ညသင်္ချိုင်း
Vol. 136 Ch. 2033
တိုက်ပွဲနယ်မြေက လျင်မြန်စွာပြောင်းလဲသွား၏။
ပကတိအင်မော်တယ်ပညာရှင် ငါးယောက်ထဲမှနှစ်ယောက်သည် တစ်ခဏချင်းမှာပင် ဆက်တိုက်သေဆုံးသွားလိမ့်မည်ဟု မည်သူကမှထင်မှတ်မထားခဲ့ကြပေ။
ဤအပြောင်းအလဲသည် မင်းသားယွမ်ကျောဘက်မှ အဖွဲ့ကိုသာမက ဆူဇီမိုကိုပင်လျှင် နေရာမှာတင် မှင်တက်သွားစေ၏။
အစကတော့... သူကသေချာပေါက် သေရတော့မည်ဟုတွေးထင်ထား၏။ သို့သော်လည်း အခြေအနေက ဤကဲ့သို့သောပုံစံဖြင့်ပြောင်းလဲလာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
“မင်းရဲ့အစစ်အမှန်ပုံစံကိုပြစမ်း”
ပကတိအင်မော်တယ်ကျင်းယွဲ့က သူ့လက်ထဲရှိရှေးဟောင်းကြေးမုံကို လှည့်ပြီး ကြေးမုံကနေ အလင်းတန်းတစ်ခုကို ထိုးဆင်းလာစေ၏။ ထိုအလင်းတန်းက မီးခိုးရောင်ဝတ်ပကတိအင်မော်တယ်၏ နောက်ဘက်သို့ ထိုးဆင်းသွားပြီး ထိုသူ့ကိုပင် လွှမ်းခြုံသွားလေသည်။
မီးခိုးရောင်ဝတ်ပကတိအင်မော်တယ် သေဆုံးသွားသည့်ခဏမှာပင် သွေးရောင်ကြေးမုံအလင်းတန်းက ဆင်းသက်လာခဲ့၏။
မိးခိုးရောင်ဝတ်ပကတိအင်မော်တယ်ခန္ဓာကိုယ်က လျင်မြန်စွာဆွေးရိသွားပြီး သွေးရည်အိုင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
သူ၏ နောက်ဘက်ကို ရှေးဟောင်းကြေးမုံ၏ သွေးအလင်းရောင်က လွှမ်းခြုံသွားပြီး လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို ပေါ်ထွက်လာစေ၏။ အဲ့ဒါက ညှိုးခြောက်နေသော ဆံပင်များနှင့် ပိန်ပိန်ပါးပါး အဖိုအိုတစ်ယောက်ဖြစ်၏။ သူ၏ မျက်နှာက ပါးရေနားရေများတွန့်နေပြီး သူနှင့်ပတ်သက်ပြီး ထူးခြားမှုတစ်စုံတစ်ရာဘာမှမရှိပေ။ သို့သော်လည်း စောစောက ပကတိအင်မော်တယ်ပညာရှင်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်က ဤပိန်ပိန်ပါးပါးအဖိုအိုဖြစ်သည်မှာ အတိအကျပင်။
ထူးဆန်းသောအရာမှာ ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်သည့်အချိန်မှာပင် အဖိုးအို၏ ပုံပန်းသဏ္ဌာန်ကို လုံးဝမေ့ပျောက်သွားလေသည်။
သူက မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး တစ်ဖန်ပြန်ကြည့်မည်ဆိုလျှင်တောင် တစ်ဘက်သို့လှည့်လိုက်သည်နှင့် သူကအဖိုးအို၏ ရုပ်ရည်သွင်ပြင်ကို မေ့ပျောက်သွားပေလိမ့်မည်။
ပိန်ပိန်ပါးပါးအဖိုးအို၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ အမြဲတမ်းဝေဝါး၍ စွဲထင်ဖို့ခက်ခဲနေ၏။
“အဲ့ဒါက ဘယ်လိုနည်းစနစ်မျိုးပါလိမ့်”
ဆူဇီမိုက တုန်လှုပ်သွား၏။
“ဆရာ...”
ထိုစဥ်မှာပင် ဖုန့်ကျစ်ရီက ထိုသူကိုတွေ့မြင်သောအခါ ဝမ်းသာအားရအော်ခေါ်လိုက်၏။
“ဖုန့်ကျစ်ရီရဲ့ဆရာဆိုတော့...”
ဖုန့်ကျစ်ရီ၏ ဆရာသည် အကြွင်းကျန်ည၏ တည်ထောင်သူများထဲမှတစ်ယောက်ဖြစ်သည်ကို ဆူဇီမိုသည် ဖုန့်ကျစ်ရီထံမှာကြားဖူးထားခဲ့၏။
အကြွင်းအကျန်ညမှာ ‘အကြွင်းအကျန်’ဟူသော စာလုံးသည် ဖုန့်စန်းထျန်ထံမှ လာခြင်းဖြစ်ပြီး ‘ည’ ဟူသောစာလုံးက သူ့ဆရာထံမှလာခြင်းဖြစ်၏။
အကြွင်းကျန်ညမှာ ပိန်ပိန်ပါးပါးအဖိုးအို၏ အဆင့်အတန်းက သိသာထင်ရှားနေ၏။
ဤအဖိုးအိုသည် ပကတိအင်မော်တယ်နှစ်ယောက်ကို လျှပ်တပြက်သတ်ဖြတ်နိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဖုန့်ကျစ်ရီ၏ လုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်များကို သူမအား ဤအဖိုးအိုက သင်ကြားပေးထား၏။ သူ၏ လုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်များက ဘယ်လောက်တောင်သန်မာနေလိုက်မလဲ။
အဲ့ဒါက တကယ့်ကို ထူးခြားအံ့မခန်းဖြစ်သည်ဟုဆိုလျှင် လွန်ရာကျမည်မဟုတ်ပေ။
“ပကတိအင်မော်တယ် ညသင်္ချိုင်း”
ပကတိအင်မော်တယ်ကျင်းယွဲ့က ပိန်ပိန်ပါးပါးအဖိုးအိုကို ကြည့်ပြီးလှောင်ရယ်လိုက်၏။
“မင်းအခုထိမသေသေးဘူးလား”
“အကြွင်းကျန်ညရဲ့ခေါင်းဆောင်လား”
ဗလတောင့်တောင့်အမျိုးသားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဟားဟားဟားဟား...”
ရုတ်တရက် မိုးကြိုးဧကရာဇ်က သူ၏ ခေါင်းကိုမော့၍ ရယ်မောလိုက်ပြီး စိတ်အားမာန်တက်ကြွလာ၏။
“မိတ်ဆွေဟောင်းကြီး.... မင်းရောက်လာပြီပဲ”
ပိန်ပိန်ပါးပါးအဖိုးအိုက မိုးကြိုးဧကရာဇ်ကိုဘေးတိုက်တစ်ချက်ကြည့်ပြီး သူ၏ ရင်ထဲရှိစိတ်လှုပ်ရှားမှုကို ဖိနှိမ်ထား၏။ သူ၏ မျက်လုံးများက အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး သူကခေါင်းသာညိတ်ပြလိုက်၏။
ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ ဘေးမှာရှိနေ၏။
သို့သော်လည်း ထိုလူကိုတွေ့မြင်ပြီးနောက် မိုးကြိုးဧကရာဇ်၏ ရင်ထဲရှိ စိတ်လှုပ်ရှားတက်ကြွမှုနှင့် သူ၏ သွေးများက ဆူပွက်လာနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိလိုက်၏။
“ညသင်္ချိုင်း... မင်းကိုငါလူငယ်တစ်ယောက်နဲ့မိတ်ဆက်ပေးမယ်”
မိုးကြိုးဧကရာဇ်က ရှေ့မှာရှိသောဆူဇီမိုကို လက်ညှိုးထိုးပြီးပြောလိုက်၏။
“သူ့ရဲ့နာမည်က ဆူဇီမို... ပကတိတစ်ဆယ်ငရဲမှာတုန်းက ငါထွက်ပြေးလွတ်မြောက်အောင် အန္တရာယ်ကိုတစ်ယောက်တည်းစွန့်စားပြီး ပကတိတစ်ဆယ်ဝင်္ကပါကို ရှင်းလင်းပေးခဲ့တာသူပဲ”
“စောစောတုန်းက သူကသေဖို့အတွက်စိတ်ပိုင်းဖြတ်ပြီး ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းတစ်ပိုင်းကို ငါ့ကိုလာပေးခဲ့တယ်... ငါ့ရဲ့ဘဝမှာ ဒီလိုမျိုးဖြောင့်မတ်မှန်ကန်တဲ့ ညီကိုတစ်ယောက်နဲ့ တွေ့ဆုံရတာ တကယ့်ကိုဝမ်းမြောက်စရာပဲ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
တစ်နည်းအားဖြင့်ဆိုလျှင် မိုးကြိုးဧကရာဇ်သည် သူ့ကို တန်းတူရည်တူထား၍ ပြောဆိုဆက်ဆံလိုက်ခြင်းဖြစ်၏။
မိုးကြိုးဧကရာဇ်၏ ကျင့်ကြံမှုနယ်ပယ်၊ အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းတို့က ဘယ်လောက်တောင်ကြီးမားလိုက်သလဲ။
ဆူဇီမိုက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေသည့်အချက်ကိုအသာထား... ပကတိအင်မော်တယ်ပညာရှင်ဘယ်လောက်များများက မိုးကြိုးဧကရာဇ်၏ စိတ်အာရုံကိုရရှိဖို့ ထိုက်တန်နိုင်ပါ့မလဲ။
သို့သော်ယခု... မိုးကြိုးဧကရာဇ်သည် ဆူဇီမိုကိုလုံးဝအထင်မသေးဘဲ သူ့ကို သူတို့နှင့်အတူ ရင်ဘောင်တန်းရပ်တည်နိုင်သည့် လူတစ်ယောက်အဖြစ် ရှုမြင်ထားလေသည်။
ပကတိအင်မော်တယ် ညသင်္ချိုင်းက ဆူဇီမိုကိုကြည့်ပြီး သူကလည်း အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
“တကယ့်ယောင်္ကျားပဲ”
ဖုန့်ကျစ်ရီက ထိုသည်ကိုတွေ့မြင်သောအခါ အနည်းငယ်မှင်တက်သွား၏။
သူမသည် သူမဆရာ၏ စိတ်နေစရိုက်ကို ကောင်းကောင်းသိလေသည်။
သူမဆရာသည် ပထမဆုံးတွေ့ဆုံရသည့် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို မပြောနှင့် အခြားမည်သူ့ကိုမှ ဤကဲ့သို့သောပုံစံဖြင့် မချီးကျူးခဲ့ပေ။
သူမ၏ ပါရမီအရည်အချင်းနှင့် အလားအလာနှင့်ပင်လျှင် သူမသည် ပြီးခဲ့သည့်နှစ်များအားလုံးအတွင်း သူမဆရာထံမှ ချီးကျူးစကားတစ်စုံတစ်ရာကိုရရှိခဲလေသည်။
မိုးကြိုးဧကရာဇ်က ဆူဇီမို၏ ပခုံးကိုပုတ်ပြီး ပြုံးပြလိုက်၏။
“မင်းက... ဒီအဖိုးကြီးကို တစ်ခါမှမတွေ့မြင်ဖူးပေမယ့် သူ့အကြောင်းကိုတော့ကြားဖူးမှာပါ”
“သူက... ထျန်ဟွမ်ကုန်းမြေတိုက်မှာ လျှို့ဝှက်မရဏဂိုဏ်းကို တည်ထောင်ခဲ့တဲ့သူပဲ... အဲ့ဒီဂိုဏ်းက ရှိနေသေးလား ငါသိချင်မိတယ်”
“အာ...”
ဆူဇီမိုက အံ့အားသင့်သွား၏။
ဤပကတိအင်မော်တယ် ညသင်္ချိုင်းသည်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှလာခြင်းဖြစ်ပြီး ထိုသူက လျှို့ဝှက်မရဏဂိုဏ်း၏ ဘိုးဘေးဖြစ်နေ၏။
မင်းသားယွမ်ကျော၏ အမူအရာက သုန်မှုန်လာပြီး အေးစက်စွာပြောလိုက်၏။
“ခွေးအိုကြီးညသင်္ချိုင်း... မင်းရောက်လာတာ အချိန်မှန်ပဲ... ငါက မင်းကိုသတ်နိုင်မယ်ဆိုရင် မင်းနောက်ခံပေးထားတဲ့ အကြွင်းကျန်ညကလည်း လေထဲမှာပျောက်ကွယ်သွားလိမ့်မယ်”
“ညသင်္ချိုင်းကို ငါ့အတွက်ထားလိုက်... မင်းတို့တွေက ဖုန့်စန်းထျန်ကို ကိုင်တွယ်လိုက်”
ပကတိအင်မော်တယ်ဖေးယွင်က အေးစက်စွာပြောလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်လေသည်။
“ညသင်္ချိုင်းကလည်း မူလနတ္ထိပကတိအင်မော်တယ်တစ်ယောက်ပဲ... သတိထား”
“ဟမ့်...”
ပကတိအင်မော်တယ်ဖေးယွင်က သရော်ပြုံးပြုံး၍ လှောင်ရယ်လိုက်၏။
“သူက သေခါနီးဆဲဆဲ ခွေးအိုတစ်ကောင်ပဲ... သူက မူလနတ္ထိအဆင့်ကိုရောက်အောင် ကျင့်ကြံထားတယ်ဆိုရင်တောင် သူ့ကိုဘာမှကြောက်နေစရာမလိုဘူး”
ပကတိအင်မော်တယ်ညသင်္ချိုင်းသည် တကယ်ပင် ဘဝနေဝင်ချိန်သို့ရောက်ရှိနေပြီး သူ့မှာ ရှင်သန်ဖို့အတွက် ဘဝသက်တမ်းများစွာမကျန်ရှိတော့သည်ကို ဆူဇီမိုပင် ပြောနိုင်လေသည်။
သူတို့၏ နှောင်းပိုင်းအရွယ်မှာ ထိုသူများ၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဥ်များက အားနည်းနေပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာလျော့ကျနေတတ်၏။
ဒါ့အပြင် ပကတိအင်မော်တယ်ညသင်္ချိုင်းသည် လုပ်ကြံသတ်ဖြတ်ရာမှာ အထူးပြုပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မဟုတ်ပေ။
ယခု... သူ၏ လမ်းကြောင်းက ပေါက်ကြားသွားပြီး သူက အရွယ်ကောင်းမှာရှိနေသော ပကတိအင်မော်တယ်ဖေးယွင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် အသာစီးရရှိဖို့အခွင့်အရေး တကယ်ပင်မရှိပေ။
ထိုအခိုက်အတန့်မှာ မိုးကြိုးဧကရာဇ်က ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို သန့်စင်နေရဆဲဖြစ်၏။
မိုးကြိုးဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိထား၏။ ပကတိအင်မော်တယ်ကျင်းယွဲ့၏ ထင်မြင်ချက်အရ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းနှင့်ပင်လျှင် မိုးကြိုးဧကရာဇ်အနေဖြင့် သက်သာကောင်းမွန်ဖို့ နေ့တစ်ဝက်လောက်အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း ပကတိအင်မော်တယ်ဖေးယွင်နှင့် အခြားသူများက သူ့ကို ထိုအခွင့်အရေးပေးတော့မည်မဟုတ်ပေ။
ပကတိအင်မော်တယ်ညသင်္ချိုင်းက မိုးကြိုးဧကရာဇ်နှင့် ဆူဇီမိုရှေ့သို့ ဖျတ်ခနဲရောက်ရှိလာ၏။
သူ၏ ရည်ရွယ်ချက်က ရှင်းလင်းလေသည်။ သူသည် မိုးကြိုးဧကရာဇ်အတွက် တတ်နိုင်သမျှ အချိန်ဲဆွဲပေးထားချင်၏။
“ဘာလို့လဲ”
ပကတိအင်မော်တယ်ဖေးယွင်က လှောင်ရယ်လိုက်၏။
“မင်းလိုမျိုး ခွေးအိုတစ်ကောင်က ငါတို့သုံးယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မယ်လို့ ထင်လို့လား”
ပကတိအင်မော်တယ်ညသင်္ချိုင်းက အသံတိတ်နေပြီး သူ၏ လက်ဖဝါးနှစ်ဖက်ထဲမှာ ဓားမြှောင်နှစ်လက်က ပေါ်ထွက်လာ၏။
“သတ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က အော်ငေါက်လိုက်၏။ ပကတိအင်မော်တယ်သုံးယောက်သည် တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ ရှေးဟောင်းကြေးမုံက လေထဲသို့ပျံတက်သွားပြီး အောက်ဘက်သို့မျက်နှာလှည့်ကာ ရစ်ဝဲနေ၏။
ဖောက်...
ပကတိအင်မော်တယ်ကျင်းယွဲ့သည် သူ၏ လျှာကို ညင်သာစွာကိုက်ပြီး ရှေးဟောင်းကြေးမုံပေါ်သို့ အမြုတေသွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။
ကြေးမုံက တလက်လက်တောက်ပလာပြီး သွေးရောင်လပြည့်ဝန်းတစ်ခုကိုဖြစ်ပေါ်စေကာ ပကတိအင်မော်တယ် ညသင်္ချိုင်းထံသို့ ခုတ်ပိုင်းကျဆင်းသွား၏။
ဝှစ်...
ဗလတောင့်တောင့်အမျိုးသားက သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ နောက်ဘက်မှာ သူ၏ မျိုးဆက်သွေးနယ်မြေကိုစုဖွဲ့လိုက်၏။ သူ၏ ကြေးလက်ရိုက်တုတ်နှစ်ချောင်းကို ကိုင်ဆွဲပြီး ပကတိအင်မော်တယ် ညသင်္ချိုင်းရှေ့သို့ ရောက်ရှိလာကာ လက်ရိုက်တုတ်များကို လွှဲယမ်းလိုက်၏။ အဲ့ဒီမှာ လေခွင်းသံက အော်မြည်ကာထွက်ပေါ်လာလေသည်။
ရွှစ်.... ရွှစ်.... ရွှစ်....
ပကတိအင်မော်တယ်ဖေးယွင်ကလည်း ဤတစ်ခေါက်မှာ လုံးဝထိန်ချန်မထားပေ။ သူ၏ ကျယ်ပြန့်သော ဝတ်ရုံစကို တဖျတ်ဖျတ်လှုပ်ရှားပြီး အလွန်များပြားသည့် အေးစက်စက်အလင်းတန်းများကို သိပ်သည်းများပြားစွာ ထွက်ပေါ်လာစေ၏။
အေးစက်စက်အလင်းတစ်ခုချင်းစီက ဆေဘာပျံတစ်လက်ဖြစ်၏။
ပကတိအင်မော်တယ်ဖေးယွင်မှာ ဆေဘာပျံ ၁၀၈၀၀ ရှိလေသည်။ သူတို့တစ်လက်ချင်းစီက သူ၏ မူပိုင်ဓမ္မရတနာများဖြစ်ပြီး သူတို့ကို သန့်စင်ဖို့အတွက် အလွန်တရာကြိုးစားအားထုတ်ခဲ့ရ၏။
ဆေဘာပျံတစ်လက်ချင်းစီသည် အသိစိတ်ရှိဓမ္မရတနာတစ်ခုဖြစ်၏။ သူတို့၏ အဆင့်က မြင့်မားခြင်းမရှိဘဲ သူတို့သည် အဆင့်-၆ စိတ်ဝိညာဥ်ရတနာများသာဖြစ်၏။
သို့သော်လည်း ဆေဘာပျံ ၁၀၈၀၀ကို ပေါင်းစည်းထားခြင်းက အမျိုးမျိုးသောအစီအရင်ဝင်္ကပါများကို ဖန်တီးနိုင်ပြီး သူတို့၏ စွမ်းအားကလည်း ဆပွားတိုးလာပေလိမ့်မည်။ အဲ့ဒါက အလွန်တရာကြောက်စရာကောင်းလေသည်။
ဆေဘာပျံများက လေထဲကနေ ပျံသန်းလာပြီး လျှို့ဝှက်ဆန်းကြယ်သောပုံစံဖြင့် အတူတကွချိတ်ဆက်ကာ ဆေဘာဝင်္ကပါတစ်ခုကိုဖြစ်ပေါ်လာစေ၏။
ဆေဘာချီက အတွင်းမှာ တရုန်းရုန်းထကြွနေပြီး အဲ့ဒါသည် အရာရာတိုင်းကို သတ်ဖြတ်နိုင်သည့်အလား သတ္တုချင်းထိခတ်သံက စူးရှစွာဖြင့် ထွက်ပေါ်နေ၏။