အပိုင်း (၅၀)
Vol. 4 Ch. 50
“ဘာ…” ပိုင်ချမ်းရုံ၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ဘုန်း
ကောင်းကင်နယ်မြေတစ်ခုလုံး ပြိုလဲသွားခဲ့၏။ ပိုင်ချမ်းဟန်သည် ချက်ချင်းလှုပ်ရှားခဲ့၏။ သူသည် လက်ကို ဆန့်တန်းပြီး စွမ်းအင်များကို စုစည်းကာဖြင့် အရာအားလုံးကို လွှမ်းခြုံ တိုက်ခိုက်ခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ခိုက်မှုသည် မိုင်တစ်ထောင် ပတ်ဝန်းကျင်အတွင်း တဝုန်းဝုန်းနှင့် ဖြစ်တည်လျက်ရှိပြီး အင်ပါယာမြို့ကြီး တစ်ခုလုံးကိုပင် လှုပ်ခါစေခဲ့သည်။
ပိုင်ချမ်းရုံသည် မြေပြင်မှ ဆွဲကာမခြင်းကို ခံရ၏။ နတ်အဆင့်တွင် သူသည် ပြိုင်ဘက်ကင်း၏။ သို့ပေမဲ့ သူတော်စင် တစ်ယောက်နှင့် ရင်ဆိုင်ရသည့်နေရာတွင်တော့ မည်သို့မှ ခုခံနိုင်ခြင်း မရှိချေ။ အလုံးစုံဖိနှိပ်ခြင်းကို ခံနေရ၏။ သူတို့ နှစ်ယောက်ကြား ကွာခြားချက်သည် အလွန်တရာ ကြီးမားလွန်းလှ၏။ အားအင်တင်သာမက စွမ်းအင်အဆင့် ကလည်း ကွာခြား၏။ နတ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မည်သို့ ယှဉ်ပြိုင် တိုက်ခိုက်ရမည်နည်း။
“မင်း… မင်း လုပ်ရဲတယ်လား”
ပိုင်ချမ်းရုံ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် နီမြန်းနေ၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် ကြောက်လန့်မှုများ သည် ပိုမိုကာ တိုးတက်လာခဲ့၏။ သူသည် နှစ်ပေါင်း ငါးထောင်ကျော်ကြာ နေထိုင်ခဲ့၏။ ပထမဦးဆုံးအကြိမ် သေခြင်းတံခါးပေါက်ဆီသို့ လှမ်းတက်ရတော့မည်ဟူသော ခံစားချက်မျိုးကို ရရှိနေ၏။ သူသည် သူ့သားအကြောင်းကို ကောင်းကောင်းသိ၏။ သူ့သားသည် ဘာမဆို ပြုလုပ်မှာ သေချာ၏။
“ငါက မင်းအဖေပဲလေ။ မင်းအသက်ကို ပေးထားတာ ငါပဲ” ပိုင်ချမ်းရုံက ထအော်လိုက်သည်။
“ဟမ့်”
ပိုင်ချမ်းဟန်သည် နှာခေါင်းရှုံ့လိုက်၏။ သူသည် လက်သီးကို ခပ်တင်းတင်း ဆုပ်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ဒီတော့ အဖေ့ကို ကောင်းကောင်း ကျေးဇူးဆပ်ရမှာပေါ့”
“မင်း.. မင်း လုပ်ရဲတာလား”
ပိုင်ချမ်းရုံ၏ မျက်လုံးများသည် ပြူးထွက်သွား၏။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဘာလို့ မလုပ်ရဲရမှာလဲ”
ပိုင်ချမ်းဟန်သည် ထပ်ကာပြောလိုက်၏။ စူးရှလှသည့်အသံသည် လေထုထဲကို ဖြတ်သန်းပြီးသည့်နောက် အင်ပါယာမြို့တစ်ခုလုံးသို့ပင် ပဲ့တင်ထပ်လျက်ရှိ၏။
“အင်ပါယာကို ကာကွယ်ကြ.. မြန်မြန်… အင်ပါယာကို ကာကွယ်။ နဝမမြောက်မင်းသားက ပုန်ကန်နေပြီ” လျှိုကျန်းသည် ထောင့်တစ်ခုတွင် ပုန်းကွယ်လျက်ရှိနေ၏။ သူ၏ ကျန်းချီများကို စုစည်းကာဖြင့် အားလုံးကြားအောင် အော်ဟစ်လိုက်သည်။
“အမ်”
ပိုင်ချမ်းဟန်က မျက်မှောင်ကုတ်လိုက်သည်။ လက်ကို အသာယမ်းခါလိုက်သည့်အချိန်မှာတော့ အပြာရောင်နဂါးကြီးတစ်ကောင် ကောင်းကင်ယံပေါ်တွင် ဖြစ်တည်လာ၏။ ထိုနဂါးကြီးဆီမှ ဓားအလင်းများ ထွက်ပေါ်လျက်ရှိပြီး နဂါး၏ အမြီးကြီးသည် လျှိုကျန်းရှိရာ တည်နေရာဆီသို့ ရိုက်နှက်လိုက်၏။
လျှိုကျန်း သည် သေဆုံးသွားခဲ့သည်ဆိုသော်လည်း သူ၏ နောက်ဆုံးစကားမှာတော့ အကျိုးသက်ရောက်မှု ရှိခဲ့၏။ အင်ပါယာမြို့၏ ကောင်းကင်ယံထက်၌ များပြားလှသည့် အလင်းတန်းများ ဖြစ်တည်လာ၏။ ရေတွက်လို့မရအောင် များပြားသော စစ်သည်များသည် တည်နေရာအနှံ့ဆီမှ ပြေးလာပြီး ဟောခန်းတစ်ခုလုံး ဆီသို့ လာရောက်ကာ ဝိုင်းရံလေသည်။
ခန့်မှန်း၍ မရအောင် များပြားလွန်းလှသည့် အော်ရာများ စုစည်းလာခဲ့ပြီးနောက် လေထုတစ်ခုလုံးသည် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်တော့မည့် အရှိန်အဝါမျိုးပင်။
တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် သူတော်စင်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် ပိုင်ချမ်းဟန်နှင့် ရင်းနှီး ပတ်သက်နေသူများဖြစ်ပြီး တချို့မှာတော့ တော်ဝင်ရင်နိုင်ငံ၏ ဧည့်သည်များပင် ဖြစ်လေ၏။ ထိုသူတို့အားလုံး သည် နန်းတော်တွင်းတွင် ဖြစ်နေသည့် ရှုပ်ထွေးလျက်ရှိနေသော မြင်ကွင်းကို ကြည့်ရှုလျက် ရှိနေ၏။
နဝမမြောက်မင်းသားသည် နတ်ဘုရားအင်ပါယာကို လည်ပင်းမှ ဆုပ်ကိုင်ကာ လေထုထဲသို့ ဆွဲမြှောက်ထားခဲ့၏။ ဘာတွေဖြစ်နေသနည်း။ ပုန်ကန်နေလေသည်လား။
“နဝမမြောက်မင်းသားက ပုန်ကန်နေပြီ။ တကယ်လို့ အမှန်ပဲဆိုလို့ရှိရင်”
“ဒီမြင်ကွင်းကို ကြည့်လိုက်လေ။ တကယ်ပဲ ရှင်းရှင်းလင်းလင်း မြင်နေတာ မဟုတ်လား”
“ပိုင်ချမ်းဟန်က တကယ့်ကို အလိုလောဘကြီးတာပဲ။ လောကမှာရှိတဲ့လူတွေ အကုန်လုံးက ဒီလိုကိစ္စမျိုးကို လက်ခံနိုင်မှာ မဟုတ်ဘူး”
“နဝမမြောက်မင်းသားရဲ့ အရှိန်အဟုန်ကို ကြည့်ရမယ်ဆိုရင် သူ သူတော်စင်ဖြစ်သွားတဲ့ပုံပဲ”
“ဒီအဆင့် ကျင့်ကြံသူတစ်ယောက်က အင်ပါယာရာထူးကို တက်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံး အရည်အချင်း ပြည့်တဲ့လူပဲလေ။ ပြီးတော့ လက်ရှိအင်ပါယာက နှစ်ပေါင်းငါးထောင်လောက် အုပ်စိုးခဲ့ပြီးပြီ။ နန်းပေါ်ကနေ ဆင်းချိန်တန်ပြီ”
“ဒီကိစ္စတွေ ဖြစ်သွားပြီးရင် ဘာပဲဖြစ်ဖြစ် တော်ဝင်ရင်နိုင်ငံရဲ့ အင်ပါယာက သူတော်စင်တစ်ပါး ဖြစ်လာခဲ့မှာပဲ”
“ဒါနဲ့ တော်ဝင်ရင်နိုင်ငံရဲ့ အရင်မင်းသားတွေ အကုန်လုံးက ပျောက်ကွယ်သွားခဲ့တယ်မလား။ ငါ့ခန့်မှန်းကြည့်ရမယ် ဆိုရင် ….”
“သတိထား”
ရေတွက်လို့မရအောင် များပြားသည့် ဧည့်သည်များနှင့် နောက်လိုက်နောက်ပါများ အားလုံးတို့သည် တည်နေရာ ဆီသို့ ရောက်ရှိလာပြီးသည့်နောက် ပြောဆိုဆွေးနွေးလျက်ရှိသည်။ ၎င်းတို့သည် ပိုင်ချမ်းဟန် တစ်ယောက် တော်ဝင်ရင်နိုင်ငံ၏ အင်ပါယာဖြစ်လာမည့် ကိစ္စကို အနည်းငယ်သာလျှင် စိတ်ဝင်စားကြ၏။ ထို့အပြင် ၎င်းတို့အားလုံးသည် အပြင်လူများသာလျှင်ဖြစ်၏။ နန်းတွင်းနန်းရေးကိစ္စနှင့် ပတ်သက်လျှင် သူတို့ ဘာတစ်ခုမှ ပြောဆိုနိုင်စွမ်း မရှိကြချေ။
သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံ၏ မိသားစုများမှာတော့ ခြားနားလှသည့်အမြင်ရှိသည်။ တချို့သည် ပိုင်ချမ်းဟန်၏ လုပ်ဆောင်မှုများ အားလုံးသည် အင်ပါယာမိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယုံကြည်ကြ၏။ သို့ပေမဲ့ တချို့မှာတော့ တရားမျှတသည်ဟု တွေးတောနေကြ၏။ တချို့မှာတော့ ဤကဲ့သို့သော ကိစ္စရပ်များကို ဝင်ရောက် တွေးတောရန်ပင် ပျင်းရိနေကြ၏။ သို့ပေမဲ့ သူတို့ မည်မျှပင်တွေးတွေး ရှေ့ဆီသို့ တစ်လှမ်းမှ မတတ်ခဲ့ကြချေ။ တည်နေရာတွင်သာ မတ်မတ်ရပ်ပြီး ကြည့်ရှုနေကြ၏။
ပိုင်ချမ်းဟန်၏ ကျင့်ကြံခြင်းအဆင့်များသည် ကြောက်ခမန်းလိလိ အရှိန်အဝါမျိုးဖြင့် ဖြစ်တည်နေသည် မဟုတ်ပါလား။ တစ်ဖက်လူသည် ကျိန်းသေပေါက် သူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။
ဘိုးဘေးကြီးများသာ ပါဝင်ပတ်သက်ခြင်း မရှိသည်ဆိုပါက ဤတည်နေရာတွင် ပိုင်ချမ်းဟန်ကို ရင်ဆိုင်ယှဉ်ပြိုင်နိုင်သည့်လူ ဟူ၍ တစ်ယောက်မှ မရှိချေ။ ၎င်းတို့ ရှေ့ဆီသို့ သွားမည်ဆိုပါက သေဆုံးခြင်း အဖြစ်ဆီသို့ ရောက်ရှိကုန်မည်ဖြစ်သည်။
“ကြည့်ရတာ”
ပိုင်ချမ်းဟန်သည် လှည့်ကာဖြင့် လူကြားထဲသို့ အသာလှမ်းကာ ကြည့်ရှုပြီးသည့်နောက် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “လူတွေအားလုံးကို ကြည့်ရတာ ခင်ဗျားရဲ့ဘက်မှာ မရှိဘူး။ ဒီတော့ အင်ပါယာ အဖေအနေနဲ့ ထွက်ခွာသွားဖို့ အချိန်ကျပြီ။ ရှေ့မှာ အစ်ကိုရှစ်ယောက်ကလည်း စောင့်နေတယ် မဟုတ်လား”
ပြောပြီးသည့်နောက် ပိုင်ချမ်းဟန်သည် သူ၏တခြားသော လက်တစ်ဖက်ကို မြှောက်လိုက်၏။
“ရပ်စမ်း”
ပိုင်ချမ်းရုံသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် ကြမ်းကြမ်းတမ်းတမ်းဖြင့် ရုန်းကန်လျက်ရှိ၏။ ခန္ဓာကိုယ်ထဲတွင်ရှိသော ကျန်းချီများကို စုစည်းကာဖြင့် ချုပ်နှောင်ခံထားရခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေ၏။ ကံဆိုးစွာဖြင့် ပိုင်ချမ်းဟန်၏လက်သည် သံမဏိကဲ့သို့ပင် မာကျောလွန်းလှ၏။ တစ်ချက်ကလေးမှ မလွတ်မြောက်ခဲ့ချေ။
ပိုင်ချမ်းရုံသည် တစ်ဖက်လူ၏ လက်ချောင်းများမှာ သူ၏ဒန်ထျန်နှင့် ချီပင်လယ်ကို ထိုးနှက်လျက် ရှိနေသည်ကိုသာ အကူအညီမဲ့စွာဖြင့် အတိုင်းသား ကြည့်ရှုနေရ၏။
ဗွက် ဗွက်
ပေါ့ပါးသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ပိုင်ချမ်းရုံ၏ ကျင့်ကြံခြင်း တစ်ခုလုံသည် ချက်ချင်းပဲ ပျောက်ကွယ်သွား၏။ ကျင့်ကြံခြင်းများ မရှိတော့သည့်နောက် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် မည်သည့် အားအင်မှ မရှိတော့ချေ။ ပိုင်ချမ်းဟန်သည် ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်သည်။
ဘန်း
ပိုင်ချမ်းရုံသည် လေထုထဲမှ အောက်သို့ပြုတ်ကျ၏။ ၎င်းသည် ပါးစပ်ကိုဟ၍ တစ်စုံတစ်ခု ပြောဆိုရင် ပြင်လိုက်၏။ သို့ပေမဲ့ စကားလုံး နှစ်လုံးထဲသာ ထွက်လာ၏။ “ငါ.. ငါ မုန်း”
နူးညံ့သော လေပြည်ညှင်းများ တိုက်ခတ်လာခဲ့၏။ ပိုင်ချမ်းရုံ ပြောဆိုသောစကားသည် လေနှင့်အတူပင် ပျောက်ကွယ်သွားခဲ့သည်။
လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ကြီးမားသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည်အားလုံးတို့၏ နှလုံးသားထဲတွင် ဖိအားကြီးတစ်ခုလိုပင် ဖြစ်စေခဲ့၏။ ထို့ကြောင့် အားလုံးသော သူတို့သည် ခန္ဓာကိုယ်များပင် တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့သည် ပိုင်ချမ်းဟန်၏ နောက်ကျောကို ကြည့်ရှုရင်း နှလုံးသားထဲ၌ ကြောက်လန့်နေခဲ့ကြ၏။
ပိုင်ချမ်းဟန်သည် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ တစ်စုံတစ်ယောက်ကို စောင့်စားနေသကဲ့ သို့ပင်။
ဘာကိုစောင့်စားနေသည်ကို အားလုံးသော သူများက နားလည်လိုက်ကြ၏။ လက်ရှိအခြေအနေမှာတော့ ပိုင်ချမ်းရုံ၏ ကျင့်ကြံခြင်းအဆင့်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ၎င်းကို မကယ်တင်သည်ဆိုပါက ကျိန်းသေပေါက် ဆယ်ရက် သို့မဟုတ် လဝက်အတွင်း သေဆုံးသွားမှာဖြစ်၏။ သို့ပေမဲ့ ယခု ပိုင်ချမ်းဟန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ မည်သူက သွားရောက်ကာ ကယ်တင်ရဲ မည်နည်း။
လူတိုင်း၊ လူတိုင်းသည် ပိုင်ချမ်းရုံ၏ သက်တမ်းများ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်ကိုသာ အတိုင်းသား ကြည့်ရှုနေခဲ့ကြ၏။
ပိုင်ချမ်းဟန်သည် သူ၏အဖေကို သတ်သည့်လူတစ်ယောက်အဖြစ် တရားဝင် မခံယူခဲ့ချေ။ ပိုင်ချမ်းရုံ၏ သက်တမ်း များသည် တဖြည်းဖြည်း သူ့အလိုလို လျော့ကျလျက် ရှိနေသည်။ ပိုင်ချမ်းရုံကို ကယ်တင်ချင်သည်လူဟူ၍ တည်ရှိနေမည်ဆိုလျှင်တောင်မှ မည်သူမှသည် လာရောက်ကာ မကယ်တင်ရဲခဲ့ကြချေ။ ထို့အတူ အသံတောင်မှ မထွက်ရဲကြချေ။