စကြာဝဠာဆိုင်းငံ့ခြင်း
Vol. 136 Ch. 2031
လပြည့်ဝန်း၏ အနားစောင်းက မနှိုင်းယှဉ်သာအောင် ထက်ရှပြီး အေးစက်နေသော စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ကာ မိုးကြိုးဧကရာဇ်၏ လည်ပင်းဆီသို့ ခုတ်ပိုင်းကျဆင်းလာ၏။
မိုးကြိုးဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏ နတ်ဆိုးနှိမ်နင်းလှံကို ရုတ်သိမ်းကာ ပိတ်ဆို့တားဆီးလိုက်၏။
ချွမ်း..
လပြည့်ဝန်းက ကြေမွသွားပြီး မိုးကြိုးဧကရာဇ်က ဆတ်ခနဲ တုန်ယင်ကာ နောက်သို့ ခြေလှမ်းဝက်ဆုတ်လိုက်ရ၏။
ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက သက်ပြင်းချလိုက်လေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများ ပြောသည်မှာ မှန်နေပုံရ၏။ မိုးကြိုးဧကရာဇ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားသည် လွန်ခဲ့သည့် တစ်နှစ်က သူ ပထမဆုံး ထွက်ပြေးလွတ်မြောက်ခဲ့စဉ်ကထက်ပင် နိမ့်ကျနေ၏။
ဆူဇီမိုသည် ပကတိမိုးကြိုးမြို့တော်မှ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်မှာ ကံကောင်းလေသည်။
မိုးကြိုးဧကရာဇ်သည် ထိုစဉ်တုန်းက ပြိုင်ဘက်ကင်းခဲ့၏။ သူ၏ လှံချက်တစ်ချက်နှင့် ပကတိအင်မော်တယ်ကျင်းယွဲ့၏ ရှေးဟောင်းကြေးမုံကို အက်ကွဲစေခဲ့၏။
သို့သော် ယခု မိုးကြိုးဧကရာဇ်သည် တူညီသော လှံချက်နှင့်ပင် ပကတိအင်မော်တယ်ကျင်းယွဲ့ကို တွန်းလှန်မထုတ်နိုင်ရုံသာမက ထိုသူက တန်ပြန်တိုက်ခိုက်ဖို့ပင် ခွန်အားရှိနေခဲ့၏။
လွန်ခဲ့သည့်တစ်နှစ်က မိုးကြိုးဧကရာဇ်၏ မိုးကြိုးမျက်လုံးများက ပကတိအင်မော်တယ်ပညာရှင်များကိုပင် သတ်ဖြတ်နိုင်ခဲ့၏။
သို့သော် ယခု သူ၏ မျက်လုံးများက အလျှံညီးညီး မိုးကြိုးအလင်းဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်က အတော်လေး အားနည်းသွားခဲ့ပြီဖြစ်၏။
မိုးကြိုးဧကရာဇ်နှင့် ပကတိအင်မော်တယ်ကျင်းယွဲ့ကြား အပြန်အလှန်တိုက်ခိုက်မှုအပြီး၌ အခြားသော ပကတိအင်မော်တယ် လေးဦးကလည်း ဝင်ရောက်တိုက်ခိုက်လာပြီဖြစ်၏။
မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က မိုးကြိုးဧကရာဇ်နှင့် ပေပေါင်းအတော်အတန် အကွာအဝေးမှာ ရှိနေပြီး သူ၏ လက်ထဲရှိ မြင်းမြီးကျာပွတ်ကို ဝှေ့ယမ်းကာ ထိုသူ့ထံသို့ ညင်သာစွာ လွှဲရိုက်လိုက်၏။
တစ်ချိန်တည်းမှာပင် မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က ဓမ္မပညာရပ်တချို့ကို ရွတ်ဆိုပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်လိုက်၏။ ရုတ်တရက်… သူ၏ ပါးစပ်ကို ဖွင့်ဟပြီး မြင်းမြီးကျာပွတ်ပေါ်သို့ ရောင်စုံအလင်းလုံးတစ်ခုကို ထွေးထုတ်လိုက်၏။
“စကြာဝဠာဆိုင်းငံ့ခြင်း”
မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က အော်ငေါက်လိုက်ပြီး သူ့မြင်းမြီးကျာပွတ်၏ အစပ်မှာ ရှိသော ချည်မျှင်များက ပေပေါင်းများစွာ ပြန့်ကားသွား၏။ သူတို့က ဝင်းလက်တောက်ပလာပြီး ရုတ်တရက် ဖြန့်ကြက်ကာ မိုးကြိုးဧကရာဇ်ပေါ်သို့ အုပ်မိုးကျဆင်းလာ၏။
အဲဒါသည် မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က အသိစိတ်ရှိ ဓမ္မရတနာတစ်ခုကို အသုံးပြုပြီး ဖန်တီးလိုက်သည့် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။
ချည်မျှင်တစ်ခုချင်းစီမှာ အာကာသချုပ်နှောင်ခြင်း နတ်ဘုရားစွမ်းအား ပါဝင်နေ၏။
အာကာသချုပ်နှောင်ခြင်းသည် အစကတည်းက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ချည်မျှင်ပေါင်းထောင်ချီက စုစည်းသွားပြီး တစ်ချိန်တည်းမှာပင် လေဟာနယ်ချုပ်နှောင်ခြင်းစွမ်းအားကို ထုတ်ဖော်လိုက်၏။ ညင်သာသော လွှဲရိုက်ချက်တစ်ချက်က သက်ရှိများအားလုံးကို အေးခဲတောင့်တင်းသွားစေဖို့ လုံလောက်နေသည်။
ဤပကတိအင်မော်တယ်က တိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူက အလွန်တရာ ပြောင်မြောက်သော နည်းလမ်းများကို ထုတ်ဖော်လိုက်၏။
မိုးကြိုးဧကရာဇ်ကို ကိုင်တွယ်ဖို့အတွက် မင်းသားယွမ်ကျော ဖိတ်ခေါ်ထားသည့် ပကတိအင်မော်တယ်များသည် ပကတိမိုးကြိုးမြို့တော်မှာတုန်းက တိုက်ခိုက်ခဲ့သော အိုမင်းနေသည့် ပကတိအင်မော်တယ်များနှင့် ကွဲပြားခြားနားလေသည်။ သူတို့အားလုံးက ပကတိအင်မော်တယ်များကြားမှာ ပညာရှင်များ ဖြစ်ကြ၏။
ဝှစ်.. ဝှစ်.. ဝှစ်..
ချည်မျှင်များက တစ်ခုပြီးတစ်ခု လွင့်မျောကျဆင်းလာ၏။ သူတို့က အားနည်းသည့်ပုံပေါ်သော်လည်း ချည်မျှင်တစ်ခုချင်းစီက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။
မိုးကြိုးဧကရာဇ်က နတ်ဆိုးနှိမ်နင်းလှံကို ဝှေ့ယမ်းလိုက်စဉ် သူက စစချင်း ချည်မျှင်များကို ဖြတ်တောက်ပစ်နိုင်ခဲ့၏။
သို့သော်လည်း ချည်မျှင်များက သိပ်သည်းများပြားပြီး ကောင်းကင်တစ်ခွင် အုပ်မိုးနေ၏။ သူတို့ကို ကုန်စင်အောင် မဖြတ်တောက်နိုင်တော့ပေ။
တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်က ချည်မျှင်များစွာဖြင့် တုပ်နှောင်ခြင်း ခံလိုက်ရ၏။
နတ်ဘုရားစွမ်းအားက ချည်မျှင်များပေါ်မှာ တလိပ်လိပ်ထိုးတက်လာပြီး တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်ပေါ်ကာ မိုးကြိုးဧကရာဇ်ကို နေရာမှာပင် ချုပ်နှောင်လိုက်၏။
“ဟားဟားဟား”
မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က ဟားတိုက်ရယ်မောပြီး သူ၏ မုတ်ဆိတ်မွေး သုံးပင်ကို သပ်ကာ အူမြူးအားရစွာ ပြောလိုက်၏။
“အန္တိမ ပကတိအင်မော်တယ်ဆိုတာ ဒါလောက်ပဲလား”
ဆူဇီမိုနှင့် ဖုန့်ကျစ်ရီက ပကတိအင်မော်တယ်များနှင့် အလှမ်းကွာဝေးလွန်းလေသည်။
သို့သော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ဘယ်လောက်ဖြစ်စေ.. တိုက်ပွဲတစ်ခုအပေါ် လူအများ အကဲဖြတ်နိုင်သည့်အချက်များ ရှိလေသည်။
မိုးကြိုးဧကရာဇ်သည် မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်၏ မြင်းမြီးကျာပွတ်ဖြင့် နေရာမှာပင် ချုပ်နှောင်ခံရပြီး လုံးဝ မလှုပ်ရှားနိုင်ဘူးဆိုလျှင် သူက စဉ်းတီတုံးပေါ် ရောက်ရှိသွားသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်တော့မည်ကို သူတို့က ပြောနိုင်ကြ၏။
ကျန်ရှိနေသော ပကတိအင်မော်တယ် သုံးယောက်ဖြစ်သည့် အနီရောင်ဆံပင်အမျိုးသမီး၊ ဗလတောင့်တောင့် အမျိုးသားနှင့် ပကတိအင်မော်တယ် ဖေးယွင်တို့က အစကတော့ တိုက်ခိုက်ဖို့ ဟန်ပြင်ထားကြ၏။
သို့သော်လည်း ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ရယ်မော၍ သူတို့၏ လှုပ်ရှားမှုများကို ရုတ်သိမ်းလိုက်၏။
ဗလတောင့်တောင့်အမျိုးသားက နှုတ်ခမ်းစူလိုက်၏။
“သူက ပကတိတစ်ဆယ်ငရဲကနေ ရုန်းထွက်နိုင်ခဲ့တယ်ဆိုတော့ သူ့ဆီမှာ လှည့်ကွက်တချို့ ရှိလိမ့်မယ်လို့ ငါထင်ထားတာ.. အခုတော့ သူက တစ်ယောက် တစ်ယောက်ချင်း ချုပ်နှောင်တာကို ခံရလောက်တဲ့အထိ အားနည်းလွန်းနေတာပဲ”
“တာအိုရောင်းရင်း.. ရှင့်ရဲ့ စကြာဝဠာဆိုင်းငံ့ခြင်းက တော်တော်မိုက်တာပဲ”
အနီရောင်ဆံပင်အမျိုးသမီးက ပြောလိုက်၏။
“ဖုန့်စန်းထျန်က အန္တိမအဆင့် ပကတိအင်မော်တယ်ဆိုပြီး ကျော်ကြားခဲ့တာ.. အခုတော့ သူက ရှင့်ရဲ့ ချည်မျှင်တွေကနေတောင် ရုန်းမထွက်နိုင်ပါလား”
“ဟားဟား”
မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က ဟားတိုက်ရယ်မောလိုက်၏။
“သူက ရုန်းထွက်ချင်တယ်ဆိုရင်တောင် သူ့ရဲ့ သွေးချီနဲ့ အစစ်အမှန်အမြုတေက ငါ့ရဲ့ချည်မျှင်တွေကြောင့် အေးခဲသွားပြီ.. သူက သန်မာတယ်ဆိုရင်တောင် အဲဒါကို အသုံးချနိုင်မှာ မဟုတ်တော့ဘူး”
စကြာဝဠာဆိုင်းငံ့ခြင်းသည် မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်ကိုသာ အေးခဲသွားစေခြင်း မဟုတ်ပေ။
သူ၏ မျိုးဆက်သွေး၊ အစစ်အမှန်အမြုတေ၊ စိတ်ဝိညာဉ်အသိစိတ်နှင့် သူနှင့် ပတ်သက်သော အခြားအရာရာတိုင်းက ထိုချည်မျှင်များဖြင့် ကန့်သတ်ချုပ်နှောင်ခြင်း ခံထားရ၏။
“ဟမ်”
မိုးကြိုးဧကရာဇ်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။ သွေးစက်တစ်စက်ချင်းစီမှာ အလွန်တရာ ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအား ပါဝင်နေပြီး ဘေးပတ်လည်မှာ ရှိသော ချည်မျှင်များပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
“ပျက်စမ်း”
မိုးကြိုးဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီက ဆူနာမီအသံနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။
နတ်ဆိုးနှိမ်နင်းလှံက အရင်ဆုံး လွတ်မြောက်လာခဲ့ပြီး သူ့ရှေ့မှာ ရှိသော ချည်မျှင်များ အားလုံးကို ဖြတ်တောက်ပစ်လိုက်၏။
ထို့နောက် မိုးကြိုးဧကရာဇ်က လှုပ်ရှားရုန်းကန်လိုက်၏။
ဖန်း.. ဖန်း.. ဖန်း..
လေးကြိုးများ ပြတ်တောက်သွားသကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချည်မျှင်များသည် အပိုင်းပိုင်း အတစ်တစ် ကြေမွသွားပြီး လေထဲမှာ ပြန့်ကျဲသွား၏။
မြင်းမြီးကျာပွတ်ကို ကိုင်စွဲထားသော မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်က ယိမ်းထိုးသွား၏။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့၍ သူ၏ အကြည့်က မကျေမချမ်းမှုများဖြင့် ပြည့်နှက်လာ၏။
“ဖုန့်စန်းထျန်.. မင်းမှာ အမြုတေသွေးချီ ဘယ်လောက်ကျန်ဦးမလဲ ကြည့်ရသေးတာပေါ့”
မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်သည် သူ့ရှေ့မှာ ရှိသော မုတ်ဆိတ်သုံးပင်ကို ဝေ့ယမ်းလိုက်၏။
မုတ်ဆိတ်သုံးပင်က မိုးကြိုးဧကရာဇ်၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာကာ သူ့ကို တူညီသော ပုံစံဖြင့် ချုပ်နှောင်ချင်လေသည်။
“ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်”
မိုးကြိုးဧကရာဇ်၏ အကြည့်က လျှပ်စီးကဲ့သို့ တောက်ပနေပြီး မာန်သွင်းအော်ဟစ်ကာ သူ၏ အန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။ နောက်ထပ် ဦးခေါင်းနှစ်လုံးနှင့် လက်လေးဖက်က ပေါ်ထွက်လာပြီး သူ၏ ခွန်အားက ဆပွားတိုးလာခဲ့၏။
မီးခိုးရောင်ဝတ် ပကတိအင်မော်တယ်၏ မုတ်ဆိတ်က ရစ်ပတ်မည် ရှိစဉ်မှာပင် မိုးကြိုးဧကရာဇ်၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ဖြတ်တောက်ခြင်း ခံလိုက်ရ၏။
“ဟီးဟီး”
ဗလတောင့်တောင့် အမျိုးသားက ထူးဆန်းစွာ ရယ်မောလိုက်၏။
“ရောင်းရင်း.. ခင်ဗျားရဲ့ နည်းလမ်းတွေက သက်ရောက်မှု သိပ်မရှိတော့ဘူး.. ကျုပ်တို့ အလှည့်ပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် ဗလတောင့်တောင့်လူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မိုးကြိုးဧကရာဇ်၏ အရှေ့သို့ ရောက်ရှိလာ၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ နောက်ဘက်မှာ လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။ အဲဒါက လောကကို ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေ၏။
မျိုးဆက်သွေးနယ်မြေ…
ဗလတောင့်တောင့်လူက တိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူ၏ခွန်အား အပြည့်အဝကို ထုတ်ဖော်လိုက်၏။
သူက သူ၏ လက်နှစ်ဖက်ထဲရှိ ကြေးလက်ရိုက်တုတ်များကို ကိုင်မြှောက်ကာ မိုးကြိုးဧကရာဇ်ကို ပစ်ရိုက်ချလိုက်၏။
လက်ရိုက်တုတ်များပေါ်မှာ လောင်ကျွမ်းရာ တာအိုအမှတ်အသား ရှစ်ခုက တောက်ပနေ၏။ အဲဒါသည် မိုးကြိုးဧကရာဇ်၏ လက်ထဲရှိ ကပ်ဘေးကိုးခု သန့်စင်ယန် နတ်ဆိုးနှိမ်နင်းလှံထက် တစ်ဆင့်သာ နိမ့်ကျသော ကပ်ဘေးရှစ်ခု စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် အနီရောင်ဆံပင် အမျိုးသမီးက ပေါ့ပါးစွာ လျှောက်လှမ်းပြီး သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝှေ့ယမ်းကာ အနီရောင် ဖဲကြိုးတစ်ချောင်းကို လွင့်မျောထွက်ပေါ်လာစေ၏။
ဖဲကြိုး၏ ထိပ်ဖျားမှာ ကြေးခေါင်းလောင်းတွဲတစ်တွဲ ရှိနေပြီး အဲဒါက မိုးကြိုးဧကရာဇ်ထံသို့ ပစ်ဝင်သွား၏။
ကြေးခေါင်းလောင်းများက ဆင်းသက်မလာခင်မှာပင် ချောက်ချားစရာကောင်းသော အသံတစ်ခုက အလွန်တရာ ထူးခြားစွာဖြင့် ထွက်ပေါ်လာ၏။
မိုးကြိုးဧကရာဇ်က နတ်ဆိုးနှိမ်နင်းလှံကို ကိုင်စွဲပြီး ဗလတောင့်တောင့်အမျိုးသားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ရှိစဉ်မှာပင် သူက ခေါင်းလောင်းသံကို ကြားလိုက်ရ၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက ကစဉ့်ကလျားဖြစ်လာပြီး သူ၏ နှလုံးခုန်သံက နှေးလိုက် မြန်လိုက်ဖြင့် ကသောင်းကနင်း ဖြစ်လာခဲ့၏။
ဘုန်း..
ထိုစဉ်မှာပင် ကြေးလက်ရိုက်တုတ်နှင့် နတ်ဆိုးနှိမ်နင်းလှံက ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက စင်ထွက်လာ၏။
မိုးကြိုးဧကရာဇ်က ဆတ်ခနဲ တုန်ယင်သွားပြီး သွေးများကို ထွေးထုတ်ကာ နောက်သို့ လွင့်စင်ထွက်သွား၏။
အနီရောင်ဆံပင် အမျိုးသမီး၏ ကြေးခေါင်းလောင်းများက မရပ်မနား လိုက်ပါလာပြီး အနီရောင်ဖဲကြိုးက အဆက်မပြတ် ဆန့်တန်းထွက်သွား၏။ ကြေးခေါင်းလောင်းများက မိုးကြိုးဧကရာဇ် နောက်သို့ အရိပ်တစ်ခုပမာ လိုက်ပါလာပြီး သူ၏ နှာရောင်ဆီသို့ ပစ်ဝင်သွား၏။
မိုးကြိုးဧကရာဇ်က ဒဏ်ရာရရှိထားပြီး သွေးများကို အန်ထုတ်နေရသော်လည်း သူ၏ မျက်လုံးများက အလွန်တရာ တည်ငြိမ်နေဆဲဖြစ်၏။ သူ၏ လက်ထဲရှိ နတ်ဆိုးနှိမ်နင်းလှံက လေထဲမှာ စက်ဝိုင်းခြမ်းတစ်ခုကို ရေးဆွဲပြီး အနီရောင်ဆံပင် အမျိုးသမီး၏ ကြေးခေါင်းလောင်းများကို ဘေးဘက်သို့ ညင်သာစွာ ခတ်ချလိုက်၏။
မိုးကြိုးဧကရာဇ်၏ လှံနည်းစနစ် အများစုက ကြမ်းကြုတ်ခက်ထန်ပြီး တည့်တိုးဆန်လေသည်။ သူတို့က တိုက်ရိုက်ကျ၍ တိုက်ခိုက်မှု အတိုင်းအတာ ကျယ်ပြန့်လေသည်။
သို့သော်လည်း ဤလှုပ်ရှားမှုက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး နူညံ့သိမ်မွေ့မှု၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်ထား၏။
အနီရောင်ဆံပင် အမျိုးသမီးသည် သူမ၏ ကြေးခေါင်းလောင်းများက လေနှင့်သာ ထိခတ်သွားပြီး မည်သည့်ခွန်အားကိုမှ လုံးဝ ထုတ်ဖော်၍ မရတော့ဟု ခံစားလိုက်ရ၏။
သူမသည် သူမ၏ စွမ်းအားကိုပင် မလှည့်ပတ်နိုင်တော့ပေ။
“အဲဒါကို ငါ အဆုံးသတ်ပေးမယ်”
ပကတိအင်မော်တယ် ဖေးယွင်က ညင်သာစွာ ပြုံး၍ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်၏။