ကြီးမြတ်သော အင်မော်တယ်သခင်အသစ်
Vol. 99 Ch. 1519
အင်မော်တယ်အတတ်ပညာခန်းမ၏ အခန်းထဲ၌ ထိုင်ခုံပေါ်မှာ ထိုင်နေသော ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က အရိုးဆေးမီးဖိုပေါ်သို့ ကျရောက်သွားသည်။
စောစောက သူသည် အကြောင်းအရင်းတချို့ကြောင့် ထူးဆန်းမှုကို ခံစားမိသွားသည်။ ဤသည်မှာ သူ့အပိုင်ဖြစ်သော ပစ္စည်းတစ်ခုခုက ထွက်ပေါ်လာသည့်အလားပင်။
သို့သော်လည်း ထိုခံစားမှုက မသိသာပေ။
သို့ဖြစ်၍ ယင်း၏ ဇစ်မြစ်ကို သူအာရုံခံနိုင်ရန် ခက်ခဲနေသည်။
‘ ဘာဖြစ်တာလဲ ’
ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။
မည်သို့သူစဉ်းစားပါစေ ယင်းကို သူအဖြေမရှာနိုင်ပေ။ ထို့ကြောင့် ယင်းကို သူ၏ စိတ်ထဲမှာသာ မြှုပ်နှံထားလိုက်ပြီး ဆေးမီးဖိုကို ဆက်လက် စိုက်ကြည့်လိုက်သည်။
‘ စီနီယာအကိုကြီးက မကြာခင် အောင်မြင်တော့မယ် ထင်တယ်… သူက မဟာအကြီးအကဲကို သန့်စင်ဖို့ ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲ ငါသိချင်မိတယ် ’
‘ ဒီဆေးမီးဖိုက အဓိကသော့ချက် ဖြစ်လောက်တယ် ’
‘ ဒီကိစ္စပြီးသွားရင် မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တံခါးပိတ်ကျင့်ကြံတဲ့ သီးသန့်နေရာကို ဖွင့်လှစ်မယ့်နေ့က ရောက်လာတော့မယ် ’
အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ဤရုပ်ခန္ဓာကိုယ်ကြောင့် ရပ်တန့်နေကြောင်း သူသိသည်။ ထိုအတွက် သူက နည်းလမ်းအမျိုးမျိုးကို ရှာဖွေခဲ့သည်။ ယခုအချိန်မှာ ထိုပြဿနာအတွက် ဖြေရှင်းနည်းနှစ်ခုသာ အလုပ်ဖြစ်နိုင်သည်။
ပထမနည်းလမ်းမှာ သူစုဆောင်းထားသော အဖြူရောင်ဖုန်နှင့် ဆန္ဒမျက်နှာဖုံးဖြစ်သည်။
သို့သော်လည်း ယင်းက သမားရိုးကျနည်းလမ်း မဟုတ်ပေ။
ဒုတိယနည်းလမ်းမှာ မဟာဧကရာဇ်၏ တံခါးပိတ်ကျင့်ကြံသော သီးသန့်နေရာတွင် သူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေရန် ဖြစ်သည်။
“ မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တံခါးပိတ်ကျင့်ကြံတဲ့ နေရာမှာ ငါ့ကို အဆင့်ချိုးဖြတ်နိုင်စေမယ့် အခွင့်အလမ်းတွေရှိဖို့ မျှော်လင့်တယ် ”
“ တကယ်လို့ အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင် တံခါးပိတ်ကျင့်ကြံဖို့ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေကနေ ထွက်သွားပြီး နန်းဟွမ်ကုန်းမြေဆီ ချက်ချင်း ငါပြန်မယ်… ပြီးသွားရင် ဆန္ဒမျက်နှာဖုံးကို အသုံးပြုပြီး ကိုယ်ပွားတစ်ခုကို ဖန်တီးမယ်… ဒါ့အပြင် အဖြူရောင်ဖုန်က ငါ့ရဲ့ ကမ္မဆက်နွယ်မှုတွေကို ပယ်ဖျက်ပေးလိမ့်မယ် ”
ရွှီချင်းက ထိုသို့တွေးတောနေစဉ် အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
အခန်းထဲတွင် ရွှီချင်းကဲ့သို့ပင် တခြားကိုယ်စားလှယ်များနှင့် အင်မော်တယ်သခင်များကလည်း မတူညီသော အတွေးကိုယ်စီဖြင့် ဆေးမီးဖိုကို စိုက်ကြည့်နေကြသည်။
စိုးရိမ်ကြောင့်ကြမှုက နှစ်ဖက်စလုံးမှ အင်မော်တယ်သခင်များ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
တချို့က မဟာအကြီးအကဲ အောင်မြင်သွားရန် မျှော်လင့်နေကြပြီး တချို့က ယွဲ့တုန်အနိုင်ရရန် မျှော်လင့်နေကြသည်။
မည်သို့ဖြစ်ပါစေ နောက်ဆုံးကျန်နေခဲ့မည့်လူက အရှေ့မိစ္ဆာငှက်မွှေးမှ အင်မော်တယ်အတတ်ပညာခန်းမ၏ ကြီးမြတ်သော အင်မော်တယ်သခင် ဖြစ်လာလိမ့်မည်။
ဆေးမီးဖိုထဲတွင်တော့ အပြင်လောကထက် ပိုပြီးပြင်းထန်သော စိုးရိမ်ကြောင့်ကြမှုက ဖြစ်ပေါ်နေသည်။
အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲသည် အလွန်စိုးရိမ်ကြောင့်ကြလာပြီး အပြင်းအထန် ရုန်းကန်နေသည်။ သူက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး အားညိုကို ဆက်လက် တိုက်ခိုက်လိုက်သည်။
အားညို၏ ဦးခေါင်းက ဆက်လက် အက်ကွဲသွားသော်လည်း ၎င်းက ထပ်ခါထပ်ခါ ပြန်ဖွဲ့စည်းသွားသည်။ သူသည်လည်း စိုးရိမ်နေသည်။
သို့သော်လည်း သူ၏ စိုးရိမ်မှုထဲမှာ ရူးသွပ်မှုက ကိန်းအောင်းနေသည်။
“ ငါမင်းကို သတ်မယ်… ငါမင်းကို သတ်မယ် ”
အားညိုက အံတင်းတင်းကြိတ်လိုက်သည်။
ဒြပ်စင်ငါးမျိုးဖြစ်သော သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးက အရည်ပျော်သွားကြပြီး ဆေးမီးဖို၏ သန့်စင်မှုကို ထပ်လောင်းအားဖြည့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်ဆန္ဒအောက်တွင် ဆေးမီဖိုတစ်ခုလုံးက ပွက်ပွက်ဆူလာပြီး အတွင်းဘက်မှ အပြင်းအထန် လောင်ကျွမ်းလာသည်။
သန့်စင်ခြင်းက ပိုပိုပြီး အားကောင်းလာသည်။
မဟာအကြီးအကဲအတွက်တော့ ယင်းက သေခြင်းရှင်ခြင်းအခြေအနေ ဖြစ်သည်။
တဖြည်းဖြည်း သူက ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။
အထူးသဖြင့် အားညိုက ရှေးဟောင်းနည်းလမ်းအမျိုးမျိုးကို အသုံးပြုနေသည့်အခါ ဖြစ်သည်။ ယင်းတို့က အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ သူက ယင်းတို့အားလုံးကို ထုတ်လွှတ်လိမ့်မည်။
မဟာအကြီးအကဲပင် နားမလည်သည့် ရှေးဟောင်းမန္တန်တချို့လည်း ရှိသေးသည်။
ဥပမာ ဤအခိုက်အတန့်မှာ သူက တစ်ဖက်လူကို အကြိမ်ပေါင်းဒါဇင်ခန့် ဆက်တိုက် ဖျက်ဆီးပစ်လိုက်သည်။ ထို့ပြင် သူ၏ အရိုးများက ပြာဖြစ်သွားပြီး သူ၏ အသွေးအသားများက မည်သည့်သဲလွန်စမှ မကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။ သို့သော်လည်း ယင်းတို့က စုဝေးသွားပြီး အားညိုက ပြန်လည်ဖွဲ့စည်းသွားသည်။ သူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
“ မဟာတာအိုက သဘာဝအလျောက် မွေးဖွားလာပြီး အကန့်အသတ်မဲ့သလို အဆုံးမဲ့တယ်… တာအိုက သဏ္ဍာန်မဲ့ထဲမှာ ပုန်းအောင်းနေတယ်… တာအိုက ကောင်းကင်နဲ့ မြေပြင်ကြားက အန္တိမပုံစံဖြစ်တယ်… ဒါကြောင့်… တာအိုရဲ့ ဆန္ဒက ငါ့ရဲ့ စိတ်ဆန္ဒဖြစ်လာစမ်း ”
အားညိုက ရှေးဟောင်းမန္တန်ကို ရွတ်ဆိုလိုက်သည့်အခါ ထူးဆန်းသော စွမ်းအားက ဆေးမီးဖိုထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
မဟာအကြီးအကဲက နှလုံးတုန်ယင်သွားစဉ် ထူးဆန်းသော ထိုစိတ်ဆန္ဒက ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းက ပုံရိပ်ယောင်ဖြစ်သည့်အလားပင်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူက ထိုရှေးဟောင်းမန္တန်ကို ထုတ်ဖော်ရန် စွမ်းအင်မလုံလောက်ခြင်း သို့မဟုတ် သူ၏ မန္တန်က မှားယွင်းနေခြင်း ဖြစ်နိုင်၏။
“ အဲ့ဒါက အလုပ်မဖြစ်ဘူးလား… ရတယ် ကိစ္စမရှိဘူး… ငါ့မှာ နောက်ထပ် မန္တန်တွေ ရှိသေးတယ် ”
အားညိုက မျက်နှာရှုံ့မဲ့သွားပြီး နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။
“ ယင်နဲ့ယန်က ဒြပ်စင်ငါးမျိုးကို မွေးဖွားပေးတယ်… ဒြပ်စင်ငါးမျိုးအတွင်းမှာ သဘာဝက သန္ဓေတည်လာတယ်… အဲ့ဒီသဘာဝက ဖန်တီးမှုရဲ့ လက်အောက်မှာရှိပြီး ကောင်းကင်နဲ့ မြေပြင်ရဲ့ အထောက်အပံ့တွေနဲ့ ရုပ်ဝတ္ထုရှိလာတယ်… ဒါကြောင့် လူသားခန္ဓာကိုယ်က ဖြစ်တည်လာခဲ့တယ်… ဒီဟာက ဒြပ်စင်ငါးမျိုးသန့်စင်ခြင်းပဲ… ဒြပ်စင်ငါးမျိုး ငါ့အတွက် သန့်စင်ပေးစမ်း ”
အားညိုက ဟိန်းအော်လိုက်သည်။
နောက်အခိုက်အတန့်မှာ ထူးဆန်းသော စိတ်ဆန္ဒက ထပ်မံ ထွက်ပေါ်လာသည်။ မဟာအကြီးအကဲက နောက်တစ်ကြိမ် နှလုံးတုန်သွားသည်။ သေခြင်းနိမိတ်သည်ပင် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်ဟု သူခံစားမိသွားသည်။
သို့သော်လည်း မကြာမီ ထိုစိတ်ဆန္ဒက လွင့်ပြယ်သွားသည်။
မဟာအကြီးအကဲ၏ မျက်နှာက ဖြူဖျော့သွားသည်။ ကြောက်ရွံ့မှုကြောင့် သူ၏ နှလုံးခုန်သံက ပိုမြန်လာသည်။ သူ့ရန်သူ၏ တကယ့်ဇစ်မြစ်နှင့်ပတ်သက်ပြီး ယခု သူက သံသယမရှိတော့ပေ။ တစ်ဖက်လူက ဧရာမပညတ်တော်ဖြစ်ကြောင်း လုံးဝ သူယုံကြည်သွားသည်။
သို့မဟုတ်လျှင် မည်သို့ကြောင့် တစ်ဖက်လူက တစ်ခါမှ သူမကြားဖူးသော ရှေးဟောင်းမန္တန်များကို တစ်ခုပြီးတစ်ခု ရွတ်ဆိုနိုင်မည်နည်း။
“ သူ့ကို ငါဆက်လွှတ်ထားလို့ မဖြစ်ဘူး ”
မဟာအကြီးအကဲက အံကြိတ်လိုက်သည်။ သူက ဆေးမီးဖို၏ သန့်စင်မှုကို တောင့်ခံလိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားကာ အားညိုကို တိုက်ခိုက်လိုက်သည်။
ပေါက်ကွဲသံနှင့်အတူ အားညို၏ ဦးခေါင်းက အက်ကွဲသွားသည်။
သူက ပြန်ဖွဲ့စည်းသွားသည့်အခါ သူ၏ အားနည်းသော အခြေအနေက ထွက်ပေါ်လာသည်။
မည်သို့ဖြစ်ပါစေ သူက စစ်မှန်သော မသေမျိုးမဟုတ်ပေ။ ဤအခိုက်အတန့်မှာ ပြန်ဖွဲ့စည်းသွားသော အမြန်နှုန်းက သိသိသာသာ လျော့ကျသွားသည်။
သို့သော်လည်း ရူးသွပ်သော အော်ဟစ်သံက ပျံ့လွင့်သွားသည်။
“ ငါမယုံဘူး သောက်အဖိုးကြီး… မင်းပဲ ငါ့ကို အရင်သတ်နိုင်မလား ငါပဲ မင်းကို အရင်သန့်စင်နိုင်မလား ကြည့်ရအောင် ”
အားညိုက အော်ပြောလိုက်သည်။ သေခြင်းရှင်ခြင်းအခြေအနေကြားတွင် သူ၏ အသံထဲမှာ နှလုံးကွဲကြေသော စိတ်ဆန္ဒ ပါဝင်နေသည်။
“ အရောင်အဝါ ထွန်းလင်းတောက်ပတယ်… နေက အရှေ့အရပ်ကနေ မြှောက်တတ်လာတယ်… ဒီကျိန်စာကို ကြားနားတဲ့လူက သေရမယ်… ဒီကျိန်စာနဲ့ တွေ့ကြုံတဲ့လူက အမြစ်ဖြတ်သုတ်သင်ခံရမယ် ”
ဤကျိန်စာမန္တန်က အတော်လေး ကြောက်စရာကောင်းသော်လည်း ယင်းက အသက်မဝင်လာပေ။
“ သက်ရှိတစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်တောက်လိုက်တယ်… သက်ရှိနှစ်ယောက်က ကမ္ဘာမြေကပ်ဘေးကို ဖြတ်တောက်လိုက်တယ်… သက်ရှိသုံးယောက်က လူသားကပ်ဘေးကို ဖြတ်တောက်လိုက်တယ်… သက်ရှိလေးယောက်က ဝိညာဉ်တံခါးကို ဖွင့်လှစ်လိုက်တယ်… သက်ရှိငါးယောက်က… ”
“ နံနက်ခင်းမှာ ကြယ်တွေကို ဆင့်ခေါ်လိုက်တယ်… ညနေခင်းမှာ အင်မော်တယ်တွေကို ဆင့်ခေါ်လိုက်တယ်… နတ်ဘုရားလိပ်က သူရဲကောင်းတွေရဲ့ ပြယုဂ်ဖြစ်ပြီး ဝိညာဉ်တစ်ထောင်ကို အမိန့်ပေးတယ်… ဘယ်လက်ရုံးနဲ့ ညာလက်ရုံးက ယဇ်ပလ္လင်ရှေ့မှာ ရပ်နေကြတယ်… မင်းတို့တွေ ငါ့အမိန့်တော်ကို လိုက်နာပြီး… ချီးပဲ… ကျန်တဲ့အပုဒ်ကို ငါမေ့သွားပြီ ”
“ အမှောင်ထုက ကောင်းကင်နဲ့ မြေပြင်နဲ့အတူ မွေးဖွားလာတယ်… အမှောင်ထုက လွင့်ပြယ်သွားတဲ့အခါ အလင်းရောင်က ထွက်ပေါ်လာတယ်… ဒြပ်စင်ငါးမျိုးရဲ့ ဘိုးဘေး၊ အခွံခြောက်ခုရဲ့ အနှစ်သာရ… ”
အားညိုက ရူးသွပ်သွားသည့်အခါ ဝုန်းခနဲ မြည်သံက ဆေးမီးဖိုထဲမှ ဆက်လက် ထွက်ပေါ်လာသည်။ လျှိုဝှက်ဆန်းကြယ်သော စိတ်ဆန္ဒက ပေါ်လိုက်ပျောက်လိုက်ဖြင့် ထပ်ခါတလဲလဲ ဖြစ်ပွားနေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ဆေးမီးဖို၏ သန့်စင်မှုသည်လည်း ထို့အတူပင်။
ထိုနည်းလမ်းက မဟာအကြီးအကဲ၏ စိတ်ကို အစွန်းဆုံးထိ ညှဉ်းပန်းနှိပ်စက်နေသည်။ ထိုအရူးကောင်က ယင်းကို တမင်လုပ်ဆောင်နေခြင်းဟုပင် သူက သံသယဝင်လာသည်။
ဆေးမီးဖို၏ သန့်စင်မှုက တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အရာအားလုံးကို လောင်ကျွမ်းပစ်နေသည်။
“ သေစမ်း… ပထမအုပ်ချုပ်သူတောင်က ဘာလို့ ဆေးမီးဖိုကို မဖွင့်သေးတာလဲ ”
မဟာအကြီးအကဲက စိုးရိမ်ကြောင့်ကြလာသည်။ သူ၏ ဆံပင်က ဖရိုဖရဲဖြစ်နေပြီး သူ၏ မျက်လုံးက နီရဲနေသည်။ သူက အားညိုဆီသို့ ထပ်မံ ပြေးသွားသည်။
အားညိုက မဟာအကြီးအကဲကို စိုက်ကြည့်လိုက်ပြီး ဟိန်းအော်လိုက်သည်။
“ ဖန်းမိသားစုရဲ့ အတတ်ပညာ… ကောင်းကင်ဘုံလမ်း အဆုံးသတ်ခြင်း… သုံးနဲ့ ငါးက တစ်ခုတည်းဖြစ်လာပြီး နေနဲ့လက အတူတကွ ပျက်စီးသွားပါစေ ”
“ အမှောင်ည… သေမင်းသံစဉ်ကို ငါဆင့်ခေါ်လိုက်တယ်… သေမင်းတမန်က ဒီဆေးမီးဖိုပေါ် ဆင်းသက်လာပြီး ငါ့အရှေ့က အသားတုံးကို သုံးဆောင်တော်မူပါ ”
“ မီးလျှံလနတ်ဘုရားအတတ်ပညာ… ငါ့ကို မြင်တဲ့လူတိုင်းက မျက်ကန်းဖြစ်စေ… ငါ့အသံကို ကြားတဲ့လူတိုင်းက နားကန်းစေ ”
“ တစ္ဆေတာအိုက ရှေးကျတယ်… တစ္ဆေက နတ်ဘုရားနဲ့ အလှမ်းဝေးပြီး ဝိညာဉ်တွေနဲ့ နီးစပ်တယ်… အခု ငါ့ရဲ့ အစစ်အမှန်နာမည်ကို ခေါ်လိုက်မယ်… ငါ့နာမည်က လောကတစ်ခွင် ကျော်ကြားသွားစေ… ပထမအကြိမ် တစ္ဆေနာမည်ကို သိသွားတဲ့အခါ မကောင်းဆိုးဝါးတွေက အနားမကပ်ရဲကြဘူး… ဒုတိယအကြိမ် တစ္ဆေနာမည်ကို အော်ပြောလိုက်တဲ့အခါ ဝိညာဉ်အားလုံးက ပြာဖြစ်သွားကြတယ်… တတိယအကြိမ် တစ္ဆေနာမည်ကို အော်ပြောလိုက်တဲ့အခါ တစ္ဆေတစ်ထောင်က ဝပ်တွားသွားကြတယ် ”
“ ရှေးဟောင်းဝိညာဉ်မျိုးနွယ်ရဲ့ အတတ်ပညာ… အမှောင်ထဲကို ဝင်ရောက်ပြီး မှန်ကန်တဲ့ အသက်ရှူခြင်းနဲ့အတူ ရှေ့ဆက်လျှောက်မယ်… ငါ့ကို လှည့်စားတဲ့ ဘယ်သူမဆို တန်ပြန်ဆိုးကျိုးကို ခံစားရမယ် ”
“ သစ္စာရှိတဲ့လူတွေကို ချီးမြှောက်တဲ့ အမိန့်တော်တစ်ခုကို ငါပိုင်ဆိုင်ထားတယ်… ငါ့ကို မကောင်းကြံတဲ့လူတွေက သစ္စာဖောက်တွေပဲ… သစ္စာဖောက်တွေက သေချာပေါက် ငရဲကျရလိမ့်မယ် ”
အားညိုက ရူးသွပ်သွားသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ အားညိုက သူမှတ်မိသော မန္တန်များကို ရွတ်ဆိုလိုက်သည်။ ထိုထဲမှာ တာအိုအတတ်ပညာများ၊ နတ်ဘုရားအတတ်ပညာများ၊ အင်မော်တယ်အတတ်ပညာများ၊ မျိုးနွယ်ခြားအတတ်ပညာများနှင့် တစ္ဆေအတတ်ပညာများပင် ပါဝင်ကြသည်။
သူက ပါးစပ်မှမရွတ်ဘဲ စိတ်ထဲမှာ တိတ်တဆိတ် အသက်သွင်းခဲ့သော အတတ်ပညာများလည်း ရှိသေးသည်။
ယခု သူက အတတ်ပညာအားလုံးကို အသုံးပြုလိုက်သည်။ ယင်းက အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲကို တုန်လှုပ်ချောက်ချားသွားစေသည်။ သူ၏ ဝိညာဉ်က ဤအခိုက်အတန့်မှာ ဆိုးဝါးစွာ ညှဉ်းပန်းနှိပ်စက်ခံနေရသည်။
ဆေးမီးဖိုထဲမှ ဝုန်းခနဲ မြည်သံများက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။ မဟာအကြီးအကဲက အသက်ရှူမြန်လာသည်။ ဤအခိုက်အတန့်မှာ စိတ်ရှုပ်ထွေးမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
အဘယ့်ကြောင့်ဆိုသော် သူ့ဘဝတစ်လျှောက်လုံးတွင် ထိုသို့ရန်သူမျိုးဖြင့် တစ်ခါမှ မရင်ဆိုင်ဖူးသောကြောင့် ဖြစ်သည်။
အကယ်၍ မန္တန်အားလုံးက အသက်ဝင်လာမည်ဆိုလျှင် ကိစ္စမရှိပေ။ သို့သော်လည်း ယင်းတို့ထဲမှ တချို့က အကျိုးသက်ရောက်မှုမရှိပေ။ သူက သတိပေါ့ဆလိုက်သည်နှင့်ချက်ချင်း ယင်းတို့ထဲမှ မန္တန်တစ်ခုက ရုတ်တရက် အသက်ဝင်လာလိမ့်မည်။
သို့ဖြစ်၍ သူက အချိန်ပြည့် သတိထားနေရသောကြောင့် အလွန်မောပန်းလာသည်။
ဤအခိုက်အတန့်မှာ အားညို၏ အသံက ပဲ့တင်ထပ်နေဆဲပင်။
“ အစိမ်းရောင်က အရှေ့အရပ်က သစ်သားကို ကိုယ်စားပြုပြီး အနီရောင်က တောင်အရပ်က မီးတောက်ကို ကိုယ်စားပြုတယ်… အဖြူရောင်က အနောက်အရပ်က သတ္ထုဖြစ်ပြီး အနက်ရောင်က မြောက်အရပ်က ရေကို ကိုယ်စားပြုတယ်… သတ္ထု၊ သစ်သား၊ ရေနဲ့ မီးက ရာသီဥတုလေးမျိုးကို ကိုယ်စားပြုတယ်… ဒြပ်စင်လေးမျိုးက ကမ္ဘာမြေကို ဗဟိုထားပြီးတော့ ဆေးမီးဖိုထဲကို ပေါင်းစပ်သွားစေ ”
“ သန့်စင်စမ်း… သန့်စင်စမ်း… သန့်စင်စမ်း ”
“ ငါ့အတွက် သန့်စင်လိုက်စမ်း ”
ဆေးမီးဖိုထဲမှ အရောင်ကိုးရောင်မီးတောက်များက ချက်ချင်း အားကောင်းလာကြသည်။ အားညို၏ ထာဝရအသက်မီးတောက်ကို ထည့်ပေါင်းလိုက်သည့်အခါ မီးတောက်က အရောင်ဆယ်ရောင်ဖြစ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို ထုတ်လွှတ်လိုက်သည်။
မီးတောက်များက တစ်ဟုန်ထိုး မြှောက်တတ်သွားစဉ် အားညို၏ ဦးခေါင်းက သူ့ဘာသာ ဝေဝါးသွားသည်။ မဟာအကြီးအကဲသည်တော့ သူ၏ အသွေးအသားများက ယိုယွင်းပျက်စီးသွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
အားညိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ မင်းက ငါ့ကို သန့်စင်ချင်တယ်ဟုတ်လား… လာ လာ လာစမ်းပါ… ငါ့ရဲ့ ဘဝပေါင်းများစွာထဲမှာ ငါ့ထက်ပိုပြီး သတ္တိကောင်းတဲ့လူကို အများကြီး မမြင်ဖူးဘူး ”
ဆယ်နာရီကုန်ဆုံးသွားသည်။
ဆေးမီးဖို၏ အပြင်ဘက်မှ ခန်းမထဲတွင် ယွင်သခင်လေးက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ မဟာအကြီးအကဲ၏ လက်အောက်မှ အင်မော်တယ်သခင်များသည်လည်း အချိန်ကြာလာသည်နှင့်အမျှ စိတ်မသက်မသာ ခံစားမိလာကြသည်။
ဆေးမီးဖိုက ဆက်လက် တုန်ယင်နေစဉ် ကျယ်လောင်သော မြည်သံက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထိုမြည်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မျက်လုံးမှိတ်ထားပြီး စောင့်ဆိုင်းနေကြသော အုပ်ချုပ်သူတောင်အမျိုးမျိုးမှ ကိုယ်စားလှယ်များက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်ကြသည်။ သူတို့အားလုံးက ဆေးမီးဖိုပေါ်သို့ အာရုံစိုက်လိုက်ကြသည်။
ရွှီချင်းသည်လည်း သူတို့ထဲမှာ ပါဝင်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင်က ထွက်ပေါ်လာသည်။ သူက လှမ်းကြည့်လိုက်သည်နှင့်ချက်ချင်း ဆေးမီးဖိုထံမှ ပေါက်ကွဲသံက ပိုပြီးကျယ်လောင်လာသည်။
နောက်အခိုက်အတန့်မှာ ဆေးမီးဖို၏ အဖုံးက ရုတ်တရက် ပွင့်သွားသည်။
အရောင်ဆယ်ရောင်မီးတောက်များက ဆေးမီးဖိုထဲမှ မြှောက်တတ်လာကြပြီး အခန်း၏ မျက်နှာကြက်ပေါ်သို့ ပျံတတ်သွားကြသည်။ ယင်းတို့က လေထဲမှာ အတူတကွ စုဝေးသွားကြပြီး အလွန်ကျယ်ပြောသော မီးဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။
တစ်ချိန်တည်းမှာ ဝေဝါးသော ပုံရိပ်တစ်ခုက အဖုံးပွင့်သွားသော ဆေးမီးဖိုထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
သူက ဆေးမီးဖိုအပြင်သို့ ထွက်လာသည်နှင့်ချက်ချင်း သူ၏ ဝေဝါးသော ပုံရိပ်က ကြည်လင်သွားသည်။
သူက အနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ယွဲ့တုန်ဖြစ်သည်။
သူ၏ ဆံပင်ရှည်က လေထဲမှာ လွင့်မျောနေစဉ် သူက အလွန်ချောမောလှပပုံပေါ်သည်။ ဘေးပတ်ဝန်းကျင်မှ မီးတောက်ဆယ်မျိုးက သူ့အတွက် ကခုန်နေကြဟန် ရ၏။
ဆေးမီးဖို၏ ဘေးပတ်ပတ်လည်မှ အင်မော်တယ်သခင်များသည် ဖော်မပြနိုင်အောင် အံ့ဩထိတ်လန့်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ယွဲ့တုန်၏ အနောက်တွင် မဟာအကြီးအကဲ၏ သက်လတ်ပိုင်းပုံရိပ်၊ လူငယ်ပုံရိပ်နှင့် ကလေးပုံရိပ်က ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။
မဟာအကြီးအကဲ၏ မူလခန္ဓာကိုယ်သည်တော့ မည်သည့်သဲလွန်စမှ ရှာမရပေ။
ဤသည်မှာ မဟာအကြီးအကဲက ယွဲ့တုန်၏ ဝါးမျိုခံလိုက်ရသည့်အလားပင်။
ဤအခိုက်အတန့်မှာ ယွဲ့တုန်က မျက်လုံးဖွင့်လိုက်သည်။
သူက မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း လူတိုင်း၏ စိတ်ခံစားချက်များက ဇီသာကြိုးများသဖွယ် လှုပ်ခတ်သွားကြသည်။ ဤသည်မှာ မမြင်နိုင်သော သဏ္ဍာန်မဲ့လက်တစ်စုံက သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်သွားသည့်အလားပင်။
ယင်းက သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်အတတ်ပညာ ဖြစ်သည်။
ထိုစိတ်ခံစားချက်များက ပျံ့နှံ့သွားသည်နှင့် ယွဲ့တုန်က သူ၏ ညာလက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ့အောက်မှ ဆေးမီးဖိုက လေထဲသို့ မြှောက်တတ်သွားပြီး အရွယ်အစား သေးငယ်လာသည်။ နောက်ဆုံးမှာတော့ ဆေးမီးဖိုက လက်သီးဆုပ်အရွယ်သို့ ကျုံ့သွားပြီး ယွဲ့တုန်၏ ညာလက်ဖဝါးပေါ်မှာ ပျံဝဲသွားသည်။
ဖိအားက ဆက်လက် ထွက်ပေါ်နေဆဲပင်။
ရွှီချင်း၏ နှလုံးက တည်ငြိမ်သွားသည်။ တစ်ချိန်တည်းမှာ ထိုဆေးမီးဖိုက စီနီယာအကိုကြီး၏ အတိတ်ဘဝနှင့် ဆက်စပ်နေကြောင်း သူအတည်ပြုနိုင်သွားသည်။ သူက အကြည့်ပြန်ရုပ်တော့မည့်အချိန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ယွဲ့တုန်၏ နဖူးကို စိုက်ကြည့်လိုက်သည်။
အရာအားလုံးက ပုံမှန်ဖြစ်သော်လည်း ထိုနေရာမှာ သူနှင့်အလွန်ရင်းနှီးသော တစ်စုံတစ်ခု ပုန်းကွယ်နေသည်ဟု ရွှီချင်း ခံစားမိသွားသည်။
ဤသည်မှာ သူတို့က ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသည့်အလားပင်။
ထိုအခိုက်အတန့်မှာ ယွင်မိသားစု၏ သခင်လေးက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အကြည့်က သိမ်မွေ့ညင်သာလာပြီး ချစ်မေတ္တာဖြင့် ပြည့်နှက်သွားသည်။ သူက ယွဲ့တုန်ကို ချက်ချင်း အရိုအသေပေးလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“ နှုတ်ဆက်ပါတယ်… ကြီးမြတ်တဲ့ အင်မော်တယ်သခင် ”
ယွဲ့တုန်ကို ထောက်ခံအားပေးကြသော အင်မော်တယ်သခင်များက အသိပြန်ဝင်လာကြသည်။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာ အရိုအသေပေးလိုက်ကြသည်။ ယွဲ့တုန်၏ အောင်မြင်မှုကြောင့် အနာဂတ်မှာ သူတို့က အင်မော်တယ်အတတ်ပညာခန်းမ၏ ထောင့်တိုင်များ ဖြစ်လာကြတော့မည်ဖြစ်ကြောင်း နားလည်သွားကြသည်။
မဟာအကြီးအကဲကို ထောက်ပံ့သော အင်မော်တယ်သခင်များသည်တော့ ခါးသီးမှုကို ခံစားမိသွားကြသည်။ သို့သော်လည်း ယခုအခြေအနေမှာ သူတို့တတ်နိုင်သောအရာ ဘာမှမရှိပေ။
ထို့ကြောင့် သူတို့က ရွေးချယ်စရာမရှိသည့်အဆုံး ခေါင်းငုံ့လိုက်ကြပြီး ယွဲ့တုန်ကို အရိုအသေပေးလိုက်ကြသည်။
အုပ်ချုပ်သူတောင်ဆယ်လုံးမှ ကိုယ်စားလှယ်များသည်သာ အရိုအသေမပေးကြချေ။ သို့သော်လည်း လက်ရှိမျိုးဆက်တွင် အသစ်ထွက်ပေါ်လာသည့် ကြီးမြတ်သော အင်မော်တယ်သခင်အပေါ် သူတို့၏ ရိုသေလေးစားမှုကို ဖော်ပြရန် လူတိုင်းက မတ်တတ်ရပ်လိုက်ကြပြီး ယွဲ့တုန်ကို ခေါင်းညိတ်ပြလိုက်ကြသည်။
ယွဲ့တုန်က ဖြည်းညင်းစွာ ပြောသည်။
“ ဒီနေ့ ပွဲအခမ်းအနားကို လာရောက်သက်သေပြုပေးကြတဲ့အတွက် တာအိုရောင်းရင်းအားလုံးကို ကျေးဇူးတင်ပါတယ်… အခု ပွဲအခမ်းအနားက ပြီးဆုံးသွားပြီဖြစ်တာကြောင့် တာအိုရောင်းရင်းတို့ ဆန္ဒရှိသလို ပြန်နိုင်ပါပြီ ”
“ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျန်နေခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ”
ယွဲ့တုန်၏ အကြည့်က အုပ်ချုပ်သူတောင်များမှ ကိုယ်စားလှယ်များကို ဖြတ်သန်းသွားပြီး နောက်ဆုံးမှာတော့ ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ရွှယ်ချန်းဇီ… ငါတို့ကြားက ရန်ငြိုးကို အဆုံးသတ်ဖို့ အချိန်ကျပြီ ”
ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာက တည်ငြိမ်သည်။ သူက ယွဲ့တုန်၏ နဖူးကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါလည်းပဲ အဲ့ဒါကို တွေးနေတာ ”