အပိုင်း (၄၈)
Vol. 4 Ch. 48
“ဟုတ်လား”
ပိုင်ချမ်းရုံသည် ဖြည်းညှင်းစွာဖြင့် အသာငုတ်တုပ် ထထိုင်လိုက်၏။ မျက်နှာသွင်ပြင်သည် ရေကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေ၏။ သူ၏အသံသည် ငရဲခန်းဆီမှ ထွက်ပေါ်လာခဲ့သည့် အသံကဲ့သို့ပင် ပဲ့တင်သံများပင် ပါဝင်လျက် ရှိနေ၏။ မည်သည့်ခံစားချက်မှ မရှိသလို အေးစက်လျက် ရှိနေ၏။
လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ထရပ်ပြီးသည့်နောက် အောက်တွင်ရှိနေသည့် ပိုင်ချမ်းဟန်ကို ခပ်တည်တည်ဖြင့် ငုံ့ကြည့်လိုက်သည်။
“အင်ပါယာသားတော်... ဒီနေ့ မင်းလုပ်ခဲ့တဲ့ အရာအားလုံးက ဘာတွေလဲဆိုတာကို မင်းနားလည်သင့်တယ်။ မင်းမှာ ရှိတဲ့အရာအားလုံးကို ငါပေးထားတာလေ။ ငါသာ မပေးချင်တော့ဘူးဆိုရင် မင်းဒါတွေကို ယူလို့မရဘူး”
ဝုန်း
ထိုစကား ထွက်ပေါ်လာခြင်းမှာပဲ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ယင်သွား၏။ အလင်းတန်းများသည် တလက်လက် တောက်ပလျက်ရှိနေပြီး နန်းတော်၏ အနီးတဝိုက်တွင် ပေထောင်ဂဏန်းချီ အရာအားလုံးသည် မိုးကြိုးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ တည်နေရာအနှံ့ဆီမှ မိုးကြိုးများ ကျဆင်းလာခဲ့၏။
ပိုင်ချမ်းရုံသည် မိုးကြိုးပင်လယ်၏ အ ထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းသည် ပြန်လည်မွေးဖွားလာခဲ့သည့် မိုးကြိုးနတ်ဘုရား တစ်ပါးကဲ့သို့ပင်။
“မင်း ဒီနေ့လုပ်ခဲ့တဲ့ အရာအားလုံးက ငါ့ရဲ့ ကန့်သတ်ချက်အားလုံးကို ကျော်ခဲ့ပြီလေ။ ဒီတော့ ငါမင်းကို ပေးခဲ့တဲ့ အရာအားလုံးကို ပြန်ယူဖို့ အချိန်ကျပြီ”
“အင်ပါယာအဖေက ဘယ်တုန်းက ကန့်သတ်ချက်ကို ထားထားတာလဲ”
ပိုင်ချမ်းဟန်၏ နှုတ်ခမ်းထောင့်များသည် ကော့တတ်သွားခဲ့၏။ ထိုအရာသည် လှောင်ပြုံးတစ်ခုလိုပင်။ သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “အင်ပါယာအဖေ ကျုပ်ကိုပေးထားတာ ပြန်ယူဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က အရာအားလုံးကို ပြန်ပေးပြီးသားမလို့”
“မင်း သေချင်နေတာလား”
ပိုင်ချမ်းရုံ၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီးနည်း။ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ ထိုမျှ ကြာမြင့်လှသောအချိန်အတွင်း မည်သူကမှ သူ့ကို ထိုကဲ့သို့သော စကားမျိုး မပြောဆိုရဲခဲ့ချေ။ နောက်ဆုံး ဤကဲ့သို့ ပြောဆိုခဲ့သည်လူသည် သူ၏ ဆဋ္ဌမမြောက် သားတော်ပင်ဖြစ်သည်။
“ငါ့ကို ပြဿနာ ရှာခဲ့တဲ့လူတွေ အကုန်လုံးက ထာဝရ နေဝင်သွားခဲ့တာပဲ။ ငါ့သားဖြစ်မယ် ဆိုရင်တောင်မှ ချွင်းချက် မရှိဘူး”
“ဒါပေမဲ့ ကျုပ်ကတော့ စမ်းကြည့်ချင်သေးတယ်” ပိုင်ချမ်းဟန်က ရယ်မောလိုက်၏။
“ဟမ့်”
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာ၏။ ကွင်းပြင်ထဲမှာတော့ ပိုင်ချမ်းဟန်၏ အသက်ရှူသံများ သည် တဖြည်းဖြည်းနှင့် ပိုမိုကာ မြန်ဆန်လာ၏။
ပိုင်ချမ်းရုံဆီမှ ဆန်းကြယ်လှသော အော်ရာများသည် တည်နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့သည်။ ထိုအော်ရာများသည် ပိုင်ချမ်းဟန်ကို လွှမ်းခြုံပြီးနောက် ပိုင်ချမ်းဟန်၏ အော်ရာများသည်လည်း ချက်ချင်းပဲ နိမ့်ကျလာခဲ့သည်။
နတ်အဆင့် ထိပ်ဆုံး ..... ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် .... ကောင်းကင်သဘာဝအဆင့် .....
........
“မင်းလုပ်ရဲတယ် ဟုတ်လား”
ပိုင်ချမ်းရုံက အော်ဟစ်လိုက်၏။ သူ၏ အိုမင်းရင့်ရော်နေသည့် မျက်နှာသွင်ပြင် တစ်ခုလုံးသည် ရှုံမဲ့လျက်ရှိ၏။ ဆံပင်အဖြူရောင်များသည် ကြောက်မက်ဖွယ်ရာကောင်းလှအောင် စုတ်ဖွာ သွားခဲ့ပြီး ၎င်းကို ကြည့်ရှုရသည်မှာ ဒေါသအကြီးအကျယ် ထွက်လျက်ရှိနေသည့် ခြင်္သေ့ကြီးတစ်ကောင် ကောင်းကင်ကို ကြည့်ကာ မာန်ဖီလျက် ရှိနေပုံပင်။
ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းတွင် အရာအားလုံးကို ချိုးဖြတ်ချင်သည့် ဆန္ဒများ ပါဝင်လျက်ရှိ၏။
တွက်ချက်စရာပင် မလိုချေ။ ပိုင်ချမ်းဟန်၏ ကျင့်ကြံခြင်းစွမ်းအင်များကို သိမ်းဆည်းရယူကာ ဝါးမျိုလိုက်မည် ဆိုပါက သူသည် ကျိန်းသေပေါက် သူတော်စင် အဆင့်သို့ ရောက်ပေလိမ့်မည်။ ဤအရာသည် သူတော်စင် တစ်ယောက်ဖြစ်ရန် တိကျသေချာသည့် အချက်ပင် ဖြစ်လေသည်။
ပိုင်ချမ်းဟန် တစ်ယောက် ကျင့်ကြံခြင်းအဆင့် ပိုမိုကာ တိုးတက်လာသည်ဆိုခြင်းမှာ သူ့အတွက် တကယ်ပင် အသုံးဝင်သည့်အရာပင်ဖြစ်၏။ ပိုင်ချမ်းရုံသည် ထိုအရာကို မျှော်လင့်နေခဲ့၏။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ဆိုသည်မှာ လွယ်သည်မဟုတ်ချေ။ ထို့အပြင် နတ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်သည့် ပါရမီရှင်ဆိုသည်မှာ ရှာဖွေရန် ခက်ခဲလွန်းလှ၏။
နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ပြီးသည့်နောက်မှာတော့ ပိုင်ချမ်းဟန်သည် ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ထိုကဲ့သို့အဆင့်ရောက်အောင် ကျင့်ကြံနိုင်ရန်အတွက် ပိုင်ချမ်းရုံသည် မည်မျှ များပြားလှသည့် အရင်းအမြစ်နှင့် အားအင်စိုက်ထုတ်မှုများကို ပြုလုပ်ပေးခဲ့ရသနည်း။ တွက်ကြည့်မည်ဆိုလျှင် ရေတွက်လို့တောင် မရနိုင်ခဲ့ချေ။
ဘုန်း
ပြင်းထန်သည့် အသက်ရှူသံကြီးသည် လျော့ပါးသွားခဲ့၏။ ပိုင်ချမ်းဟန်သည် သက်လတ်ပိုင်းလူတစ်ယောက်အဖြစ်မှသည် အဘိုးအိုတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ အဖြူရောင် ဆံပင်များအပြင် မျက်နှာတစ်ခုလုံးတွင် အရေးအကြောင်းများ ပေါ်ပေါက်လာခဲ့၏။ သူသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ခါးကုန်းနေသည့် အဘိုးအိုကြီး တစ်ယောက်ကဲ့သို့ပင် တုန်တုန်ယင်ယင် ဖြစ်နေ၏။
ကျင့်ကြံခြင်းအဆင့်များ မရှိဘူးဆိုပါက ၎င်းသည် မကြာခင် ပျောက်ကွယ်သွားရမည့် မီးစာကုန်ခမ်းနေ သည့် ဖယောင်းတိုင်လေးကဲ့သို့ပင်။ ၎င်းကို ကြည့်ရှုရသည်မှာ ပိုင်ချမ်းရုံထက်ပင် ပိုမိုကာ အသက်ကြီး သွားခဲ့သည်။
ပိုင်ချမ်းဟန်သည် စိုးရိမ်ပူပန်မှုတော့ မရှိချေ။ ၎င်းသည် ဒေါသထွက်နေသည့် သူ၏အင်ပါယာအဖေကို ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ သူ၏ အဖေသည် လက်ရှိအခြေအနေဆီမှ ဘာတစ်ခု မှ တိုးတက်မသွားခဲ့ချေ။ ဒုံရင်းက ဒုံရင်းအတိုင်းပင်။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
ထိုရယ်မောသံထဲတွင် အဆုံးမဲ့သော လှောင်ပြောင်ခြင်းများ ပါဝင်လျက်ရှိ၏။ ထိုရယ်သံကြီးသည် မိုင်တစ်ထောင် ပတ်လည်အတွင်း ပျံ့နှံ့သွားခဲ့၏။
“အင်ပါယာအဖေ.. ဘယ်လိုခံစားရလဲ”
သူသည် နှစ်ပေါင်းတစ်ထောင်ကျော်လောက် ကြိုးစားကာ မျိုသိပ်ခဲ့ရချေ၏။ ၎င်း၏ အစ်ကိုများ၏ အသက်ကို နင်းချေကာဖြင့် နန်းတော်ပေါ်သို့ တစ်လှမ်းချင်း လှမ်းတက်သွားခဲ့ပုံကို ကြည့်ရှုခဲ့ရခြင်း ….. ထိုအရာများ အားလုံးသည် သူ ကျိန်းသေပေါက် လိုချင်သည့်အရာ မဟုတ်ချေ။
အဖေသည် သူတော်စင်တစ်ယောက် ဖြစ်ချင်၏။ ထိုအရာကို သူနားလည်နိုင်၏။ သို့ပေမဲ့ အဘယ့်ကြောင့် ကိုယ်မွေးထားသော သားများကိုပင် စတေးပစ်သည့် လူ ဖြစ်နေရသနည်း။
ယနေ့ ဤနေရာသို့ ရောက်ရှိသည်ဆိုခြင်းမှာ သူတော်စင်ဖြစ်ရန် မျှော်လင့်ချက်တစ်ခုလုံး ပျောက်ကွယ်သွားရသည့် သူ့ အင်ပါယာအဖေ၏ မျက်နှာကို တစိုက်မတ်မတ် ကြည့်ရှုရန် ရည်ရွယ်ချက်နှင့်ပင်ဖြစ်သည်။ သူ၏ အစ်ကို ရှစ်ယောက်လုံး သေဆုံးသွားသည့် အခြေအနေမျိုးတွင် ဖြစ်တည်ခဲ့သည် ခံစားချက်များကို အင်ပါယာအဖေ သည်လည်း ကောင်းကောင်းခံစားရမည်ဟု သူက ဆုံးဖြတ်ထားခဲ့၏။
“မိစ္ဆာလိုသား”
ပိုင်ချမ်းရုံသည် ဒေါသတရားများကို မဖိနှိပ်နိုင်ခဲ့ချေ။ နတ်ဘုရားနှင့် နတ်ဆိုးစွမ်းရည်များသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် ပေါက်ကွဲလုမတတ် ဖြစ်နေသည့် မီးတောင်ကြီးကဲ့သို့ပင် တဝုန်းဝုန်းနှင့် ဖြစ်တည်နေသည်။
ကောင်းကင်ယံထက်ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ထိုးဖောက်ရောက်ရှိနေ၏။ မြေပြင်တစ်ခုလုံးသည်လည်း တဝုန်းဝုန်းနှင့် တုန်ခါလျက်ရှိသည်။ အဆောက်အဦများသည် ပြိုကျကုန်၏။
ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထိုမြင်ကွင်းကို မြင်နေရသည့် အားလုံးသော သူတို့၏ ကျောရိုးမကြီးများ သည် စိမ့်တက်သွားခဲ့ကြသည်။
လက်ရှိအချိန်မှာတော့ ပိုင်ချမ်းရုံသည် အရူးကြီးတစ်ယောက်ကဲ့သိုပင် ဖြစ်လို့နေသည်။ သူသည် တစ်ရက်အတွင်း သူ၏သက်တမ်းပေါင်းများစွာကို ဆုံးရှုံးခဲ့ရ၏။ သူ နှစ်ပေါင်းတစ်ထောင်ကျော် စီစဉ်ခဲ့ရသည့် အကြောင်းအရာများ အားလုံးသည် ပျောက်ကွယ်သွားခဲ့ရ၏။
အရာအားလုံးတို့သည် သူ၏ရှေ့တွင် ရှိနေသည့် ပုန်ကန်သော သားတော် ကြောင့်ပင် ဖြစ်လေသည်။
သူ၏ ကိုယ်ပိုင်သား ဖြစ်သည်ဆိုလျှင်တောင်မှ သူ၏ သူတော်စင်ဖြစ်ရန် အခွင့်အရေးကို ဖျက်ဆီးခဲ့သည် ဖြစ်သောကြောင့် အဆုံးမဲ့ရန်သူအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ၏ ဝိညာဉ်ပျောက်ကွယ်သွားရမည် ဆိုလျှင်တောင်မှ တစ်ဖက်လူကို ကျိန်းသေပေါက် သတ်ဖြတ်မှာ သေချာ၏။
“သေစမ်း”
ပိုင်ချမ်းရုံ၏ ကြီးမားလှသော လက်ကြီးသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် များပြား လွန်းလှသည့် အမဲရောင် မိုးကြိုးလှိုင်းများသည် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့၏။ ထိုမိုးကြိုးလှိုင်းများသည် မဲနက်လျက်ရှိနေသည့် လှံမဲကြီးတစ်ခုအဖြစ် အသွင်ဖြစ်တည်လာသည်။
ထိုလှံကြီး ပေါ်ပေါက်လာသည့်အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် တည်နေရာအနှံ့ ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ဤလှံကြီးသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ဖြစ်တည်လာခဲ့သည့် အထင်ကရလက်နက် တစ်ပါးကဲ့သို့ပင်။
ဘုန်း
နားကွဲလောက်စရာအသံကြီး ထပ်မံထွက်ပေါ်လာ၏။ လှံရှည်ကြီးသည် လေဟာနယ်ကို ထိုးခွင်းသွားပြီးသည့် နောက် ပိုင်ချမ်းဟန်ဆီသို့ ရောက်ရှိသွား၏။ ပိုင်ချမ်းဟန်ဆီသို့ မရောက်ရှိခင်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့်အော်ရာများသည် တဝုန်းဝုန်းနှင့် ကျဆင်းလျက် ရှိနေသေး၏။
တစ်ဖက်လူအနေဖြင့် ရှောင်တိမ်း၍လည်း မရနိုင်ချေ။ ထို့အတူ ထွက်ပြေး၍ မရနိုင်ပေ။ လုပ်ရန်မှာ တစ်ခုတည်းသာလျှင် ရှိ၏။ ထိုအရာမှာ ထိပ်တိုက်ရင်ဆိုင်ရန် ဖြစ်သည်။
ပိုင်ချမ်းဟန်၏ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ဤကဲ့သို့ တိုက်ခိုက်မှုကို မည်ကဲ့သို့ မားမားမတ်မတ် ရပ်တည်ရမည်နည်း။ ပြောရမည်ဆိုလျှင် ပိုင်ချမ်းရုံသည် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူမသေဆုံးခင်တွင် သူ၏ ရှိရှိသမျှသော အမုန်းတရားများ အားလုံးကို ထုတ်ဖော်ကာဖြင့် သူ၏ နဝမမြောက် သားတော်ကို သတ်ဖြတ်ပစ်ရန် စီစဉ်ခဲ့ခြင်းပင် ဖြစ်လေ၏။