလည်သဘောပေါက်လာခဲ့၏။
မိုးကြိုးဧကရာဇ်သည် အဲဒါကို ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိသော်လည်း သူ ရည်ညွှန်းပြောဆိုနေသည့်လူက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အရှင်သခင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်ဧကရာဇ် ဖြစ်ပေလိမ့်မည်။
အရင်တုန်းက မိုးကြိုးဧကရာဇ်သည် ကောင်းကင်ထက်မှ နေတစ်စင်းကဲ့သို့ တောက်ပခဲ့ပြီး အန္တိမ ပကတိအင်မော်တယ်တစ်ယောက်၏ ဘွဲ့ကိုပါ ရရှိခဲ့ကြောင်း ဖုန့်ကျစ်ရီက ပြောခဲ့ဖူး၏။ သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်ဧကရာဇ်၏ ခေါ်ယူခြင်းကိုပင် ခံခဲ့ရ၏။
တစ်နည်းအားဖြင့်ဆိုလျှင် မိုးကြိုးဧကရာဇ်ကို ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်ဧကရာဇ်၏ တပည့်တစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်ဧကရာဇ်၏ သဘောတူညီမှု မရှိလျှင် ဘုရင်ထျန်ရှင်းသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ အင်မော်တယ်ဧကရာဇ်၏ တပည့်ကို ဘယ်လိုလုပ် တိုက်ခိုက်ရဲပါ့မလဲ။
မိုးကြိုးဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူ၏ တာအိုသစ်သီးက ကြေမွပျက်စီးကာ ပကတိတစ်ဆယ်ငရဲမှာ ဖိနှိမ်ခံခဲ့ရ၏။
မဟာကျင်းက နန်းတက်ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို တည်ထောင်ကာ ဘုရင်ထျန်ရှင်းကလည်း အရေးပါသော နေရာတစ်ခုကို ရရှိခဲ့၏။
သူတို့ထဲ မည်သူကမှ အပြစ်ဒဏ် တစ်စုံတစ်ရာကို မခံယူခဲ့ရပေ။
အဲဒါသည် မိုးကြိုးဧကရာဇ်၏ ခန့်မှန်းချက်ကို ပို၍ ခိုင်မာသွားစေ၏။
စောစောက သူ၏ ပြိုင်ဘက်များသည် အင်မော်တယ်ဘုရင် တစ်ပါး နှစ်ပါး မဟုတ်ဟု မိုးကြိုးဧကရာဇ်က ပြောခဲ့၏။ သူက တွေဝေတုံ့ဆိုင်းနေခဲ့ပြီး ဆက်လက်၍ မပြောဆိုခဲ့ပေ။
မိုးကြိုးဧကရာဇ်သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့်သာ ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ သို့မဟုတ် ထိုထက် ပို၍ကြီးမားသော အဖွဲ့အစည်းတစ်ခုနှင့်ပင် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်လာခဲ့၏။
မိုးကြိုးဧကရာဇ်၏ မဟာစိတ်ဆန္ဒက အထက်ဘုံလောက၏ ဒေသခံအင်မော်တယ်များ အားလုံး၏ စိတ်အာရုံကို နှိုးဆွလိုက်ပြီး သူတို့၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်လာစေခဲ့၏။
ထို့ကြောင့် မိုးကြိုးဧကရာဇ်က သေရပေမည်။
ထိုသို့ဆိုလျှင် မိုးကြိုးဧကရာဇ်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို မပြောနှင့်.. မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာပင်လျှင် နေစရာ နေရာ ရှိတော့မည် မဟုတ်ပေ။
“မင်း ဘယ်ကိုသွားမှာလဲ”
ပကတိအင်မော်တယ် ညသင်္ချိုင်းက မေးလိုက်၏။
“သုခဘုံသန့်စင်ကုန်းမြေလား”
ကောင်းကင်ဘုံကမ္ဘာကို မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၊ သုခဘုံသန့်စင်ကုန်းမြေနှင့် မိစ္ဆာမဟာနယ်မြေဟူ၍ အဓိက နယ်မြေဒေသသုံးခု ခွဲခြားထားလေသည်။ အလယ်မှာ အထွတ်အမြတ် သစ်ပင်တစ်ပင်ရှိပြီး ထိုသစ်ပင်က ဧရာမ လောကတစ်ခုဖြစ်ပေါ်လာစေဖို့ အရာရာတိုင်းကို ချိတ်ဆက်ပေးထား၏။
မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်ကျင့်ကြံသူ အများစုက နေထိုင်ကြ၏။
သုခဘုံသန့်စင်ကုန်းမြေမှာတော့ သူတို့အများစုက ဘုန်းကြီးများ ဖြစ်ကြလေသည်။
မိစ္ဆာမဟာနယ်မြေက မိစ္ဆာဂိုဏ်းကျင့်ကြံသူများနှင့် ပြည့်နှက်နေ၏။
“ငါ့ရဲ့ အခြေအနေအရ သုခဘုံသန့်စင်ကုန်းမြေကလည်း ငါ့ကို လက်မခံနိုင်မှာစိုးမိတယ်”
မိုးကြိုးဧကရာဇ်က ခဏမျှ စဉ်းစားပြီးနောက် သူ၏ မျက်လုံးထဲမှာ ပြတ်သားသည့် အကြည့်တစ်ခု ပေါ်ထွက်လာ၏။
“ငါက မိစ္ဆာမဟာနယ်မြေကို သွားမယ်”
“မိစ္ဆာမဟာနယ်မြေလား”
ပကတိအင်မော်တယ် ညသင်္ချိုင်းက တိတ်တဆိတ် ထိတ်လန့်သွား၏။
“မိစ္ဆာမဟာနယ်မြေမှာ ရှိတဲ့ ကျင့်ကြံသူ အများစုက ဆိုးယုတ်ပြီးတော့ သွေးဆာရက်စက်ကြတယ်.. သူတို့က အကြောင်းရင်း လုံးဝ မရှိဘဲ သူတို့စိတ်ထဲမှာ ရှိတဲ့အတိုင်း အရာရာတိုင်းကို ပြုမူကြတယ်.. အဲဒီမှာ နေရာတိုင်းက အန္တရာယ်အပြည့်နဲ့ပဲ.. မင်း အဲဒီကို သွားမယ်ဆိုရင်…”
“ဟားဟား”
မိုးကြိုးဧကရာဇ်က ရယ်မောလိုက်၏။
“အပေါ်ယံမှာ ကြည့်ရင်တော့ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေက ဖြောင့်မတ်မှန်ကန်တဲ့ လူကြီးလူကောင်းတွေနဲ့ ပြည့်နှက်နေတယ်ပေါ့.. ဒါပေမဲ့ သူတို့လည်း လုပ်ချင်တိုင်း လုပ်နေကြတာပဲ.. အဲဒီ အင်မော်တယ်ကျင့်ကြံသူတွေရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတဲ့ အသက်တွေက မိစ္ဆာမဟာနယ်မြေက သူတွေထက် လျော့နည်းမှာ မဟုတ်ဘူး”
ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။
အခြားအရာများကို အသာထား၊ သူတို့စိတ်အပန်းဖြေဖို့အတွက်နှင့် အောက်ဘုံမှ တက်လှမ်းလာသော ကျင့်ကြံသူတစ်သောင်းကို အမဲလိုက်စုဝေးပွဲမှာ တစ်ယောက်ကို တစ်ယောက် အတင်းအကျပ် သတ်ဖြတ်စေခဲ့သည့်အချက်ကပင် လူတစ်ယောက်ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေနိုင်၏။
“နောက်ပြီး ငါသိရသလောက်ဆိုရင် မိစ္ဆာမဟာနယ်မြေက လူတိုင်းကလည်း ဆိုးယုတ်ကြတာ မဟုတ်ဘူး”
မိုးကြိုးဧကရာဇ်က ဆက်ပြောလိုက်၏။
“အဲဒီမှာ ငါ့လိုမျိုး အင်မော်တယ်တာအိုနဲ့ ဗုဒ္ဓတာအိုက လက်မခံလို့ ကျင့်ကြံဖို့အတွက် မိစ္ဆာနယ်မြေကို သွားရတဲ့သူတွေလည်း အများကြီး ရှိမှာပဲ”