← Chapters

ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများ

Vol. 136 Ch. 2027

ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများ

Vol. 136 Ch. 2027

ဆူဇီမိုမထွက်ခွာခင် မင်းသားယွမ်ကျော၏ ကိုယ်ပွားအလောင်းကို လောင်ကျွမ်းပြာချပစ်ခဲ့၏။

တိုက်ပွဲအပြီး၌ ရှုပ်ပေပွနေသော နေရာအချို့ကလွဲလျှင် ခန်းမထဲမှာမည်သည့်အရာမှရှိမနေပေ။

လူတိုင်းသည် ဗလာကျင်းနေသောခန်းမနှင့် အလွန်တရာသုန်မှုန်နေသော မင်းသားယွမ်ကျောကို ကြည့်လိုက်ကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သည့်အရာကို အကြမ်းဖျင်းခန့်မှန်းမိနိုင်ကြလေသည်။

တစ်စုံတစ်ယောက်သည် မင်းသားယွမ်ကျော၏ ကိုယ်ပွားကို ဖျက်ဆီးခဲ့ပြီး လူတိုင်း၏ မျက်စိအောက်မှာပင် တင်းတင်းကျပ်ကျပ်လုံခြုံရေးချထားသော အစိမ်းရောင်တိမ်စိုင်မြို့တော်ကနေ ပေါ်ပေါ်ထင်ထင်ထွက်ခွာသွားခဲ့၏။

မင်းသားယွမ်ကျောက ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ကို တွေ့ကြုံခဲ့ရ၏။

ဘေးပတ်ဝန်းကျင်က အသံတိတ်နေကြ၏။ လူတိုင်းက သူတို့၏ ခေါင်းကိုငုံ့ထားပြီး မင်းသားယွမ်ကျောနှင့် အကြည့်ချင်းမဆုံရဲကြပေ။ သူတို့သည် ပြသနာတက်မည်ကိုစိုးသောကြောင့် အသက်ပင်ရဲရဲမရှုရဲကြပေ။

မင်းသားယွမ်ကျောက သူ၏ ရှေ့မှာဒူးထောက်နေသော အမျိုးသမီးအစေခံများကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ သူက အံကိုကြိတ်ပြီးမေးလိုက်လေသည်။

“ပြောစမ်း... ဘာတွေဖြစ်ခဲ့တာလဲ”

အမျိုးသမီးအစေခံများက ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ်တုန်ယင်သွား၏။ သူတို့ထဲမှတစ်ယောက်က သူမ၏ သတ္တိကိုမွေးပြီး သူမတွေ့မြင်ခဲ့သည့်အရာများကို ပြန်ပြောပြလိုက်၏။

“ငါ့လိုမျိုးလား”

မင်းသားယွမ်ကျောက သူ၏ မျက်လုံးထဲရှိ အေးစက်နေသော သတ်ဖြတ်လိုစိတ်နှင့်အတူ မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“အဲ့ဒါက... အသင်္ချေအသွင်ပြောင်းလဲခြင်းများလား”

ခေါင်းဆောင်တပ်မှူးတစ်ယောက်က တိုးတိတ်စွာမေးလိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ ခေါင်းကိုခါပြီး ပြောလိုက်၏။

“မဖြစ်နိုင်ဘူး.... ဆူဇီမိုက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... သူက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်ပါ့မလဲ”

ခေါင်းဆောင်တပ်မှူးယွမ်က ညင်သာစွာချောင်းဟန့်ပြီးပြောလိုက်၏။

“ဒါပေမဲ့... အသင်္ချေအသွင်ပြောင်းလဲခြင်းကြောင့် မဟုတ်ဘူးဆိုရင် သူက မင်းသားဂေဟာနဲ့ အစိမ်းရောင်တိမ်စိုင်မြို့တော်ရဲ့ ဒီလောက်များပြားတဲ့ အစောင့်တပ်သားတွေကြားကနေ ပုန်းကွယ်ပြီးတော့ ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ... နောက်ပြီး...”

ခေါင်းဆောင်တပ်မှူးယွမ်က စကားဆုံးအောင်မပြောနိုင်ခင်မှာပင် သူ၏ မျက်လုံးရှေ့မှာ သွေးရောင်ကဖြာလက်သွားပြီး သူ၏ မျက်နှာပေါ်သို့ ပူနွေး၍ နီရဲနေသောသွေးများက ဖိတ်စင်ကျလာ၏။

အမျိုးသမီးအစေခံများသည် မင်းသားယွမ်ကျော၏ ခေါင်းဖြတ်ခြင်းကိုခံလိုက်ရပြီး သူတို့၏ လည်ပင်းများကနေ သွေးများက ပန်းထွက်လာကာ အဘက်ဘက်သို့ ဖိတ်စင်ကျဆင်းသွား၏။

“အရှင်မင်းသား.... ကျေးဇူးပြုပြီး ကျွန်မကိုချမ်းသာပေးပါ... ကျေးဇူးပြုပြီး ကျွန်မကိုချမ်းသာပေးပါ “

အမျိုးသမီးအစေခံများ၏ အမြုတေစိတ်ဝိညာဥ်များက ပျံသန်းထွက်လာပြီး ထပ်တလဲလဲရှိခိုးဦးချနေကြ၏။

မင်းသားယွမ်ကျော၏ အကြည့်က အေးစက်နေပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။

“နင်တို့တွေက... ငါ့နောက်ကိုလိုက်လာခဲ့တာ ဒီလောက်ကြာနေတာတောင် ငါ့ကိုမမှတ်နိုင်ကြဘူးလား... နင်တို့ကိုထားတော့ရော ဘာများသုံးစားလို့ရလဲ”

မင်းသားယွမ်ကျောသည် သူ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး လေထဲကနေတစ်ဆင့် ရှေ့သို့ခုတ်ပိုင်းချလိုက်၏။

အေးစက်စက်အလင်းတစ်ချက်ဖြာလက်သွား၏။

အမျိုးသမီးအစေခံများ၏ အမြုတေစိတ်ဝိညာဥ်များက နေရာမှာပင် မင်းသားယွမ်ကျော၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရ၏။

မင်းသားယွမ်ကျောက မလှမ်းမကမ်းမှာရှိသော ခေါင်းဆောင်တပ်မှူးယွမ်ကို မည်သည့်စကားမှမဆိုပဲ အေးစက်စွာလှည့်ကြည့်လိုက်၏။

ခေါင်းဆောင်တပ်မှူးယွမ်က ရင်တထိတ်ထိတ်ဖြစ်လာခဲ့၏။ မင်းသားယွမ်ကျော၏ အကြည့်ကို ခံနိုင်ရည်မရှိဘဲ သူက မြေပြင်ပေါ်မှာ ခပ်မြန်မြန်ဒူးထောက်ချလိုက်၏။

“ဆူဇီမိုက အသင်္ချေအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်နိုင်တယ်ဆိုရင်တောင် အဲ့ဒီမှာအားနဲချက်တော့ရှိရမယ်”

မင်းသားယွမ်ကျောက အေးစက်စွာပြောလိုက်၏။

“ငါတို့ရဲ့ကျင့်ကြံမှုအဆင့်တွေက မတူကြဘူး... ခေါင်းဆောင်တပ်မှူးယွမ်... မင်းကသိပ်ပြီး ဉာဏ်ကောင်းနေတယ်မလား ဘာလို့အဲ့ဒါကိုမပြောနိုင်ရတာလဲ”

“ကျုပ်..ကျုပ်... အဲ့လို မဟု​တ်ပါ.....”

ခေါင်းဆောင်တပ်မှူးယွမ်က တဆတ်ဆတ်တုန်ယင်နေပြီး တစ်ခုခုကိုရှင်းပြချင်၏။

သို့သော်လည်း သူ၏ စကားလုံးများအားလုံးက လည်ချောင်းထဲမှာ တစ်ဆို့နေပြီး မည်သည့်အရာကိုမှ မပြောနိုင်ပေ။

ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ ခေါင်းကိုခါပြီး ခေါင်းဆောင်တပ်မှူးယွမ်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်၏။

မင်းသားယွမ်ကျောသည် ယနေ့... ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို ဖမ်းဆီးနိုင်ခဲ့မည်ဆိုလျှင် ဤလူက အသက်ရှင်သန်နိုင်ကောင်း ရှင်းသန်နိုင်ပေလိမ့်မည်။

ယခု... မင်းသားယွမ်ကျောသည် ကြီးမားသောဆုံးရှုံးမှတစ်ရပ်ကို တွေ့ကြုံခံစားခဲ့ရပြိး သူ၏ အမျက်ဒေါသများကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေ၏။ ဤလူက ဘာဖြစ်တော့မည်ကို စဥ်းစားကြည့်နိုင်၏။

မင်းသားယွမ်ကျောက ရယ်မောကာပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးယွမ်... မင်းက တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ... မင်းက ငါ့ပုံစံရုပ်ဖျက်ထားတဲ့သူကိုတော့ မတားဆီးခဲ့ဘဲနဲ့ အစစ်အမှန်ငါ့ကိုတော့ တားဆီးရဲတယ်ပေါ့... အဲ့ဒါတင်မကဘူး မင်းက ငါ့ကိုပါဖိနှိမ်ပြီး ငါ့ရဲ့ဝိညာဥ်ကိုပါရှာဖွေချင်တယ်ပေါ့”

“အရှင်မင်းသား... ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ”

ခေါင်းဆောင်တပ်မှူးယွမ်က ထပ်တလဲလဲရှိခိုးလိုက်ပြီး သိပ်မကြာခင် သူ၏နဖူးက သွေးများဖြင့်နီစွေးသွား၏။

“မျက်ကန်းခွေး... နောက်ဘဝကျရင် မင်းမျက်လုံးတွေကို ကောင်းကောင်းဖွင့်ထား”

မင်းသားယွမ်ကျောက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။ ရုတ်တရက် သူ့လက်ကိုဆန့်ထုတ်ပြီး လေထဲကနေတစ်ဆင့် ခေါင်းဆောင်တပ်မှူးယွမ်၏ ဦးခေါင်းကိုပစ်ရိုက်ချလိုက်၏။

ဘန်း....

ဦးနှောက်ရည်များက ပြန့်ကျဲထွက်သွား၏။

ခေါင်းဆောင်တပ်မှူးယွမ်က အသံတစ်ချက်မထွက်နိုင်ခင်မှာပင် သူက အမြုတေစိတ်ဝိညာဥ်ဖျက်ဆီးခံရပြီး နေရာမှာပင်သေဆုံးသွား၏။

အခြားသောကျင့်ကြံသူများက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ထိုအခိုက်အတန့်မှာ မင်းသားယွမ်ကျောက အမျက်ဒေါသထွက်နေ၏။

အမှားတစ်ချက်က သူတို့၏ အသက်များကို ပျောက်ကွယ်သွားစေနိုင်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် အသံတိတ်နေလေသည်။

မင်းသားယွမ်ကျောက လူတချို့ကိုဆက်တိုက်သတ်ဖြတ်ပြီးနောက် ဒေါသထွက်နေဆဲဖြစ်၏။

မြို့တော်တစ်ရာကျော်နှင့် ကျယ်ပြန့်သောနယ်မြေဒေသတစ်ခုကို အုပ်စိုးသည့် မင်းသားတစ်ပါးအနေဖြင့် သူသည် ဤကဲ့သို့သောဆုံးရှုံးမှုတစ်ရပ်ကို တစ်ခါမှ မတွေ့ကြုံခဲ့ရပေ။

သူ၏ အစစ်အမှန်ခန္ဓာသည် ဤတစ်ခေါက်မှာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ပကတိဧကနယ်ပယ်ကို အဆင့်ချိုးဖျက်တက်လှမ်းရန် ကြိုးပမ်းဖို့ရည်ရွယ်ထားခဲ့၏။

သို့သော်ယခု... သူ၏ ကိုယ်ပွားက ဖျက်ဆီးခံခဲ့ရပြီး သူကတံခါးပိတ်ကျင့်ကြံရာကနေ အချိန်မတိုင်ခင်ထွက်လာခဲ့ရ၏။

သူ၏ မူပိုင်ဓမ္မရတနာပျက်စီးသွားခြင်းနှင့်အတူ သူ၏ ပင်မခန္ဓာကလည်း သက်ရောက်ခြင်းခံလိုက်ရ၏။

ပကတိဧကနယ်ပယ်သို့ အဆင့်ချိုးဖျက်တက်လှမ်းခြင်းက အလွန်တရာအန္တရာယ်များပြီး မည်သည့်အမှားအယွင်းမှမရှိဘဲ ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ရပေလိမ့်မည်။

တစ်ယောက်ယောက်က ကြားဝင်နှောက်ယှက်မှုမရှိလျှင်တောင် သူသည်အောင်မြင်ချင်မှအောင်မြင်ပေလိမ့်မည်။

ဒါ့အပြင် အဆင့်ချိုးဖျက်ဆက်လှမ်းမည့် အရေးကြီးသောအချိန်မှာ ဤကဲ့သို့သောဆုံးရှုံးမှုတစ်ရပ်ကို တွေ့ကြုံခဲ့ရ၏။

သူ၏ တာအိုနှလုံးသားကပင် သက်ရောက်ခံလိုက်ရ၏။

နောက်ပိုင်းအချိန်အတော်ကြာသည့်အထိ သူသည် ပကတိဧကနယ်ပယ်၏ အဟန့်အတားကိုချိုးဖျက်တက်လှမ်းရန် ကြိုးပမ်းနိုင်တော့မည်မဟုတ်ပေ။

သူ၏ ကိုယ်ပွား ဖျက်ဆီးခံရခြင်းနှင့် သူ၏ ဓမ္မရတနာကို ဆုံးရှုံးရသည့်အချက်က အဓိကမဟုတ်ပေ။

မင်းသားယွမ်ကျော၏ ပင်မခန္ဓာဘက်မှာ ဆုံးရှုံးမှုများအားလုံးကို ထည့်မတွက်လျှင်တောင်ရလေသည်။

အဲ့ဒါတွေအားလုံးထက် ပို၍အရေးကြီးသည်မှာ လက်သည်တရားခံ ဆူဇီမိုက သူ၏ ပိုင်နက်နယ်မြေထဲကနေ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်၏။

မင်းသားယွမ်ကျော၏ ရင်ထဲရှိ အမျက်ဒေါသကို စဥ်းစားကြည့်နိုင်၏။

“ဆူဇီမိုထွက်သွားတာကို တခြားဘယ်သူမြင်ခဲ့သေးလဲ”

မင်းသားယွမ်ကျော၏ အကြည့်က ကျန်ရှိနေသော ခေါင်းဆောင်တပ်မှူးများအပေါ် ရစ်ဝဲလာခဲ့၏။

ဆူဇီမိုသည် ဖုန့်ကျစ်ရီနှင့်အတူ မြို့ထဲကနေထွက်ခွာသွားသည်ကို တွေ့မြင်ခဲ့သည်ဟု သူတို့ကြားမှခေါင်းဆောင်တပ်မှူးတစ်ယောက်သည် စောစောကပြောခဲ့လေသည်။

ထိုလူက မင်းသားယွမ်ကျော၏ မေးခွန်းကိုကြားသောအခါ တဆတ်ဆတ်တုန်ယင်နေ၏။

“မင်းလည်းသေလိုက်တော့”

မင်းသားယွမ်ကျော၏ အသံက သူ၏ နားထဲမှာ မကျေမချမ်းဒေါသသံဖြင့် ထွက်ပေါ်လာ၏။ သူကမတုံ့ပြန်နိုင်ခင်မှာပင် သူ၏ နှာရောင်ပေါ်မှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

နောက်ခဏ၌ သူ၏ အသိစိတ်ကို ဆုံးရှုံးသွားပြီး နောက်ပြန်လဲကျကာ သေဆုံးသွား၏။

မင်းသားယွမ်ကျော၏ မျက်လုံးထဲမှာ ဤကောင်းကင်အင်မော်တယ် ခေါင်းဆောင်တပ်မှူးများ၏ အသက်များကပင်လျှင် တန်ဖိုးမဲ့လေသည်။

သူတို့သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ခြင်းခံကြရ၏။

မင်းသားယွမ်ကျောက သုန်မှုန်နေသောအမူအရာဖြင့် ပြောလိုက်၏။

“ငါ့အမိန့်ကိုထုတ်ပြန်လိုက်... ဆူဇီမိုနဲ့ဖုန်ကျစ်ရီကိုတွေ့မြင်လိုက်တဲ့ အစိမ်းရောင်တိမ်စိုင်မြို့တော်က ဘယ်သူ့ကိုမဆို သတ်.... အစောင့်တပ်သားတွေပဲဖြစ်ဖြစ်... ကျင့်ကြံသူတွေပဲဖြစ်ဖြစ် သူတို့ရဲ့နောက်ခံကဘာပဲဖြစ်ဖြစ်... အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် အကုန်သတ်ကွာ”

လတ်ဆတ်သောသွေးကသာလျှင် သူ၏ ရင်ထဲရှိအမျက်ဒေါသကို ဖြေလျော့ပေးနိုင်ပေလိမ့်မည်။

အခြားသောခေါင်းဆောင်တပ်မှူးများက တုန်လှုပ်သွားကြ၏။

ထိုအမိန့်ကိုထုတ်ပြန်မည်ဆိုလျှင် အစိမ်းရောင်တိမ်စိုင်မြို့တော်မှ လူပေါင်းများစွာက သေကြေပျက်စီးရပေတော့မည်။

ခေါင်းဆောင်တပ်မှူးများက အကြည့်ချင်းဖလှယ်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ တုံ့ပြန်လိုက်ကြ၏။

“နားလည်ပါပြီ”

ထို့နောက် သူတို့အားလုံးက လှည့်ထွက်သွားကြ၏။

သူတို့ထဲမှ မည်သူမဆို တွေဝေတုံ့ဆိုင်းနေမည်ဆိုလျှင် သူတို့သည် နေရာမှာပင် မင်းသားယွမ်ကျော၏ သတ်ဖြတ်​ခြင်းကို ခံရနိုင်လေသည်။

တစ်ခဏချင်းမှာပင် ခန်းမ၏ ရှေ့မှာ မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့သာလျှင် ကျန်ရစ်ခဲ့၏။

မင်းသားယွမ်ကျောက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ခန်းမထဲမှာဖြည်းဖြည်းချင်းလမ်းလျှောက်ကာ အလွန်တရာအေးစက်နေသောအမူအရာဖြင့် ရှုပ်ပေပွနေသော တိုက်ပွဲဖြစ်ပွားခဲ့နေရာကို ကြည့်ရှုနေ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က နေရာမှာပင်မတ်တတ်ရပ်ပြီး အတန်ကြာသည့်အထိ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီးနောက် ပြန်ဖွင့်ကာ အလျင်အမြန်လိုက်ပါလာခဲ့၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။

“အရှင်မင်းသား... သိပ်ပြီးတော့ဒေါသမထွက်ပါနဲ့... ဆူဇီမိုနဲ့ဖုန့်ကျစ်ရီရဲ့ ကျင့်ကြံမှုအဆင့်တွေက အကန့်အသတ်ရှိနေတာပဲ.... သူတို့က သူတို့ရဲ့အစွမ်းကုန်နဲ့ထွက်ပြေးမယ်ဆိုရင်တောင် တစ်ညတည်းနဲ့ သူတို့က သိပ်ပြီးဝေးဝေးရောက်နိုင်ဦးမှာ မဟု​တ်ဘူး”

“ကျုပ်က... အစိမ်းရောင်တိမ်စိုင်မြို့တော်ရဲ့ စစ်သည်တစ်ဝက်ကျော်ကိုစုဖွဲ့ပြီး သူတို့ရဲ့အစွမ်းကုန်နဲ့ လိုက်လံရှာဖွေဖို့ အမိန့်ပေးထားပြီးပြီ.... သူတို့နှစ်ယောက်ပေါ်ထွက်လာတာနဲ့ ကျုပ်တို့က သူတို့ကိုသေချာပေါက်ဖမ်းဆီးပြီးဖိနှိမ်နိုင်လိမ့်မယ်”

တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ မင်းသားယွမ်ကျောက သူ၏ လက်ကိုလှုပ်ရှားကာ သူ၏ သိုလှောင်အိတ်ထံကနေ အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ သူက အေးစက်စွာပြောလိုက်လေသည်။.

“အထီးကျန်ကြယ်... အစိမ်းရောင်တိမ်စိုင်မြို့တော်မှာ ငါ့ကိုမြန်မြန်လာတွေ့”

ထိုစကားလုံးများက အဆောင်ပေါ်မှာ ပေါ်ထွက်လာ၏။

မင်းသားယွမ်ကျောက သူ၏ လက်ဖဝါးကို ပွတ်ခြေလိုက်၏။ အဆောင်က ကြေမွသွားပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လေထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးများထဲမှတစ်ယောက် အထီးကျန်ကြယ်... အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်။

အာဏာပါးကွက်သားအစောင့်တပ်သားများကို ကမ္ဘာမြေအစောင့်တပ်သားများနှင့် ကောင်းကင်အစောင့်တပ်သားများဟူ၍ ခွဲခြားထား၏။

ကောင်းကင်အစောင့်တပ်သားများအားလုံးသည် အဆင့် ၇၊ ၈၊ ၉ ကောင်းကင်အင်မော်တယ်များဖြစ်ကြ၏။

သူတို့အားလုံးက ကောင်းကင်အမြုတေနယ်ပယ်၏ ထိပ်သီးပညာရှင်များဖြစ်ကြလေသည်။

သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှ တော်ဝင်မိသားစု၏ အမိန့်ကိုသာ နာခံတတ်ကြသည်။

ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် ထိုကဲ့သို့အမိန့်ပေးဖို့ အဆင့်မရှိပေ။

ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုအမည်ကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။

“ကောင်းကင်အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်နဲ့ဆိုရင် သူတို့နှစ်ယောက်က သေချာပေါက်ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။”

All Chapters