မိုးကြိုးဧကရာဇ်ကို အကွက်ချကြံစည်ခြင်း
Vol. 136 Ch. 2029
“ဘယ်လောက်များလဲ”
ဖုန့်ကျစ်ရီက ရင်တစ်ချက်ထိတ်သွားပြီး အသံတစ်ခုကိုပို့လွှတ်လိုက်၏။
သူမသည် မည်သည့်လှုပ်ရှားမှုကိုမှ သတိမထားမိသော်လည်း ဆူဇီမို၏ အစွမ်းအစအရ အဲ့ဒါက သေချာပေါက်မှားစရာမရှိကြောင်း သူမသိလေသည်။
ဆူဇီမိုသည် စစ်ဆေးဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုမထုတ်ဖော်ရဲပေ။ သူသည် တစ်ဘက်လူ၏ စိတ်အာရုံကိုဆွဲဆောင်မိမှာကို စိုးရိမ်နေ၏။ သူက သူ၏ မျက်လုံးနှစ်ဖက်ကိုသာမှိတ်ပြီး နားစွင့်နေရ၏။
“သူတို့က အတန်အသင့်တော့ရှိမယ်... သူတို့က ဒီတောင်ကြောရိုးဝန်းကျင်ကိုရောက်နေပြီ”
ခဏနေပြီးနောက် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“အဲ့ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ဖုန့်ကျစ်ရီက မျက်မှောင်ကြုတ်လိုက်၏။
“သူတို့က နေရာဖြန့်ပြီးရှာမယ်ဆိုရင် ယွမ်ကျောက ငါတို့ရဲ့တည်နေရာကို ဒီလောက်မြန်မြန်ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
ယခုအချိန်မှာ အခြားတစ်ဘက်သည် သူတို့၏ တည်နေရာကိုကြိုတင်ရှာတွေ့ထားပြီး ဤနေရာသို့ အပြေးနှင်လာနေသည့်အလား ခံစားရစေ၏။
“အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုမလား... ငါတို့ကိုပစ်မှတ်ထားတာ မဟုတ်လောက်ပါဘူး”
ဖုန့်ကျစ်ရီက ထပ်မံ၍မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“ငါလည်းမသေချာဘူး... အရင်ဆုံး တစ်ချက်စောင့်ကြည့်ရအောင် မဆင်မခြင်လှုပ်ရှားလို့မရဘူး... သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်တွေကအားမနဲကြဘူး... သူတို့က လေထဲကနေလွတ်လွတ်လပ်လပ်ပျံလာနေကြတာ... သူတို့ထဲမှာ အားအနဲဆုံးက ကမ္ဘာမြေအင်မော်တယ်တွေဖြစ်လိမ့်မယ်”
သိပ်မကြာခင် ဖုန့်ကျစ်ရီသည် မလှမ်းမကမ်းကနေ အဝတ်စလေတိုးသံများကို ကြားလိုက်ရ၏။
သူတို့နှစ်ယောက်သည် လိုဏ်ဂူထဲမှာသာ ပုန်းကွယ်၍ စောင့်ဆိုင်းနေရ၏။ ထိုကျင့်ကြံသူများက သူတို့၏ နေရာကို တတ်နိုင်သမျှမြန်မြန်ကျော်သွားဖို့မျှော်လင့်နေမိ၏။
သို့သော်လည်း ကိစ္စများက စီစဥ်သည့်အတိုင်းဖြစ်မလာတတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍များသော ကျင့်ကြံသူများက စုဝေးလာပြီး တောင်ကြောရိုးပတ်လည်မှာရစ်ဝဲနေကြ၏။
လိုဏ်ဂူဝင်ပေါက်ဝရှိ ဆူဇီမို၏ အစီအရင်ဝင်္ကပါကြောင့်လား သို့မဟုတ် အစကတည်းက လိုဏ်ဂူက လုံခြုံစိတ်ချရသောကြောင့်လားမပြောတတ်ပေ။ ဤနေရာဘေးကနေဖြတ်သွားသော ကျင့်ကြံသူများသည် သူတို့၏ နေရာကို ရှာမတွေ့နိုင်ခဲ့ကြပေ။
သို့သော်လည်း ထိုကျင့်ကြံသူများက တောင်ကြောရိုးမှာရစ်ဝဲနေပြီး ထွက်ခွာမသွားကြပေ။
သူတို့နှစ်ယောက်သည် လိုဏ်ဂူထဲမှာပုန်းကွယ်နေပြီး မဆင်မခြင်ပြုမူရဲခြင်းမရှိပေ။
အသက်တစ်ချက်ရှုတိုင်း သူတို့ကိုညှင်းပန်းနှိပ်စက်နေသလို ခံစားရစေ၏။
ထိုကဲ့သို့ပင် နေ့တစ်ဝက်က ကုန်ဆုံးသွား၏။
“တစ်ခုခုတော့လွဲနေပြီ”
ရုတ်တရက် ဆူဇီမိုကပြောလိုက်၏။
“ဘာလို့လဲ”
ဖုန့်ကျစ်ရီက မေးလိုက်၏။
ဆူဇီမိုက လေးနက်သောအသံဖြင် ပြောလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် ဒီလောက်များတဲ့ကျင့်ကြံသူတွေနဲ့ဆို အဲ့ဒါကနေ့တစ်ဝက်အတွင်း ဒီတောင်ကြောရိုးကို ဆယ်ခါပြန်ရှာဖွေဖို့ လုံလောက်နေပြီ”
“ဒါပေမဲ့... အဲ့ဒီမှာ သွားချည်လာချည်ကျင့်ကြံသူတွေ ဒီလောက်များတာတောင် ငါတို့ရဲ့လိုဏ်ဂူကို ဘယ်သူကမှ သူတို့ရဲ့စိတ်ဝိညာဥ်အသိစိတ်နဲ့ မစစ်ဆေးကြဘူး”
ဖုန့်ကျစ်ရီကလည်း ခေါင်းညိတ်လိုက်၏။ သူမသည်လည်း ထိုအချက်ကို နားလည်သဘောလိုက်၏။
ဆူဇီမို၏ ဖုံးကွယ်ခြင်းအစီအရင်ဝင်္ကပါက ကတိုက်ကရိုက်ခင်းကျင်းထားခြင်းသာဖြစ်ပြီး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်ကနေ မဖုံးကွယ်ပေးနိုင်ပေ။
သို့သော်လည်း တောင်ကြောရိုးမှာရှိသော ကျင့်ကြံသူများသည် သူတို့၏ လိုဏ်ဂူကို တမင်သက်သက်ရှောင်ကွင်းသွားနေသည်ဟုထင်ရ၏။
“ငါတို့က ရှာဖွေဖော်ထုတ်ခံထားရလောက်ပြီ”
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
သူတို့နှစ်ယောက်က မည်သို့မည်ပုံဖော်ထုတ်ခံလိုက်ရသလဲ မသိရှိသော်လည်း အပြင်ဘက်မှာရှိသော လက္ခဏာများက သူတို့၏ တည်နေရာပေါက်ကြားသွားပြီဆိုတာကို ညွှန်ပြနေ၏။
ဖုန့်ကျစ်ရီက တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုဖြင့် တီးတိုးရေရွတ်လိုက်၏။
“သူတို့က ငါတို့ထွက်မသွားနိုင်အောင် အနီးနားဝန်းကျင်ကနေပြီးတော့ စောင့်ကြည့်နေကြတဲ့ပုံပဲ... သူတို့ကဘာလုပ်ဖို့ကြိုးစားနေကြတာလဲ”
“မင်းသားယွမ်ကျောရဲ့ စိတ်နေစရိုက်အရဆို သူကဒီလောက်ထိကြီးကြီးမားမား နစ်နာဆုံးရှုံးပြီးသွားတဲ့နောက် ငါတို့ရဲ့တည်နေရာကို ရှာတွေ့ရင် ဝင်ရောက်တိုက်ခိုက်မှာပဲ... အဲ့ဒါက မင်းသားယွမ်ကျောရဲ့လူတွေ မဟုတ်ဘူးလား”
ဆူဇီမိုကလည်း ထိုအကြောင်းနှင့်ပတ်သက်၍စဥ်းစားနေ၏။
ရုတ်တရက်ဆိုသလို... ။
သူ၏ စိတ်ထဲသို့ အတွေးတစ်ခုဖျတ်ခနဲဝင်ရောက်လာပြီး သူကလွှတ်ခနဲပြောလိုက်၏။
“အဲ့ဒါက... မိုးကြိုးဧကရာဇ်ကြောင့်ပဲ... သူတို့ရဲ့ရည်ရွယ်ချက်က သူ့ကို ဒီနေရာကို မျှားခေါ်ထုတ်ဖို့ဖြစ်လိမ့်မယ်”
“အာ...”
ဖုန့်ကျစ်ရီက နားလည်သဘောပေါက်သွားဟန်ဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။
“ဟားဟားဟားဟား...”
ထိုစဥ်မှာပင် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံတစ်သံက လိုဏ်ဂူထဲကနေ ထွက်ပေါ်လာ၏။
“ဆူဇီမို... မင်းကတကယ်ကို ဉာဏ်ကောင်းသားပဲ... ငါမင်းကို သတ်တောင်မသတ်ရက်တော့ဘူး”
မင်းသားယွမ်ကျော၏ အသံက လှောင်ပြောင်သရော်မှုနှင့် မုန်းတီးမှုတစ်စွန်းတစ်စနှင့်အတူ ထွက်ပေါ်လာ၏။
ဆူဇီမိုနှင့် ဖုန့်ကျစ်ရီသည် အကြည့်ချင်းဖလှယ်ပြီး လိုဏ်ဂူထဲကနေထွက်လာကြ၏။
သူတို့က ဖော်ထုတ်ခံလိုက်ရပြီဆိုမှတော့.... ဆက်လက်၍ ပုန်းခိုနေစရာမလိုတော့ပေ။
သူတို့က ဒီနေ့မှာ သေကြေပျက်သုဥ်းရတော့မည်ဆိုတာကို သူတို့၏ ရင်ထဲမှာ သိရှိလိုက်ကြ၏။ ထို့ကြောင့် သူတို့၏ မျက်လုံးများထဲတွင် ပြတ်သားသောအရိပ်အယောင်တစ်ခုပေါ်ထွက်လာ၏။
မင်းသားယွမ်ကျော၊ ပကတိအင်မော််ကျင်းယွဲ့နှင့် ရွှေဖြူငှက်မွေးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က လေထဲမှာဘေးချင်းယှဥ်ရပ်နေကြ၏။
သူတို့က ယခုတင်လိုဏ်ဂူထဲကနေထွက်လာသော ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို ငုံ့ကြည့်နေကြ၏။
“ရွှေဖြူငှက်မွေးချပ်ဝတ်တန်ဆာနှင့်လူက ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားတွေထဲက ခေါင်းဆောင်တပ်မှူးတစ်ယောက် အထီးကျန်ကြယ်ပဲ”
ဖုန့်ကျစ်ရီက ညင်သာစွာပြောလိုက်၏။
အကြွင်းအကျန်ညသည် မဟာကျင်းအင်မော်တယ်နိုင်ငံကို အထူးတလည်ပစ်မှတ်ထားသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရေးပါသော ပုဂ္ဂုလ်တချို့နှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။
“ဘာလို့အပင်ပန်းခံနေကြတာလဲ”
မင်းသားယွမ်ကျောက ဆူဇီမိုကို သရော်တော်တော် အမူအရာတစ်ခုဖြင့်ကြည့်ပြီး ရယ်မောလိုက်၏။
“ဒါက... ငါ့ရဲ့ပိုင်နက်နယ်မြေလို့ ငါပြောခဲ့ပြီးပြီပဲ... မင်းတို့တွေက ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုနှင့် ဖုန့်ကျစ်ရီက လှောင်အိတ်ထဲကငှက်များဖြစ်နေကြလေပြီ။ ယခုအချိန်မှာ မင်းသားယွမ်ကျောသည် အခြေအနေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး သူက သူတို့နှစ်ယောက်ကိုသတ်ဖြတ်ဖို့အတွက် အလောတကြီးရှိမနေပေ။
ထိုသူ့မှာ ပို၍ပင်ကြီးမားသောရည်ရွယ်ချက်ရှိနေ၏။
ဆူဇီမိုနှင့် ဖုန့်ကျစ်ရီသည် ပုစွန်ဆိတ်ငယ်နှစ်ကောင်သာဖြစ်ပြီး အစစ်အမှန်ငါးကြီးက ဖုန့်စန်းထျန်ဖြစ်လေသည်။
“ငါက... မိုးပျံနဂါးတောင်ကြောရိုးမှာ မင်းတို့နှစ်ယောက်ကို ဖိနှိမ်ထားတယ်ဆိုတဲ့သတင်း လွှင့်ခဲ့ပြီးပြီ... သူ့ရဲ့မြေးမလေးက ငါ့လက်ထဲကိုရောက်နေတာကိုသိမယ်ဆိုရင် ဖုန့်စန်းထျန်ဘာလုပ်မလဲ မသိဘူး”
မင်းသားယွမ်ကျောက ပြုံးစစဖြင့် မေးလိုက်၏။
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ယွမ်ကျော... မင်းရဲ့အကြံအစည်ကို ငါတောင်ပြောနိုင်တယ်ဆိုရင် သူကလည်း ဘာလို့မတွေးမိမှာလဲ”
“ဒါပေါ့... သူပြောနိုင်မှာပါ”
မင်းသားယွမ်ကျောက ပခုံးတွန့်ပြီး ပြောလိုက်၏။
“အဲ့တော့ ဘာဖြစ်လဲ သူက အဲ့ဒါကိုပြောနိုင်မယ်ဆိုရင်တောင် သူကငါ့ရဲ့ထောင်ချောက်ထဲကို အသာတကြည်နဲ့ဝင်ရောက်ပေးရမှာပဲ”
ဆူဇီမိုကအသံတိတ်နေ၏။
မင်းသားယွမ်ကျောပြောသည်မှာ မမှားပေ။ အဲ့ဒါက ပေါ်ပေါ်ထင်ထင်အကောက်ကြံခြင်းဖြစ်၏။
အဲ့ဒါကထောင်ချောက်တစ်ခုဆိုတာကို မိုးကြိုးဧကရာဇ်သိထားသည်ဆိုလျှင်တောင် သူ၏ စိတ်နေစရိုက်အရ ဤနေရာကို သေချာပေါက်လာရောက်ပေလိမ့်မည်။
ဖုန့်ကျစ်ရီအသက်ရှင်နေသေးသည်ကို မပြောနှင့် ဖုန့်ကျစ်ရီသေဆုံးသွားသည်ဆိုလျှင်တောင် မိုးကြိုးဧကရာဇ်သည် အဲ့ဒါက အမှန်တကယ်ဟုတ်၊ မဟုတ် သူကိုယ်တိုင်လာရောက်ကြည့်ရှုပေလိမ့်မည်။
ဆူဇီမိုအသံတိတ်သွားသည်ကိုတွေ့မြင်သောအခါ မင်းသားယွမ်ကျောက ပို၍ပင်ရွှင်မြူးအားရလာ၏။
သူ၏ အကြံအစည်က လုံးဝကိုပြီးပြည့်စုံနေ၏။
အစကတော့... ကိုယ်ပွားတစ်ခုနှင့် သူ၏ မူပိုင်ဓမ္မရတနာကို ဆုံးရှုံးခဲ့ရပြီးနောက် သူ၏ ထိခိုက်နစ်နာမှုက ကြီးမားခဲ့လေသည်။
သို့သော်... ယခု ဤကစားပွဲမှာ သူက သူတို့နှစ်ယောက်ကိုပြန်လည်အနိုင်ယူနိုင်ပြီဖြစ်၏။
သူသည် ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို ဖမ်းဆီးနိုင်ခဲ့ရုံသာမက သူတို့နှစ်ယောက်ကိုအသုံးချကာ မိုးကြိုးဧကရာဇ်ကိုပါ မျှားခေါ်ထုတ်နိုင်မည်ဖြစ်၏။
သူက မိုးကြိုးဧကရာဇ်ကိုဖိနှိမ်နိုင်မည်ဆိုလျှင် အဲ့ဒါက အလွန်ကြီးမားသည့် အကျိုးဆောင်မှုတစ်ရပ်ဖြစ်ပေလိမ့်မည်။
ဤတစ်ခေါက် သူ၏ ဆုံးရှုံးမှုများကို ကာမိအောင် သူ့အဖေက သူ့ကိုမရေမတွက်နိုင်သောရတနာများနှင့် သေချာပေါက် ဆုလာဘ်များချီးမြှင့်ပေလိမ့်မည်။
သူသည် ဤအခွင့်အလမ်းကို အသုံးချကာ မိုးကောင်းကင်ကိုးလွှာမှာ နာမည်ကြီးကျော်ကြားလာအောင်ပြုလုပ်နိုင်မည်ဖြစ်၏။
သူ၏ ကောင်းကင်အင်မော်တယ်ကျင့်ကြံမှုနှင့်အတူ သူက အတိတ်ကာလတုန်းက အန္တိမပကတိအင်မော်တယ်ကို ဖမ်းဆီးဖိနှိမ်နိုင်မည့် နည်းဗျူဟာတစ်ခုကို တီထွင်ကြံဆနိုင်မည်ဆိုလျှင် အဲ့ဒါက ဘယ်လောက်တောင် နာမည်ဂုဏ်သတင်းကြီးမားသွားမလဲ။
ဘုရင်ကျင်း၏ အမွေဆက်ခံသူ... သူ့အစ်ကိုပင်လျှင် ဖုန့်စန်းထျန်ကို အရင်တုန်းက မတားဆီးနိုင်ခဲ့ပဲ ထိုသူကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်ခဲ့ရုံမျှသာဖြစ်၏။
သူက ဖုန့်စန်းထျန်ကို ဖိနှိမ်နိုင်မည်ဆိုလျှင် မျိုးဆက်များကြားမှာ သူ၏ အဆင့်အတန်းက တိုးမြင့်လာပြီး သူက အမွေဆက်ခံသူနှင့်ပင် ယှဥ်ပြိုင်လာနိုင်မည်ဖြစ်၏။
ထိုသို့အတွေးဖြင့် မင်းသားယွမ်ကျောသည် စိတ်လှုပ်ရှားတက်ကြွလာပြီး ရယ်မောလိုက်လေသည်။
“ငါက... ကိုယ့်ကိုကိုယ် သတ်သေရမယ်ဆိုရင်တောင် နင့်ရဲ့အသုံးချ အဖြစ်ခံမှာ မဟုတ်ဘူး”
ဖုန့်ကျစ်ရီကအော်ငေါက်၍ သူမ၏ လက်ကို အနည်းငယ်လှုပ်ရှားလိုက်၏။ သူမ၏ လက်ဖဝါးနှစ်ဖက်ထဲမှာ နက်မှောင်နေသော ဓားမြှောင်များပေါ်ထွက်လာပြီး သူမ၏ နှာရောင်ကို ကိုယ်တိုင်ပစ်ထိုးချလိုက်၏။
ဇီ....
သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ရုတ်တရက်ဆင်းသက်လာခဲ့၏။
လေထဲမှာ ပကတိအင်မော်တယ်ကျင်းယွဲ့၏ နှာရောင်က တောက်ပသွားပြီး သူက ပကတိအင်မော်တယ်စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်ဖော်ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့ရှေ့မှာ နင်က ကိုယ့်ကိုကိုယ်သတ်သေနိုင်မယ်ဆိုရင် ငါ့ရဲ့တစ်ဘဝစာကျင့်ကြံမှုက အလကားဖြစ်သွားမှာပေါ့”
ဆူဇီမို၏ အမူအရာကအေးစက်နေပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။
လက်ရှိအခြေအနေမှာ သူသည်လည်းပဲ ဘာမှမတတ်နိုင်ဖြစ်နေ၏။
သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်မည်ဆိုလျှင်တောင် အသုံးဝင်တော့မည် မဟုတ်ပေ။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က အလွန်ဆုံး ကောင်းကင်အင်မော်တယ်တစ်ယောက်ကိုသာ သတ်ဖြတ်နိုင်မည်ဖြစ်၏။
သို့သော်လည်း သူသည် ပကတိအင်မော်တယ်ပညာရှင်များနှင့် ရင်ဆိုင်နေရ၏။
ဤအနီးနားပတ်လည်မှာ ကျင့်ကြံသူများစွာက စုစည်းနေကြပြီး အားအနည်းဆုံးက ကမ္ဘာမြေအင်မော်တယ်များဖြစ်လေသည်။
တောင်ကြောရိုးထဲမှာ အခြားသောပညာရှင်များက ပုန်းကွယ်နေသလားမသိရပေ။
ယနေ့ မင်းသားယွမ်ကျော၏ အဓိကပစ်မှတ်က သူတို့မဟုတ်ဘဲ မိုးကြိုးဧကရာဇ်ဖြစ်လေသည်။