အပိုင်း (၅၈)
Vol. 4 Ch. 58
ကောင်းကင်လျှို့ဝှက်အမှတ်များ အလွန်ပင် တိုးတက်လာသည်ကို မြင်ရပြီးသည့်နောက် လီယွင်၏ စိတ်တစ်ခုလုံးသည် စိတ်အေးချမ်းသာလျက်ရှိနေ၏။ သူသည် မြေပေါ်တွင်ရှိနေသည့် သူတော်စင်အတု နှစ်ယောက်၏အလောင်းကို ကြည့်ရှုလိုက်၏။ လက်တစ်ချက်ကို ယမ်းခါပြီးသည့်နောက် ၎င်းတို့အား ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ဆီသို့ ပို့ဆောင်လိုက်၏။
ချက်ချင်းဆိုသလိုပဲ တော်ဝင်သဲကန္တာရမြို့ကြီး၏ အစီအရင်ကို ဖယ်ရှားပြီးသည့်နောက် ၎င်းတို့အား မြို့၏ အပြင်ဘက်ဆီသို့ လွှတ်ပစ်လိုက်၏။ ထိုသို့လုပ်ပြီးမှသာလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မည်သူမှ လာရောက်ကာရန်မစရဲမှာဖြစ်၏။ ထိုအရာသည် တစ်ကယ့်ကို ချိန်းခြောက်မှု တစ်ခုဟု လီယွင်က သုံးသပ်ထားမိသည်။
သို့ပေမဲ့ သူ၏ ပစ်မှတ်သည် ရောင်စဉ်အလင်းနတ်နယ်မြေမှလူများ မကလှချေ။ တစ်ခြားသော လူပေါင်း များစွာတို့ကို သူ၏အကြောင်းနှင့်ပတ်သက်၍ သေသေချာချာ သိရှိနားလည်စေချင်မိ၏။ ထို့အတူ သူ၏ လွှမ်းမိုးနိုင်မှုကိုလည်း ပိုမိုကာတိုးချဲ့ရန် စဉ်းစားထားမိ၏။ သူသည် အနာဂတ်တွင် သတိအပြည့်နှင့် အားလုံးသောသူများကို ပြောဆိုဆက်ဆံရန်လိုအပ်နေကြောင်း နားလည်လိုက်မိသည်။
......
မြို့၏အပြင်ဘက်တွင်တော့ ဘုတ်ဟူသော အသံနှင့်အတူသည် ကောင်းကင်ယံမှ ခန္ဓာကိုယ်နှစ်ခုက ကျဆင်းလာခဲ့၏။ မြေပေါ်သို့ ကျဆင်းသွားပြီးသည့်နောက် ဖုန်များအလိမ့်လိမ့်တက်လာခဲ့၏။ ပိုင်ချမ်းဖန် သည် လေဟာနယ်ထဲမှ ဆင်းသက်လာခဲ့ပြီးသည့်နောက် ထိုအလောင်းနှစ်ခုဆီသို့ ချဉ်းကပ်သွားသည်။ သေသေချာချာ စစ်ဆေးကြည့်ရှုပြီးသည့်နောက် သူက တီးတိုးရေရွတ်လိုက်၏။ “ဒီလူနှစ်ယောက်ရဲ့ ဝတ်စုံတွေကို သုံးသပ်ရမယ်ဆိုရင် စောနကရောက်လာတဲ့ ထျန်းကန်ဂိုဏ်းရဲ့ လူနှစ်ယောက်ပဲ”
ထျန်းကန်ဂိုဏ်းအကြောင်း သူကောင်းကောင်းသိ၏။ ၎င်းဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေ၏ အောက်သို့ ခိုလှုံလျက်ရှိနေသည့် မဟာမိတ်လိုလို၊ အစေခံလိုလိုဂိုဏ်းတစ်ခုသာလျှင်ဖြစ်၏။ လုံလောက်သည့် အားအင်အဆင့်နှင့် ဂိုဏ်းတစ်ခုမဟုတ်သည်ဆိုသော်လည်း ကျင့်ကြံခြင်းလောကတွင်တော့ ရောင်စဉ်အလင်း နတ်နယ်မြေ၏ အရှိန်အဝါနှင့်အတူ အချို့သောဂုဏ်သိက္ခာများကို ပိုင်ဆိုင်လာ၏။ လူတော်တော်များများသည် ၎င်းတို့နှင့် ပြဿနာဖြစ်ရမည်ကို ရှောင်ရှားကြသည်။
“ဒီလူတွေ သေတာ တော်တော်ဆိုးဆိုးဝါးဝါးပဲ”
ပိုင်ချမ်းဖန်သည် ခေါင်းကိုငုံ့ပြီးသည့်နောက် လူသေ ခန္ဓာကိုယ်များကို သေသေချာချာကြည့်ရှုလိုက်၏။ ပိုမိုကာကြည့်ရှုလေ ပုံမှန်မဟုတ်သလို ပိုမိုကာ ခံစားလာရပေပင်။ ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် သေဆုံးခဲ့သည့်ပုံပေါ်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်၌ မည်သည့်ဒဏ်ရာမျှမရှိချေ။
ကျင့်ကြံခြင်းလောက တွင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်း ဆိုသည်မှာ အနည်းဆုံးအနေနှင့် ဒဏ်ရာတော့ရှိရန် လိုအပ်၏။ သို့ပေမဲ့ ဒဏ်ရာမရှိဘဲ သတ်ဖြတ်ခြင်း ဆိုသည်ကို ပိုင်ချမ်းဖန်တစ်ယောက် တစ်ခါမှမကြားခဲ့ဖူးချေ။ ထို့အတူ လက်ရှိ အခြေအနေကိုလည်း သူနားမလည်ချေ။
“ဝိညာဉ်နှုတ်တဲ့နည်းလမ်းများလား”
သူကထပ်မံကာ ပြောဆိုလိုက်မိ၏။ သို့ပေမဲ့ ထိုကဲ့သို့လည်း ဖြစ်ပုံ မပေါ်ချေ။ ဝိညာဉ်များ နှုတ်ခံလိုက်ရသည်ဆိုပါက နတ်ဘုရားစွမ်းအင် လှုပ်ခါမှုမျိုးကို ခံစားရနိုင်၏။ သို့ပေမဲ့ ဤကျင့်ကြံသူနှစ်ယောက်တို့ ၏ ကျန်းချီများသည် တစ်ချက်ကလေးတောင်မှ အသက်ဝင်သွားခဲ့ပုံမပေါ်ချေ။ ကြည့်ရသည်မှာ ချက်ခြင်းဆိုသလို သတ်ဖြတ်ခံရခြင်းနှင့်ပင် ဆင်တူနေ၏။
“အင်း..သူတော်စင်အတုနှစ်ယောက်ကို တစ်ခါတည်း သတ်ဖြတ်ပစ်တာ။ ပြီးတော့ လူသေ၏အလောင်း တွေကို တော်ဝင်သဲကန္တာရရဲ့ အနီးအနားကို ပစ်ထားသေးတယ်။ ဒီအပြုအမူက”
ပိုင်ချမ်းဖန်သည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။ သူသည် အခြေအနေကို သေသေချာချာ တွေးတောလျက်ရှိ၏။ ဤအဆင့် နည်းစနစ်သည် သူလုပ်နိုင်စွမ်းရှိသည့်အရာမျိုးမဟုတ်ချေ။၊
ထို့အတူ သူသည်လည်း ဤနှစ်ယောက်ကို အားအင်စိုက်ထုတ်မှုကင်းစွာဖြင့် သတ်ဖြတ်ပစ်နိုင်သည် ဆိုသော်လည်း မည်သည့် ဒဏ်ရာဒဏ်ချက်မှမပေါ်ဘဲ သတ်ဖြတ်ပစ်ရန်ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။ ထို့ပြင် သတ်ပြီး ဤကဲ့သို့ ပစ်ထားသည်ဆိုသည်မှာ ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများအားလုံး လာရောက်ကာ စုံစမ်းသည်ဆိုပါက တစ်ခါတည်း သိရှိသွားနိုင်သည်မဟုတ်ပါလား။
လူပေါင်းများစွာတို့သည် ထျန်းကန်ဂိုဏ်းနှင့် ပြဿနာဖြစ်ရန် တွန့်ဆုတ်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ရောင်စဉ်အလင်းနတ်နယ်မြေသည် နောက်ခံ၌တည်ရှိနေသောကြောင့်ပင်။
ပိုင်ချမ်းဖန်သည် ဆက်လက်ကာ သုံးသပ်လိုက်မိ၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်က ဒီလိုစွမ်းအင်မျိုးရှိတယ်။ သူက လူသေအလောင်းတွေကို ထင်ထင်ရှားရှားပဲ အနီးအနားမှာ ပစ်ထားတယ်။ ဒီလုပ်ရပ်တွေက ….”
လက်ရှိအခြေအနေမှာတော့ ပိုင်းချမ်းဖန်သည် နှလုံးခုန်သံများပင် မြန်ဆန်လာခဲ့၏။ သူသည် သက်ပြင်း အရှည်ကြီးကို ချလိုက်မိ၏။ ခန်းဆောင်သခင်၏ရည်ရွယ်ချက်ကို သူသေသေချာချာ အဖြေထုတ်သွားနိုင် သလိုပင် ခံစားနေမိ၏။ ဤအရာသည် ကျိန်းသေပေါက် အခွင့်အာဏာကို ထုတ်ဖော်ပြသခြင်းပင်။
ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရဲသည်ဆိုသော အချက်အလက်ကို ထုတ်ဖော် ပြသနေခြင်းပင်။ ရည်ရွယ်ချက်သည် ထင်ရှားလွန်းလှ၏။
“ဒီလူတွေကို သတ်လိုက်တာငါပဲ။ ငါဒီမှာ စောင့်နေတယ် မင်းတို့သတ္တိရှိရင် လာခဲ့” ဤသဘောပင်ဖြစ်လေသည်။
“အင်း... လူတစ်ယောက်တည်းနဲ့ နတ်နယ်မြေတစ်ခုကို စိန်ခေါ်ရဲတယ်ဆိုတာ ဘယ်လောက် သတ္တိကောင်း လိုက်လဲ”
ပိုင်ချမ်းဖန်သည် တွန့်ဆုတ်လျက်ရှိနေ၏။ သူ၏ အလိုလိုသိစိတ်အရဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူထင်မှတ်မထားသည်ထက် ပိုမိုကာ အားကောင်းလွန်းပုံပေါ်၏။
ရောင်စဉ်အလင်းနတ်နယ်မြေကို စိန်ခေါ်ရဲသည် ဆိုသည်နှင့် အားအင်အဆင့်မှာ သူ ထင်မှတ်ထားသည်ထက် ပိုမိုကာအားကောင်း နေမည်မှာ ထင်ရှားလွန်းလှ၏။ ထို့အတူ စိတ်ထဲမှာမှတ်ထားရန် လိုသည်မှာ ရောင်စဉ် အလင်းနတ်နယ်မြေ၌ ကွာစီအင်ပါယာနှင့် အင်ပါရီယာလက်နက်များ တည်ရှိလို့နေ၏။ သာမန် အင်ပါရီယာကလန်များပင်လျှင် ရောင်စဉ်အလင်းနတ်နယ်မြေကို ရဲရဲတင်းတင်းနှင့် ပြဿနာမရှာရဲချေ။
တော်ဝင်ရင်နိုင်ငံကဲ့သို့ အကြောင်းကိုပြောရမည်ဆိုလျှင် ရောင်စဉ်အလင်းနတ်နယ်မြေ၏ရှေ့တွင် ၎င်းတို့ အားလုံးသည် ငယ်ရွယ်လှသည့် ကလေးသူငယ်များကဲ့သို့ပင် ဖြစ်လို့နေ၏။ အားအင်အဆင့်နှင့် အခြေခံမှာ အလွန်အမင်းကွာခြားလွန်းလှ၏။
“ရောင်စဉ်အလင်းနတ်နယ်မြေက ဒီနေ့ဖြစ်တဲ့အဖြစ်အပျက်ကို သိဖို့ဆိုတာ သိပ်ပြီးကြာမှာမဟုတ်ဘူး။ ပြီးတော့ သူတော်စင်တွေ ဒီနေရာကိုရောက်လာတယ် ဆိုတာကိုလည်း လူတွေသိပြီးသားပဲလေ။ ငါ ဒီတော်ဝင်သဲကန္တာရမြို့မှာ ကြာကြာဆက်နေလို့မဖြစ်ဘူး”
ပိုင်ချမ်းဟန်၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်လျက်ရှိ၏။ သူသည် ချက်ခြင်းပဲ အသာလှည့်ကာ ထွက်ခွာ သွားခဲ့၏။ ဒီတည်နေရာကြီးတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာများဖြစ်လာမည့် တည်နေရာပင်။ သူ့အနေနှင့် နှစ်ဖက်လုံးကို ပြဿနာရှာရန် မတတ်နိုင်ချေ။ ထို့ကြောင့် ခပ်ဝေးဝေးဆီသို့ ရှောင်ရှားနေခြင်း ကသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ရောင်စဉ်အလင်းနတ်နယ်မြေမှလူများ ရောက်ရှိလာခဲ့ပြီး တော်ဝင်ရင်နိုင်ငံနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ကြားတွင်ရှိနေသည့် အရာများကို သိရှိပြီး သူတို့ကိုပါ သံသယဝင်သွားသည်ဆိုပါက ပြဿနာ တက်နိုင်မည် မဟုတ်ပါလား။ ထို့ပြင် သူသာ ဤတည်နေရာတွင် တည်ရှိနေပြီး ဖြစ်သမျှအရာအားလုံးကို ဤအတိုင်းကြည့်ရှုနေသည်ကိုသာ သိရှိသည်ဆိုပါက မည်သို့မျှ ပြန်လည်ကာ ဖြေရှင်းရမည်နည်း။
ပိုင်ချမ်းဖန်သည် လက်ကိုအသာမြှောက်လိုက်၏။ ပြီးသည့်နောက် သူတည်ရှိနေသည်ဆိုသော အရိပ် သင်္ကေတ သဲလွန်စများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ ပြီးနောက် ကောင်းကင်ပေါ်သို့ လှမ်းတက်ကာ တော်ဝင်ရင်နိုင်ငံတော်ဆီသို့ ဦးတည်လိုက်တော့၏။
သူတော်စင်ကောင်းချီးနည်းစနစ်သည် အလွန်ပင်အရေးကြီးလွန်းလှ၏။ သို့ပေမဲ့ မိမိအသက်ထက် အရေးကြီးသည့်အရာ ဆိုသည်မှာ မည်သည့် အရာမှမရှိချေ။ ထို့ပြင် လက်ရှိအခြေအနေကို ပြောရမည်ဆိုလျှင် ဤနည်းစနစ်သည် တော်ဝင်ရင်နိုင်ငံတော်၏လက်ထဲတွင် တည်ရှိနေပြီဖြစ်၏။ သူ၏လက်ထဲတွင် မရှိသည် ဆိုသော်လည်း သူ၏ဂျူနီယာလက်ထဲတွင် တည်ရှိနေသည်။
ပြောရမည်ဆိုလျှင် ပိုင်ချမ်းဖန်အနေနှင့် စောစောစီးစီး မစဉ်းစား၊ မတွေးတောဘဲ မပြုလုပ်ခဲ့ခြင်းမှာ ကံကောင်းလွန်းလှသည်ဟု တွေးတောနေမိ၏။
ဝှစ်
အလင်းတန်းတစ်ခုသည် ကောင်းကင်ကြီးကို ဖြတ်သန်းသွားခဲ့၏။
ပိုင်ချမ်းဖန် ထွက်ခွာသွားပြီးနောက်မှာပဲ ပိုင်ချမ်းဟန်ရောက်ရှိလာခဲ့၏။ ၎င်းသည် ခပ်ဝေးဝေးကောင်းကင်ယံဆီသို့ လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် စဉ်းစားလိုက်မိ၏။ ပြီးနောက် မသေချာ၊ မရေရာသလို ပြောလိုက်မိသည်။ “အင်း စောဏက ပျောက်သွားတဲ့လူက ဆယ်သုံးယောက်မြောက် ဘိုးဘေးလား”
အမြန်နှုန်းသည် သူကိုယ်တိုင် တုံ့ပြန်ချိန် မရလောက်အောင်ပင် မြန်ဆန်လွန်းလှ၏။ ထို့အတူ ဖြစ်တည်ခဲ့သည့် အော်ရာများကို အာရုံခံကြည့်ပြီးသည့်နောက် တစ်ဖက်လူသည် မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ခဏလောက်ကြာပြီးသည့်နောက် အော်ရာများသည် ချက်ခြင်းပျောက်ကွယ်သွားခဲ့၏။
“အင်း ဆယ်သုံးယောက်မြောက်ဘိုးဘေးရဲ့အားအင်အဆင့်နှင့်ဆိုရင် သူ ငါရှိတယ်ဆိုတာကို သိကိုသိရမှာပေါ့ ဒါပေမဲ့ တစ်ချက်ကလေးမှ မကြည့်ခဲ့မိဘူး၊ ဖြစ်နိုင်တာက …”
တွေးတောပြီးသည့်နောက် ပိုင်ချမ်းဟန်၏ မျက်လုံး များသည် တောက်ပသွားခဲ့၏။ ဖြစ်နိုင်သည်မှာ စီနီယာသည် သူ့ကို ကယ်တင်ခဲ့လေသည်လား။ ထိုကဲ့သို့ပင် ဖြစ်ရပေလိမ့်မည်။
တော်ဝင်ရင်နိုင်ငံတစ်ခုလုံးကို ကြည့်ရှုရမည်ဆိုလျှင် စီနီယာသည်သာ ဘေးနားတွင်ရှိသည် ဆိုပါက သူတော်စင်ဘုရင်ကဲ့သို့သောလူမျိုးပင်လျှင် မည်သည့်သတ္တိနှင့် သူ့ကို လာရောက်ကာ သတ်ဖြတ်ရဲမည်နည်း။
“ကြည့်ရတာ ငါသေသေချာချာသွားပြီးတော့ စီနီယာကို ကျေးဇူးတင်စကား ပြောသင့်တယ် ထင်တယ်” ပိုင်ချမ်းဟန်သည် ပြောဆိုလိုက်မိသည်။