အပိုင်း (၅၃)
Vol. 4 Ch. 53
"နတ်ဘုရားအင်ပါယာကို သတင်းပို့ပါတယ်။ ရောင်စဉ်အလင်းနတ်နယ်မြေက အကြီးအကဲ တစ်ယောက်က ဧည့်လာတွေ့ပါတယ်"
ပိုင်ချမ်းဟန် စဉ်းစားနေတုန်းမှာပဲ အဆင့်မြင့် ချပ်ဝတ်အပြည့်အစုံ ကို ဝတ်ဆင်ထားသည့် စစ်သူကြီးတစ်ဦး သည် ရောက်ရှိလာကာဖြင့် လေးလေးစားစား သတင်းပေးပို့၏။
"ရောင်စဉ်အလင်း နတ်နယ်မြေ ဟုတ်လား"
ပိုင်ချမ်းဟန်သည် မျက်မှောင်ကုတ်သွား၏။ ဤနတ်နယ်မြေသည် သာမန် အင်အားစု မဟုတ်ပေ။
လက်ရှိအချိန်၌ ဂိုဏ်းတိုင်းဂိုဏ်းတိုင်းတွင် စွမ်းအားမြင့်ကျင့်ကြံသူများ တည်ရှိနေ၏။ ထိုထဲတွင် အားအကောင်းဆုံးဟု သတ်မှတ်ထားကြသူများမှာ တော်ဝင် သူတော်စင်များပင် ဖြစ်သည်။ ရောင်စဉ် အလင်းနတ်နယ်မြေ၏ အားအကောင်းဆုံးသော ဘိုးဘေးကြီးသည် ကွာစီအင်ပါယာဖြစ်လို့ နေ၏။
ဟုတ်ပေသည်။
တစ်ချို့သော နတ်နယ်မြေများသည် ၎င်းတို့၏ အားအင်ကို ထုတ်မပြောကြဘဲ သိုသိုသိပ်သိပ်သာ နေထိုင်ကြ၏။ ကွာစီအင်ပါယာကဲ့သို့ ဘိုးဘေးကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ထုတ်ဖော် ပြောဆိုကြမှာ မဟုတ်ပေ။
ရောင်စဉ်အလင်းနတ်နယ်မြေသည် အကျိုးသင့်၊ အကြောင်းသင့်ကို နားလည်စွာဖြင့် ချဉ်းကပ်တတ်ကြ သူများဖြစ်သည်။ နတ်နယ်မြေများသည် အားကောင်းလာသည်နှင့်အမျှ ၎င်းတို့၏ မဟာမိတ်များနှင့် ပူးပေါင်းကာဖြင့် ပိုမို တောင့်တင်းအောင် ပြုလုပ်ထားခဲ့၏။
ထို့ကြောင့် လမ်းမှန်ဂိုဏ်းများ ဆိုလျှင်တောင်မှ ရောင်စဉ်အလင်းနတ်နယ်မြေကို ရန်ပြုရန်မှာ နှစ်ခါပြန် စဉ်းစားရသော အရာဖြစ်၏။ ရောင်စဉ်အလင်းနတ်နယ်မြေကို တိုက်ရိုက် ရန်ပြုရန် ကိစ္စအား မည်သူကမှ မစဉ်းစား၊ မတွေးခေါ်ဘဲ ပြုလုပ်မည် မဟုတ်ချေ။
"ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အကြီးအကဲတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ တော်ဝင်ရင် နိုင်ငံကို လာလည်ရတာလဲ" ပိုင်ချမ်းဟန်သည် စဉ်းစား၍မရအောင် ဖြစ်မိနေ၏။
သူ့ကို လာရောက်ကာ ဂုဏ်ပြုသည်လား။
သို့ပေမဲ့ ထိုအတွေးသည် မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားခဲ့၏။ သူသည် ယခုမှ သူတော်စင်တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ အင်ပါယာရာထူးကို ဆက်ခံခဲ့သည်မှာ နာရီပိုင်းမျှသာ ရှိသေးသည်။ ထို့ကြောင့် သတင်းသည် ရောင်စဉ် အလင်းနတ်နယ်မြေသို့ မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားနိုင်မည် မဟုတ်ချေ။ ရောင်စဉ်အလင်းနတ်နယ်မြေသည် သူတို့၏ နိုင်ငံတွင် သူလျိုများ ထားရှိ ထားသည်ဆိုလျှင်တောင်မှ ထိုသတင်းရောက်ရှိရန် အချိန်အတော်ကြာပေဦးမည်။ အချိန်အတိုင်းအတာ တိုလေးအတွင်း လူတစ်ယောက်ကို စေလွှတ်၍ ဂုဏ်ပြုခိုင်းသည် ဆိုခြင်းမှ အဓိပ္ပာယ်မရှိလှချေ။
"သူ့ကို အထဲဝင်ခိုင်းလိုက်လေ။ "
ပိုင်ချမ်းဟန်သည် မတ်တပ်ထရပ်လိုက်၏။ သူ၏ကျန်းချီများကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်ပြီး ခုဏက ဖြစ်ပေါ်ခဲ့သော ချွေးစေးများအား ဖျောက်ဖျက်လိုက်သည်။ နတ်ဘုရားအင်ပါယာတစ်ယောက်၏ ဆန်းကြယ်လှသော အော်ရာများသည် ပြန်ဖြစ်တည်လာ၏။
ဟောခန်း၏ အပြင်ဘက်ဆီမှ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ယောက် လျှောက်ဝင်လာသည်။
"ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ အကြီးအကဲ ဟုန်ယွမ်ရှန် က တာအိုရောင်ရင်း ပိုင်ချမ်း ကို လာပြီးတော့ ဂါဝရပြုပါတယ်။ "
ဟောခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဟုန်ယွမ်ရှန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုလိုက်၏။ ပြီးနောက် ၎င်းသည် ၎င်း၏နောက်ဘေးခြံဝန်းထဲသို့ ရောက်ရှိနေသလိုပင် သက်သောင့်သက်သာဖြင့် ရှိလို့နေခဲ့၏။ ဂါဝရပြုသည်ဟု ပြောဆိုခဲ့သော်လည်း သိပ်ပြီး လေးလေးစားစား ရှိမည့်ပုံမပေါ်ချေ။
"အကြီးအကဲ ဟုန် ကိုး"
ပိုင်ချမ်းဟန်၏ အသံသည် ထူးမခြားနားသလို ခပ်တည်တည် နှင့်ပင် နွေးထွေးမှုများ ကင်းလွတ်လျက် ရှိနေ၏။ သူသည် ယခုမှ နတ်ဘုရားအင်ပါယာဖြစ်လာသော်လည်း တစ်ဖက်လူသည် သူ့အား တာအိုရောင်ရင်းပိုင်ချမ်းဟုသာ ခေါ်ဆိုခဲ့၏။ နတ်ဘုရားပင်ပါယာဟု မခေါ်ခဲ့ချေ။
အခြေအနေကို ကြည့်ရသည်မှာ တော်ဝင်ရင်နိုင်ငံကို အနည်းငယ် အထင်သေးလျက် ရှိနေကြောင်း ထင်ရှားလှ၏။ တော်ဝင်ရင်နိုင်ငံ၏ အင်ပါယာနှင့် ရောင်စဉ်အလင်းနတ်နယ်မြေ၏ အကြီးအကဲတို့သည် တူညီသည့် အခြေအနေတွင် ရှိနေသည်ဟု တန်းလာညှိပါက နတ်ဘုရားအင်ပါယာ၏ သိက္ခာမှာ အလိုလိုကျဆင်းသွားမည် မဟုတ်ပါလား။
ငယ်စဉ်တုန်းက အတူတူ ပြိုင်ဆိုင်ခဲ့ဖူးသော ပြိုင်ဖက်များ ဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိတွင် မတူညီတော့ချေ။
"အကြီးအကဲဟုန် ရောက်လာတာ ဘာကြောင့်လဲ မသိဘူး"
ပိုင်ချမ်းဟန်သည် ဒေါသတရားကို ဖိနှိပ်ကာဖြင့် မေးမြန်းလိုက်၏။
တော်ဝင်ရင် နိုင်ငံတော်၏ အားအင်အဆင့်သည် နိမ့်ပါးလှသည် မဟုတ်ချေ။ သို့ပေမဲ့ ရောင်စဉ် အလင်းနတ်နယ်မြေနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ အနည်းငယ် လိုအပ်ချက်များ ရှိနေသေး၏။ နတ်နယ်မြေတွင် ကွာစီ အင်ပါယာ အဆင့် ဘိုးဘေးကြီး ရှိလား၊ မရှိသလား မသေချာပေ။ သေချာတာတစ်ခုတော့ ရှိ၏။ တော်ဝင်ရင်နိုင်ငံ၌ အင်ပါယာလက်နက်တစ်ခုမှ မပိုင်ဆိုင်ခြင်းပင်။
ရောင်စဉ်အလင်း နတ်နယ်မြေမှာတော့ အများအပြား ပိုင်ဆိုင်ထား၏။ သို့ပေမဲ့ ပိုင်ချမ်းဟန်အနေဖြင့် ဂုဏ်သိက္ခာတော့ အကျခံလိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်သမျှတော့ ဟန်ထုတ်၍ သိက္ခာမကျရန် ကြိုးစားပေလိမ့်မည်။
"ဒီဟုန် လာရတာ အကြောင်းအရင်း တစ်ခုကြောင့်။ သူတော်စင်ပိုင်ချမ်းလက်မှာ ရှိနေတဲ့ သူတော်စင်ကောင်းချီးအတွက်ပဲ"
ဟုန်ယွမ်ရှန် သည် အေးစက်စွာဖြင့် ပြောလိုက်၏။ လက်တစ်ဖက်ကို ဝေ့ယမ်းပြီးနောက် ကျောက်စိမ်းပြား တစ်ခုက သူ၏ လက်ထဲ၌ ပေါ်ပေါက်လာသည်။
"ဟုန် က တကယ့်ကို လေးလေးနက်နက်နဲ့ လာတာပါ။ ရောင်စဉ်အလင်းနတ်နယ်မြေအနေနဲ့ သူများပစ္စည်းကို အလကား မယူပါဘူး။ ဒီမှာ သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်။ ဒါနဲ့ တာအိုရောင်ရင်း ပိုင်ချမ်းလက်မှာ ရှိနေတဲ့ သူတော်စင်ကောင်းချီးနဲ့ လဲလှယ်လို့ ရနိုင်မလား"
"ခင်ဗျား ဟာသလာလုပ်နေတာလား" ပိုင်ချမ်းဟန်သည် အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်၏။ သူတော်စင်ကောင်းချီးကို သူတော်စင်အဆင့် ကျင့်ကြံခြင်းတစ်ခုနှင့် လာရောက်ကာ လဲလှယ်လျက် ရှိနေ၏။ ဤလောကကြီးတွင် ဤကဲ့သို့သော စီးပွားရေးမှာ မည်ကဲ့သို့ ရှိမည်နည်း။
သူတော်စင်အဆင့် နည်းစနစ်သည် တကယ်ပင် ကောင်းမွန်လှသည့် အရာတစ်ခုဖြစ်၏။ ပြောရမည်ဆိုလျှင် ထိုအရာသည် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သည့် အရာတစ်ခုဖြစ်၏။ သို့ပေမဲ့ ထိုအဆင့်ကို ရောက်ရှိရန်မှာ တစ်စုံတစ်ယောက်၏ ပါရမီ၊ အရည်အချင်း၊ နားလည်မှု စသည့်အရာများ အားလုံးတို့ လိုအပ်လျက် ရှိနေ၏။
သို့ပေမဲ့ သူတော်စင်ကောင်းချီး နည်းစနစ်မှာတော့ ခြားနားလွန်းလှ၏။ ထိုအရာကို နားလည်လိုက်သည်နှင့် တစ်ပြိုင်နှက် သူတော်စင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်၏။ နှိုင်းယှဉ်ရမည်ဆိုလျှင် တန်ဖိုးချင်းသည် အလုံးစုံကွာခြားလျက် ရှိနေ၏။ ထို့အပြင် သူတော်စင်အဆင့် နတ်ဘုရားနည်းစနစ် တစ်ခုတည်းသာဖြစ်၏။ တော်ဝင်ရင်နိုင်ငံတော်တွင် ထိုကဲ့သို့သော နည်းစနစ်များ တည်ရှိနေ၏။ သူမပိုင်ဆိုင်ရခြင်းမှာ သူ၏အဖေကြောင့်သာ ဖြစ်လေသည်။
"ဟုန်က ဘယ်တော့မှ ဟာသ မလုပ်ပါဘူး။ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ဂုဏ်သိက္ခာက ဟာသလုပ်မယ့် အခြေအနေမှာ မရှိဘူးလေ”
ဟုန်ယွမ်ရှန် သည် ခေါင်းကို ခါယမ်းပြီး ပိုင်ချမ်းဟန်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ "လဲမှာလား ၊ မလဲဘူးလား"
"ကျုပ်က မလဲဘူးပြောရင် ဘယ်လိုဖြစ်မှာလဲ" ပိုင်ချမ်းဟန်သည် အေးစက်စက် တုံ့ပြန်လိုက်၏။
"ကိစ္စမရှိပါဘူး"
ဟုန်ယွမ်ရှန် သည် ယုံကြည်ချက်အပြည်ဖြင့် ပြုံးလိုက်၏။ ပြီးနောက် ဆက်လက် ပြောလိုက်သည်။
"သူတော်စင်ကောင်းချီး နည်းစနစ်က အရမ်းကို တန်ဖိုးကြီးမားတယ်လေ။ ဒီဟာက တာအိုရောင်ရင်း ပိုင်ချမ်းလက်မှာ ပေါ်လာပြီဆိုတော့ လူတွေ မကြာခင်မှာ သိသွားကြမှာပဲ ။ ဒါဆိုရင် ဂိုဏ်းကြီးကြီးက လာပြီးတော့ ဖိအားပေးလိမ့်မယ်။ တော်ဝင်ရင်နိုင်ငံအနေနဲ့ လက်ရှိ ရှိတဲ့အင်အားလေးနဲ့ အဖက်ဖက် က ရောက်လာမယ့် ဖိအားတွေကို မခံနိုင်လောက်ဘူးလို့ ကျုပ် ထင်တယ်။ ဒါ့ကြောင့် တစ်ဖက်လှည့်နဲ့ လာကူညီတဲ့ သဘောပါပဲ”
"ဟမ့်"
ပိုင်ချမ်းဟန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ရောင်စဉ် အလင်းနတ်နယ်မြေ အနေနဲ့ ဒီကိစ္စကို ပူပန်ပေးဖို့ မလိုပါဘူး။ တော်ဝင်ရင်နိုင်ငံ ဆီမှာ ဒါကိုဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်"
"တာအိုရောင်းရင်း ပိုင်ချမ်းရဲ့ ဖြေရှင်းနည်း က ကောင်းကင်လျို့ဝှက်နန်းဆောင်နဲ့ သက်ဆိုင်နေတာလား"
ဟုန်ယွမ်ရှန်သည် ထပ်ကာ ပြောလိုက်၏။ သူသည် လေသံအနည်းငယ် မြင့်ကာဖြင့် ခပ်မာမာ ပြောလိုက်ခြင်း ဖြစ်သည်။
"ခင်ဗျား ယုံချင်ယုံ ၊ မယုံချင်နေ တာအိုရောင်ရင်းပိုင်ချမ်း … ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ သခင်ကိုယ်တိုင်တောင်မှ တစ်လောကလုံးက ဂိုဏ်းတွေအကုန် ပေါင်းပြီးရောက်လာမဲ့ ဖိအားဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး"