ဗလာကျင်းနေသော ခန်းမ
Vol. 136 Ch. 2026
အစောင့်တပ်သားများက ပို၍ ပို၍ စုရုံးလာပြီး ထိုနေရာကို ဝိုင်းပတ်လိုက်ကြ၏။
ခေါင်းဆောင်တပ်မှူးယွမ်အပြင် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ အခြားသော ခေါင်းဆောင်တပ်မှူးများကလည်း အပြေးအလွှား ရောက်ရှိလာကြ၏။ လူအုပ်ကြီး၏ အလယ်မှာ မင်းသားယွမ်ကျော ရှိနေသည်ကို တွေ့မြင်သောအခါ သူတို့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြ၏။
“ဘာတွေဖြစ်နေတာလဲ”
ခေါင်းဆောင်တပ်မှူးတစ်ယောက်က မေးလိုက်၏။
ခေါင်းဆောင်တပ်မှူးယွမ်က မင်းသားယွမ်ကျောကို လက်ညှိုးထိုးပြီး အေးစက်စွာ ပြောလိုက်၏။
“အဲဒီလူက အသင်္ချေအသွင်ပြောင်းလဲခြင်း အန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး အရှင်မင်းသားရဲ့ သွင်ပြင်ကို ယူထားတာပဲ.. သူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အစိမ်းရောင်တိမ်စိုင်မြို့တော်ထဲကို ဝင်ရောက်ချင်နေတာ”
“ဟားဟားဟားဟား”
မင်းသားယွမ်ကျောက ဒေါသထွက်လွန်းသောကြောင့် ရယ်မောလိုက်၏။ ထိုအခိုက်အတန့်မှာ သူက သူ၏ စိတ်ကို တည်ငြိမ်စေလိုက်၏။
ဆူဇီမိုနှင့် ဖုန့်ကျစ်ရီက အစိမ်းရောင်တိမ်စိုင်မြို့တော်ကနေ မလွတ်မြောက်နိုင်ဘူးဆိုမှတော့ သူကလည်း အဲဒါကို စိုးရိမ်ကြောင့်ကြနေစရာ မလိုတော့ပေ။
အစိမ်းရောင်တိမ်စိုင်မြို့တော်၏ အခြားသော အစောင့်တပ်သားများက မင်းသားယွမ်ကျောကို အဆက်မပြတ် အကဲခတ်ပြီး တီးတိုးပြောဆိုနေကြ၏။
အနည်းဆုံးတော့ သူတို့သည် အပေါ်ယံမှာ ကွာခြားချက်ကို မပြောနိုင်ကြပေ။
သို့သော်လည်း ခေါင်းဆောင်တပ်မှူးများ၏ စိတ်ဝိညာဉ်အသိစိတ်များက မင်းသားယွမ်ကျောအပေါ်သို့ ရောက်ရှိသွားပြီးနောက် သူတို့၏ အကြည့်များက တဖြည်းဖြည်း အေးစက်လာခဲ့၏။
မင်းသားယွမ်ကျောက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဆိုတာကို လူတိုင်း သိရှိထား၏။
သူတို့ရှေ့မှ လူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေ၏။
သူ၏ ပုံပန်းသွင်ပြင်၊ အသံ၊ ကိုယ်ကာယနှင့် အမူအရာတို့ကို တုပနိုင်၏။ သို့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်ကိုတော့ မတုပနိုင်ပေ။
“တာအိုရောင်းရင်း.. ကျုပ်တို့က ဒီအခြေအနေကို ရောက်လာပြီဆိုမှတော့ ကျုပ်တို့ရဲ့ အစစ်အမှန် ပုံစံတွေကို ထုတ်ဖော်ပြသလိုက်ကြရအောင်”
ခေါင်းဆောင်တပ်မှူးတစ်ယောက်က မင်းသားယွမ်ကျောကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ကျုပ်တို့က အမိန့်ပေးလိုက်တာနဲ့ ခင်ဗျားက ရှင်းပြဖို့တောင် အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
ခေါင်းဆောင်တပ်မှူးယွမ်က လှောင်ရယ်လိုက်၏။
“သူနဲ့ ဘာလို့ အချိန်ဖြုန်းနေတာလဲ.. သူ့ကို အရင်ဆုံး ဖိနှိမ်ပြီး ဝိညာဉ်ရှာဖွေလိုက်ရအောင်.. အဲဒါဆိုရင် သူ ဘာဖြစ်ချင်နေတာလဲ ငါတို့ သိရမှာပေါ့”
“မင်းက ငါ့ကို ဖိနှိမ်ချင်တာလား.. မင်းက ငါ့ရဲ့ ဝိညာဉ်ကိုတောင် ရှာဖွေချင်တယ်ပေါ့”
မင်းသားယွမ်ကျော၏ အမူအရာက အေးစက်လာပြီး သူက အဆုတ်ကွဲတော့မတတ် အော်ငေါက်လိုက်၏။
“မင်း ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ.. ကျင်းယွဲ့ကို ငါ့ဆီ ခေါ်လာခဲ့စမ်း”
“ဟားဟား”
ခေါင်းဆောင်တပ်မှူးယွမ်က လှောင်ရယ်၍ ပြောဆိုလိုက်၏။
“ဘာလို့လဲ.. မင်းက ငါတို့ရဲ့ အရှင်မင်းသားလို ဟန်ဆောင်ရတာကို စွဲလမ်းနေတာလား”
အခြားသော ခေါင်းဆောင်တပ်မှူးကလည်း ရယ်မော၍ ဝင်ရောက်ပြောဆိုလိုက်၏။
“အရှင်မင်းသားရဲ့ မူပိုင်ဓမ္မရတနာက အမဲလိုက်အဆင့်သတ်မှတ်ချက်ပဲ.. အဲဒါကို ထုတ်ပြလိုက်လေ.. ငါတို့ တစ်ချက်ကြည့်ပေးမယ်”
“မင်းတို့တွေ…”
အမဲလိုက်အဆင့်သတ်မှတ်ချက်အကြောင်း ကြားရချိန်မှာ မင်းသားယွမ်ကျော၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ မျက်လုံးများက နီရဲလာ၏။ သူက လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး တဖျောက်ဖျောက်မြည်နေ၏။
အမဲလိုက်အဆင့်သတ်မှတ်ချက်သည် ငရဲဖိနှိမ်မီးဖို၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီဖြစ်၏။ သူ့မှာ အဲဒါက ဘယ်လိုလုပ် ရှိနိုင်ပါတော့မလဲ။
“ဟားဟားဟား”
ခေါင်းဆောင်တပ်မှူးယွမ်သည် မင်းသားယွမ်ကျောကို ဤကဲ့သို့သော ပုံစံဖြင့် တွေ့မြင်ရသောအခါ သူက ဟားတိုက်ရယ်မော၍ လှောင်ပြောင်လိုက်၏။
“ဘာလို့လဲ.. မင်း ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးမလား”
“ဘာတွေ ဖြစ်နေကြတာလဲ”
ရုတ်တရက် မလှမ်းမကမ်းကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
ခေါင်းဆောင်တပ်မှူးကျင်းယွဲ့က လေဟာနယ်ကို ဖြတ်ကျော်၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
တစ်နှစ်ကြာပြီးနောက် ပကတိအင်မော်တယ်ကျင်းယွဲ့သည် ကိုယ်အလေးချိန် အတော်လေး လျော့ကျသွားပြီး သူ၏ မျက်နှာမှာ စိုးရိမ်ပူပန်သော အရိပ်အယောင်တစ်ခု ရှိနေ၏။
ပြီးခဲ့သည့်တစ်နှစ်မှာ ဖုန့်စန်းထျန်၏ ကိစ္စက သူ့ကို အတော်လေး ခေါင်းကိုက်စေခဲ့၏။
“မင်္ဂလာပါ တိုင်းပြည်ဘုရင်ခံ”
ခေါင်းဆောင်တပ်မှူးများနှင့် အစောင့်တပ်သားများစွာက ဦးညွှတ်လိုက်၏။
မင်းသားယွမ်ကျောသည် ထိုနေရာမှာ သူ၏ ခေါင်းကို မော့၍ မတ်တတ်ရပ်နေ၏။ သူ၏ အမူအရာက အေးစက်နေပြီး အမျက်ဒေါသဖြင့် တုန်ယင်နေ၏။
“တိုင်းပြည်ဘုရင်ခံ.. လူတစ်ယောက်က အရှင်မင်းသားယွမ်ကျောယောင် ဟန်ဆောင်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မြို့တော်ထဲကို ဝင်ရောက်လာခဲ့တယ်.. ကံကောင်းတာကတော့ ကျုပ်က သတိရှိနေပြီးတော့ သူ့ရဲ့ ဟာကွက်တွေကို မြင်ပြီး သူ့ကိ တားဆီးထားတယ်”
ခေါင်းဆောင်တပ်မှူးယွမ်က ရှေ့သို့ ခပ်မြန်မြန်ထွက်လာပြီး အကြောင်းအရာကို ပြန်ပြောပြရင်း သူ့ကိုယ်သူ အမွှမ်းတင်ဖို့ကိုပါ မမေ့ခဲ့ပေ။
အခြားသူများသည် မင်းသားယွမ်ကျော၏ နောက်ခံကို လုံးဝ မသိရှိဘဲ သူ့မှာ ကိုယ်ပွားတစ်ယောက် ရှိသည်ဆိုတာကိုလည်း မသိကြပေ။ သို့သော်လည်း ကျင်းယွဲ့ကတော့ အရာရာတိုင်းကို သိရှိထား၏။
“အရှင်မင်းသား..”
ပကတိအင်မော်တယ်ကျင်းယွဲ့သည် မင်းသားယွမ်ကျော၏ အစစ်အမှန်ခန္ဓာကို မှတ်မိသွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
သူက ရှေ့သို့ ခပ်မြန်မြန်တက်ပြီး ဦးညွှတ်ကာ မေးလိုက်၏။
“ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာက တံခါးပိတ်ကျင့်ကြံနေတာမလား… ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာ ပေါ်ထွက်လာရအောင် ဘာများဖြစ်လို့လဲ”
အခြားသော ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ ကြောင်အမှင်တက်နေကြ၏။ သူတို့၏ စိတ်များက ရှုပ်ထွေးနောက်ကျိနေပြီး အချိန်မီ မတုံ့ပြန်နိုင်ကြပေ။
ခေါင်းဆောင်တပ်မှူးများက အမှန်တရားကို အရင်ဆုံး နားလည်သဘောပေါက်လာပြီး ပျက်ယွင်းနေသော အမူအရာများနှင့်အတူ ခပ်မြန်မြန် ဒူးထောက်ချလိုက်၏။
အခြားသော အစောင့်တပ်သားများကလည်း နောက်ကနေ လိုက်ပါပြီး မြေပြင်ပေါ်ကို ဒူးထောက်လိုက်ကြ၏။
ခေါင်းဆောင်တပ်မှူးယွမ်က အမှန်တရားကို လက်မခံနိုင်သေးဘဲ ငေးငိုင်ကာ မတ်တတ်ရပ်နေဆဲဖြစ်၏။
စောစောက သူ လှောင်ပြောင်သရော်ခဲ့သည့်သူက အမှန်တကယ်ပင် အရှင်မင်းသားယွမ်ကျော ဖြစ်နေတာလား။
ထိုသို့ဆိုလျှင် သူက ထူးထူးခြားခြား အကျိုးဆောင်မှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ပြဿနာကြီးကြီးတစ်ရပ် ရှာခဲ့ခြင်း ဖြစ်လေသည်။
“အရှင်မင်းသား.. ကျုပ်ရဲ့ မျက်လုံးတွေက ကန်းနေခဲ့တယ်.. ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာကို မမှတ်မိခဲ့ဘူး… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ အရှင်မင်းသား”
ဘုန်းခနဲ မြည်သံနှင့်အတူ ခေါင်းဆောင်တပ်မှူးယွမ်က မြေပြင်ပေါ်သို့ ခပ်မြန်မြန် ဒူးထောက်ချပြီး သနားညှာတာဖို့အတွက် ထပ်တလဲလဲ ဦးညွှတ်နေ၏။
မင်းသားယွမ်ကျောက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ခေါင်းဆောင်တပ်မှူးယွမ်ကို စိုက်ကြည့်လိုက်၏။ သူက ထိုသူကို ကန်ထုတ်ပြီး အော်ငေါက်လိုက်၏။
“ခွေးသား.. မင်းမှာ မျက်လုံးတွေ မပါဘူးလား.. ထွက်သွားစမ်း.. နောက်ပြီးကျမှ ငါ မင်းနဲ့ စာရင်းရှင်းမယ်”
ယခုအချိန်မှာ သူသည် ခေါင်းဆောင်တပ်မှူးယွမ်နှင့် အချိန်ဖြုန်းနေဖို့ အာရုံမရပေ။ သူက လေထဲသို့ ပျံတက်ပြီး သူ၏ ဂေဟာ ရှိရာသို့ ဦးတည်လိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က နောက်ကနေ လိုက်ပါသွား၏။
အခြားသော ခေါင်းဆောင်တပ်မှူးများက အကြည့်ချင်း ဖလှယ်ပြီး အလောတကြီး လိုက်ပါသွားကြ၏။
“အရှင်မင်းသား.. ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ်ခုခုဖြစ်ခဲ့လို့လား”
ပကတိအင်မော်တယ်ကျင်းယွဲ့က ဖြစ်နိုင်ခြေတစ်ခုကို ဝိုးတဝါး တွေးမိကာ ရင်တစ်ချက်ထိတ်သွား၏။
“အဲဒီ ဆူဇီမိုက ပြဿနာကောင်ပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ပကတိမိုးကြိုးမြို့တော်မှာ ဖုန့်စန်းထျန် လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့သူက သူပဲ.. ဟိုကြေးမီးဖိုကလည်း သူ့လက်ထဲမှာ ရှိနေတယ်”
“အား..”
ပကတိအင်မော်တယ်ကျင်းယွဲ့က ရင်တစ်ချက်ထိတ်သွား၏။
သူသည် ဆူဇီမိုအပေါ် ထင်မြင်ချက်တချို့ ရှိခဲ့၏။
သူသည် ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူကို ဖန်သားမြို့တော်၏ အပြင်ဘက်ကနေ ကိုယ်တိုင်ခေါ်လာခဲ့ပြီး ပကတိ ၁၀ ငရဲသို့ ပို့လွှတ်ခဲ့လေသည်။
သိပ်မကြာခင် မင်းသားယွမ်ကျောနှင့် အခြားသူများက ဂေဟာသို့ ရောက်ရှိလာပြီး ဆင်းသက်လိုက်ကြ၏။
ဂေဟာမှာရှိသော အစောင့်တပ်သားများနှင့် အမျိုးသမီးအစေခံများသည် မင်းသားယွမ်ကျော၊ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် တခြားအရေးကြီးသော ပုဂ္ဂိုလ်အချို့ကို တွေ့မြင်လိုက်သောအခါ သူတို့က အလောတကြီး ဦးညွှတ်လိုက်၏။
“မင်္ဂလာပါ အရှင်မင်းသား.. မင်္ဂလာပါ တိုင်းပြည်ဘုရင်ခံ”
မင်းသားယွမ်ကျောသည် အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသော ဂေဟာကို တစ်ချက်ကြည့်ပြီးနောက် သံနံရံများ ပိတ်ကာထားသည့် ခန်းမကို ကြည့်လိုက်၏။ သူက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။
“အဲဒီထဲကနေ တခြားတစ်ယောက်ယောက် ထွက်လာခဲ့သေးလား”
အမျိုးသမီးအစေခံများနှင့် အစောင့်တပ်သားများက မင်းသားယွမ်ကျောကို ထူးဆန်းသော အမူအရာများဖြင့် မော့ကြည့်ပြီးနောက် သူတို့၏ ခေါင်းများကို ခါပြလိုက်ကြ၏။
မင်းသားယွမ်ကျော ထွက်လာခဲ့သည်ကို သူတို့၏ မျက်လုံးနှင့် လူတိုင်းက မြင်တွေ့ခဲ့ကြရ၏။ သို့သော်လည်း သူ့ကို အခြားတစ်ယောက်ယောက်ဟု သတ်မှတ်နိုင်မည် မဟုတ်ပေ။
မင်းသားယွမ်ကျောက ပိတ်ဆို့ထားသော ခန်းမကို ကြည့်ပြီး လှောင်ရယ်လိုက်၏။
“မင်းက ဘာကောင်မှ မဟုတ်ဘူးဆိုတာ ငါသိသားပဲ… မင်းက အကြောက်လွန်ပြီး ခန်းမထဲကနေတောင် မထွက်ရဲဘူးမလား”
“အရှင်မင်းသား ဘာများဖြစ်လို့လဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က မေးလိုက်၏။
ကိစ္စက ဤအခြေအနေထိ ရောက်ရှိလာမှတော့ ဆူဇီမိုနှင့် ထျန်ကျစ်ရီက သူ့ရှေ့မှာ ရှိသော ခန်းမထဲမှာ ပိတ်မိနေပြီး သူတို့မှာ အတောင်ပံများ ရှိလျှင်တောင် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ မင်းသားယွမ်ကျောက တစ်စုံတစ်ရာကို ဖုံးကွယ်ထားစရာ မလိုတော့ဘဲ ခန်းမထဲမှာ ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို ပြန်ပြောပြလိုက်၏။
“အဲဒီ ပုရွက်ဆိတ်နှစ်ကောင်က ငါ့ရဲ့ ကိုယ်ပွားနဲ့ ဓမ္မရတနာကို ဖျက်ဆီးပစ်ခဲ့တယ်.. ငါ သူတို့ကို သေချာပေါက် ညှင်းပန်းနှိပ်စက်ပြီး သေတာထက်ဆိုးတဲ့ ဘဝမျိုးရောက်အောင် လုပ်ပြမယ်”
မင်းသားယွမ်ကျောက မုန်းတီးစွာဖြင့် ပြောလိုက်၏။
“အရှင်မင်းသား..”
ထိုစဉ်မှာပင် အားအင်ချည့်နဲ့နေသော အသံတစ်သံက ထွက်ပေါ်လာ၏။
အမျိုးသမီးအစေခံတစ်ဦးက စိုးရိမ်ထိတ်လန့်သော အမူအရာဖြင့် သူမ၏ ခေါင်းကို မော့ပြီး ဂရုတစိုက်ပြောလိုက်၏။
“ရှင့်.. ရှင့်ရဲ့ ကိုယ်ပွားက မရှိတော့ဘူးလို့ ပြောချင်တာလား”
“နင် ဘာပြောချင်လို့လဲ”
မင်းသားယွမ်ကျောက မျက်မှောင် အနည်းငယ်ကြုတ်ပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။
“နင့်မှာ ပြောစရာ တစ်ခုခုရှိရင် ပြောစမ်း.. အထစ်ထစ်အငေါ့ငေါ့ လုပ်မနေနဲ့”
အမျိုးသမီးအစေခံက တံတွေးကို မျိုချပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။
“အရင်က အရှင်မင်းသားနဲ့ ထျန်ကျစ်ရီက ဒီနေရာကနေ ထွက်လာခဲ့တာကို ကျွန်မတို့ မြင်တွေ့ခဲ့ကြရတယ်”
“နင် ဘာပြောလိုက်တယ်”
မင်းသားယွမ်ကျောက တုန်လှုပ်သွား၏။
အစိမ်းရောင်တိမ်စိုင်မြို့တော်မှ ခေါင်းဆောင်တပ်မှူးတစ်ယောက်က ညင်သာစွာ ချောင်းဟန့်ပြီး ဝင်ရောက်ပြောဆိုလိုက်၏။
“အဲဒါကို ကျုပ်လည်း မြင်လိုက်တယ်လို့ ထင်တယ်.. အရှင်မင်းသားက အမျိုးသမီးတစ်ယောက်နဲ့ မြို့တော်ထဲကနေ ထွက်သွားခဲ့တယ်”
မင်းသားယွမ်ကျောက တစ်ဖက်သို့လှည့်ပြီး သူ့ရှေ့မှာ ရှိသော ခန်းမကို ကြည့်ကာ အော်ပြောလိုက်၏။
“တက်စမ်း”
ဘုန်း.. ဘုန်း.. ဘုန်း…
ခန်းမ၏ ဘေးပတ်လည်မှာ ရှိသော သံတိုင်များက လျင်မြန်စွာ ကြွတက်လာပြီး တိတ်ဆိတ်၍ ဗလာကျင်းနေသော ခန်းမက ပေါ်ထွက်လာခဲ့၏။
ထိုသည်ကို တွေ့မြင်သောအခါ မင်းသားယွမ်ကျော၏ မျက်နှာက ဖြူဖျော့သွားလေသည်။