အပိုင်း (၅၁)
Vol. 4 Ch. 51
နာရီဝက်ခန့် ကြာပြီးသည့်နောက် အပျက်အစီးပုံများကြားတွင် ရှိနေသည့် ပိုင်ချမ်းရုံ၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း မှိတ်သွား၏။ သူ့၌ ရှိနေသည့် အသက်ဓာတ်များသည် တဖြည်းဖြည်းချင်း လျော့ကျကာဖြင့် နောက်ဆုံးအခြေအနေတွင် အလုံးစုံ ပျောက်ကွယ်သွား၏။
ဤအတောအတွင်း နန်းတော်အတွင်းရှိ စစ်သည် တစ်ဦးတလေနှင့် တော်ဝင်ရင်နိုင်ငံ၏ ဘိုးဘေး တစ်ဦးတလေမှ ရှေ့ဆီသို့ တက်မလာကြချေ။ ပိုင်ချမ်းရုံ၏ နှလုံးသားထဲတွင် ရှိနေသည့် မျှော်လင့်ချက်သည် သူ၏အသက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ အခြေအနေတစ်ခုလုံးသည် ပိုမိုကာဖြင့် အရှိန်အဟုန် ပြင်းထန်လျက်ရှိသည်။ လက်ရှိရောက်ရှိနေသည့် လူပေါင်းများစွာတို့သည် ကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့ကြောင့် နတ်ဘုရားအင်ပါယာ၏ အော်ရာများ ပျောက်ကွယ်သွားသည်ကို ချက်ချင်းပဲ နားလည်လိုက်သည်။ လက်ရှိအခြေအနေတွင် တော်ဝင်ရင် နိုင်ငံတော်၏ အင်ပါယာ မရှိတော့ချေ။ ထို့ကြောင့် နန်းပုလ္လင်သည် လွတ်လျက် ရှိနေလေ၏။
နတ်ဘုရားအင်ပါယာ ဖြစ်လာရခြင်းသည် နက်နဲလွန်းလှသည့် သိုင်းနည်းစနစ်များ ပိုင်ဆိုင်သောကြောင့် သို့မဟုတ် အရင်းအမြစ်များ ပေါကြွယ်လွန်းသောကြောင့် မဟုတ်ချေ။ များပြားလှသည့် အခြေအနေများ ပါဝင်လျက်ရှိနေ၏။ ပင်ကိုယ်စွမ်းရည်အရ ကောင်းမွန်ရမည် ဖြစ်သလို နတ်အဆင့်ထိပ်ဆုံးတွင် ရှိနေမည်ဆိုပါက အရာအားလုံး လုံလောက်နေပြီဖြစ်သည်။
အင်ပါယာမိသားစုမှ လူတချို့သည် လက်ရှိအခြေအနေကို ကြည့်ရှုပြီး ထိုနန်းပုလ္လင်ကို ဆက်ခံရန် တွေးတောမိကြ၏။ သို့ပေမဲ့ သူတို့သည် ကျယ်ကျယ်မပြောရဲကြချေ။
ပိုင်ချမ်းရုံ၏ အဖြစ်သည် ဆိုးရွားလွန်းလှ၏။ သို့ပေမဲ့ ထိုအရာသည် ဝဋ်လည်ခြင်းသာလျှင် ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူတို့အားလုံးသည် အသက်ရှင်လျက် ရှိနေခြင်းကပင် ကောင်းချီးမင်္ဂလာတစ်ခုဟု သတ်မှတ်လိုက်ကြ၏။
အချိန်ခဏလောက်ကြာပြီးသည့်နောက် ပိုင်ချမ်းရုံ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်သွားခဲ့၏။ လေဟာနယ် ထဲတွင်တော့ ထူးမခြားနားသည့် အသံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအသံသည် အားလုံးသောသူတို့၏ နားထဲသို့ တိုးဝင်သွားခဲ့သည်။
“နတ်ဘုရားအင်ပါယာ ဆုံးသွားပြီ။ ကျုပ်တွေးတောသလိုဆိုရင် နိုင်ငံတစ်ခုက အုပ်စိုးသူမရှိဘဲ နေလို့မဖြစ်ဘူး။ ဒီနေ့ ကျုပ်က နန်းတက်မယ်။ ငြင်းချင်တဲ့လူ ရှိသေးလား”
ထိုအသံသည် ပြောဆိုဆွေးနွေးလျက်ရှိနေသည့် လူများအားလုံး၏အသံအား ရပ်တန့်သွားစေခဲ့၏။ တိကျ ရှင်းလင်းလှသည့် ကြေညာချက်တစ်ခုကို ထုတ်ဖော်ခဲ့ခြင်းပင်။
ပိုင်ချမ်းဟန် - သူသည် တော်ဝင်ရင်နိုင်ငံ၏ နတ်ဘုရားအင်ပါယာ ဆိုသည့်ဘွဲ့ထူးကို တစ်ခါတည်း ရယူတော့မည်ဖြစ်၏။ သဘောမတူသည့် လူများအားလုံး အရှေ့ဆီသို့ တစ်ခါတည်း တက်လှမ်းနိုင်၏။ လက်ရှိအချိန်မှာတော့ အားလုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ခဏလောက် တိတ်ဆိတ်သွားပြီးသည့်နောက် စစ်သည်တစ်ယောက်သည် ပထမဦးဆုံး တုန့်ပြန်ခဲ့သည်။ ၎င်းသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီးသည့်နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“နတ်ဘုရား အင်ပါယာကို ဦးညွတ်ပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ”
“ချီးတဲ့မှ”
များပြားလှသည့် လူများသည် မျက်လုံး အပြူးသား ဖြစ်သွားကြ၏။ ထိုသူ၏ တုံ့ပြန်မှုသည် အလွန်ပင် မြန်ဆန်လွန်းလှ၏။ ၎င်းတို့ပင် မဆုံးဖြတ်ရသေးချေ။ လူတော်တော်များများသည် တစ်ခါတည်း ဒူးထောက်ကာ အော်ဟစ်နှင့်ပြီး ဖြစ်နေကြ၏။
တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်ကို မြင်ရပြီးသည့်နောက် အားလုံးသော သူတို့သည် မကျေနပ်ဘူး ဆိုလျှင်တောင် အနောက်မှ လိုက်ပါရတော့သည်။ ပိုင်ချမ်းဟန်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ သူတို့ ယှဉ်ပြိုင်နိုင်သည့်အရာမျိုး မဟုတ်ချေ။
“နတ်ဘုရားအင်ပါယာကို ဦးညွတ်ပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ”
“နတ်ဘုရားအင်ပါယာကို ဦးညွတ်ပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ”
ချီးကျူးထောပနာပြုသည့် အသံသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေသည်။
ပိုင်ချမ်းဟန်သည် ရေတွက်လို့ မရအောင် များပြားလှသည့်လူများကို လှမ်းကာကြည့်ရှုလိုက်၏။
“အားလုံးပဲ မတ်တပ်ထပါ”
ထိုအချိန်မှာတော့ သူ၏အတွေးများသည် ရှင်းလင်းလျက်ရှိ၏။ သူ၏ နှလုံးသား တစ်ခုလုံးသည်လည်း သာမန်ထက် ပိုကာ ပေါ့ပါးနေ၏။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးသည့်နောက် သူသည် ဤတည်နေရာဆီသို့ ရောက်ရှိလာခဲ့သည်။ အိမ်မက် မက်နေသကဲ့သို့ပင် သူခံစားနေရသည်။ မယုံကြည်နိုင်ဖွယ်ရာပင်။
ယခင်တုန်းက မည်ကဲ့သို့ အသက်ရှင်ရမည်ဆိုသည်ကိုသာ အဓိက တွေးတောခဲ့မိသည်။ လက်ရှိအခြေအနေ မှာတော့ သူသည် နတ်ဘုရားအင်ပါယာ ဖြစ်လို့လာခဲ့၏။ သူသည် အစစ်အမှန် နတ်ဘုရားအင်ပါယာ ဖြစ်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ပိုင်ချမ်းဟန်သည် နှလုံးသားထဲမှ ပြောဆိုလိုက်မိ၏။ စီနီယာကြောင့်သာ မဟုတ်သည်ဆိုပါက ဤနေရာတွင် သေဆုံးသွားသည့်သူမှာ သူသာ ဖြစ်လိမ့်မည်ဟု သိရှိပြီးဖြစ်၏။
“စီနီယာကို ဘယ်လိုပြန်ပြီး ပေးဆပ်ရမလဲဆိုတာ ငါတကယ် တွေးသင့်ပြီပဲ”
ပိုင်ချမ်းဟန်က တွေးတောလိုက် မိသည်။ လီယွင်သာ ပိုင်ချမ်းဟန်၏ အတွေးကို သိမည်ဆိုပါက ကျိန်းသေပေါက် ဝမ်းမြောက်ဝမ်းသာဖြင့် ထကာ ရယ်မောနေပေလိမ့်မည်။
အချိန်အတော်ကြာ တွေးတောပြီးသည့်နောက် ပိုင်ချမ်းဟန်သည် သူ၏ရှေ့တွင် ရှိနေသောသူများကို ကြည့်ရှု လိုက်၏။ ပြီးနောက် အမှတ်မထင်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ ဘာမှလုပ်စရာ မရှိဘူးဆိုရင် ထွက်သွားကြတော့”
“ကျုပ်တို့ သွားပါတော့မယ်”
“ကျုပ်တို့ သွားပါတော့မယ်”
.........
အားလုံးထွက်ခွာသွားပြီးသည့်နောက် တော်ဝင်ရင်နိုင်ငံတော် တစ်ခုလုံးသို့ သတင်း ပျံ့နှံ့သွားခဲ့၏။ ထိုအရာသည် တော်ဝင်ရင်နိုင်ငံတော်သာလျှင်မက တလောကတစ်ခုလုံးဆီသို့ပင် ပျံ့နှံ့သွားခဲ့၏။
လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုပါက နတ်ဘုရားအင်ပါယာရာထူးကို လွှဲပြောင်းခြင်းဆိုသည်မှာ ဖြစ်ပေါ်လာ နိုင်သည့်ကိစ္စပင်ဖြစ်၏။ ထို့ကြောင့် တော်တော်များများသည် သိပ်ပြီး ဂရုမစိုက်ခဲ့ကြချေ။ သို့ပေမဲ့ ထိုကဲ့သို့သော ပြောင်းလဲမှုသည် ချောမွေ့သည့်ကိစ္စရပ်တော့ မဟုတ်ဘဲ တိုက်ခိုက်မှုများ ဖြစ်တည်ခဲ့သည်ဆိုသောကြောင့် စိတ်ဝင်စားစရာတော့ ကောင်းနေခဲ့သည်။
ထို့အပြင် ပိုမိုကာ စိတ်ဝင်စားစရာကောင်းသည့် သတင်းတစ်ခုက ထွက်ပေါ်လာခဲ့၏။ နှစ်ပေါင်းသောင်းချီ ပျောက်ဆုံးနေခဲ့သည့် သူတော်စင်ကောင်းချီးနည်းစနစ်သည် ပိုင်ချမ်းဟန်၏ လက်ထဲတွင် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အားလုံးသောသူများ ပြောဆိုဆွေးနွေးစရာ ဖြစ်လာခဲ့၏။ များပြားလှသော ဂိုဏ်းဂဏ အသီးသီးတို့၏ စိတ်ဝင်စားမှုများသည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။
တော်ဝင်ရင်နိုင်ငံတော်၏ ဟောခန်းထဲမှာတော့ ပိုင်ချမ်းဟန်သည် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်လျက်ရှိ၏။ အဓိက ဟောခန်းကြီး တစ်ခုလုံးကို ပြန်လည်ကာ ပြင်ဆင် တည်ဆောက်ရန် စီစဉ်ထားသည်ဆိုသော်လည်း အနည်းဆုံး နှစ်နှစ်နီးပါးလောက် ကြာမြင့်မှာဖြစ်၏။ ဤအတောအတွင်း ပိုင်ချမ်းဟန်သည် တခြားသော ကြီးမားသည့် ဟောခန်းတစ်ခုကို အဓိကဟောခန်းအဖြစ် သတ်မှတ်ကာ နေထိုင်နေသည်။
လက်ရှိအခြေအနေမှာတော့ ပိုင်ချမ်းဟန်သည် ဖြစ်လာမည့် ကိစ္စရပ်များကို ကြိုတင်ကာ စဉ်းစားလျက်ရှိ၏။ ယခင် နတ်ဘုရားအင်ပါယာ သေဆုံးခဲ့ပြီးသည့်နောက် သူ မဖြေရှင်းရသေးသည် ကိစ္စရပ်ပေါင်းများစွာ ကျန်ရှိခဲ့၏။ တချို့သော ကိစ္စများသည် မလျော်ညီသည့်ကိစ္စများ ပါဝင်လျက်ရှိ၏။ ထို့ကြောင့် ဖြစ်လာနိုင်မည့် အဟန့်အတား များကို တစ်ခါတည်း ဖြေရှင်းမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ကျုငုတ်ထားလျှင် ကျူပင်က ရှည်လာမှာဖြစ်၏။
အချိန်အတော်ကြာ တွေးတောနေတုန်းမှာပဲ တည်နေရာအနှံ့ဆီမှ ဖိအားကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။ မည်မျှ ရုန်းကန် ရုန်းကန် သူ ထိုအရာကို မတွန်းလှန်နိုင်ချေ။
“သူတော်စင်ဘုရင်”
ပိုင်ချမ်းဟန်က တုန်လှုပ်သွားခဲ့၏။ ဤခံစားချက်သည် သူ့အဖေ ခံစားခဲ့ရသည့် အတွေ့အကြုံ များကဲ့သို့ပင်။ လက်ရှိအချိန်မှာတော့ သူသည် ပြန်လည်ကာ ခံစားနေရ၏။ ချက်ချင်းပဲ ကမ္မဝဋ်လည် လေသည်လား။
“ဒီအော်ရာတွေက”
ပိုင်ချမ်းဟန်၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်သွား၏။ ဖိအားကို ကြည့်မည်ဆိုလျှင် သူသည် ရင်းနှီးနေသည့် ချီများကို အာရုံခံမိ၏။ တော်ဝင်ရင်နိုင်ငံ အင်ပါယာမိသားစုဆီမှ ရင်းနှီးလျက်ရှိနေသည့် ကျင့်ကြံခြင်းနည်းစနစ်၏ ချီပင်ဖြစ်သည်။ ထို့ကြောင့် လာရောက်လည်ပတ်သူသည် တော်ဝင်ယင်နိုင်ငံတော်၏ ဘိုးဘေးများထဲမှ တစ်ယောက် ဖြစ်နေသည်လား။
ထိုအခြင်းအရာကို သိသည့်အချိန်မှာတော့ ပိုင်ချမ်းဟန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။ သူသည် မရုန်းကန်တော့ချေ။ မိမိကိုယ်ကို တည်ငြိမ်အောင်သာ ထိန်းချုပ်လိုက်၏။ သူလုပ်သင့်သည်များကို လုပ်ခဲ့ပြီ ဖြစ်၏။ ဆန်းကြယ်လှသော ဘိုးဘေးသည်ကသာ ရောက်ရှိလာခဲ့ပြီး သူ့ကို ဆူငေါက်ကာ အပြစ်ပေးမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။
“ဘယ်လို ဂုဏ်သိက္ခာကြီးမားလှတဲ့ ဘိုးဘေး ရောက်ရှိလာတယ်ဆိုတာ မသိပါဘူး။ ဒီမလိမ္မာတဲ့ မျိုးဆက်က ခွင့်လွှတ်ပေးဖို့အတွက် တောင်းခံချင်ပါတယ်” ပိုင်ချမ်းဟန်သည် လေးလေးစားစားဖြင့် ပြောလိုက်၏။
“ပိုင်ချမ်းဖန်”
လေထုထဲမှာတော့ ပိုင်ချမ်းဖန်ဟူသည့် အသံက ထွက်ပေါ်လာသည်။ ထိုအရာသည် မိုးခြိမ်းသံကြီးတစ်ခုကဲ့သို့ပင်။ အသံသည် နားထဲသို့ ဝင်ရောက်လာပြီးသည့်နောက် သွေးများကို ဆူဝေစေခဲ့သည်။
“ဪ... ဆယ့်သုံးယောက်မြောက် ဘိုးဘေးလား”
ပိုင်ချမ်းဟန်သည် နှလုံးသားထဲတွင် အနည်းငယ် တင်းကျပ်သလို ခံစားလိုက်မိသည်။ ဤဘိုးဘေးသည် စိတ်ထားခက်ထန်ပြီး ပြောဆိုရခက်ခဲသော လူတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလှသူတစ်ယောက်ဖြစ်၏။ နတ်ဘုရားအင်ပါယာအဖြစ် တာဝန်ယူခဲ့သည့်အတောအတွင်း များပြားလှသည့် စစ်ပွဲများကို ဖန်တီးပြုလုပ်ခဲ့၏။ ၎င်းအား စစ်အင်ပါယာဟုပင် ဘွဲ့တပ်ခဲ့၏။
“ဘာသိချင်ပါသလဲ ဆယ့်သုံးယောက်မြောက် အကြီးအကဲ။ ဒီနေ့ အင်ပါယာနန်းတော်ကို လာရောက် လည်ပတ် တာက အမိန့်တစ်ခုခု ပေးချင်လို့ပါလား”
ပိုင်ချမ်းဟန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် မေးမြန်းလိုက်၏။ သူ၏ ခံစားချက်များကို မထုတ်ဖော်ချေ။
“သူတော်စင်ကောင်းချီး နည်းစနစ်ကို ကမ်းပေး။ ဒါဆိုရင် နှစ်ပေါင်းတစ်သောင်းလောက် နတ်ဘုရားအင်ပါယာ ရာထူးကို မြဲစေရမယ်လို့ ငါ အာမခံတယ်” ပိုင်ချမ်းဖန်၏ အသံသည် လေဟာနယ်ထဲ၌မှ ထွက်ပေါ်လာခဲ့၏။
“ဟမ့်”
ပိုင်ချမ်းဟန်သည် အသာရယ်မောလိုက်မိ၏။ သူ့ကိုယ်သူ ဘာထင်နေသနည်း။ မိသားစုထဲတွင် များပြားလှ သည့် အတွင်းရေးပြဿနာများ ဖြစ်ပေါ်နေစဉ်က ဤဘိုးဘေးသည် ပုန်းကွယ်လျက် နေခဲ့၏။ သို့ပေမဲ့ သူတော်စင် ကောင်းချီးဆိုသည့် သိုင်းနည်းစနစ် ပေါ်ပေါက်လာသည်နှင့် ချက်ချင်းပဲ ထွက်ပေါ်လာခဲ့၏။ လောဘမကြီးလွန်းပေဘူးလား။