← Chapters

အပိုင်း (၄၇)

Vol. 4 Ch. 47

အပိုင်း (၄၇)

Vol. 4 Ch. 47

“ကောင်းပါပြီ”

လျှိုကျန်းသည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။ “နဝမမြောက် မင်းသားကို သွားပြီး ဆင့်ခေါ် လိုက်ပါမယ်”

ပြောပြီးသည့်နောက် လျှိုကျန်းသည် အသာလှည့်ပြီးသည့်နောက် နန်းတော်ထဲမှ ထွက်ခွာလိုက်၏။ သူ အဓိကဟောခန်းထဲမှ ထွက်လျက်ရှိနေတုန်းမှာပဲ သူခြေနင်းလျက်ရှိနေသည့် အဖြူရောင်စတုရန်းပုံစံ ကျောက်ပြားပေါ်တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက် မတ်တပ်ရပ်နေကြောင်း မြင်လိုက်ရသည်။

ပိုင်ချမ်းဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။ အမဲရောင်ဆံနွယ်များသည်‌ လေထဲတွင်ပင် လွင့်မျောလျက် ရှိနေ၏။

“နဝမမြောက်မင်းသား... အချိန်ကိုက် ရောက်လာတာပဲ”

ပိုင်ချမ်းဟန်ကို မြင်သည့်အချိန်မှာ‌တော့ လျှိုကျန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုအပြုံးသည် လှောင်ပြုံးတစ်ခုပင် ဖြစ်သည်။

သူသည် ခြေတစ်လှမ်း လှမ်းပြီးသည့်နောက် ပိုင်ချမ်းဟန်ဆီသို့ ချဉ်းကပ်သွားလိုက်၏။ ပြီးနောက် အထင်အမြင် သေးစွာဖြင့် ပြောလိုက်၏။ “နတ်ဘုရားအင်ပါယာက အရှင်မင်းသားကို ဆင့်ခေါ်ဖို့ ကြံရွယ်နေတာလေ။ မထင်မှတ်ထားပဲ အရှင်မင်းသားက ကိုယ်ဘာသာကိုယ် လာခဲ့တာကိုး”

ဤလေသံတွင် “ကျုပ် ခင်ဗျားကို သတ်ချင်တယ်။ ကိုယ်ဘာသာကိုယ် ရောက်လာတယ်ဆိုတာ သင်္ချိုင်းထဲကို လှမ်းဝင်လာတာနဲ့ တူတူပဲ” ဆိုသည့်လေသံမျိုးပင် ဖြစ်လေသည်။

“အရှင်မင်းသား... ကျေးဇူးပြုပြီး .....” လျှိုကျန်းသည် လက်တစ်ဖက်ဖြင့် အသာအမူအရာပြကာ ပြောဆိုလိုက်၏။

“အင်ပါယာအဖေရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ”

ပိုင်ချမ်းဟန်၏ ခြေလှမ်းများသည် တည်ငြိမ်လျက် ရှိ၏။ သူ၏ ခန္ဓာကိုယ်သည် တောင်ကြီးတစ်ခုသဖွယ် ဖြစ်လို့နေခဲ့၏။ ခေါင်းကို အသာလှည့်ပြီးသည့်နောက် လျှိုကျန်းကို ကြည့်ရှုကာ တည်ငြိမ်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။

“နတ်ဘုရားအရှင်က တည်နေရာဌာနကို ပိုပြီး ချဲ့ထွင်ဖို့အတွက် အမိန့်ပေးထားတယ်။ ဒီတော့ သူက အရမ်းကို ကျန်းမာနေတာပေါ့။ မိုင်ထောင်ချီကို အလင်းပေးနိုင်တဲ့ ကျစ်ကျစ်တောက် ပူလောင်တဲ့ နေလုံးကြီးတစ်ခုလိုပါပဲ”

လျှိုကျန်းသည်‌ နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ပြန်လည်ကာ ပြောဆိုလိုက်၏။

“ကောင်းပြီ”

ပိုင်ချမ်းဟန်သည် တွေးတွေးဆဆဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်ပါယာအဖေက တကယ့်ကို ကျန်းမာရေး ကောင်းနေတာပဲ။ နှစ်ပေါင်းငါးထောင်တောင် ကျော်ဖြတ်သွားပြီ။ ငါ့ရဲ့ အစ်ကိုရှစ်ယောက် လည်း သေသွားကြပြီ။ ဒါပေမဲ့ အင်ပါယာအဖေကတော့ အားကောင်းနေတုန်းပဲ။ တွေးကြည့်ရမယ်ဆိုရင် အင်ပါယာအဖေက အစ်ကိုရှစ်ယောက်ကို လွမ်းနေလောက်ပြီ။ အင်ပါယာအဖေ အနေနဲ့ သူတို့ကို သွားပြီးတော့ တွေ့ဆုံသင့်နေပြီ မဟုတ်လား”

“ဟမ်”

လျှိုကျန်း၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာအဖြစ်သို့‌ ပြောင်းလဲသွားသည်။ ပထမဦးဆုံး ပိုင်ချမ်းဟန် ပြောဆိုသည့် စကားလုံးများသည် အဆင်ပြေလို့နေသည်။ သို့ပေမဲ့ ဒုတိယပိုင်းမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ နဝမမြောက်မင်းသား ဘာကိုဆိုလိုသနည်း။

လျှို ကျန်းသည် နောက်သို့ အသာလှည့်လိုက်သည်။ သူ၏လေသံနှင့် ဟန်ပန်အမူအရာများ အားလုံးသည် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘယ်လိုပြောရဲတာလဲ။ နဝမမြောက် မင်းသား... ကိုယ့်ကိုယ်ကိုယ်ရော ဘာတွေပြောနေမိလဲဆိုတာ ကိုကော သိရဲ့လား”

“မင်းက ကျေးကျွန်တစ်ယောက်ပဲလေ။ ဘယ်လိုဖြစ်ပြီး ငါ့ရှေ့မှာလာပြီး အော်ဟစ်ဖို့ အခွင့်အရေး ရှိနေတာလဲ” ပိုင်ချမ်းဟန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ဝတ်စုံများသည် လေမတိုက်ဘဲ လွင့်မျောနေသည်။ ဆံပင် များသည်လည်း ထိုနည်းလည်းကောင်းပင်။

ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီး သူ၏ရှေ့တွင် ရှိနေသည့် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် သူတော်စင်တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးသည် ချက်ချင်း ထွက်ပေါ်လာခဲ့၏။ လက်ညှိုးကို ရှေ့ဆီသို့ ထိုးနှက်လိုက်သည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးကို ထိုးဖောက်နိုင်စွမ်းရှိသည့် သက်တန့်ရောင်စဉ်ကဲ့သို့သော အလင်းများသည် လျှိုကျန်းဆီသို့ ရောက်ရှိသွား၏။

“ဘယ်လို... သူ ဘယ်လိုဖြစ်”

လျှိုကျန်းသည် ကြောက်လန့်လျက် ရှိနေ၏။ သူ၏ ဝိညာဉ်တစ်ခုလုံးသည်လည်း တုန်ယင်နေခဲ့၏။ ဤအရာသည် အင်ပါယာနန်းတော်ဖြစ်၏။ သူ၏အနောက်ဘက်တွင် နတ်ဘုရားအင်ပါယာ နားခိုရာ အဓိကဟောခန်းကြီး တည်ရှိနေ၏။ ထို့အတူ နတ်ဘုရားအင်ပါယာသည်လည်း လက်ရှိ အထဲမှာ တည်ရှိနေသည်။

နဝမမြောက် မင်းသားသည် အဘယ်ကြောင့် သူ့ကို တိုက်ခိုက်ရဲရသနည်း။ အသက်ရှင်သန်ရသည်ကို ပျင်းရိ ပင်ပန်းလွန်းနေသည်လား။ ထို့ကြောင့်ပင်လျှင် သေချင်သေပါစေတော့ဆိုသည့် စိတ်ထားမျိုးကို လက်ကိုင်ထား ကာဖြင့် လုပ်ချင်ရာကို ပြုလုပ်ခဲ့သည်လား။

ချလွမ်

လျှိုကျန်းသည် စဉ်းစားတွေးတောရန် အချိန်မရှိခဲ့ချေ။ ထို့ကြောင့် သူ၏လက်ကို အသာဝှေ့ယမ်းလိုက်၏။ များပြား လွန်းလှသည့် ဓားချီများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် သူ၏ရှေ့တွင် ဖောက်ထွင်း၍ မရနိုင်သည့် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

နားကွဲလောက်စရာ ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့၏။ အလင်းတန်းများ အားလုံးသည် အရာအားလုံးကို ထိုးဖောက်သွားသကဲ့သို့ပင် ရှိရှိနေသမျှသော အရာအားလုံးကို ထွင်းဖောက်သွားခဲ့၏။ ရောင်စဉ် အလင်းတန်းများသည် လျှိုကျန်း၏ ပခုံးတည့်တည့်ကို ထိမှန်သွားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ထိခိုက်မှုသည် လျှိုကျန်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို တည့်တည့်ထိမှန်ခဲ့ပြီး သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ အထဲတွင် ရှိနေသည့် အရိုးဖြူများပင်လျှင် ပေါ်ပေါက်လာခဲ့၏။

လျှိုကျန်းသည် အနောက်ဘက်သို့ လွင့်စင်သွားပြီး အဖြူရောင်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလေ၏။ ပြုတ်ကျသည့်အရှိန်သည် ပြင်းထန်လွန်းသောကြောင့် ဟောခန်းကြီးတစ်ခုလုံးပင်လျှင် တုန်ခါသွားခဲ့သည်။

“နတ်ဘုရားအင်ပါယာ... နတ်ဘုရားအင်ပါယာ”

လျှိုကျန်းသည် အနောက်ဘက်သို့ ဖင်တရွတ်တိုက် ဆုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကြောင်းများနှင့် ပြည့်နှက်လျက်ရှိသည်။ သူသည် အဓိကဟောခန်းဆီသို့ လှည့်ကာ ထွက်ပြေးရင်း ကျယ်လောင်စွာ အော်ဟစ်လျက်ရှိ၏။ “နဝမမြောက် မင်းသားက ပုန်ကန်နေပြီ။ သူ အင်ပါယာ နန်းတော်ထဲကို ဝင်လာပြီ။ ကျေးဇူးပြုပြီး နတ်ဘုရားအင်ပါယာ... ကျုပ်တို့အစား တရားမျှတမှုရအောင် ပြုလုပ်ပေးပါအုံး”

ဖောက် ဖောက် ဖောက်

လျှိုကျန်း၏ အနောက်မှာတော့ ပိုင်ချမ်းဟန်သည် လက်နှစ်ဖက်ကို အနောက်ပစ်ကာ ရပ်လျက်ရှိသည်။ သူသည် ဟန်ကျပန်ကျဖြင့် အသာလျှောက်လှမ်းလာခဲ့၏။ အဓိကဟောခန်းဆီသို့ လှမ်းဝင် ပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းလျက်ရှိသည့် လျှိုကျန်း၏ အရှေ့တွင် ပိုင်ချမ်းဟန်က ရုတ်တရက် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် အငြှိုးအတေးကြီးမားလှသည့် မျက်လုံးများနှင့် စူးစိုက် ကြည့်ရှုနေသည်။

ပိုင်ချမ်းရုံသည် ပျော့ပြောင်းလှသည့် ခုံတန်းရှည်ပေါ်တွင် လဲလျောင်းလျက်ရှိ၏။ သူ၏ အမူအရာ တစ်ခုလုံးသည် မပြောင်းလဲပေ။ ဘာတွေဖြစ်ခဲ့သည်ကို သူ မသိရှိ၍ မဟုတ်ချေ။ သူ၏ မျက်လုံးများသည် တည်ငြိမ်အေးချမ်းလျက် ရှိနေလေ၏။

ပိုင်ချမ်းဟန် ဝင်လာသည်ကို မြင်ရသည့်အချိန်မှတော့ သူသည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ “ဒူးထောက်စမ်း”

၎င်း၏အသံတွင် ငြင်းပယ်၍ မရနိုင်သည့် ဆန်းကြယ်သော ဂုဏ်ရှိန်ဂုဏ်ဝါများ ပါလျက်ရှိ၏။ ထိုစကားစုကို ပြောလိုက်သည်နှင့်တပြိုင်နက် ကောင်းကင်ယံဆီမှ ကြီးမားပြင်းထန်လှသော ဖိအားဒဏ်များသည် ကျဆင်း လာခဲ့၏။ ရှေးနတ်ဆိုးတောင်ကြီးတစ်ခုသည် အချိန်မြစ်ရေစီးကြောင်းကို ကျော်ဖြတ်ကာဖြင့် ဤတည်နေရာဆီသို့ ကျဆင်းလာသည့်ပုံပင်။

ဘုန်း

နားကွဲလောက်စရာ အသံကြီး ပေါ်ပေါက်လာခဲ့၏။ ဟောခန်းထဲတွင်တော့ များပြားလှသည့် နိယာမသင်္ကေတများ ဖြစ်တည်လာခဲ့ပြီး ကျယ်လောင်လှသော မိုးကြိုးပစ်သံများသည် ဟောခန်းကြီးတစ်ခုလုံးကိုပင် ပြိုလဲစေ၏။

ဖုန်များ တလိပ်လိပ် တက်လာ၏။ သို့ပေမဲ့ ပိုင်ချမ်းဟန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေတုန်းပင်။

ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ လျှိုကျန်းသည် အလွန်ပင် သဘောမနောခွေ့လိုနေလေ၏။

“ခုခံစမ်း။ ပိုပြီး ခုခံလေ။ နတ်ဘုရားအင်ပါယာက ပိုပြီး ဒေါသထွက်လာလေပဲ။ အဆုံးသတ်မှာတော့ မင်းရဲ့ကံကြမ္မာက အဆုံးသတ်သွားပြီ။ မင်းရဲ့ကျင့်ကြံခြင်းတွေ ဆုံးရှုံးသွားပြီးတဲ့နောက်မှာ ငါ့လက်ထဲကို မရောက်ဖို့ သတိထား။ ရောက်လာလို့ကတော့ ကျိန်းသေပေါက် မင်းကို သေချင်စိတ်ပေါက်တဲ့အထိ နှိပ်စက်ပြမယ်”

“အရင်တုန်းက မင်းရဲ့ ခြောက်ယောက်မြောက်အစ်ကိုကို ငါ ဒီအတိုင်း သတ်ခဲ့တာပဲ။ သူ့ရဲ့အားကောင်းလှပါတယ် ဆိုတဲ့ ပါရမီနဲ့ နတ်ဘုရားဝိညာဉ်တစ်ခုလုံးကို ငါ ဖျက်ဆီးခဲ့တယ်။ ဘယ်လိုမှ ပြန်ပြီး မွေးဖွားနိုင်တော့မှာ မဟုတ်ဘူး။ အခုကြည့်... ပုန်ကန်ခြင်းဆိုတာ ပိုင်ချမ်းရုံ အတွက် အကြီးမားဆုံး တားမြစ်ချက်ပဲ။ ငါ့ရဲ့ သား ဖြစ်မယ်ဆိုရင်တောင်မှပေါ့ ....”

အပျက်အစီးပုံများ အထက်မှာတော့ ပိုင်ချမ်းဟန်သည် တောင်ကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိနေ၏။ အရာအားလုံးကို သက်တောင့်သက်သာဖြင့် ဖြေရှင်းနိုင်စွမ်း ရှိသကဲ့သို့ ၎င်း၏ မျက်နှာသွင်ပြင်သည် တစ်ချက်ကလေးမှ မပျက်ယွင်းသွားချေ။

မျက်ခုံးကို ပင့်ပြီးသည့်နောက် အရှေ့တွင် ရှိနေသည့် ပိုင်ချမ်းရုံကို တစ်ချက်ကြည့်ကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ “အင်ပါယာအဖေ... အင်ပါယာအဖေက အရမ်းကို အိုမင်းနေပါပြီ။ ဒီတော့ နန်းပေါ်ကနေဆင်းဖို့ အချိန်ကျပြီ”

All Chapters