ကြီးမားသောတိုက်ပွဲ
Vol. 136 Ch. 2030
ဂျိန်း... ဂျိန်း....ဂျိန်း....
ထိုစဥ်မှာပင် အဝေးတစ်နေရာကနေ နက်ရှိုင်း၍ စွမ်းအားကြီးမားသော မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ အဲ့ဒါက ကောင်းကင်ထက်ကနေ ဆူနာမီလှိုင်းတစ်ခု တလိပ်လိပ်ထိုးတက်လာသကဲ့သို့ တရုန်းရုန်းထကြွနေ၏။
“သူလာပြီပဲ”
မင်းသားယွမ်ကျောက စိတ်အားတက်ကြွသွားပြီး တောက်ပသောအကြည့်ဖြင့် လှည့်ကြည့်လိုက်၏။
တောင်ကြောရိုး၏ အစွန်းတစ်ဘက်ကနေ မင်ကဲ့သို့နက်မှောင်နေသော ကြီးမားသည့် တိမ်စိုင်တစ်အုပ်စုက အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် လွင့်မျောလာ၏။
နက်မှောင်နေသော တိမ်စိုင်များအတွင်းမျာ လျှပ်စီးလျှပ်ပန်းများက မကြာမကြာတဖျတ်ဖျတ်လက်နေ၏။
နက်မှောင်နေသောတိမ်စိုင်များအောက်မှာ ပိန်ပါးသောလူတစ်ယောက်က အပြာရောင်လျှပ်စီးများဖြင့် လွှမ်းခြုံထားသည့် လှံတစ်လက်ကို သူ၏ ပခုံးပေါ်မှာတင်ပြီး လျှောက်လှမ်းလာ၏။
အဲ့ဒါက မိုးကြိုးဧကရာဇ်ဖုန့်စန်းထျန်ဖြစ်၏။
သိပ်မကြာခင်... ဖုန့်စန်းထျန်က အနီးနားသို့ ရောက်ရှိလာခဲ့၏။ သူ့မှာ ခရီးပန်းလာသော အမူအရာတစ်ခုရှိလေသည်။ သူက ရပ်နားခြင်းမရှိဘဲ လမ်းတစ်လျှောက် ခရီးပြင်းနှင်လာခဲ့သည်မှာ သိသာနေ၏။
သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ချောက်ချားစရာကောင်းသော မိုးကြိုးလျှပ်စီးများက တရုန်းရုန်းထကြွနေဆဲဖြစ်၏။ အဲ့ဒါက လျစ်လျူရှု၍ မရနိုင်ပေ။
ဖုန့်စန်းထျန်၏ အကြည့်က ဆူဇီမိုနှင့် ဖုန့်ကျစ်ရီပေါ်သို့ရောက်ရှိသွား၏။ သူတို့နှစ်ယောက်က ဘာမှမဖြစ်သည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက ပျော့ပြောင်းသွားပြီး မင်းသားယွမ်ကျောနှင့် အခြားနှစ်ယောက်ကို ကြည့်လိုက်၏။
“မင်းတို့ငါ့ကို မျှားခေါ်ထုတ်ချင်တာမလား... မင်းတို့သဘောအတိုင်းပဲလေ”
မိုးကြိုးဧကရာဇ်က ဘေးပတ်လည်ကိုတစ်ချက်ဝေ့ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့ကိုယ်မင်းတို့ ရုပ်လုံးထွက်ပြလိုက်တော့... မင်းတို့တွေက ဘယ်သူတွေလည်းကြည့်ရသေးတာပေါ့”
ထိုသို့သူပြောလိုက်သည်ခဏမှာပင် ဘေးပတ်ဝန်းကျင် တောအုပ်ထဲကနေ ပုံရိပ်လေးခု ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
သူတို့လေးယောက်သည် ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ယှဥ်နိုင်သော အလွန်တရာအန္တရာယ်များသည့် အော်ရာတစ်ခုစီကို ထုတ်ဖော်ထား၏။
သူထင်တာမမှားဘူးဆိုလျှင် သူတို့လေးယောက်သည် ပကတိအင်မော်တယ်ပညာရှင်များဖြစ်ရပေမည်။
ပကတိအင်မော်တယ်ကျင်းယွဲ့ကလည်း ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူတို့လေးယောက်နှင့်အတူ ဗျူဟာတစ်ခုခင်းကျင်းကာ မိုးကြိုးဧကရာဇ်ကိုအလယ်မှာထား၍ ဝန်းရံလိုက်၏။
“ဟီးဟီး..”
မိုးကြိုးဧကရာဇ်က အထင်အမြင်သေးသောအမူအရာဖြင့် ပကတိအင်မော်တယ်ကျင်းယွဲ့တို့အုပ်စုကို ကြည့်ကာလှောင်ရယ်လိုက်၏။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါက ပကတိအင်မော်တယ် ၁၁ယောက်ထဲက ၁၀ယောက်ကို သတ်ခဲ့တယ်... အခု မင်းတို့ငါးယောက်က ဒီကိုလာပြီး အသေခံမလို့လား”
“အရင်တုန်းကအခြေအနေနဲ့ အခုနဲ့က မတူတော့ဘူးလေ”
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။
“ဖုန့်စန်းထျန်... မင်းကိုယ်မင်း အတင်းဖိအားပေးမနေနဲ့... ငါတို့က အနိုင်ရဖို့အတွက်ယုံကြည်မှုမရှိရင် ဒီထောင်ချောက်ကို ခင်းကျင်းခဲ့မှာမဟုတ်ဘူး”
အရှေ့အရပ်မှ ပကတိအင်မော်တယ်က မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မုတ်ဆိတ်မွေးများက သူ၏ ရင်ဘတ်ရှေ့မှာကျနေ၏။ သူက မြင်းမြီးကျာပွတ်တစ်ခုကိုကိုင်ဆွဲပြီး ပြုံးနေ၏။
“ဖုန့်စန်းထျန်... မင်းက နှစ်ပေါင်းသိန်းချီကြာအောင် ဘုရင်ကျင်းရဲ့ ကွပ်မျက်ဆေဘာနဲ့ ကျောက်တိုင်ပေါ်မှာ ထိုးစိုက်ခံထားခဲ့ရတာပဲ... မင်းရဲ့ဒဏ်ရာက လုံးဝမသက်သာသေးဘူး... မင်းဆက်ပြီးတော့ ခေါင်းမာလေလေ မင်းရဲ့ဒဏ်ရာတွေက ပိုဆိုးလာလေလေပဲရှိလိမ့်မယ်”
တောင်ဘက်အရပ်မှ ပကတိအင်မော်တယ်က တင်းကျပ်သောဝတ်စုံကိုဝတ်ဆင်ထားသည့် ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမ၏ ဆံပင်က အနီရောင်ဖြစ်ပြီး ကနွဲ့ကလျပြောလိုက်၏။
“လွန်ခဲ့တဲ့သုံးလက ရှင်က... ဘုရင်ကျင်းရဲ့ အမွေဆက်ခံသူလက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်မလား... ရှင်က ရှင်သန်နိုင်ခဲ့ပေမယ့် ရှင့်ရဲ့အခြေခံအုတ်မြစ်က ထိခိုက်သွားပြီ... ရှင့်ရဲ့လက်ရှိတိုက်ခိုက်ရည်ခွန်အားက လွန်ခဲ့တဲ့တစ်နှစ်ကထက်တောင်မှ အများကြီးပိုပြီး အားနဲသွားပြီ”
“ဖုန့်စန်းထျန်... မင်းကတကယ်ကိုအထင်ကြီးစရာကောင်းတာပဲ”
အနောက်ဘက်အရပ်မှာရှိသော ပကတိအင်မော်တယ်က အရပ်အမောင်းမြင့်မား၍ ဗလတောင့်တောင့်ဖြစ်ကာ ရင်ဘတ်ကိုဗလာကျင်းထား၏။ သူက ကြေးကျာပွတ်တစ်စုံကို ကိုင်ဆွဲထားပြီး ပြောလိုက်၏။
“ဘုရင်ကျင်းရဲ့ အမွေဆက်ခံသူက အင်မော်တယ်ဘုရင်ဘွဲ့ကို ခံယူခဲ့ပြီးပြီ... မင်းက ဒဏ်ရာအပြင်းအထန် ရရှိထားတာတောင်မှ သူ့လက်ကနေ လွတ်အောင်ထွက်ပြေးလာနိုင်တယ်ဆိုတော့.... ကျွတ်..ကျွတ်...”
အင်မော်တယ်ဘုရင်တစ်ပါးနဲ့ ပကတိအင်မော်တယ်တစ်ယောက်ကြားမှာ ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် ကွာဟနေ၏။
သို့သော်လည်း ထိုကွာဟချက်က မိုးနဲ့မြေလိုဖြစ်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ပကတိအင်မော်တယ်ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာပူးပေါင်းထားလျှင်တောင် သူတို့သည် အင်မော်တယ်ဘုရင်တစ်ပါးကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ဖုန့်စန်းထျန်ကို တွေ့ရှိသွားပြီး သူတို့နှစ်ယောက်က အတန်ကြာသည့်အထိတိုက်ခိုက်ပြီးနောက် ဖုန့်စန်းထျန်က ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုလေသည်။
လူတိုင်းအတွက်တော့ အဲ့ဒါက စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။
အင်မော်တယ်ဘုရင်တစ်ပါးနှင့် ဆန့်ကျင်တိုက်ခိုက်ရသောတိုက်ပွဲမှာ ပကတိအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ခဲ့တာလဲ။
မြောက်ဘက်အရပ်မှာ မတ်တတ်ရပ်နေသော ပကတိအင်မော်တယ်က အရမ်းကိုငယ်ရွယ်ပြီး တစ်ချိန်လုံးမည်သည့်စကားကိုမှ ပြောဆိုခြင်းမရှိပေ။ သူက ဖုန့်စန်းထျန်ကို တိတ်တဆိတ်ဖြင့်သာပြုံး၍ကြည့်နေ၏။
ဤလူက ထက်ရှမှုမရှိဘဲ အစက်အပြောက်တစ်ခုကဲ့သို့ဖြစ်နေ၏။ ထိုသူက ပကတိအင်မော်တယ်လေးဦးကြားမှာ သာမန်အဆန်ဆုံးဖြစ်၏။
သို့သော်လည်း ဖုန့်စန်းထျန်၏ အကြည့်က ထိုလူအပေါ်သို့ တစ်ချိန်လုံးကျရောက်နေပြီး သူ၏ စိတ်အာရုံအများစုက ထိုလူပေါ်မှာရှိနေ၏။
ဖြောင်း.. ဖြောင်း... ဖြောင်း...
မင်းသားယွမ်ကျောက ဘေးကနေလက်ခုပ်တီး၍ ချီးကျူးလိုက်၏။
“ဖုန့်စန်းထျန်.... မင်းကသေရတော့မယ်ဆိုပေမယ့် မင်းရဲ့အကဲဖြတ်နိုင်စွမ်းက တကယ့်ကိုထက်မြတ်နေဆဲလို့ပြောရမယ်”
“ပကတိအင်မော်တယ်ဖေးယွင်က အင်ပါယာလေဘုရားကျောင်းက အသန်မာဆုံးအမွေခံတပည့်တွေထဲက တစ်ယောက်ပဲ”
ဆူဇီမိုက တုန်လှုပ်သွား၏။
အင်ပါယာလေဘုရားကျောင်းသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲမှတစ်ဂိုဏ်းဖြစ်၏။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသည် အင်မော်တယ်နိုင်ငံ သုံးနိုင်ငံနှင့် ရင်ဘောင်တန်းရပ်တည်နိုင်သောတည်ရှိမှုများဖြစ်၏။ မင်းသားယွမ်ကျောသည် အင်ပါယာလေဘုရားကျောင်းမှ အမွေခံတပည့်တစ်ယောက်ကိုပင် ဖိတ်ခေါ်ထားခဲ့လေသည်။
ပကတိအင်မော်တယ်ဖေးယွင်က မိုးကြိုးဧကရာဇ်ရှိရာဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြီး ပြုံးပြလိုက်၏။
“ကျုပ်ကဖေးယွင်ပါ... ဂျူနီယာတစ်ယောက်ပေါ့... ကျုပ်က ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းအကြောင်း အများကြီးကြားဖူးပါတယ် တာအိုရောင်းရင်း”
“မင်းတို့တွေက အကြောက်အလန့်မဲ့နေကြတာ မထူးဆန်းတော့ဘူးပဲ... လက်စသတ်တော့ မင်းတို့က မူလနတ္ထိပကတိအင်မော်တယ်တစ်ယောက်ကို ဖိတ်ခေါ်ထားတာကိုး”
မိုးကြိုးဧကရာဇ်က အေးစက်စွာပြောလိုက်၏။
ဆူဇီမိုသည် မူလနတ္ထိပကတိအင်မော်တယ်ကို အရင်ကတစ်ခါမှမကြားဖူးခဲ့ပေ။
သို့သော်လည်း မိုးကြိုးဧကရာဇ်ပြောပုံအရ မူလနတ္ထိပကတိအင်မော်တယ်က ပကတိအင်မော်တယ်များကြားမှာ အလွန်တရာသန်မာသော တည်ရှိမှုတစ်ခုဖြစ်ပုံရလေသည်။
ပကတိအင်မော်တယ်ဖေးယွင်က ခေါင်းညိတ်၍ ပြောလိုက်၏။
“တာအိုရောင်းရင်း.... ခင်ဗျားက ထက်မြက်သားပဲ... ဒီနေ့အခုလိုကြုံတွေ့ရတာက ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုဆိုတော့ ကျုပ်က ခင်ဗျားဆီကနေ အတွေ့အကြုံတချို့ယူပါရစေ”
“ဟီးဟီး..”
မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်၏။
“ဘာတွေလာပြီး ကြောင်သူတော်လုပ်နေတာလဲ... မင်းတို့တွေက ငါဒဏ်ရာအပြင်းအထန်ရရှိထားတဲ့အချိန်မှ ငါ့ကိုတိုက်ခိုက်ဖို့ကြိုးစားချင်ကြတာမလား... ငါ့ရဲ့ချီးကို အတွေ့အကြုံယူပါလား”
“ခွေးအိုကြီး သိပ်ပြီးမောက်မာမနေနဲ့”
ပကတိအင်မော်တယ်ဖေးယွင်၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီး အေးစက်စွာပြောလိုက်၏။
“ငါက မင်းကို တာအိုရောင်းရင်းလို့ခေါ်ပြီး မင်းဆီကနေ အတွေ့အကြုံယူချင်တယ်ဆိုတာက မင်းကိုမျက်နှာသာပေးနေတာပဲ... အခုဆိုရင် မင်းက ငါ့ဖိနပ်ကိုတောင်သယ်ဖို့မထိုက်တန်တဲ့ လေလွင့်ခွေးတစ်ကောင်ပဲ”
သူက ဘာပဲပြောပြော ငယ်ရွယ်သေးပြီး စိတ်ဆတ်ကာ အရှက်ခွဲခံရပြီးနောက် သူ၏ ဒေါသက နှိုးဆွခံလိုက်ရ၏။ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများကတော့ သူတို့၏ အမူအရာက အတော်လေးတည်ငြိမ်နေ၏။
သူတို့၏ ထင်မြင်ချက်အရ သူတို့သည် မိုးကြိုးဧကရာဇ်ကို ဖိနှိမ်နိုင်သည်နှင့်အမျှ သူတို့က မည်သည့်အရာကိုမဆိုပြုလုပ်နိုင်၏။
“ပါးစပ်ပိတ်ထားစမ်း... တိုက်စရာရှိတာတိုက်”
မိုးကြိုးဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး တိမ်စိုင်များကြားသို့ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်သွား၏။ သူ၏ လက်ဖဝါးက နတ်ဆိုးနှိမ်နှင်းလှံကိုပုတ်ပြီး ဓမ္မပညာရပ်တစ်ခုကို လှည့်ပတ်လိုက်၏။ သူ၏ လက်ဖဝါးကြားမှာ မိုးကြိုးလျှပ်စီးများက တလိပ်လိပ်ထိုးတက်လာပြီး ပေါက်ကွဲထွက်သွား၏။
ဘုန်း....
အလျှံညီးညီး နေတစ်စင်းထက်ပိုမိုတောက်ပနေသော နတ်ဆိုးနှိမ်နှင်းလှံကနေ ကျိန်းစပ်နေသောအလင်းရောင်တစ်ခုက ပေါက်ကွဲထွက်သွား၏။ အဲ့ဒါက တောင်ကြောရိုးတစ်ခုလုံးကိုဖြန့်ကြက်၍ လွှမ်းခြုံသွား၏။
မိုးကောင်းကင်ကိုးလွှာ လျှပ်တပြက်မိုးကြိုး...။
“အား... အား... အား...”
ဘေးပတ်ဝန်းကျင်ရှိ ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များသည် တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးများကို အလောတကြီး မှိတ်လိုက်ကြ၏။
မျက်လုံးမှိတ်ဖို့နောက်ကျသွားသော ကျင့်ကြံသူအချို့သည် မိုးကြိုးလျှပ်စီး တုန်ခါလှိုင်းကနေ သူတို့၏ မျက်လုံးများက စပ်ဖျင်းဖျင်းဖြစ်လာပြီး သွေးများပင်စီးထွက်လာ၏။
အဝေးမှာရှိနေသော ကျင့်ကြံသူများသည်လည်း အဆက်မပြတ်အော်ဟစ်လိုက်ကြ၏။
“အရှင်မင်းသား.. သတိထား”
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ ဖျတ်ခနဲဆို သူက မင်းသားယွမ်ကျော၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ မျက်လုံးကနေ အလင်းတန်းတစ်ခုပစ်လွင့်ထွက်ပေါ်ကာ သူ၏ ရှေ့မှာ တဖျတ်ဖျတ်တလက်လက် ကြေးမုံတစ်ချပ်ကို ဖြစ်ပေါ်လာစေ၏။
မိုးကြိုးလျှပ်စီးကြောင်းများက ကြေးမုံကိုထိခတ်သွားပြီး လျှပ်စီးလျှပ်ပန်းများက တဖျတ်ဖျတ်လက်သွား၏။
ကြေးမုံကလှုပ်ခါသွားသော်လည်း အဲ့ဒါကမိုးကြိုးလျှပ်စီးကို ခုခံပေးနိုင်ခဲ့၏။
အခြားသောပကတိအင်မော်တယ်ပညာရှင်လေးဦးသည် သူတို့၏ စက္ခုနည်းစနစ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ပြီး မိုးကြိုးဧကရာဇ်၏ လျှို့ဝှက်အတတ်ကိုခုခံလိုက်ကြ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် စက္ခုနည်းစနစ်များသည် ပစ်မှတ်တစ်ခုတည်းကိုသာ တိုက်ခိုက်နိုင်၏။
သို့သော်လည်း မိုးကြိုးဧကရာဇ်၏ လျှို့ဝှက်အတတ်က ဖြန့်ကြက်တိုက်ခိုက်ခြင်းဖြစ်ပြီး စက္ခုပိုင်းအားနည်းသောကျင့်ကြံသူများသည် အဲ့ဒါကိုလုံးဝခံနိုင်ရည်မရှိပေ။
ပကတိအင်မော်တယ်ပညာရှင်ငါးဦးက သူတို့၏ စက္ခုနည်းစနစ်များကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ဖော်ပြီး လျှပ်တပြက်မိုးကြိုး၏ လွှမ်းခြုံမှုအောက်ကနေလုံးဝမထိမခိုက်ရှိနေ၏။
မိုးကြိုးဧကရာဇ်ကတော့ သူသည် နတ်ဆိုးနှိမ်နှင်းလှံကို ကိုင်ဆွဲပြီး မိုးကြိုးလျှပ်စီးများ၏ ဖုံးကွယ်မှုအောက်ကနေ ပကတိအင်မော်တယ်ကျင်းယွဲ့ရှေ့သို့ ရောက်ရှိလာပြီဖြစ်ကာ သူ၏ လှံကို ရှေ့သို့ပစ်ထိုးလိုက်၏။
ဝှစ်..
လှံက အလွန်တရာမြန်ဆန်ပြီး အဝတ်စတစ်စကိုထိုးဖောက်လိုက်သည့်အလား လေဟာနယ်ထဲကနေ ဆုတ်ဖြဲလိုက်သောအသံထွက်ပေါ်လာ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က လှောင်ရယ်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်လိုက်၏။ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး သူ၏ လက်နှစ်ဖက်ကြားမှာ ရှေးဟောင်းကြေးမုံတစ်ချပ်ပေါ်ထွက်လာ၏။
ကြေးမုံက ဝင်းလက်တောက်ပနေပြီး ကြေးမုံ၏ နောက်ကျောဘက်ရှိ လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးသော ရှေးဟောင်းစာလုံးများက ပကတိအင်မော်တယ်ကျင်းယွဲ့၏ ထိန်းချုပ်မှုအောက်ကမှာ အလင်းရောင်ခြည်တန်းများနှင့်အတူ ရုတ်တရက်တောက်ပလာခဲ့၏။
ချွမ်း...
နတ်ဆိုးနှိမ်နှင်းလှံက ကြေးမုံနှင့်ထိခတ်ကာ ကျယ်လောင်သောမြည်သံတစ်သံထွက်ပေါ်လာ၏။
ကြေးမုံက လှုပ်ရှားသွားပြီး ရှေးဟောင်းကြေးမုံထဲကနေ လပြည့်ဝန်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာကာ မိုးကြိုးဧကရာဇ်ထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။