အပိုင်း (၅၅)
Vol. 4 Ch. 55
တော်ဝင်သဲကန္တာရမြို့၏အထက် လေဟာနယ်ထဲမှာတော့ အဘိုးအိုတစ်ယောက်၏ ပုံပန်းသွင်ပြင်က ပေါ်ပေါက် လာ၏။ ၎င်း၏မျက်နှာသွင်ပြင်သည် အေးစက်စက် ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ ကြီးမြတ်လွန်းသည့် အော်ရာများ ထွက်ပေါ်လျက်ရှိ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်”
ထိုအဘိုးကြီးသည် ပိုင်ချမ်းဖန်မှ လွဲလျှင် တခြားမဟုတ်ချေ။ သူသည် သူတော်စင်ဘုရင်အဆင့် အားအင်ကို ပိုင်ဆိုင်သည်ဖြစ်သောကြောင့် တော်ဝင်ရင်နိုင်ငံဆီမှ ဤနေရာဆီသို့ ရောက်ရှိ လာရန်အတွက် အချိန်ခဏလေးသာ ယူခဲ့ရ၏။
“ဒီနန်းဆောင်က ကြည့်ရတာ သာမန်ထက်ပိုတဲ့ပုံပဲ”
ပိုင်ချမ်းဖန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ မြို့ထဲမှာ ရှိနေသော ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် သူ၏နှလုံးသားထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ခံစားနေရ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သူ၏နီးကပ်သည့် တည်နေရာတွင် ရှိသည် ဆိုသော်လည်း မြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေ၏။ နတ်ဘုရားသိစိတ်ဖြင့် အထဲသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ထိုနေရာကြီးမှာ တခြားသောတည်နေရာဆီသို့ ရောက်ရှိသွားသလိုပင် ခံစားရစေသည်။
သူသွားသင့်လား၊ မသွားသင့်ပေဘူးလား။
လက်ရှိ အခြေအနေမှာတော့ ပိုင်ချမ်းဖန်သည် တွန့်ဆုတ်လျက်ရှိနေ၏။ ကြည့်ရသည်မှာ ပိုင်ချမ်းဟန်သည် လိမ်ညာခဲ့သည့်ပုံမပေါ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် တကယ်ပင် သာမန်ထက်ပိုသည့် လူတစ်ယောက်ဖြစ်ပြီး ပိုင်ချမ်းဖန်အနေဖြင့် တစ်ဖက်လူကို မဆိုနှင့် နန်းဆောင်၏ အတွင်းပိုင်းကိုပင် လှမ်းမျှော်ကြည့်ရှု၍ မရနိုင်ခဲ့ချေ။
“ဟမ်”
ပိုင်ချမ်းဖန် တစ်ယောက် တွန့်ဆုတ်လျက် ရှိနေတုန်းမှာပဲ မိုးကုတ်စက်ဝိုင်း၏ အစွန်းတစ်ဖက်တွင် လူအို တစ်ယောက်နှင့် လူငယ်တစ်ယောက်တို့သည် ရုတ်တရက် ပေါ်ပေါက်လာကြ၏။
ဘယ်ဘက်ခြမ်းမှ လူသည် ဆံပင်အဖြူရောင်နှင့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး ၎င်းသည် တည်ကြည်လေးနက်သည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်၏။ ၎င်း၏ မျက်နှာပေါ်တွင် အလွန်တရာ မောက်မာလှသည့် ဟန်ပန်အမူအရာမျိုး ဖြစ်ပေါ်နေခဲ့၏။ အောက်တွင်ကြည့်နေသည့် မြို့ကို လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်လုံးထဲ၌ အထင်အမြင်သေးသည့် အကြည့်များ ပေါ်ပေါက်လာခဲ့သည်။
ညာဘက်တွင် ရှိနေသည့် လူငယ်မှာတော့ အသက်နှစ်ဆယ်ပင် မကျော်သေးသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြစ်ပြီး ခေါက်ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထား၏။ ကြည့်ကောင်းပြီး သပ်ရပ်လွန်းလှ၏။ မျက်လုံးထဲတွင်လည်း လောကတွင်ရှိနေသည့်အရာအားလုံးကို တွေ့ကြုံခံစားဖူးသည့် လူတစ်ယောက်ကဲ့သို့ပင် အလွန်ရင့်ကျက်လှသည့် အမူအရာများ တည်ရှိနေ၏။
“သူတော်စင်နှစ်ယောက်လား”
ပိုင်ချမ်းဖန်၏ နှလုံးသားများသည် လှုပ်ရှားသွား၏။ သေသေချာချာ အကဲခတ် ကြည့်ရှုပြီးသည့်နောက် သူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်မိ၏။ “အင်း... ဆေးလုံးတွေကို အမှီအခိုပြု ပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို အတင်းတိုးမြှင့်ထားတာပဲ။ သူတို့ရဲ့ ရည်မှန်းချက်ကို ကြည့်ရတာ ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို ပစ်မှတ်ထားတာနဲ့တူတယ်။ အခွင့်အရေးကို အရယူပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အခြေအနေကို ငါစနည်းနာရမယ်”
ပိုင်ချမ်းဖန်သည် သူ၏စိတ်ကို ပြင်ဆင်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသည့် အော်ရာများ အားလုံးကို ဖိနှိပ်ပြီးသည့်နောက် သူသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ဆင်းသက်လိုက်၏။ ပြီးသည့်နောက် မည်သည့် နှောက်ယှက်မှုမှ မရှိဘဲ အစီအရင်ထဲသို့ ငြိမ်ငြိမ်သက်သက်ဖြင့် ဝင်ရောက်လိုက်၏။ ထို့အပြင် သူသည် သူတော်စင် ဘုရင်တစ်ယောက်ဖြစ်သည်မို့ နတ်အဆင့် အစီအရင်တစ်ခုသည် သူ့အား မတားဆီးနိုင်ချေ။
...........
“ကောင်းကင်လျှို့ဝှက်နန်းဆောင်လား”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ဘက်မှာတော့ သူတော်စင် နှစ်ယောက်တို့သည် ဘေးချင်းကပ်ကာ ရပ်လျက်ရှိနေ၏။ ငယ်ရွယ်သည့် ပုံပန်းသွင်ပြင်မျိုးရှိသော လူငယ်သည် ခေါက်ယပ်တောင်ကို အသာခပ်ရင်း အမှုမဲ့ အမှတ်မဲ့ဖြင့် ပြောလိုက်၏။ “စိတ်ဝင်စားစရာ ကောင်းတဲ့ပုံပဲ။ ကျုပ်ရဲ့ လက်ရှိအားအင်အဆင့်နဲ့တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ရှိတဲ့အရာတွေကို လှမ်းမျှော်ကြည့်ရှုလို့ မရနိုင်ဘူး”
“အင်း.. ဒါက အစီအရင် တစ်မျိုးမျိုးနဲ့ တားဆီးထားတာပဲ ဖြစ်ရမယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က တကယ်တမ်းသာ ကံကြမ္မာကို ကြည့်ရှုနိုင်မယ်ဆိုရင် သူက အစီအရင်နဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့သူ တစ်ယောက်ဖြစ်ရမယ်။ ဒါပေမဲ့ ကျုပ်တို့က ရောင်စဉ်အလင်းနတ်နယ်မြေကို ကိုယ်စားပြုပြီး ရောက်လာတာ။ သူတို့ကို ကူညီခြင်းအားဖြင့် ကျုပ်တို့ ထျန်းကန်ဂိုဏ်းက နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားရမယ်လေ”
ငယ်ရွယ်သည့်ပုံပန်းသွင်ပြင်မျိုးရှိသည် ဆိုသော်လည်း ထိုသူပြောဆိုသည့် စကားများ အားလုံးသည် တကယ်ပင် ရင့်ကျက်ပြီး ပညာရှိလွန်းလှ၏။ ရေတွက်လို့မရအောင် များပြားလှသော နှစ်များအတွင်း နေထိုင် အသက်ရှင်ခဲ့သည့် လူတစ်ယောက်ပင် ဖြစ်ပုံပေါ်၏။
မတူညီသည့် ပုံပန်းသွင်ပြင်နှင့် လူနှစ်ယောက်တို့သည် ရောင်စဉ်အလင်း နတ်နယ်မြေဆီမှ လူများ မဟုတ်ကြချေ။ သို့ပေမဲ့ မိတ်ဖက် အဖွဲ့အစည်းမှ ဖြစ်ကြ၏။ ထျန်းကန်ဂိုဏ်းမှ လူများကို ဟုန်ယွမ်ရှန်က ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ဒီမှာရေးထားတဲ့ ကဗျာလိုလို၊ စာလိုလို စာကို ကြည့်ရမယ်ဆိုရင်တော့ ဟိတ်ကြီးဟန်ကြီးပဲ”
အဘိုးအိုသည် ကဗျာကို ရွတ်ဖတ်လိုက်၏။ ပြီးသည့်နောက် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “ညီတော် ပြောတာမှန်တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်က ကြည့်ရတာ သာမန်ထက်ပိုတဲ့ စွမ်းရည်တော့ ရှိပုံပေါ်တယ်။ သူတော်စင်တစ်ယောက်ရဲ့ ကံကြမ္မာကို တွက်ချက်နိုင်တယ်ဆိုတာကပဲ ဂုဏ်ယူစရာ ကောင်းနေပြီလေ”
“အင်း... ပြီးတော့ သူတော်စင်ကောင်းချီး ဘယ်နေရာမှာရှိတယ်ဆိုတာကို ပြောပြနိုင်တာနဲ့တင် တကယ့်ကို ကြောက်မက်ဖွယ်ရာပဲ။ သူက ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ အခုတော့ နတ်ဘုရားကပ်ဘေး သင့်နေပြီပေါ့။ လောကကြီးတစ်ခုလုံးကို ကြည့်လိုက်။ ရောင်စဉ်အလင်းနတ်နယ်မြေလို ဂိုဏ်းမျိုးကို ပုန်ကန်နိုင်တဲ့လူက နည်းနည်းလေးပဲရှိတယ်”
“အတိအကျပဲပေါ့”
လူငယ်သည် ခေါင်းကိုညိတ်လိုက်၏။ သူသည် ခေါက်ယပ်တောင်ကို အသာဖြန့်ကာ တဖျပ်ဖျပ်နှင့် ခပ်လျက်ရှိ၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို လက်ညှိုးညွှန်ကာဖြင့် အမှုမဲ့၊ အမှတ်မဲ့ ပြောလိုက်သည်။ “သွားကြရအောင်။ ဒီလူကို သွားတွေ့ကြတာပေါ့”
ပြောပြောပြီးချင်းမှာပဲ ၎င်းတို့နှစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းဘက်မှာတော့ လီယွင်သည် ထိုင်ခုံတစ်လုံးပေါ်တွင် ပျင်းရိလေးကန်စွာဖြင့် လဲလျောင်းလျက် ရှိနေသည်။ သူသည် စာအုပ်တစ်အုပ်ကို အသာကိုင်ပြီး ရေနွေးကြမ်းသောက်လိုက်၊ စာအုပ်ဖတ်လိုက် လုပ်လျက်ရှိ၏။
ခြေသံများကို ကြားရသည့်အချိန်မှာတော့ အသာခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။ လူနှစ်ယောက်ကို မြင်လိုက်သည့်အချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် စနစ်၏ ကိုယ်ရေးအချက်အလက်နှစ်ခုက အလိုလို ထင်ပေါ်လာခဲ့သည်။
[နာမည် - ချမ်းဝူကုံ]
[အားအင်အဆင့် - သူတော်စင်အဆင့် (အတု)]
[ဂိုဏ်း - ထျန်းကန်ဂိုဏ်း]
[လက်ရှိအဆင့် - ထိပ်ဆုံးအဆင့်]
[တော်ဝင်သဲကန္တာရမြို့ဆီသို့ လက်ခံသူကို ဖမ်းဆီးရန် ယနေ့ ရောက်ရှိလာခဲ့၏။ ၎င်းတို့၏ ဦးတည်ရာသည် ရောင်စဉ်အလင်းနတ်နယ်မြေဆီသို့ဖြစ်သည်။ ပိုမိုသိရှိရန် နှိပ်ပါ]
........
[နာမည် - ရှမ်းဖန်]
[အားအင် - သူတော်စင်အဆင့် (အတု)]
[ဂိုဏ်း - ထျန်းကန်ဂိုဏ်း]
[လက်ရှိအဆင့် - ထိပ်ဆုံးအဆင့်]
[တော်ဝင်သဲကန္တာရမြို့ဆီသို့ ယနေ့ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ခံသူကို ဖမ်းဆီးရန်ပင်။ ၎င်း၏ ဦးတည်ရာသည် ရောင်စဉ်အလင်းနတ်နယ်မြေဆီသို့ ဖြစ်၏။ ထပ်မံသိရှိရန်နှိပ်ပါ]
“အမ်”
လီယွင်သည် ထိုအခြင်းအရာကို ဖတ်ရှုပြီးသည့်နောက် ရုတ်တရက် ငုတ်တုပ်ထထိုင်လိုက်မိ၏။
သောက်ကျိုးနည်း… ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများသည် ဘာလာလုပ်ကြသနည်း။ သူသည် ထိုဂိုဏ်းကို ကြားပင် မကြားဖူးချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် သူ့ကို ဖမ်းဆီးရန်အတွက် လူများကိုပင် လွှတ်လျက်ရှိ၏။ ဖြစ်နိုင်သည်မှာ ရမ်ချင်းတု သို့မဟုတ် ပိုင်ချမ်းဟန်တို့ကို လမ်းညွှန်ပြသခဲ့ခြင်းကြောင့်လည်း ဖြစ်ပုံပေါ်သည်။
“ချီးတဲ့မှ”
လီယွင်သည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလျက်ရှိ၏။ သူသည် လူသားတို့၏ သဘောသဘာဝကို အထင်အမြင်သေးမိခဲ့၏။ တချို့သောလူများသည် ငွေကြေးနှင့် အားအင်စိုက်ထုတ်မှု မပြုလုပ်ချင်ကြပေ။ ထို့ကြောင့် သူ့ကို တစ်ခါတည်း ပြန်ပေးဆွဲ ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ပုံပေါ်သည်။
“အင်း… ကြည့်ရတာ ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင် ဖြစ်လိမ့်မယ်”
ချမ်းဝူကုံသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ကြည့်ကောင်းလှစွာ ပြောလိုက်သည်။
“ဘာ.. တစ်ခုခု မှားနေလို့လား”
လီယွင်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် တင်းမာခက်ထန်လျက်ရှိ၏။ ၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခြင်းဆိုသည်မှာ စီးပွားရေးလုပ်ရန် မဟုတ်ဘဲ ပြန်ပေးဆွဲရန်ပင် ဖြစ်လို့နေ၏။ အဘယ်ကြောင့် သူသည် ချိုသာယဉ်ကျေးစွာဖြင့် ဆက်ဆံနေရမည်နည်း။ တစ်ခါတည်း မသတ်ဖြတ် ခြင်းကပင်လျှင် ၎င်းတို့ကို မျက်နှာသာ ပေးပြီးသား ဖြစ်သည်။