← Chapters

အပိုင်း (၄၆)

Vol. 4 Ch. 46

အပိုင်း (၄၆)

Vol. 4 Ch. 46

နှစ်ရက်ကြာပြီးသည့်နောက် တော်ဝင်ရင်နိုင်ငံတော်

အလင်းတန်းတစ်ခုသည် ကောင်းကင်ယံတွင် ပျံသန်းလာပြီးသည့်နောက် အင်ပါယာနန်းတော်၏ ရတနာတိုက် ဆီသို့ တည့်တည့်ပင် ဆင်းသက်လိုက်၏။

“ရဲရင့်လိုက်တာ။ ဘယ်သူက အင်ပါယာနန်းတော်ထဲကို ကျူးကျော်ဝင်တာလဲ”

အစောင့်တစ်ယောက်သည် လေထု ထဲ၌ ပေါ်ပေါက်လာ၏။ ၎င်းသည် အားကောင်းလွန်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာဖြင့် လက်ထဲတွင် ရှိနေသည့် လှံကို ဆွဲမြှောက်ကာဖြင့် တားဆီးလိုက်သည်။

“သွားစမ်း”

ပိုင်ချမ်းဟန်က ပေါ့ပေါ့ပါးပါး အော်ဟစ်လိုက်၏။ လက်တစ်ချက် တွန်းထုတ်လိုက်ပြီးသည့်နောက် ကြီးမားလွန်းလှသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခု ပေါ်ပေါက်လာကာ ပေရာနှင့်ချီ ကြီးမားလွန်းလှသည့် တည်နေရာကြီးကို လွှမ်းခြုံသွား၏။ အစောင့်သည့် မြေပေါ်သို့ တစ်ခါတည်း ပြုတ်ကျသွား၏။

ပိုင်ချမ်းဟန်သည် ခပ်ဝေးဝေး တည်နေရာဆီသို့ ရွေ့လျားပျောက်ကွယ်သွားတော့သည်။

“ညီလေး .. မင်း အ ခုမှ နန်းတွင်းထဲ‌ ရောက်ဖူးတာလား”

နောက်ထပ် အစောင့်တစ်ယောက်သည် ပိုင်ချမ်းဟန် ထွက်ခွာသွားပြီးသည့်နောက် ခပ်သုတ်သုတ်ဖြင့် ရောက်ရှိလာ၏။ သူသည် မြေပေါ်သို့ လဲကျလျက်ရှိနေသည့် အစောင့်ကို ကူညီပြီးသည့်နောက် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ဒီနန်းတော်ထဲမှာ မျက်စိကို သေချာဖွင့်ထား။ ခုဏ မင်း တားဆီးလိုက်တဲ့လူက နဝမမြောက် မင်းသားပဲ။ လက်ရှိအင်ပါယာရဲ့ တစ်ဦးတည်းသော သားလေ။ ဘယ်လိုဖြစ်ပြီး နဝမမြောက် မင်းသားကို သွား တားဆီးရတာလဲ”

“နန်းတော်ထဲမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ မပျံသန်းရဘူးလေ” အရှေ့တွင် ရှိနေသည့်အစောင့်သည် ပျက်ရွင်းသည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။

“မပျံသန်းရဘူးဆိုတာ ဘယ်သူလဲ ဆိုတဲ့အပေါ်မှာ မူတည်နေသေးတယ်” အစောင့်သည် ပခုံးကို အသာပုတ်ကာဖြင့် အကူအညီမဲ့စွာ ပြောလိုက်သည်။

.............

အင်ပါယာနန်းတော်၏ ရတနာတိုက် အဝင်ဝတွင်တော့ .....

ပိုင်ချမ်းဟန်သည် လေဟာနယ်ထဲမှ ဆင်းသက်လိုက်၏။ သူသည် အဝင်ဝသို့ ရောက်ရှိလာပြီးသည့်နောက် အသိအမှတ်ပြု ကတ်ပြားကို ထုတ်ယူကာ လေဟာနယ်ထဲသို့ ထိုးထည့်လိုက်၏။ ပြီးနောက် မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။ “မင်းသားက အထဲကို ဝင်ဖို့လိုပါတယ်။ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ”

“ကောင်းပါပြီ” လေဟာနယ်ထဲတွင် လှိုင်းများဖြစ်တည်လာပြီးသည့်နောက် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ အသံထွက်ပေါ်လာချင်းချင်းမှာပဲ ကျောက်တံခါးပေါ်တွင် ရှိနေသည့် အရေးအကြောင်းများသည် ရုတ်တရက် လင်းထိန်သွားပြီးသည့်နောက် ဆန်းကြယ်လှသည့် ပုံပန်းသွင်ပြင်များနှင့် ရွေ့လျားနေ၏။ ပြီးနောက် တံခါးသည် ဖြည်းဖြည်းချင်း ဘေးတစ်ဖက်ဆီသို့ ပွင့်သွားခဲ့၏။

ပိုင်ချမ်းဟန်သည် အထဲသို့ လျှောက်ဝင်လိုက်သည်။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို လေ့လာပြီးသည့်နောက် ကျယ်ပြောလှသော တည်နေရာထဲတွင် ရေတွက်လို့မရအောင် များပြားလွန်းလှသည့် ရွက်ဖျင်တဲများ တည်ရှိနေ၏။ တော်တော်များများသည် ရတနာများ သိမ်းဆည်းထားရာ ရွက်ဖျင်တဲများပင်။

တန်ဖိုးအရ ပြောရမည်ဆိုလျှင် ကြီးမားလှသည့်တန်ဖိုးမြင့် ရတနာမျိုးတော့ မဟုတ်ပေ။ သို့ပေမဲ့ ဤတည်နေရာ ထဲတွင် ထားနိုင်စွမ်းရှိသည့် ရတနာများဟုတော့ သတ်မှတ်ရပေမည်။ တချို့သော လက်ဆောင်များသည် ဂိုဏ်းဂဏအသီးသီးဆီမှ ရရှိခဲ့ခြင်းဖြစ်ပြီး တချို့သော လက်ဆောင်များမှာတော့ မြို့အသီးသီး၊ မြို့နယ်အသီးသီး တို့ဆီမှ လက်ဆောင်ပဏ္ဍာများပင်ဖြစ်သည်။

တချို့ ပျက်စီးသွားခဲ့ပြီဖြစ်သော နိုင်ငံတော်တချို့၏ အကြွင်းအကျန်များပင် ပါဝင်လျက်ရှိ၏။ ဥပမာအားဖြင့် တော်ဝင်လီနိုင်ငံတော်၏ အကြွင်းအကျန်များပင်။ ထိုအရာများအားလုံးသည် အရမ်းတန်ဖိုးကြီးမားသည့် အရာများ မဟုတ်သောကြောင့် ရတနာတိုက်ထဲတွင် သေသေချာချာ စစ်ဆေးမထားဘဲ ပစ်ကာထားခဲ့၏။ ထို့ကြောင့် ရှုပ်ထွေး ပြီး ဗြုတ်စဗျင်းတောင်း ဖြစ်လို့နေခဲ့သည်။ မည်သူမှသည် ဝင်ရောက်ရှင်းလင်းခြင်း မရှိကြချေ။ လက်ရှိအခြေအနေမှာတော့ တည်နေရာတစ်ခုလုံး သည် ရှုပ်ထွေးပွေလီနေ၏။

ပိုင်ချမ်းဟန်သည် ကျောက်စိမ်းပြားကို ထုတ်ယူပြီးသည့်နောက် အပေါ်တွင် ရှိနေသည့် အကြောင်းအရာများကို သေသေချာချာ ဖတ်ရှုလျက်ရှိနေ၏။ ထိုအကြောင်းအရာများမှ လမ်းညွှန်ထားသည့် တံခါးပေါက်များအတိုင်း သူ ဆက်လျှောက်ဝင်လိုက်သည်။

တံခါးတစ်ခုချင်းစီတိုင်းကို ဖြတ်လျှောက် ဝင်ရောက်ခဲ့ပြီး တစ်နာရီလောက် ကြာပြီးသည့်နောက် ရွက်ဖျင်တဲတစ်ခု ၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အကြည့်သည် ထိုနေရာကို စူးစိုက်ကြည့်ရှုနေသည်။ ရွက်ဖျင်တဲ၏ အပေါ်မှာတော့ ကြီးမားလှသည့် စာတမ်းကြီးနှစ်ခုကို ရေးသားထား၏။ “ဘုရင်ရင်”

“နှစ်တစ်သောင်း ဆေးပန်းချီ”

ပိုင်ချမ်းဟန်သည် စာလုံးများကို ထပ်မံကာ ရွတ်ဆိုလိုက်၏။ ပြီးနောက် သူသည် လက်ကို ယမ်းခါပြီးသည့်နောက် ဤတည်နေရာဆီမှ စာလိပ်တစ်ခုကို ဆွဲယူလိုက်သည်။

စာလိပ်ပေါ်တွင် ပန်းချီ ကဲ့သို့သော အမှတ်အသားများ တည်ရှိနေ၏။ အချိန်နှင့်တည်နေရာကို ဖြတ်သန်းကာ ဖန်တီးထားသလိုပင် ရှေးခေတ် အချိန်စီးကြောင်း၏ အရှိန်အဝါများ ထွက်ပေါ်လျက်ရှိနေ၏။ ဖြည်းဖြည်းချင်း ထိလိုက်မည်ဆိုလျှင်တောင်မှ ကြွေကျပျက်စီးသွားမှာကို စိုးရိမ်ရပုံပင်။

ပိုင်ချမ်းဟန်သည် ထိုစာလိပ်အား သတိအပြည့်နှင့် ခွာလိုက်ပြီးသည့်နောက် ပန်းချီ၏ထိပ်တွင် စာလုံးသုံးလုံး ရှိနေ၏။ “နှစ်တစ်သောင်း”

သူ၏ မျက်လုံးအကြည့်များသည် စူးရှသွားခဲ့၏။ ပိုင်ချမ်းဟန်၏ မျက်စိသူငယ်အိမ်များ သည် ထိုစာလုံးများနှင့် ထိတွေ့သွားသည့်အချိန်မှာတော့ စီနီယာသည် သူ့ကို လိမ်ညာခြင်း မဟုတ်ကြောင်း သူက နားလည်လိုက်မိ၏။ ရှိရှိနေသမျှသော သတင်းအချက်များ အားလုံးသည် တကယ်ပင် ကိုက်ညီလွန်းလှ၏။

“ဆက်ခံနိုင်မလား။ မဆက်ခံနိုင်ဘူးလားဆိုတာ နောက်တစ်ဆင့်ပေါ် မူတည်သွားပြီ”

ပိုင်ချမ်းဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် လက်ဝါးကို အသာမပြီးသည့်နောက် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကျန်းချီများကို ဆန်းကြယ်လှသည့်နည်းလမ်းနှင့်အတူ စတင်ကာ လှည့်ပတ်လိုက်၏။ သူသည် ကျန်းချီများကို လက်ဝါးတွင် စုစည်း လိုက်၏။ သူ၏လက်ဝါးတွင်တော့ လီ ဟူသည့် စာတမ်းတစ်ခုက ပေါ်ပေါက်လာ ၏။ ဤအရာသည် နှစ်တစ်သောင်း ဆေးပန်းချီကို အသက်သွင်းရန်အတွက် နည်းလမ်းပင်ဖြစ်၏။ စီနီယာ လမ်းညွှန်ချက်တွင် ထိုနည်းလမ်းလည်း ပါဝင်ခဲ့သည်။

တော်ဝင်လီနိုင်ငံတော်၏ ထူးခြားလှသည့် စည်းနည်းစနစ်ကို အသုံးပြုထားသည်ဖြစ်သောကြောင့် ထိုနည်းလမ်းကို အသုံးပြု၍ ဖယ်ရှားမှသာလျှင် ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ဆေးပန်းချီတစ်ခုထက်ပို၍ ဘာမှ ထူးခြားစွာ မြင်ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် နှစ်သန်းပေါင်းများစွာ ကြာရှိပြီးသည့်နောက် တော်ဝင်ရင်နိုင်ငံတော်သည် သူတော်စင်ကောင်းချီး နည်းစနစ်ကို ရှာဖွေမတွေ့ရှိနိုင်ခဲ့ခြင်းပင်။

ပိုင်ချမ်းဟန်၏ လက်ဝါးသည် ထိုအရာပေါ်သို့ ရောက်ရှိပြီးနောက် စွမ်းအင်လှိုင်းများသည် နှစ်တစ်သောင်းဆေးပန်းချီ တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့၏။

ရုတ်တရက် ဒွီ ဟူသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ပန်းချီကား၏ မျက်နှာပြင်ပေါ်တွင် ရေကဲ့သို့သော လှိုင်းများ ဖြစ်တည်လာ၏။ ပြီးနောက် ရွှေရောင်စာသားများသည် ခုန်လွှားကာ ထွက်ပေါ်လာခဲ့၏။ များပြားလှသည့် ရွှေရောင်စာလုံးများသည်‌ လေဟာနယ်ထဲတွင် အစီအစဉ်လိုက် ဖြစ်တည်ကာဖြင့် ရွှေရောင် ရောင်စဉ်များ ထွန်းတောက်လာသည်။

ဤမြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ပိုင်ချမ်းဟန်သည် တံတွေးများကိုပင် ခက်ခက်ခဲခဲ မျိုချလိုက်မိ၏။ မှန်ပေသည်။ စီနီယာပြောခဲ့သည့် အရာအားလုံးက မှန်ကန်၏။ တစ်ချက်ကလေးမှ လွဲချော်မသွားခဲ့ချေ။

လက်ရှိ သူ၏အရှေ့တွင် ပေါ်ပေါက်နေသည်မှာ သူတော်စင်ကောင်းချီး နည်းစနစ် အတိအကျပင် ဖြစ်လေ၏။ ဤအရာသည် နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီ အလွန်ရိုးရှင်းစွာ သင်ယူ၍ ရနိင်သည်။ နားလည်ရန်ဆိုသည်မှာလည်း အားအင်စိုက်ထုတ်စရာ မလိုချေ။

တစ်စုံတစ်ယောက် အနေနှင့် ဤနည်းစနစ်ကို တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ကံတရား၏ ကောင်းချီးကို မည်သို့ စုစည်းရမည်ဖြစ်ကြောင်း ကောင်းကောင်းနားလည်သွားပေလိမ့်မည်။

ပိုင်ချမ်းဟန်သည် ပါဝင်သည့်အကြောင်းအရာများကို သေသေချာချာ မှတ်သားပြီးသည့်နောက် သူ၏ အကြည့်များ သည် အေးစက်သွား၏။ လက်ငါးချောင်းကို အသာဆုပ်ကိုင်ကာ လှုပ်ရှားလိုက်၏။ သူတော်စင်ဆေးပန်းချီသည် သူ၏လက်ထဲတွင် မြူကဲ့သို့ ဖြစ်တည်ကာ ပျောက်ကွယ်သွားသည်။ အားလုံး ပြုလုပ်ပြီးသည့်နောက် ပိုင်ချမ်းဟန် သည် အသာလှည့်ကာ အပြင်ဘက်သို့ လျှောက်ထွက်လိုက်၏။

............

အင်ပါယာနန်းတော်အတွင်းမှာတော့ .....

နတ်ဘုရားအင်ပါယာ ပိုင်ချမ်းရုံသည် ပျော့ပျောင်းလှသည့် ထိုင်ခုံပေါ်တွင် ဘေးတစောင်း လဲလျောင်းလျက်ရှိသည်။ ၎င်း၏မျက်လုံးများသည် ပိတ်ထား၏။ လက်ချောင်းများသည် အိပ်ရာပေါ် တတောက်တောက်နှင့်‌ ခေါက်လျက်ရှိသည်။ သူသည် ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။ “လျှိုကျန်း”

“ကျေးကျွန် ရောက်ပါပြီ”

ပိန်ပိန်ပါးပါး၊ မျက်နှာဖြူရော်ရော် နှင့် လူတစ်ယောက်သည် ရုတ်တရက် ရောက်ရှိလာကာ ဦးညွတ်လိုက်၏။

“နဝမမင်းသား ထွက်သွားတာ ဘယ်လောက်ကြာပြလဲ”

“ခြောက်ရက်လောက် ကြာပါပြီ”

“ခြောက်ရက် ဟုတ်လား”

ပိုင်ချမ်းရုံသည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်များ ဖြစ်တည်လာခဲ့သည်။ သူက သွားကြားထဲမှ လေသံဖြင့် ပြောဆိုလိုက်သည်။ “အရမ်းကြာတယ်။ ခြောက်ရက်အတွင်း သူ ဘယ်ကို သွားနေတာလဲ”

“နတ်ဘုရားအင်ပါယာကို သတင်းပို့ပါတယ်။ နဝမမင်းသားက အင်ပါယာနန်းတော်ကနေ ထွက်ခွာသွားပြီးတဲ့ နောက်မှာ တော်ဝင်သဲကန္တာရမြို့ဆီကို တည့်တည့်ထွက်သွားတယ်။ ပြီးတော့ နေ့ဝက်လောက်နေပြီး ပြန်လာခဲ့ ပါတယ်”

“တော်ဝင်သဲကန္တာရမြို့ ဟုတ်လား”

ပိုင်ချမ်းရုံ၏ မျက်နှာသည် ထူးမခြားနားသကဲ့သို့ပင်။ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်တည်လာခဲ့၏။ သူက အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ “ငါ့ရဲ့ အင်ပါယာ သားတော်ကို ကြည့်ရတာ အတောင်ပေါက်လာပြီးနဲ့တူတယ်။ ငါ သူ့ကို ပိုင်တုရန်တောင်ကြားထဲကို သွားပြီးတော့ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်တာ။ ဒါပေမဲ့ သူက တော်ဝင်သဲကန္တာရမြို့ဆီကို ရောက်သွားတယ်။ သူက ငါအဘိုးကြီး အိုမင်းနေပြီ၊ စွမ်းအားနည်းလာပြီလို့ ထင်နေတာလား”

နတ်ဘုရားအင်ပါယာ ပိုင်ချမ်းရုံသည် အမှန်ပင် ဒေါသထွက်နေမိသည်။

“အရှင်မင်းကြီး.. ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားပါ”

လျှိုကျန်းသည် တီးတိုးပြောလိုက်၏။ ပြောပြီးသည့် နောက် သူသည် တစ်စုံတစ်ခုကို တွေးတောမိပုံဖြင့် ဆက်ကာပြောလိုက်သည်။ “ခုဏတုန်းက နဝမမြောက်မင်းသား ပြန်ရောက်ပြီဆိုတဲ့ သတင်းကို ရထားတယ်။ သူ့ကိုကြည့်ရတာ စိတ်အခြေအနေ ကောင်းပုံမရဘူး။ အင်ပါယာ နန်းတော်ကို ပြန်လာပြီးတဲ့နောက်မှာ အစောင့်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့သေးတယ်”

“အင်ပါယာနန်းတော်ထဲမှာ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ မလုပ်ရဘူးလို့ စည်းမျဉ်းတွေ ချမှတ်ထားတယ် မဟုတ်လား။ နဝမမြောက် မင်းသားရဲ့လုပ်ရပ်က တကယ့်ကို ဆိုးရွားနေတယ်” လျှိုကျန်းသည် အဓိပ္ပာယ်ပါပါဖြင့်‌ ပြောလိုက်၏။

အပြင်ပိုင်းတွင်တော့ သူသည် ပိုင်ချမ်းဟန်မှ ကာကွယ်ပြောဆိုနေသည် ထင်ရသော်လည်း တကယ့် အစစ်အမှန်မှာတော့ ပိုင်ချမ်းဟန်ကို ထောင့်တစ်ခုထဲသို့ တွန်းပို့လျက် ရှိနေသည်မှာ သိသာထင်ရှားလွန်း လှ၏။

လက်ရှိအခြေအနေမှာတော့ ပိုင်ချမ်းရုံအတွက် တကယ့်ကို အထိခိုက်မခံသည့် အခြေအနေပင်ဖြစ်၏။ ၎င်း၏ သက်တမ်းသည် အဆုံးသတ် အခြေအနေသို့ ရောက်ရှိနေလေသည်။ သူသည် သူတော်စင်အဆင့်ဆီသို့ မရောက်ရှိသေးပေ။ သူ့သား၏ ကျင့်ကြံခြင်းအဆင့်ကို စုပ်ယူနိုင်ဖို့ အားတက်သရော စောင့်မျှော်လျက် ရှိနေသည်။ သို့ပေမဲ့ သူ၏သားသည် ကြိုးစားမှု မရှိသည့်အပြင် အင်ပါယာနန်းတော်တွင် ရှိနေသည့် တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်အောင် ပြုလုပ်ရဲနေသည်။ သူ အဘယ်သို့ စိတ်မတိုဘဲ နေမည်နည်း။

ခြောက်ယောက်မြောက် မင်းသားကဲ့သို့ ပုန်ကန်သူတစ်ယောက် ဖြစ်လာမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။

သေသေချာချာ ထိန်းချုပ်မထားနိုင်ဘဲ သတင်းများအားလုံး အပြင်ဘက်သို့ ပျံ့နှံ့သွားမည်ဆိုပါက ကောင်းမွန်သည့် အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။

“နန်းတော်ထဲမှာ တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တာ”

ပိုင်ချမ်းရုံ၏ သတ်ဖြတ်လိုခြင်းအော်ရာ များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ မျက်လုံးကို ဖွင့်ပြီးသည့်နောက် သူ၏ မျက်လုံးများထဲတွင် ကြောက်ခမန်းလိလိ အေးစက်သည့် အလင်းရောင်များ ဖြစ်တည်လျက်ရှိသည်။ သူသည် လက်ချောင်းကို မြှောက်ကာဖြင့် အော်ဟစ်လိုက်သည်။ “သူ့ကို နန်းတော်ထဲကို ခေါ်ခဲ့စမ်း”

မူလအားဖြင့် နဝမသားနှင့်ပတ်သက်လျှင် သူသည် အမြဲတမ်း တွန့်ဆုတ်တွန့်ဆုတ် ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်နေသောကြောင့်ပင်။ ပိုင်ချမ်းရုံသည် သူ၏ သားအား အနည်းငယ်ကြာရှည်အောင် အသက်ရှင်သန်စေချင်မိ၏။ သို့ပေမဲ့ သူ၏အငယ်ဆုံးသားသည် ပုန်ကန်လိုသည့် စိတ်ဆန္ဒများ ဖြစ်တည်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ဆက်လက်ကာ မထားနိုင်တော့ချေ။

လျှိုကျန်းပြောသည်မှာ အမှားတွေ ဖြစ်နေသည် ဆိုလျှင်တောင်မှ ပိုင်ချမ်းရုံသည် ထိုအရာကို လိုလိုချင်ချင် လုပ်ချင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း ထိုကဲ့သို့သော အကြောင်းပြချက်ကို ရှာနေသောကြောင့်ပင်။ အဓိက အကြောင်းအရာအားဖြင့် သူသည် သူတော်စင်တစ်ယောက် ဖြစ်လာချင်မိ၏။ သူ၏သားသည် ထို့အတွက် စတေးပေးရပေလိမ့်မည်။ သူတော်စင်တစ်ယောက်ဖြစ်ရန် အခွင့်အရေးသည် ဤအခွင့်အရေးတစ်ခုသာလျှင် သူ့အတွက် ရှိနေသည် မဟုတ်ပါလား။

All Chapters