← Chapters

ဘုရင်ကျင်း၏ အမွေဆက်ခံသူ

Vol. 136 Ch. 2040

ဘုရင်ကျင်း၏ အမွေဆက်ခံသူ

Vol. 136 Ch. 2040

မိုးကြိုးဧကရာဇ်က စိတ်ပိုင်းဖြတ်ပြီးသွားပြီကို တွေ့မြင်သောအခါ သူတို့က ထပ်မံ၍ ဖျောင်းဖျမနေတော့ပေ။

ဒါ့အပြင် မိုးကြိုးဧကရာဇ်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ ထွက်သွားပြီးမှသာ ရှင်သန်ဖို့အတွက် အခွင့်အရေးရှိမည်ကို ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီက သိရှိထား၏။

သူက ဤနေရာမှာ ဆက်လက်၍ ကျင့်ကြံနေမည်ဆိုလျှင် သေချာပေါက်​ သေရပေလိမ့်မည်။

မိုးကြိုးဧကရာဇ်သည် စိတ်ပိုင်းဖြတ်ပြီးသွားခဲ့သော်လည်း သူက ချက်ချင်းထွက်ခွာမသွားပေ။

သူက ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီကို ဝန်လေးစွာဖြင့် တိတ်တဆိတ် ကြည့်နေ၏။

သူသည် ဖုန့်ကျစ်ရီနှင့် ပြန်လည်ဆုံစည်းခါစဖြစ်၏။ အခြေအနေ၏ ဖိအားပေးမှုကြောင့်သာ မဟုတ်လျှင် သူက ထွက်ခွာဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့လိမ့်မည် မဟုတ်ပေ။

ပကတိအင်မော်တယ် ညသင်္ချိုင်းက ပြောလိုက်၏။

“ငါတို့က နှစ်လေးသိန်းကျော် ခွဲခွာပြီးတဲ့နောက် အခုတစ်ခါထပ်ပြီး ခွဲခွာရတော့မှာပဲ.. အေးအေးဆေးဆေး သွားပါ… ငါက နောက်ထပ်နှစ်နည်းနည်းလောက် ကြိုးစားရှင်သန်ပြီးတော့ မင်းကိုယ်စား ကျစ်ရီကို စောင့်ရှောက်ပေးထားမယ်”

“ကျေးဇူးပဲ ညီအစ်ကို”

မိုးကြိုးဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။

ပကတိအင်မော်တယ် ညသင်္ချိုင်းသည် သူ၏ သိုလှောင်အိတ်ထဲကနေ ဝိုင်ပြင်းတစ်အိုးကို ထုတ်ယူပြီး အဖုံးကို ဖယ်ရှားကာ မိုးကြိုးဧကရာဇ်ကို နှုတ်ဆက်ဖို့အတွက် ပန်းကန်လုံးတချို့ထဲကို ငှဲ့ထည့်ဖို့ပြင်လိုက်၏။

“ပန်းကန်လုံးနဲ့ သောက်ရတာက ဟိတ်ဟန်များလွန်းတယ်”

မိုးကြိုးဧကရာဇ်က သူ၏ လက်ကို ကာပြပြီး ပြောလိုက်၏။

“ဝိုင်အိုး​လေးအိုး ထုတ်လိုက်… ငါတို့လေးယောက်က တစ်ယောက်တစ်အိုးသောက်မှ စိတ်ကျေနပ်ဖို့ကောင်းမှာပေါ့”

“ရတယ်လေ”

ပကတိအင်မော်တယ် ညသင်္ချိုင်းက ပြောလိုက်၏။

“မင်းက လွဲရင် နောက်ဆို ဘယ်သူကမှ ငါနဲ့ သောက်ပေးနိုင်မှာ မဟုတ်တော့ဘူး”

ထိုသို့ပြောရင်း သူက နောက်ထပ် ဝိုင်ပြင်းသုံးအိုးကို ထုတ်ယူကာ ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို တစ်အိုးစီ ပေးလိုက်၏။

“ညီအစ်ကိုဆူ.. လာလေ”

မိုးကြိုးဧကရာဇ်က ဆူဇီမိုကို ကြည့်ပြီး သူ၏ ဝိုင်အိုးကို မြှောက်ကာ အော်ခေါ်လိုက်၏။

“စီနီယာမိုးကြိုးဧကရာဇ်..”

ဆူဇီမိုသည် ဝိုင်အိုးကို ခပ်မြန်မြန် ကောက်ယူလိုက်၏။

မိုးကြိုးဧကရာဇ်၏ အမူအရာက တင်းမာသွားပြီး သူက ပြောလိုက်၏။

“ညီအစ်ကိုဆူ.. မင်း ဘာလို့ ငါ့ကို စီနီယာလို့ ခေါ်နေသေးတာလဲ.. မင်းက ယဉ်ကျေးလွန်းရာကျနေတယ်.. မင်းနဲ့ငါ့မှာ တူညီတဲ့ ခံစားချက်တွေနဲ့ စိတ်နေစရိုက်တွေ ရှိနေတာပဲ.. မင်းက ငါ့ကို မင်းရဲ့ အစ်ကိုလို့ပဲ ခေါ်လို့ရတယ်”

“ကျုပ်.. ဘယ်လိုလုပ်ပြီး..”

ဆူဇီမိုက ခပ်မြန်မြန် ငြင်းပယ်လိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာဖြစ်စေ.. အထက်ဘုံမှာဖြစ်စေ… ကျင့်ကြံမှုနယ်ပယ်အရဖြစ်စေ… မိုးကြိုးဧကရာဇ်သည် သူ၏ စီနီယာသာ ဖြစ်လေသည်။

ဖုန့်ကျစ်ရီက မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုက မိုးကြိုးဧကရာဇ်နှင့် တစ်တန်းတည်း ရပ်တည်နိုင်မည်ဆိုလျှင် သူမ၏ အဆင့်အတန်းက အကြောင်းရင်းမရှိဘဲ နိမ့်ကျသွားမည် မဟုတ်ပါလား။

မိုးကြိုးဧကရာဇ်က ဟားတိုက်ရယ်မော၍ ဆူဇီမို၏ ပခုံးကို ပုတ်လိုက်၏။

“အဲဒီ စီနီယာတွေ.. စည်းမျဉ်းစည်းကမ်းတွေ အကုန်လုံးက အဓိပ္ပာယ်မရှိတဲ့အရာတွေပဲ.. အဲဒါတွေက ငါ့ရဲ့မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူး”

“ငါ လူတစ်ယောက်ကို သဘောကျရင် ငါ သူနဲ့ မိတ်ဆွေဖွဲ့မယ်.. ငါ အဲဒီလူကို သဘောမကျဘူးဆိုရင် သူက အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်ရင်တောင် ငါ သောက်ဖက်လုပ်မှာ မဟုတ်ဘူး”

“ညီအစ်ကိုဆူ.. မင်း စိတ်မရှိဘူးဆိုရင် ဒီဝိုင်အိုးကို သောက်လိုက်စမ်းပါ”

ဆူဇီမိုက မိုးကြိုးဧကရာဇ်၏ သူရဲကောင်းဆန်ဆန် စကားများကို ကြားရသောအခါ စိတ်လှုပ်ရှားလာခဲ့၏။ သူ၏သွေးချီက တလိပ်လိပ်တက်လာပြီး သူက အော်ပြောလိုက်၏။

“ကောင်းပါပြီ အစ်ကိုဖုန့်.. ကျုပ် ခင်ဗျားနဲ့ အတူသောက်မယ်”

ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီကလည်း သူတို့၏ ဝိုင်အိုးများကို မြှောက်လိုက်​ကြ၏။

ဝိုင်အိုးလေးဦးက ကြွပ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ ထိတွေ့ရိုက်ခတ်သွားပြီး သူတို့၏ ခေါင်းများကို မော့ကာ သောက်လိုက်ကြ၏။

သူတို့လေးယောက်သည် ဤတစ်ခေါက် သောက်ပြီးရင် ခွဲခွာရတော့မည်ဆိုတာကို သိရှိထားကြ၏။

ကောင်းကင်ဘုံကမ္ဘာက ကျယ်ပြော​ပြီး အနာဂတ်က ရေရာမှု မရှိဘဲ အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ သူတို့လေးယောက်က အနာဂတ်မှာ နောက်တစ်ဖန် ပြန်တွေ့ရဖို့ အခွင့်အရေး ရှိချင်မှ ရှိပေတော့မည်။

သူတို့လေးယောက်သည် ဝိုင်ပြင်းများကို တစ်ကျိုက်တည်းဖြင့် ကုန်စင်အောင် မော့သောက်လိုက်ကြ၏။

ပုံမှန်အချိန်မှာဆိုလျှင် ဆူဇီမို၏ ကျင့်ကြံမှုအရ သာမန်ဝိုင်သည် သူ့ကို လုံးဝ မူးယစ်စေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုဝိုင်ပြင်းကို သောက်သုံးပြီးနောက် ဆူဇီမို၏ မျက်နှာက နီမြန်း၍ သူ၏ ခေါင်းက ချာချာလည်လာသည်ဟု ခံစားလိုက်ရ၏။

ဘေးမှာ ရှိသော ဖုန့်ကျစ်ရီက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူမ၏ မျက်နှာက နီရဲလာပြီး သူမက ယိမ်းထိုးနေ၏။

“ဟားဟားဟားဟား”

မိုးကြိုးဧကရာဇ်က ဟားတိုက်ရယ်မော​ပြီး ဆူဇီမိုကို ချီးကျူးလိုက်၏။

“မင်းက ဒီဝိုင်တစ်အိုးကို သောက်ပြီးတာတောင်မှ မမူးသေးဘူးပဲ.. အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးဆိုတဲ့အတိုင်းပဲ”

ပကတိအင်မော်တယ် ညသင်္ချိုင်း ယူဆောင်လာသည့် ဤဝိုင်ပြင်းက သာမန်ဝိုင် မဟုတ်ပေ။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များနှင့်ပင်လျှင် သူတို့က ထိုဝိုင်ကို သောက်သုံးပြီးနောက် ခပ်ထွေထွေ ခံစားရပေလိမ့်မည်။

“ညီအစ်ကိုဆူ”

မိုးကြိုးဧကရာဇ်က ဆူဇီမို၏ ပခုံးကို ပုတ်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။

“ငါတို့က အဆင့်တူပဲ.. ဒါပေမဲ့ မင်းက ငါ့ရဲ့မြေးကို အသားယူလို့ မရဘူး.. မင်းတို့နှစ်ယောက်ကြားက ကိစ္စတွေကတော့ မင်းတို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်လိမ့်မယ်”

ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ စကားလုံးများနှင့် အကြည့်မှ ပိုမိုလေးနက်သော အဓိပ္ပာယ်တစ်ခုကို ခံစားနေရ၏။

သို့သော်လည်း သူက အနည်းငယ် မူးဝေနေပြီး ထိုအကြောင်းနှင့် ပတ်သက်၍ များစွာ စဉ်းစားတွေးတောနိုင်ခြင်း မရှိပေ။ သူက အလိုလိုပြန်ဖြေလိုက်၏။

“ဒါပေါ့.. အဲ့လိုပဲ ဖြစ်ရမှာပေါ့”

“သွားဖို့ အချိန်ကျပြီ”

မိုးကြိုးဧကရာဇ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာ၏။ တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်ပြီး သူက သူ၏ ခြေဖဝါးအောက်မှ မြစ်များ၊ တောင်တန်းများကို လှည့်ကြည့်ကာ တည်တံ့စွာ ပြောလိုက်၏။

“တစ်နေ့မှာ ငါ ဖုန့်စန်းထျန်က ဒီကုန်းမြေမှာ ပေါ်ပေါ်ထင်ထင် ရပ်တည်နိုင်ရလိမ့်မယ်”

ထိုသို့ပြောရင်း မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ မိုးကြိုးလျှပ်စီးများက တဖျပ်ဖျပ်လက်လာပြီး အဝေးသို့ ပြေးထွက်သွားကာ တစ်ခဏချင်းမှာပင် လူတိုင်း၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွား၏။

တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်နေရင်း ဆူဇီမို၏ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာကာ ညင်သာသော လေပြေတစ်ချက်နှင့်အတူ သူက တဖြည်းဖြည်း နိုးထလာခဲ့၏။

“မင်းမှာ ဘာအစီအစဉ်တွေ ရှိလဲ”

ပကတိအင်မော်တယ် ညသင်္ချိုင်းက မေးလိုက်၏။

“မင်း ငါတို့နဲ့ ပူးပေါင်းချင်လား”

ဆူဇီမိုက ခဏမျှ တွေးတောပြီးနောက် ခေါင်းခါပြလိုက်၏။

“အဲ့လိုလုပ်ဖြစ်မယ်လို့တော့ ကျုပ် မထင်ဘူး.. ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကျုပ် ရခဲ့တဲ့ အတွေ့အကြုံတွေက များလွန်းတယ်.. ကျုပ် နေရာတစ်ခု ရှာပြီး အထိုင်ချကျင့်ကြံဖို့ ပြင်ဆင်ထားတယ်”

“အဲဒါလည်း ကောင်းပါတယ်လေ”

ပကတိအင်မော်တယ် ညသင်္ချိုင်းက ခေါင်းညိတ်၍ ညွှန်ကြားလိုက်၏။

“မင်းရဲ့ သရုပ်သကန်ကို မပေါက်ကြားစေဖို့ သတိထား.. နောက်ပြီး မင်းရဲ့ မီးဖိုကိုလည်း နောက်ပိုင်း အသုံးမပြုနဲ့ဦး”

“အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ဆူဇီမိုက ကျေးဇူးတင်​ကြောင်းကို ဖော်ပြလိုက်၏။

ပကတိအင်မော်တယ် ညသင်္ချိုင်းသည် ဓားမြှောင်တစ်လက်နှင့် လက်နှစ်လုံးလောက် ဗျက်ကျယ်သော နက်မှောင်နေသည့် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်၏။

“အဲဒါက တံဆိပ်ပြားတစ်ခုပဲ.. မင်းက တစ်နေရာရာမှာ တူညီတဲ့ အမှတ်အသားကို တွေ့ရမယ်ဆိုရင် မင်းက အကြွင်းအကျန်ညက ဘယ်သူ့ကိုမဆို ရှာဖွေနိုင်တယ်”

ဆူဇီမိုက တံဆိပ်ပြားကို လက်ခံယူပြီး ကျေးဇူးတင်ကြောင်း နောက်တစ်ဖန် ပြသလိုက်၏။

ပကတိအင်မော်တယ် ညသင်္ချိုင်းက ခေါင်းညိတ်ပြီး မူးယစ်နေဆဲဖြစ်သော ဖုန့်ကျစ်ရီကို ဖေးမကာ ထွက်ခွာသွားလေသည်။

ဆူဇီမိုကလည်း တောင်ထွတ်ပေါ်မှာ ကြန့်ကြာမနေဘဲ အောက်သို့ ဆင်းလာခဲ့၏။

. . . . .

မိုးပျံနဂါးတောင်ကြောရိုး၏ လေထဲမှာ ရုတ်တရက် ဧရာမ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး အတွင်းမှာ နက်မှောင်နေသော ဥမင်တစ်ခု ရှိနေ၏။

လူတစ်ယောက်က လက်တစ်ဖက်ကို နောက်ပစ်ပြီး အထဲကနေ လျှောက်လှမ်းထွက်လာ၏။ သူ၏ အမူအရာက တည်ငြိမ်နေပြီး သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက ရှေးတော်ဝင်မိသားစု၏ အော်ရာကို ဖြာထုတ်ပေးနေ၏။

သူ၏ မျက်လုံးများက ပင်လယ်အနက်ပိုင်းထဲရှိ ကျောက်မျက်များကဲ့သို့ဖြစ်ပြီး နက်ရှိုင်း၍ လျှို့ဝှက်ဆန်းကြယ်နေ၏။

ဘုရင်ကျင်း၏ အမွေဆက်ခံသူ၊ ဘုရင်အန်ရှီ။

မိုးပျံနဂါးတောင်ကြောရိုး၏ အထက်သို့ ရောက်ရှိလာပြီးနောက် ဘုရင်ကျင်း၏ အမွေဆက်ခံသူက ယိုယွင်းပျက်စီးနေသော တိုက်ပွဲမြေနေရာနှင့် ဗလတောင့်တောင့်အမျိုးသား၏ အ​လောင်းကို အေးစက်သော အမူအရာနှင့် ကြည့်လိုက်၏။

“ယွမ်ကျော.. ကျင်းယွဲ့”

ရုတ်တရက် ဘုရင်ကျင်း၏ အမွေဆက်ခံသူက အေးစက်စွာပြောလိုက်၏။

“မင်းတို့တွေ အသက်ရှင်နေကြသေးလား”

ဘုရင်အန်ရှီ၏ အသံက မကျယ်သော်လည်း အဲဒါက ကီလိုမီတာ ထောင်ချီကို အဆက်မပြတ် ဖြန့်ကြက်သွား၏။

ထွက်ပြေးနေကြသော မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ် ကျင်းယွဲ့သည် ဆတ်ခနဲ တုန်ယင်သွားပြီး ဘုရင်အန်ရှီ၏ အသံကို သူတို့၏ စိတ်ထဲမှာ တစ်ချိန်တည်း ကြားလိုက်ကြရ၏။

ကီလိုမီတာ ထောင်ချီကို ဖြန့်ကြက်စေနိုင်သော အသံပို့လွှတ်ခြင်း နည်းစနစ်တစ်ခု။

သူတို့နှစ်ယောက်သည် တုန်လှုပ်သွားပြီး တွေဝေတုံ့ဆိုင်းမနေရဲကြပေ။ သူတို့က ခပ်မြန်မြန် နောက်ပြန်လှည့်ပြီး မိုးပျံနဂါးတောင်ကြောရိုး ရှိရာသို့ ဦးတည်လိုက်ကြ၏။

သိပ်မကြာခင် သူတို့နှစ်ယောက်က တောင်ကြောရိုးပေါ်သို့ ပြန်လည်ရောက်ရှိလာကြ၏။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက် လေထဲကနေ နောက်ထပ် အာကာသဥမင်တစ်ခု ပေါ်ထွက်လာပြီး ဘုရင်ထျန်ရှင်းက အေးစက်စက် အမူအရာနှင့် ရန်လိုခက်ထန်သော အော်ရာတစ်ခုနှင့်အတူ လျှောက်လှမ်းထွက်လာ၏။

“သူ ဘယ်မှာလဲ”

ဘုရင်ထျန်ရှင်းက လေးနက်သော အသံဖြင့် မေးလိုက်၏။

“သူ ဘယ်မှာလဲ”

ဘုရင်ကျင်း၏ အမွေဆက်ခံသူက အမူအရာကင်းမဲ့နေပြီး သူ၏ စိတ်ခံစားချက်များကို မည်သူကမှ မဖတ်နိုင်ပေ။ သူက မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ် ကျင်းယွဲ့ကို တည်ငြိမ်စွာ ကြည့်ပြီး ညင်သာစွာ မေးလိုက်၏။

သို့သော်လည်း မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ် ကျင်းယွဲ့သည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ ဒူးထောက်ကျသွား၏။

“အစ်ကို.. အစ်ကိုကြီး.. ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”

မင်းသားယွမ်ကျောသည် အခြားသူများ၏ ရှေ့မှာ မောက်မာဝင့်ကြွားနိုင်လေသည်။ သို့သော်လည်း ဘုရင်ကျင်း၏ အမွေဆက်ခံသူ ရှေ့မှာ သူက ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

မင်းသားယွမ်ကျောသည် သူ့အစ်ကို၏ နည်းလမ်းများကို ကောင်းကောင်းသိထားလေသည်။

“ကျုပ်က ဖုန့်စန်းထျန်ကို သေချာပေါက် ဖိနှိမ်နိုင်ဖို့ အရာရာတိုင်းကို အစီအစဉ်ချပြီးသွားခဲ့ပြီ.. ဒါ.. ဒါပေမဲ့ အဲဒီ ဆူဇီမိုက ပေါ်လာလိမ့်မယ်လို့….”

မင်းသားယွမ်ကျောက ရှင်းမပြနိုင်ခင်မှာပင် သူ့ကို ဘုရင်ကျင်း၏ အမွေဆက်ခံသူက ဖြတ်ပြောလိုက်၏။

“သူ ဘယ်မှာလဲ”

ဘုရင်ကျင်း၏ အမွေဆက်ခံသူက ထိုစကားကိုသာ ထပ်ပြောနေပြီး သူ၏အသံက ပို၍ပင် ညင်သာလာ၏။

ချက်ချင်းပင် မင်းသားယွမ်ကျောက ချွေးစေးများဖြင့်​ စိုရွှဲလာခဲ့၏။

All Chapters