← Chapters

အပိုင်း (၅၇)

Vol. 4 Ch. 57

အပိုင်း (၅၇)

Vol. 4 Ch. 57

“စီနီယာအစ်ကို … ကျုပ်တို့ ကျုပ်တို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေ ဆုံးရှုံးနေပြီ”

ရှန်းဖန်သည် ခက်ခက်ခဲခဲပြောလိုက်၏။ သူသည် စောဏတုန်းက အသုံးပြုရန်အတွက် သူ၏ကျင့်ကြံခြင်းအဆင့်များကို စုစည်းခဲ့၏။ သို့ပေမဲ့ သူ၏ မရီဒန်များ အားလုံးသည် ဟောင်းလောင်းပေါက် ဖြစ်လို့နေ၏။ လက်ရှိအခြေအနေမှာတော့ သူသည် သူတော်စင်အဆင့်မှသည် သာမာန်လူတစ်ယောက်ကဲ့သို့ ပြောင်းလဲနေပြီဖြစ်၏။

“အမ်”

ချမ်းဝူကုံသည်လည်း ထိုအရာကိုခံစားလိုက်မိ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဆိုးရွားစွာ ပျက်စီးသွားခဲ့၏။ သူသည် ကြောင်အအဖြင့် ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင် ….”

ဘုန်း …..

သူပြော၍မပြီးခင်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖိအားသံသည် ကျဆင်းလာခဲ့သည်။ ၎င်းတို့ နှစ်ယောက်လုံးသည် မြေပေါ်သို့ ကျဆင်းလာခဲ့ကြပြီး မလှုပ်ရှားနိုင်ခဲ့တော့ချေ။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ တစ်စုံတစ်ယောက်က အဆင်အခြင်မဲ့ပြုလုပ်ရဲတာကိုး” လီယွင်သည် ထူးမခြားနားသလို မှတ်ချက်ပေးလိုက်၏။

“ဒါ ဘယ်လိုအစီအရင်မျိုးလဲ” ချမ်းဝူကုံသည် တုန်လှုပ်စွာဖြင့်ထအော်လိုက်မိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တစ်ချက်ကလေးမှ လှုပ်ရှားခဲ့သည့် ပုံပန်းသွင်ပြင်မျိုးမရှိသလို မည်သည့်ကျင့်ကြံခြင်းအော်ရာမှ ထွက်ပေါ်မလာခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် သူတို့အား ဖိနှိပ်ထားခဲ့၏။ ထိုအရာသည် ကျိန်းသေပေါက် မိမိ၏ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်ထက် အလွန်ဆန်းကြယ်လွန်းလှသည့် အစီအရင်တစ်ခုကြောင့်ဖြစ်ပုံပေါ်၏။

ထိုအစီအရင်သည် မမြင်ရအောင်ဖုံးကွယ်ထားခဲ့၏။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များကို ဖယ်ရှားနိုင်စွမ်းရှိသလို အစီအရင်ထဲတွင် ပိတ်မိနေသူများ အားလုံးသည်လည်း လှုပ်ရှားနိုင်စွမ်းမရှိသည့် အစီအရင်မျိုးသာ ဖြစ်ပေလိမ့်မည်။

“အင်း အစီအရင်နဲ့ပတ်သက်တဲ့အချက်အလက်တွေက အရေးမကြီးပါဘူး”

လီယွင်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ဒီနေ့မှာတော့ ကျုပ် ခင်ဗျားတို့ကို ပြောချင်တာ တစ်ခုရှိတယ်။ တစ်ချိန်တည်းမှာပဲ ကျုပ် လောကကြီးကိုလည်း အသိပေးချင်တာ ရှိသေးတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာက အဆင်အခြင်မဲ့ လာပြီးလုပ်လို့ရတဲ့ နေရာမျိုးမဟုတ်ဘူး။

“ဘာကိုဆိုလိုတာလဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်”

ချမ်းဝူကုံ၏ စိတ်များသည် အစစ်အမှန် လှုပ်ရှားလျက်ရှိနေ၏။ သူသည် အစစ်အမှန်ဒုက္ခ၏ အငွေ့သာရကို အာရုံခံမိနေ၏။ ချက်ခြင်းဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်တွင်ရှိနေသည့် အမွှေးအမျှင်များအားလုံးသည် ထောင်ထ လာ၏။ ချွေးစီးများ သည် အလိုလိုထွက်ပေါ်လာခဲ့၏။

သူ၏နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာကောင်း လှသည့် အတွေး တစ်ခုက ဖြစ်တည်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အားလုံးသောသူများကို သတိပေးသည့်အနေနှင့် သူတို့ကို တစ်စုံတစ်ခု ပြုလုပ်တော့မည်လား။

မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး။ သူတို့သည် ရောင်စဉ်အလင်းနတ်နယ်မြေကို ကိုယ်စားပြုကာ ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ တစ်လောကလုံးတွင် အင်ပါရီယာမိသားစုနှင့် တစ်ခြားအင်အားကြီးလှသော ဂိုဏ်းများ မှလွဲ၍ ရောင်စဉ်အလင်းနတ်နယ်မြေအား ကလန်ကဆန်ပြုလုပ်ရဲသူဟူ၍ သိပ်မရှိလှချေ။

နန်းဆောင်သခင် တစ်ယောက်တည်းသာလျှင် ထောက်ပံ့ထားသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင် ကဲ့သို့သော အရာလေးတစ်ခုသည် ဘယ်လိုလုပ်ပြီး ဂိုဏ်းတစ်ခုနှင့် ယှဉ်ပြိုင်ရဲရမည်နည်း။

“ခင်ဗျားတို့ ခန့်မှန်းထားတာအမှန်ပဲ။ ကျုပ်က ခင်ဗျားတို့ နှစ်ယောက်နှင့်ပတ်သက်ပြီး အားလုံးကို သတိပေးမှု လုပ်ချင်နေတာ”

လီယွင်ကပြုံးလိုက်သည်။ ဤအပြုံးသည် နတ်ဆိုးတစ်ပါး၏အပြုံးကဲ့သို့ပင် ကြောက်မက် ဖွယ်ရာကောင်းလေ၏။ ဤလူသည် သူတော်စင်တစ်ယောက်၏ အတွေးကိုပင် ဖတ်ရှုနိုင်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်... ရောင်စဉ်အလင်းနတ်နယ်မြေက ပြဿနာရှာမှာကို ခင်ဗျား မကြောက်ဘူးလား”

ရှမ်းဖန်သည် မေးခွန်းထုတ်လိုက်၏။ သူသည် အသက်ပိုပြင်းပြင်းရှူလိုက်၏။

“ကျုပ်တို့က ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အမိန့်နဲ့ဒီကိုလာခဲ့တာပဲ။ ကျုပ်တို့သာ ဒီနေရာမှာ သေဆုံး ပျောက်ကွယ်သွားတယ်ဆိုရင် သူတို့အားလုံးသိသွားမှာပဲလေ။ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အကြီးအကဲတွေ အကုန်လုံးက ဒီကိုရောက်ရှိလာလိမ့်မယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်လိုမျိုး သေးသေးလေးကို မပြောနဲ့။ မိုင်ပေါင်းများစွာ တည်နေရာ အကျယ်အဝန်းကို ပိုင်ဆိုင်တဲ့ နိုင်ငံတော်ကြီးတွေ၊ ဂိုဏ်းကဏ္ဍ အကြီးကြီးတွေတောင်မှ ကျုပ်တို့ကို ပြဿနာမရှာရဲဘူး”

“ခင်ဗျားတို့နှစ်ယောက်က သိပ်သနားဖို့ကောင်းတာပဲ”

လီယွင်က နှာခေါင်းရှုံလိုက်၏။ “ထျန်းကန် ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရောင်စဉ်အလင်းနတ် နယ်မြေရဲ့ အရှိန်အဝါကို အားကိုးနေရတာကိုး။ ကိုယ့်ဂိုဏ်းနဲ့ကိုယ်တောင် မားမားမတ်မတ် မရပ်တည်ရဲဘူးမဟုတ်လား”

“ခင်ဗျား ခင်ဗျား” ရှမ်းဖန်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် မဲမှောင်သွားသည်။

တကယ်အရှိုက်ကိုပင် ထိခဲ့၏။ တစ်ကယ်ပင် ထျန်းကန်ဂိုဏ်းသည် အဓိကဂိုဏ်းများနှင့် နှိုင်းယှဉ်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ ရောင်စဉ်အလင်းနတ်နယ်မြေ၏ ထောက်ပံ့မှုကိုမရရှိသည်ဆိုပါက ကျင့်ကြံခြင်း လောက တွင် ဘာအရာမှရောက်မည့် ဂိုဏ်းမျိုး မဟုတ်ချေ။

ထို့ပြင် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များသည်လည်း ရောင်စဉ်အလင်းနတ်နယ်မြေမှ ထောက်ပံ့ထားသည့် ဆေးလုံးများကိုသောက်သုံးပြီး ရောက်ရှိခဲ့သည့်အဆင့်များဖြစ်၏။ သူတော်စင်အတုဆိုသော်လည်း နတ်အဆင့်သိုင်းကျင့်ကြံသူများထက်တော့ ပိုမိုကာအားကောင်းလွန်းလှ၏။ သူတော်စင်ထက် အနည်း ငယ်သာလျှင် အားနည်း၏။

ထို့ပြင် ဤဆေးလုံးနှင့်ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးကြောင့် ၎င်းတို့ နှစ်ယောက်၏ သက်တမ်းများကို အလွန်အကျွံပေးအပ်ခဲ့ရ၏။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် ရောင်စဉ်အလင်းနတ်နယ်မြေကို အလုပ်အကျွေး ပြုရန် အားအင်အဆင့်များ တိုးတက်လာသည်ဆိုသည်မှာတော့ အမှန်ပင်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့နှစ်ယောက်က အပြင်လူတွေပဲလေ။ ကိုယ့်ကိုယ်ကိုယ် ဟိတ်ကြီးဟန်ကြီး လုပ်မနေနဲ့။ ရောင်စဉ်အလင်းနတ်နယ်မြေမှာရှိတဲ့လူတွေက ခင်ဗျားတို့ကို တစ်ချက်ကလေးမှ ဂရုစိုက်မှာမဟုတ်ဘူး”

လီယွင်သည် လက်ကိုမြှောက်လိုက်၏။ ပြီးနောက် လေထုထဲကို အသာခါယမ်းလိုက်၏။ “နောက်ဘဝကို သွားတော့”

“မဟုတ်ဘူး”

ချမ်းဝူကုံသည် ပါးစပ်ကိုဟလိုက်သည်။ သူသည် စကားတစ်ခုကိုသာလျှင် ရေရွတ်လိုက်မိ၏။ ပြီးသည့်နောက် ဆက်၍မပြောနိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ဘာမှန်းမသိသည့်အရာ တစ်ခုသည် သူတို့၏ ဝိညာဉ်ကို ဆွဲနှုတ်သွားသောကြောင့်ပင်။

ဘုတ်

အသက်မဲ့သည့်ခန္ဓာကိုယ်နှစ်ခုသည် အောက်သို့ပြုတ်ကျသွားခဲ့၏။ အသက်ဓာတ်များသည် လုံးဝမရှိတော့ချေ။

“အင်း ကြည့်ရတာ လောကတိုင်း လောကတိုင်းမှာ ကိုယ့်နေရာကိုယ်မသိတဲ့သူတွေ အများကြီးရှိပုံပေါ်တယ်”

လီယွင်က တီးတိုး ရေရွတ်လိုက်၏။ သူသည် သေဆုံးသွားခဲ့ပြီဖြစ်သော လူများ၏ သိုလှောင်လက်စွပ်များကို ယူကြည့်လိုက်၏။ နတ်ဘုရားအသိဖြင့် ဝင်ရောက်ကာကြည့်ရှုပြီးသည့်နောက် စိတ်ဝိညာဉ်ကျောက်တုံးများ၊ များပြားလှသည့် ကောင်းကင်ရတနာများကိုတွေ့လိုက်ရ၏။ ထို့ကြောင့် သူသည်သဘောတကျဖြင့် ပြုံးလိုက်မိ၏။

တကယ်ပင် ချမ်းသာရန်အတွက် အမြန်ဆုံးသောနည်းလမ်းသည် သွေးခင်းသည့်လမ်းသာလျှင်ဖြစ်၏။ ၎င်းတို့နှစ်ယောက်သည် အစစ်အမှန် သူတော်စင်များ မဟုတ်ကြချေ။ သို့ပေမဲ့ ချမ်းသာမှုမှာတော့ သူတော်စင်များထက်ပင် ပိုမိုကာ သာလွန်လျက်ရှိနေ၏။ ၎င်းတို့နှစ်ယောက်စုစည်းထားခဲ့သည့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးအရေအတွက်သည် တောင်ငယ်လေးနှစ်ခုပုံထားသကဲ့သို့ပင် များပြားလွန်းလှ၏။ အရေအတွက်အရ ပြောရမည်ဆိုလျှင် သန်းနှင့်ချီကာ တည်ရှိသည်။

“စနစ်... ဒီအရင်းအမြစ်တွေအကုန်လုံးကို ကောင်းကင်လျှို့ဝှက်အမှတ်နဲ့ လဲမယ်” လီယွင်ကပြောလိုက်၏။

သူ၏ စိတ်ထဲမှာတော့ တစ်ဝှီးဝှီးနှင့် အသံများထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် သူ၏ ကောင်းကင် လျှို့ဝှက်အမှတ်သည် ၁၇၀၀၀ တည်ရှိနေရာမှ ၂၃၀၀၀၀ ကျော်သို့ပင် ရောက်ရှိသွားခဲ့သည်။

All Chapters