ပကတိအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခြင်း
Vol. 136 Ch. 2037
ပကတိအင်မော်တယ်ဖေးယွင်သည် မိုးကြိုးဧကရာဇ်ကို မျက်ထောင့်နီဖြင့် တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်၏။
သူသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော အင်ပါယာလေဘုရားကျောင်းမှ အမွေခံတပည့်တစ်ယောက်ဖြစ်၏။ ဒါ့အပြင် အမွေခံတပည့်များကြားမှာ ပြိုင်စံရှားတစ်ဦးဖြစ်ပြီး ဂမ္ဘီရမိုးကောင်းကင်မဟာနယ်မြေမှာ အင်မတန် ကျော်ကြားခဲ့၏။
သူသည် ဤကဲ့သို့သော ရှုံးနိမ့်မှုကို သည်းခံနိုင်စရာ အကြောင်းမရှိပေ။
သူ၏ ပါရမီအရည်အချင်း၊ တိုက်ခိုက်ရည်ခွန်အားနှင့်အတူ သူက တာအိုသစ်သီး ကြေမွထားပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသည့် လူတစ်ယောက်ကို ရှုံးနိမ့်ရလိမ့်မည်ဟု လက်မခံနိုင်ပေ။
“ဓားသွားမုန်တိုင်း”
ပကတိအင်မော်တယ်ဖေးယွင်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို မဆင်မခြင် လှည့်ပတ်ပြီး အင်ပါယာလေဘုရားကျောင်း၏ သတ်ဖြတ်ခြင်း လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
အစစ်အမှန်အမြုတေကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီး ထိုလျှို့ဝှက်အတတ်သည် အဆုံးမဲ့ ထက်ရှသော ဓားသွားများအဖြစ် စုဖွဲ့ပြီး အဆက်မပြတ် လည်ပတ်ကာ စုစည်းသွား၏။ နောက်ဆုံးမှာတော့ သူတို့သည် သက်ရှိများ အားလုံးကို ဆုတ်ဖြဲပစ်နိုင်သည့် ကမ္ဘာဖျက်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
အစစ်အမှန်အမြုတေက ပိုမိုကြွယ်ဝလေ.. ထက်ရှသော ဓားသွားများက ပို၍ သိပ်သည်းကျစ်လျစ်လေဖြစ်ပြီး ထိုလျှို့ဝှက်အတတ်ကလည်း ပိုမိုသန်မာလေဖြစ်၏။
ယခု ပကတိအင်မော်တယ်ဖေးယွင်၏ ထိန်းချုပ်မှုအောက်မှာ မြေပြင်ပေါ်မှာ ပြန့်ကျဲနေသည့် ဆေဘာပျံ အကျိုးအပဲ့များစွာသည် အေးစက်စက် အလင်းတန်းများအသွင်ပြောင်းလဲပြီး မုန်တိုင်းထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
ဓားသွားမုန်တိုင်းက ပို၍ပင် ကြောက်စရာကောင်းလာပြီး မိုးကြိုးဧကရာဇ်ထံသို့ ဝါးမျိုဖို့အတွက် ဝင်ရောက်လာ၏။
မိုးကြိုးဧကရာဇ်က သူ၏ လက်ထဲရှိ စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကို ဓားသွားမုန်တိုင်းထံသို့ လွှဲရိုက်လိုက်၏။
ဖြောင်း…
စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်က အဲဒါနှင့် ထိတွေ့ရိုက်ခတ်ပြီး နေရာမှာပင် ကြေမွပျက်စီးသွား၏။
မလှမ်းမကမ်းမှာ ပကတိအင်မော်တယ်ဖေးယွင်က အနည်းငယ် ယိမ်းထိုးသွားပြီး သူ၏ မျက်လုံးများက မှေးမှိန်သွား၏။ ရုတ်တရက် သူ၏ အော်ရာက အလွန်တရာ အားနည်းသွားလေသည်။
စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်၏ စွမ်းအားက သူ၏ အမြုတေစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက်ဆင်းသက်နိုင်လေသည်။ သို့သော်လည်း သူက အဲဒါကို နောက်ဆုံးမှာ တောင့်ခံနိုင်ခဲ့၏။
သူ့အမြုတေစိတ်ဝိညာဉ်က ထိခိုက်သွားသောကြောင့် ဓားသွားမုန်တိုင်းကလည်း ခဏမျှ ရပ်တန့်သွား၏။
ထိုစဉ်မှာပင် မိုးကြိုးဧကရာဇ်က နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိဘဲ ခြေတစ်လှမ်းတည်းဖြင့် ဓားသွားမုန်တိုင်းထဲသို့ တိုးဝင်ကာ အလယ်ဗဟိုသို့ ဝင်ရောက်လာ၏။
မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ မုန်တိုင်းကြောင့် ဒဏ်ရာများစွာက ပေါ်ထွက်လာ၏။
သို့သော်လည်း ထိုဒဏ်ရာများထဲမှ အနက်ရှိုင်းဆုံးသည် သူ၏ အသားကိုသာ ဆုတ်ဖြဲနိုင်ပြီး သူ၏ အရိုးများကို မထိခိုက်စေနိုင်ပေ။
မိုးကြိုးဧကရာဇ်သည် ဗလာနယ်မိုးကြိုးကျင့်စဉ်ကို ဖန်တီးခဲ့ပြီး သူ၏ မိုးကြိုးအရိုးများက မနှိုင်းယှဉ်သာအောင် မာကြောနေ၏။
မိုးကြိုးဧကရာဇ်၏ စွမ်းအားကြီးမားသော သွေးချီနှင့် ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်း၏ ဆေးအာနိသင်အောက်မှာ ထိုပြင်ပဒဏ်ရာများသည် တစ်ခဏချင်းမှာပင် သွေးတိတ်သွားပြီး စတင်၍ သက်သာပျောက်ကင်းလာနေ၏။
မိုးကြိုးဧကရာဇ်၏ သွေးချီက အဆက်မပြတ် မြင့်တက်လာပြီး သူက မုန်တိုင်း၏ အလယ်မှာ မတ်တတ်ရပ်နေ၏။
သူ၏ ခန္ဓာကိုယ်ကို မိုးကြိုးလျှပ်စီးများက လွှမ်းခြုံထားပြီး သူက စွမ်းပကားကြီးမား၍ ယိမ်းယိုင်ခြင်း မရှိပေ။
ပကတိအင်မော်တယ်ဖေးယွင်က ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွား၏။
အင်ပါယာလေဘုရားကျောင်း၏ ဓားသွားမုန်တိုင်းသည် အလွန်တရာ စွမ်းအားကြီးမားပြီး အဲဒါကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့် လျှို့ဝှက်အတတ် အနည်းအကျဉ်းမျှသာ ရှိလေသည်။
သို့သော်လည်း ဓားသွားမုန်တိုင်းမှာ အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။
မုန်တိုင်း၏ အလယ်ဗဟိုက ထိုလျှို့ဝှက်အတတ်၏ အားနည်းချက်ဖြစ်၏။
သို့သော်လည်း တစ်ယောက်ယောက်က ထိုအားနည်းချက်ကို သိရှိထားသည်ဆိုလျှင်တောင် အဲဒါက အသုံးမဝင်ပေ။
ထိုသူများသည် မုန်တိုင်း၏ အလယ်ဗဟိုသို့ မဝင်ရောက်နိုင်ခင်မှာပင် အပိုင်းပိုင်းလှီးဖြတ်ခံရမည် ဖြစ်သောကြောင့်ပင်။
သို့သော် ယခု မုန်တိုင်း၏ အလယ်ဗဟိုသို့ သူ၏ ကိုယ်ကာယဖြင့် အတင်းဝင်ရောက်လာသော လူတစ်ယောက်ကို ပကတိအင်မော်တယ်ဖေးယွင်က မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး ထိုသူက မုန်တိုင်း၏ မျက်လုံးမှာ မတ်တတ်ရပ်နေလေသည်။
“မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ.. မင်းက ငါ့ကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ”
မိုးကြိုးဧကရာဇ်၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းတောက်လာပြီး သူ၏ လက်ထဲရှိ နတ်ဆိုးနှိမ်နင်းလှံကို မြေပြင်ပေါ်သို့ ပစ်ဆောင့်ချလိုက်၏။
ဘုန်း…
မိုးပျံနဂါးတောင်ကြောရိုးတစ်ခုလုံးက လှုပ်ခါသွားလေသည်။
ကျိန်းစပ်နေသော မိုးကြိုးအလင်းတန်းတစ်ခုက နတ်ဆိုးနှိမ်နင်းလှံကနေ ပေါက်ကွဲထွက်ပေါ်လာပြီး ဓားသွားမုန်တိုင်းတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
ဆေဘာပျံအကျိုးအပဲ့ အစအနများသည် နတ်ဆိုးနှိမ်နင်းလှံ၏ ရုန်းကန်ပေါက်ကွဲအားကြောင့် ဖုန်မှုန့်များအဖြစ် ကြေမွကာ လေထဲမှာ ပြန့်ကျဲသွား၏။
ဓားသွားမုန်တိုင်းသည် မိုးကြိုးဧကရာဇ်ထံမှ လှုပ်ရှားကွက်တစ်ကွက်ဖြင့် ဖျက်ဆီးခံလိုက်ရ၏။
ပကတိအင်မော်တယ်ဖေးယွင်က နောက်ဆုံးမှာ သူ၏ ခေါင်းကို ငုံ့လိုက်၏။
သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကြီးမားနေသည်ကို သူက ဝန်မခံချင်လည်း ဝန်ခံရပေတော့မည်။
ယခင်က မိုးကြိုးဧကရာဇ်သည် သူနှင့် တစ်ခေတ်တည်းမှာ မွေးဖွားလာပါက ထိုသူသည် အန္တိမ ပကတိအင်မော်တယ်တိအင်မော်တယ်ဘွဲ့ကိုပင် ခံယူနိုင်လိမ့်မည် မဟုတ်ဟု သူက ကြွားလုံးထုတ်ခဲ့မိ၏။
ယခု သူက အဲဒါကို ပြန်တွေးမိသောအခါ တကယ့်ကို ရယ်စရာကောင်းနေ၏။
ပကတိအင်မော်တယ်ဖေးယွင်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ သူက အဲဒါကို ချိုးချေပြီး နေရာကနေ ထွက်ခွာချင်လေသည်။
သူ၏ နောက်ဘက်မှာ လေဟာနယ်တစ်ခုက ရုတ်တရက် ပြိုကျသွားပြီး နက်မှောင်နေသော ဧရာမ ဥမင်တစ်ခု ပေါ်ထွက်လာ၏။
ပကတိအင်မော်တယ်ဖေးယွင်၏ ပုံရိပ်က ဥမင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
“ထွက်ပြေးချင်သေးတာလား”
မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်ပြီး နေရာကနေ ဖျတ်ခနဲဆို ပျောက်ကွယ်သွား၏။
ဇီး…
နတ်ဆိုးနှိမ်နင်းလှံက ချက်ချင်းပင် ရောက်ရှိလာပြီး ၎င်း၏ ကြီးမားသော လှံသွားက မိုးကြိုးအလင်းရောင်ဖြင့် တောက်ပနေကာ လေဟာနယ်ကို ဖြတ်ကျော်သွားလေသည်။
ဖောက်…
နက်မှောင်နေသော ဥမင်ထဲကနေ သွေးရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
မိုးကြိုးဧကရာဇ်သည် သူ၏ နတ်ဆိုးနှိမ်နင်းလှံကို ကိုင်မြှောက်လိုက်ပြီး ပကတိအင်မော်တယ်ဖေးယွင်၏ ပုံရိပ်က အာကာသဥမင်ထဲကနေ လွင့်စင်ထွက်လာ၏။
ပကတိအင်မော်တယ်ဖေးယွင်သည် အာကာသဥမင်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို သူ၏ ခန္ဓာကိုယ်ကနေ မခွာထုတ်ရဲခဲ့ပေ။
သူ့ခန္ဓာကိုယ်၏ ကာကွယ်မှု မရှိဘဲ ပကတိအင်မော်တယ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကပင်လျှင် အာကာသဥမင်၏ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ပကတိအင်မော်တယ်ဖေးယွင်၏ ရင်ဘတ်ပေါ်မှာ နတ်ဆိုးနှိမ်နင်းလှံကြောင့် ကြီးမားသော အပေါက်တစ်ပေါက် ပေါ်ထွက်လာပြီး သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာ၏။
နတ်ဆိုးနှိမ်နင်းလှံသည် သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး ၎င်းကို လွှမ်းခြုံထားသည့် မိုးကြိုးစွမ်းအားက ဒဏ်ရာမှာ ကပ်ငြိနေလေသည်။ သွေးတစ်စက်ကနေ ပြန်လည်မွေးဖွားနိုင်သော ပကတိအင်မော်တယ်ဖေးယွင်ပင်လျှင် အချိန်တိုအတွင်းမှာ သူ၏ ဒဏ်ရာကို ကုသနိုင်ခြင်း မရှိပေ။
“ဖုန့်စန်းထျန်.. မင်း ငါ့ကို သတ်လို့ မရဘူး”
ပကတိအင်မော်တယ်ဖေးယွင်က နာကျင်မှုကို တောင့်ခံပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“ငါက အင်ပါယာလေဘုရားကျောင်းက…”
“ဖောက်”
ပကတိအင်မော်တယ်ဖေးယွင်က စကားဆုံးအောင် မပြောရသေးခင်မှာပင် မိုးကြိုးဧကရာဇ်သည် သူ၏ နှာရောင်ကို လှံဖြင့် လက်ပြန်ပစ်ထိုးပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နေရာမှာပင် ဖျက်ဆီးပစ်လိုက်၏။
“မင်းက အင်ပါယာလေဘုရားကျောင်းက အမွေခံတပည့်တစ်ယောက်ဆိုရင်တောင် မင်းကို ငါသတ်မှာပဲ”
မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်၏။
“မင်းက အင်ပါယာလေဘုရားကျောင်းရဲ့ နာမည်နဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာ တကယ့်ကို နုံအတာပဲ”
အရင်တုန်းက ဖုန့်စန်းထျန်က ဘယ်သူလဲ။
ဂမ္ဘီရ မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်နိုင်ငံတစ်ခုကို တည်ဆောက်နိုင်လုနီးပါး ဖြစ်ခဲ့သည့်သူ၊ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ကာ ဘုရင်တစ်ပါးအဖြစ် ခံယူနိုင်လုနီးပါး ဖြစ်ခဲ့သည့်သူ ဖြစ်လေသည်။
သူသည် အင်မော်တယ်ဘုရင်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ဂမ္ဘီရ မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာ အထက်ဘုံအဖွဲ့အစည်းများနှင့်ပင် အတိုက်အခံပြုလုပ်ခဲ့လေသည်။ သူက အင်ပါယာလေဘုရားကျောင်း၏ နာမည်ဂုဏ်သတင်းကို ဘယ်လိုလုပ်ပြီး ကြောက်နေပါ့မလဲ။
တခြားတစ်ဖက်မှာတော့ မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်သည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်အစောင့်တပ်သားများစွာနှင့် ပူးပေါင်းပြီး မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဉ်ကို သိပ်မကြာခင် ခြေမွှဖျက်စီးပစ်လိုက်၏။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဉ်က သန်မာသော်လည်း ၎င်းသည် ထိပ်သီးကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးကိုသာ အနိုင်ယူနိုင်ပေလိမ့်မည်။
၎င်းသည် ဤမျှများပြားလှသော ကောင်းကင်အင်မော်တယ်ပညာရှင်များ၏ ဝန်းရံပိတ်ဆို့မှုကို လုံးဝ မခုခံနိုင်ပေ။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဉ်က ကြေမွသွားသည့်အချိန်မှာပင် မိုးကြိုးဧကရာဇ်က ဓားသွားမုန်တိုင်းကို ပယ်ဖျက်လိုက်၏။
အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ မင်းသားယွမ်ကျောသည် ရွေးချယ်စရာ မရှိတော့ဘဲ နောင်တဖြင့် ထွက်ခွာရပေတော့မည်။
အခြားသော ကျင့်ကြံသူများကလည်း မိုးကြိုးဧကရာဇ်ထံမှာ သတ်ဖြတ်ခံရမည်ကို စိုးရိမ်ပြီး လူစုခွဲထွက်လိုက်ကြ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် ပကတိအင်မော်တယ်ဖေးယွင် ရှုံးနိမ့်သွားသည်ကို တွေ့မြင်သောအခါ သူက ဤနေရာကနေ ထွက်ပြေးသွားခဲ့ပြီဖြစ်၏။ သူသည် တောက်လျှောက်ပြေးလွှားသွားခဲ့ပြီး သူ၏ ပုံရိပ်က လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေလေပြီ။
မိုးကြိုးဧကရာဇ်က ပကတိအင်မော်တယ်ကျင်းယွဲ့ကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေ၏။
“လိုက်မသွားနဲ့”
မိုးကြိုးဧကရာဇ်က ပကတိအင်မော်တယ်ကျင်းယွဲ့နောက်သို့ ပြေးလိုက်မည်ပြုစဉ်မှာပင် ပကတိအင်မော်တယ် ညသင်္ချိုင်းက ရုတ်တရက်ပြောဆို၍ သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“ငါတို့ ဒီနေရာမှာ ဆက်နေလို့ မရတော့ဘူး.. ဟိုနှစ်ယောက်က မင်းကို အချိန်မရွေး ဖမ်းမိသွားနိုင်တယ်.. မင်း အခုချိန်ထိတော့ သူတို့ကို မနိုင်သေးဘူး”
မိုးကြိုးဧကရာဇ်က သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းပြီး အသက်တစ်ချက်ရှိုက်ကာ သူ၏ စိတ်ကို တဖြည်းဖြည်းချင်း တည်ငြိမ်စေလိုက်၏။
ပကတိအင်မော်တယ် ညသင်္ချိုင်း ပြောသည့် ဟိုနှစ်ယောက်ဆိုသည်မှာ တစ်ယောက်က ဘုရင်ကျင်း၏ အမွေဆက်ခံသူ ဘုရင်အန်ရှီဖြစ်ပြီး အခြားတစ်ယောက်က ဘုရင်ထျန်ရှင်း ဖြစ်လေသည်။
ထိုသူများက အင်မော်တယ်ဘုရင်နှစ်ပါးဖြစ်လေသည်။
ပြီးခဲ့သည့်နှစ်အတွင်း သူသည် ထိုအင်မော်တယ်ဘုရင်နှစ်ပါး၏ လိုက်လံဖမ်းဆီးမှုကနေ လုံးလုံးလျားလျား လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းလာမည်ဆိုလျှင်တောင် သူ့အနေဖြင့် အင်မော်တယ်ဘုရင်နှစ်ပါးနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့ မလွယ်ကူပေ။
မင်းသားယွမ်ကျောသည် သူ၏ အစီအစဉ်ကို ဘုရင်ကျင်း၏ အမွေဆက်ခံသူနှင့် ဘုရင်ထျန်ရှင်းထံမှ ကောင်းကောင်းဖုံးကွယ်ထားခဲ့၏။
သို့သော်လည်း မိုးပျံနဂါးတောင်ကြောရိုးမှာ ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသည့် တိုက်ပွဲသတင်းကို သိပ်ကြာကြာ ဖုံးဖိထားနိုင်လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဘုရင်များ၏ နည်းလမ်းများအရ သူတို့သည် တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်ပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ရောက်ရှိလာနိုင်၏။
ဘုရင်ကျင်း၏ အမွေဆက်ခံသူနှင့် ဘုရင်ထျန်ရှင်းက ဤအကြောင်းကို သိရှိသွားမည်ဆိုလျှင် သူတို့သည် အသက်ရှူချိန် အနည်းငယ်အတွင်း ဤနေရာသို့ ရောက်ရှိလာနိုင်၏။
ထိုအချိန်ကျလျှင် သူသာလျှင် မဟုတ်ဘဲ ပကတိအင်မော်တယ် ညသင်္ချိုင်း၊ ဆူဇီမိုနှင့် ဖုန့်ကျစ်ရီတို့ကပါ ဤနေရာမှာ သေရပေလိမ့်မည်။
“ဒီနေရာကနေ အရင်ဆုံးထွက်သွားကြတာပေါ့”
မိုးကြိုးဧကရာဇ်က ဗလတောင့်တောင့်အမျိုးသား၏ သိုလှောင်အိတ်ကို ကောက်ယူပြီး ပြောလိုက်၏။
ပကတိအင်မော်တယ် ညသင်္ချိုင်းက တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို ထုတ်ယူပြီး အဲဒါကို ချိုးချေလိုက်၏။ ၎င်း၏ နောက်ဘက်မှာ အာကာသဥမင်တစ်ခုက ပေါ်ထွက်လာခဲ့၏။
မိုးကြိုးဧကရာဇ်သည် ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို ကာကွယ်ပေးပြီး ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့်အတူ ဥမင်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။
မိုးပျံနဂါးတောင်ကြောရိုးက တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိသွားခဲ့လေပြီ။