အတိတ်မှာ မင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့တယ်
Vol. 99 Ch. 1520
ရွှီချင်းက စကားပြောလိုက်သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ ဤသည်မှာ အေးစက်သောလေက အခန်းထဲမှာ တိုက်ခတ်သွားသည့်အလားပင်။ ယင်းက လူတိုင်းကို ကျောချမ်းသွားစေသည်။
သူတို့၏ ယခင်ရပ်တည်မှုက မည်သို့ဖြစ်ပါစေ ယခုအချိန်မှာ ယွဲ့တုန်က ကြီးမြတ်သော အင်မော်တယ်သခင်ဖြစ်လာပြီဖြစ်လေရာ ဤနေရာမှ အင်မော်တယ်သခင်အားလုံးက ရွှီချင်းကို ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ကြသည်။ သို့ဖြစ်၍ သူတို့က ရွှီချင်းကို ရန်လိုမုန်းတီးသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ယွင်သခင်လေး၏ နှလုံးသားထဲမှာလည်း ထွက်ပေါ်လာသည်။ သူက မည်သူ့ကိုမှ ယွဲ့တုန်အား ထိခိုက်နာကျင်အောင် ခွင့်မပြုနိုင်ပေ။
ကိုယ်စားလှယ်များသည် ယွဲ့တုန်နှင့် ရွှယ်ချန်းဇီကြားမှ ရန်ငြိုးကို ဟိုးယခင်ကတည်းက သိရှိထားကြသည်။ သို့ဖြစ်၍ သူတို့ကြားမှ ကိစ္စကို ဝင်ပါရန် သူတို့မှာ အကြောင်းပြချက် မရှိပေ။ ထို့ပြင် နှစ်ဖက်စလုံးက ဤနေရာမှာ သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်ဟု သူတို့မထင်ပေ။
အများဆုံး သူတို့က အနိုင်အရှုံးပေါ်ရုံသာ တိုက်ခိုက်ကြလိမ့်မည်။
ထို့ပြင် အကယ်၍ သူတို့က သေသည်အထိ တိုက်ခိုက်မည်ဆိုလျှင်ပင် ယင်းက သူတို့နှင့် ဘာမှမသက်ဆိုင်ပေ။
ထို့ကြောင့် ယွဲ့တုန်၏ စကားဆုံးသွားသည့်အခါ ပထမအုပ်ချုပ်သူတောင်မှ ကိုယ်စားလှယ်က မည်းမှောင်သော အမူအရာဖြင့် အရင်ဆုံး ထွက်သွားသည်။
ထို့နောက် တခြားကိုယ်စားလှယ်များသည်လည်း ထွက်သွားကြသည်။ နောက်ဆုံးထွက်သွားသူက ပဉ္စမအုပ်ချုပ်သူတောင်မှ လင်းခွန်းဖြစ်သည်။
သူက မထွက်သွားခင် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည့်အခါ လင်းခွန်းက ပြုံးလိုက်ပြီး အင်မော်တယ်အတတ်ပညာခန်းမထဲမှ ထွက်လျှောက်သွားသည်။
အင်အားစုအသီးသီးက ထွက်ခွာသွားကြသည့်အခါ အုပ်ချုပ်သူတောင်၏ ကိုယ်စားလှယ်အနေဖြင့် ရွှီချင်းတစ်ယောက်တည်းသာ ကျန်နေတော့သည်။ ယွင်သခင်လေးနှင့် အင်မော်တယ်သခင်များ၏ ရန်လိုသော အကြည့်ဖြင့် ရင်ဆိုင်နေရသော်လည်း ရွှီချင်း၏ အမူအရာက ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။
အေးစက်စက် အလင်းက ယွဲ့တုန်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ နင်တို့လည်း ထွက်သွားကြ… ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ဒီအခန်းထဲကို ဝင်မလာရဘူး ”
အင်မော်တယ်သခင်များက ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏ စိတ်ထဲမှာ အတွေးအမျိုးမျိုး ထွက်ပေါ်လာသော်လည်း သူတို့က ယွဲ့တုန်၏ အမိန့်ကို နာခံလိုက်ကြဆဲပင်။ ထို့ကြောင့် သူတို့အားလုံးက အနောက်ဆုတ်သွားကြသည်။
ယွင်သခင်လေးသည်သာ မထွက်သွားပေ။ ယင်းအစား သူက ယွဲ့တုန်ဆီသို့ လျှောက်သွားပြီး ရွှီချင်းကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
အားညိုသည်ပင် ဤလူငယ်ကို ကိုင်တွယ်ရာမှာ အကူအညီမဲ့ရသည်။
မည်သို့ဖြစ်ပါစေ တစ်ဖက်လူက သူ့ကို ရတနာအများကြီး ပေးထားခဲ့သည် မဟုတ်ပါလော။
ရတနာများဖြစ်စေ သို့မဟုတ် တစ်ဖက်လူ၏ အကူအညီများဖြစ်စေ ယင်းတို့ကို အားညိုစဉ်းစားမိသွားသောအခါ သူ့ကို အေးတိအေးစက် ပြောခြင်းက မသင့်တော်ကြောင်း သူခံစားမိသွားသည်။
ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောသည်။
“ ဒီဟာက ငါနဲ့ ရွှယ်ချန်းဇီကြားက ပုဂ္ဂိုလ်ရေးကိစ္စပါ ”
ယင်းကို ယွင်သခင်လေး ကြားသောအခါ သူ၏ ခြေလှမ်းက ရပ်တန့်သွားသည်။ ယွဲ့တုန်၏ စိတ်ဓာတ်ပြတ်သားမှုကို မြင်သောအခါ လူငယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ရိုသေလေးစားမှုကို ဖော်ပြရန် အနောက်ဆုတ်သွားသည်။
“ ကောင်းပြီ… ငါအပြင်မှာ ရှိနေမယ် တုန်လေး… တကယ်လို့ မင်းအန္တရာယ်ကျရောက်ပြီဆိုရင် လှမ်းအော်ခေါ်လိုက်ပါ… ချက်ချင်း ငါရောက်လာမယ် ”
သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခါ ရက်စက်ကြမ်းကြုတ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အင်တင်တင်ဖြင့် ထွက်သွားသည်။
ရွှီချင်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ယွင်သခင်လေး ထွက်သွားပြီးနောက် ဤအခန်းထဲမှာ ရွှီချင်းနှင့် ယွဲ့တုန်သာလျှင် ကျန်ရှိတော့သည်။
ထို့ပြင် ယွဲ့တုန်က လက်မြှောက်လိုက်ပြီး အကာအကွယ်အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ထိုအခါ ထူးဆန်းသော ခံစားမှုက ရွှီချင်း၏ မျက်နှာပေါ်မှာ ပေါ်လွင်လာသည်။
“ ချင်းလေး… မင်းရဲ့ မျက်နှာက ဘယ်လိုဖြစ်နေတာလဲ ”
ရွှီချင်း၏ မျက်နှာအမူအရာကို သတိထားမိသောအခါ ကိုးရိုးကားရားဖြစ်သော ခံစားမှုက အားညို၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ရွှီချင်းက ခေါင်းခါလိုက်သည်။
“ ဘာမှမဟုတ်ပါဘူး… အရှေ့မိစ္ဆာငှက်မွှေးက အင်မော်တယ်အတတ်ပညာခန်းမကို လုယက်နိုင်သွားပြီး ကြီးမြတ်တဲ့ အင်မော်တယ်သခင်ဖြစ်လာတဲ့အတွက် စီနီယာအကိုကြီးကို ဂုဏ်ပြုပါတယ် ”
ရွှီချင်းက စကားပြောနေရင်း လက်သီးဆုပ်လိုက်ပြီး ဦးညွတ်လိုက်သည်။
ရွှီချင်း၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ အားညိုသည် အစောနက ရွှီချင်း၏ မျက်နှာအမူအရာကို ဂရုမစိုက်တော့ပေ။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားမှု၊ မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ပြောသည်။
“ မင်းရဲ့ စီနီယာအကိုကြီးအတွက်တော့ ဒီဟာက အကဲစမ်းရုံလောက်ပါပဲ… ကြီးမြတ်တဲ့ အင်မော်တယ်သခင်ရာထူးကို ငါက သိပ်ဂရုစိုက်တာ မဟုတ်ဘူး ”
သူက ပါးစပ်မှ ထိုသို့ပြောနေသော်လည်း သူ၏ မျက်နှာအမူအရာက ဖော်ပြနေသည်မှာ…
‘ ချင်းလေး… ငါ့ကို ပိုပြီးချီးကျူးလိုက်စမ်းပါ ’
ရွှီချင်းက အားညို၏ အတွေးများကို ကောင်းမွန်စွာ နားလည်သည်။ သို့ဖြစ်၍ သူ၏ အကြည့်က တစ်ဖက်လူ၏ နဖူးပေါ်သို့ ကျရောက်သွားပြီးနောက် ယင်းကို တစ်ခဏ သူတွေးတောလိုက်သည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။
“ အရှေ့မိစ္ဆာငှက်မွှေးတစ်ခုလုံးကို ကြည့်မယ်ဆိုရင် ကြီးမြတ်တဲ့ အင်မော်တယ်သခင်ဖြစ်ချင်တဲ့ လူတွေက မရေမတွက်နိုင်အောင် များပြားလှတယ်… ဒါပေမဲ့ သူတို့က စိတ်ကူးပဲ ယဉ်နိုင်ကြတယ်… အဲ့ဒါကို တကယ်မရယူနိုင်ကြဘူး ”
“ ဒါကိုကြည့်ရင် စီနီယာအကိုကြီးက ဘယ်လောက် ထူးချွန်ထက်မြက်လဲဆိုတာ ပေါ်လွင်ထင်ရှားပါတယ်… မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေမှာ မင်းကို ယှဉ်ပြိုင်နိုင်တဲ့လူ မရှိဘူး ”
ယင်းကို အားညိုကြားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။ သူ့အတွက်တော့ ရွှီချင်းထံမှ ချီးကျူးခံရခြင်းသည် ဖော်မပြနိုင်အောင် ဇိမ်ရှိလှသည်။
ယင်းကို မြင်သောအခါ ရွှီချင်းက အားညို၏ နဖူးကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ ဘာပဲပြောပြော မဟာအကြီးအကဲက ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူမဟုတ်လား… ပြီးတော့ သူ့ရဲ့ လေ၊ မိုး၊ လျှပ်စီးနဲ့ မီးတောက်ဒြပ်စင်တွေက အတော်လေး အားကောင်းတယ်… ”
ထိုနေရာသို့ ရောက်သည့်အခါ ရွှီချင်းက တမင်ရပ်လိုက်ပြီး အားညိုကို ကြည့်လိုက်သည်။
ယင်းကို ကြားသောအခါ အားညိုက သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားသွားပြီး အထင်သေးရှုံ့ချသော လေသံဖြင့် ပြောသည်။
“ သူ့ရဲ့ ဒြပ်စင်တွေက အပေါစားဟာတွေပါ… အဲ့ဒါတွေက ဘာမှမဟုတ်ဘူး… ငါ့ရဲ့ ဒြပ်စင်တွေကမှ သောက်ရမ်းကြမ်းတာ… အဲ့ဒီအဖိုးကြီးက လေ၊ မိုး၊ လျှပ်စီးနဲ့ မီးတောက်ကို အသုံးပြုခဲ့တယ်… ဒါပေမဲ့ ငါက သတ္ထု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးကို အသုံးပြုခဲ့တယ်… ပြီးတော့ ငါ့ရဲ့ ဒြပ်စင်တွေအားလုံးက အထွတ်အထိပ် ရတနာတွေချည်းပဲ ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်ပြီး ပုံမှန်အတိုင်း ဆက်ပြောသည်။
“ ဒါဆိုရင် စီနီယာအကိုကြီးက အဲ့ဒီဒြပ်စင်ငါးမျိုးထဲမှာ သစ်သားကို ပေါင်းစပ်ဖို့နဲ့ သန့်စင်ဖို့အတွက် အဓိက အသုံးပြုခဲ့တာဖြစ်မယ်လို့ ငါထင်တယ် ”
အားညိုက အသိပညာကြွယ်ဝသော ဟန်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ ချင်းလေး… မင်းက အတွေ့အကြုံနုပါသေးတယ်… အဲ့ဒါကို မင်းနားမလည်ဘူးမလား… သစ်သားကို အဓိက အသုံးပြုလို့မရဘူး… ငါက သတ္ထုကို အဓိကသော့ချက်အဖြစ် အသုံးပြုခဲ့တာ”
“ သတ္ထုလား ”
ရွှီချင်းက ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာပေါ်မှာ သံသယရှိသော အမူအရာကို ထုတ်ဖော်လိုက်သည်။
ရွှီချင်းက သူ့စကားကို မယုံကြည်ကြောင်း မြင်သွားသောအခါ အားညိုက ဆက်မပြောဘဲ မနေနိုင်ပေ။
“ ချင်းလေး… မင်းက ဗဟုသုတနည်းပါးတာပဲ… ငါအသုံးပြုခဲ့တဲ့ သတ္ထုက သာမန်မဟုတ်ဘူးဟ… အတိတ်မှာ မင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့တုန်းက… ”
အားညိုက စကားပြောနေရင်း ရုတ်တရက် ရပ်လိုက်သည်။ သူက စကားပြောမှားသွားကြောင်း နားလည်သွားသောအခါ နှလုံးတုန်သွားသည်။ သူက ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။
“ ငါ့ရဲ့ သရုပ်ကို ထုတ်ဖော်ပြီးတဲ့နောက်… အင်း… အဲ့ဒါက… ”
ချွေးသီးချွေးပေါက်များက အားညို၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။ ရွှီချင်းသည်တော့ မျက်လုံးဝင်းလက်သွားသည်။ သူက အားညို၏ သူခိုးလူမိသွားသော အမူအရာကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ စီနီယာအကိုကြီး… အတိတ်မှာ ငါ ကိုယ့်ကိုယ်ကိုယ်ကို ဖောက်ခွဲပြီးတော့ ဘာဆက်ဖြစ်လဲ ”
အားညိုက ကိုးရိုးကားရား ပြုံးလိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ လေဟာနယ်ကို ချက်ချင်း ဖြတ်ကျော်သွားပြီး အားညို၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက အားညို၏ နဖူးကို စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ စီနီယာအကိုကြီး… မင်းရဲ့ နဖူးထဲမှာ ပုန်းကွယ်နေတဲ့ ပစ္စည်းက ငါ့ကို ရင်းနှီးကျွမ်းဝင်တဲ့ ခံစားမှုပေးတယ်… အဲ့ဒါက ငါနဲ့ ဇစ်မြစ်တစ်ခုတည်းကနေ ဆင်းသက်လာပုံပဲ… အဲ့ဒါက စောစောက မင်းပြောတဲ့ သတ္ထုမလား ”
အားညို၏ မျက်နှာပေါ်မှာ ချွေးစေးများ စီးကျလာသည်။ သူက ဆက်ပြီး မဖုံးကွယ်နိုင်တော့ကြောင်း နားလည်သွားသည်။ ထို့ကြောင့် သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး တည်ကြည်ဖြောင့်မတ်စွာ ပြောသည်။
“ အဲ့ဒါကို မင်းရှာတွေ့သွားပြီဆိုမှတော့ ငါစိတ်အေးသွားရပြီ… အတိတ်မှာ မင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့တုန်းက မင်းရဲ့ ခန္ဓာကိုယ်က ပြာဖြစ်သွားပြီး အရိုးတချို့ပဲ ကျန်နေခဲ့တယ်… ငါက အဲ့ဒီအရိုးတွေကို နည်းနည်းချင်းစီ လိုက်ရှာဖွေခဲ့တယ်… အဲ့ဒီအတွက် ငါက ဒုက္ခအများကြီးခံခဲ့ရတယ်… အစကတော့ အဲ့ဒါတွေကို မင်းကို ပြန်ပေးဖို့ ငါစဉ်းစားထားခဲ့တယ် ”
“ ဒါပေမဲ့ အဲ့ဒီအကြွင်းအကျန်တွေကို မင်းမြင်သွားရင် စိတ်မကောင်းဖြစ်သွားမှာ ငါစိုးရိမ်တယ်… မင်းဝမ်းနည်းသွားမှာကို ငါမလိုလားတာကြောင့် အဲ့ဒါတွေကို အမှတ်တရပစ္စည်းအဖြစ် မင်းကိုယ်စား ငါသိမ်းပေးထားဖို့ ဆုံးဖြတ်ခဲ့တယ် ”
အားညိုက စကားပိုပြီးပြောလေ သူမှန်ကန်သည်ဟု ပိုပြီးခံစားမိလာလေ ဖြစ်သည်။
“ မင်းကိုယ်စား အဲ့ဒါကို ငါသိမ်းပေးထားတာ ငါမှားသလား ”
ရွှီချင်းက အားညိုကို ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ သူ၏ မျက်နှာက မည်းမှောင်သွားပြီး သူက ခေါင်းခါလိုက်သည်။
“ စီနီယာအကိုကြီး… ဒီဆေးမီးဖိုကို အတိတ်ဘဝတုန်းက မင်းရဲ့ ခန္ဓာကိုယ်နဲ့ သန့်စင်ခဲ့တာ မဟုတ်လား… အတိတ်ဘဝမှာ မင်းက သေတဲ့အထိ အရိုက်ခံခဲ့ရတာ မထူးဆန်းတော့ပါဘူး… မင်းက ဘာမဆိုခိုးနိုင်တယ် ”
ယင်းကို အားညိုကြားသောအခါ သူက အပြစ်ရှိစိတ်ကို ခံစားမိသွားပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် ခန်းမ၏ အပြင်ဘက်မှ စည်းချအစီအရင်များပေါ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ယွင်မိသားစု၏ သခင်လေးက ယွဲ့တုန်ကို စိုးရိမ်သောကြောင့် ထိုအားလှိုင်းများကို ဖန်တီးပြီး သတင်းမေးနေခြင်း ဖြစ်သည်။
အားညိုက အသံပို့လွှတ်လိုက်ပြီး သူ့ကို ချော့ပြောလိုက်မှသာ ထိုအားလှိုင်းအတတ်အကျများက ရပ်တန့်သွားသည်။
ရွှီချင်းက ယွင်သခင်လေး ထွက်သွားခဲ့သော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ပြီး စီနီယာအကိုကြီး၏ လုပ်ဆောင်မှုများကို ပြန်စဉ်းစားလိုက်သည်။ သို့ဖြစ်၍ သူက ရွဲ့ပြောလိုက်သည်။
“ စီနီယာအကိုကြီး… မင်း သူ့ကို ကောင်းကောင်း ဆက်ဆံပါ ”
အားညိုက အတော်လေး အရေထူသူ ဖြစ်သည်။ ထို့ကြောင့် သူက ရွှီချင်း၏ စကားကို မကြားချင်ယောင် ဆောင်လိုက်ပြီး လက်မြှောက်လိုက်သည်။
“ အဲ့ဒီအကြောင်းကို မပြောရအောင်… ချင်းလေး… မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံတဲ့ သီးသန့်နေရာကို ဖွင့်လှစ်ဖို့ ရက်အနည်းငယ် လိုသေးတယ်… မကြာသေးခင်က အဲ့ဒီလူနဲ့ မင်းက အနောက်မိစ္ဆာငှက်မွှေးဆီ သွားခဲ့တယ်လို့ ငါသတင်းကြားခဲ့တယ်… အဲ့ဒီလူက ငါတို့ထင်ထားတဲ့ လူလား ”
အားညိုက အလျင်စလို မေးသည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။
အားညိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ ငါထင်ထားသလိုပဲ… အစကတည်းက ငါပြောခဲ့တယ် မဟုတ်ဘူးလား… သူက အားလုံးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတာပါဆို… ဒါနဲ့ ချင်းလေး… အနောက်မိစ္ဆာငှက်မွှေးဆီ မင်းသွားခဲ့တာ နာမည်ကျော်ကြားဖို့အတွက်လား ”
အားညိုက ရွှီချင်းကို စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ အဲ့ဒါက ဒီနှစ်တွေမှာ မင်းနဲ့ငါ အတူလုပ်ဆောင်ခဲ့ပုံစံ မဟုတ်ဘူး… ကိစ္စကြီးကို ဆောင်ရွက်နေတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဘေးချိတ်ထားသင့်တယ် ”
ရွှီချင်းက မျက်တောင်ခတ်လိုက်သည်။
“ အနောက်မိစ္ဆာငှက်မွှေးရဲ့ အင်မော်တယ်အတတ်ပညာခန်းမဆီ ငါသွားခဲ့တယ် ”
အားညိုက မျက်လုံးဝင်းလက်သွားသည်။
“ ပြီးတော့ရော ”
“ အဲ့ဒီနောက် ဒီအမှတ်အသားကို ငါယူခဲ့တယ် ”
ရွှီချင်းက သူ၏ လက်ကို လှန်ပြလိုက်သည့်အခါ ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်း၏ မှော်သင်္ကေတက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
အားညိုက ရွှီချင်း၏ လက်ဖဝါးကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက ချက်ချင်း ပြူးကျယ်သွားသည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်သည်လည်း ပိုပြီးထင်ရှားလာသည်။
“ ဟား ဟား… မင်းက ငါ့ရဲ့ ဂျူနီယာညီလေးလို့ မပြောရဘူး… မင်းရဲ့ ဆောင်ရွက်ပုံက ငါနဲ့ တစ်ပုံစံတည်းပဲ… ငါသိပါတယ်… မင်းက အဲ့ဒီအခွင့်အရေးကို ဘယ်လိုအသုံးချရမလဲဆိုတာ မသိဘဲ ဘယ်နေမလဲ… မဟုတ်ရင် မင်းက ငတုံးဖြစ်သွားမှာပေါ့… ဟား ဟား ”
“ ဒီအမှတ်အသားက… ရတနာပဲ ”
အားညိုက နှုတ်ခမ်းသပ်လိုက်သည်။
ရွှီချင်းက ခေါင်းခါလိုက်သည်။
“ ကံမကောင်းစွာပဲ… ငါ့ရဲ့ စူးစမ်းလေ့လာမှုအရ ဒီခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းကို ဆင်ခြင်နားလည်ဖို့ အထူးရိုးရာဓလေ့တစ်ခုကို လိုအပ်တယ်… ငါ့မှာ ဒီအမှတ်အသားပဲ ရှိတယ်… ဒါကြောင့် အဲ့ဒါကို သာမန်နည်းလမ်းတွေနဲ့ ငါမဖမ်းဆုပ်နိုင်ဘူး ”
“ အို… ငါစမ်းကြည့်မယ် ”
အားညိုက စကားပြောပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ လက်ဖဝါးပေါ်မှ အမှတ်အသားကို ဖမ်းဆုပ်လိုက်သည်။ သူက အင်မော်တယ်အတတ်ပညာတစ်ခုကို အသုံးပြုလိုက်သည့်အလား သူ့အနောက်မှ ပုံရိပ်သုံးခုသည်လည်း ဖမ်းဆုပ်သော လက်ဟန်ကို တစ်ပြိုင်နက် ပြုလုပ်လိုက်ကြသည်။
သူက အမှတ်အသားကို ဖမ်းဆုပ်လိုက်ပြီးနောက် ယင်းကို သူ၏ နဖူးပေါ်သို့ တင်လိုက်သည်။
ထို့နောက် ရွှီချင်း၏ စိတ်ဝင်စားသော အကြည့်အောက်မှာ အားညိုနှင့် သူ့အနောက်မှ ပုံရိပ်သုံးခုက တစ်ပြိုင်နက် တုန်ယင်သွားကြပြီး မျက်လုံးမှိတ်သွားကြသည်။
ရှင်းလင်းစွာပင် သူက ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်း၏ ဤအမှတ်အသားထဲမှာ စိတ်နစ်မြှုပ်သွားခဲ့ကြောင်း ထင်ရှားသည်။ ရွှီချင်းနှင့် မတူညီသည်မှာ ဤအမှတ်အသားက အင်မော်တယ်အရိပ်ရေကန်အောက်မှ မှော်သင်္ကေတထက် အများကြီး ပိုအားနည်းသည်။
အချိန်အတော်ကြာပြီးနောက် အားညိုက မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့သော အရိပ်အယောင် တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အမှတ်အသားကို ရွှီချင်းထံသို့ ပြန်ပေးလိုက်သည်။
“ အံ့ဩစရာပဲ ”
“ ဒါပေမဲ့ အဲ့ဒါက မင်းပြောသလို အထူးရိုးရာဓလေ့တစ်ခုကို တကယ်ပဲ လိုအပ်တယ်… မဟုတ်ရင် ငါက အဲ့ဒါကို အပေါ်ယံပဲ အာရုံခံနိုင်လိမ့်မယ်… အနှစ်သာရကိုတော့ ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး… ”
အားညိုက မျက်မှောင်ကြုတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ဒီအင်မော်တယ်အတတ်ပညာကို သာမန်နည်းလမ်းတွေနဲ့ မတတ်ကျွမ်းနိုင်ဘူးလို့ စောစောက မင်းပြောခဲ့တယ်… အဲ့ဒီတော့… ထူးခြားတဲ့ နည်းလမ်းတွေကို မင်းသိထားလို့လား ”
အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်ဖဝါးပေါ်မှ အမှတ်အသားကို စိုက်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ အရှေ့မိစ္ဆာငှက်မွှေးဆီ ငါပြန်လာတဲ့အခါ ကျောက်ရှာအလင်းကို အသုံးပြုပြီး ဒီဟာကို ပုံတူကူးဖို့ ငါကြိုးစားကြည့်ခဲ့ပေမဲ့ ကျရှုံးသွားခဲ့တယ် ”
“ ဒါပေမဲ့ အဲ့ဒီနောက် ငါ့မှာ အကြံတစ်ခု ရလာတယ်… အဲ့ဒါက အင်မော်တယ်အတတ်ပညာရဲ့ အားနည်းတဲ့ ဒီအမှတ်အသားကို ထပ်ခါထပ်ခါ အာရုံခံကြည့်ပြီး အဲ့ဒါရဲ့ သက်ရောက်မှုကို ငါ့ကိုယ်ပေါ်မှာ ထွက်ပေါ်လာအောင် လုပ်ဖို့ပဲ… ဒီနည်းနဲ့ ငါ့ခန္ဓာကိုယ်က အဲ့ဒါကို ဖြည်းဖြည်းချင်း နေသားကျလာပြီး သက်ဆိုင်ရာ ပဋိဇီဝတွေကို ထုတ်လွှတ်ပေးလိမ့်မယ် ”
“ ပဋိဇီဝရဲ့ သဘောတရားက ပြင်ပရဲ့ ကျူးကျော်ဝင်ရောက်မှုတွေကို မှတ်သားတာပဲ… ခန္ဓာကိုယ်က အဲ့ဒါကို ပိုပြီးနားလည်လေ ပဋိဇီဝတွေကို ပိုပြီးထုတ်လွှတ်ပေးလေပဲ ”
“ ငါ့မှာ အမွေအနှစ်နဲ့ အထူးရိုးရာဓလေ့မရှိဘူး… ဒါကြောင့် ဒီအင်မော်တယ်အတတ်ပညာကို ငါမသင်ယူနိုင်ဘူး ”
“ ဒါပေမဲ့ ဒီအမှတ်အသားကို အသုံးပြုပြီး အဲ့ဒီအင်မော်တယ်အတတ်ပညာကို ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထပ်ခါထပ်ခါ အသုံးပြုမယ်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်က ဒီအင်မော်တယ်အတတ်ပညာအပေါ် ခုခံကာကွယ်တဲ့ ပဋိဇီဝတွေကို ပိုပြီးထုတ်လွှတ်ပေးလာလိမ့်မယ်… အတိုင်းအတာတစ်ခုထိ ရောက်သွားတဲ့အခါ ပဋိဇီဝတွေက ဒီအင်မော်တယ်အတတ်ပညာကို တဖြည်းဖြည်း နားလည်သွားပြီး မှတ်မိသွားလိမ့်မယ်… တစ်နည်းပြောရရင် ငါ့ရဲ့ ပင်ကိုယ်ဗီဇက ဒီအင်မော်တယ်အတတ်ပညာကို မှတ်သားနိုင်လိမ့်မယ် ”
“ ပဋိဇီဝတွေကနေတဆင့် ဒီအင်မော်တယ်အတတ်ပညာကို အလိုအလျောက် ငါမှတ်မိသွားလိမ့်မယ်… အဲ့ဒီအခါ ငါက ဒီအင်မော်တယ်အတတ်ပညာကို သွယ်ဝိုက်တဲ့နည်းနဲ့ တတ်ကျွမ်းသွားလိမ့်မယ် ”
“ ငါ့ရဲ့ ပင်ကိုယ်ဗီဇက အဲ့ဒါကို မှတ်သားပြီးတဲ့အခါ ဘယ်လိုနည်းလမ်းနဲ့ အဲ့ဒါကို အသုံးပြုမလဲဆိုတာကတော့… ကျောက်ရှာအလင်းကို ကြားခံနယ်အဖြစ် ငါအသုံးပြုမယ် ”
“ ကျောက်ရှာအလင်းကို အသုံးပြုပြီး ဒီအင်မော်တယ်အတတ်ပညာရဲ့ အစစ်အမှန်စွမ်းအားကို ငါအသုံးပြုနိုင်လိမ့်မယ်… ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့ ပင်ကိုယ်ဗီဇက အဲ့ဒါကို မှတ်ထားပြီးပြီ ဖြစ်လို့ပဲ ”
ရွှီချင်းက စကားဆုံးအောင် ပြောပြီးနောက် အားညိုကို ကြည့်လိုက်သည်။
အားညိုက မျက်လုံးပြူးကျယ်သွားပြီး ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ရွှီချင်း၏ အတွေးကို မချီးကျူးဘဲ မနေနိုင်ပေ။
“ အံ့ဖွယ်ပဲ… မင်းရဲ့ အတွေးက မယုံကြည်နိုင်စရာကောင်းလှတယ် ”
“ ဒါပေမဲ့ မင်းပြောပုံအရဆိုရင်… အဲ့ဒါက တကယ်အလုပ်ဖြစ်မယ့်ပုံပဲ ”
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ စည်းချအစီအရင်များကို ကြည့်လိုက်သည်။
“ ဒါပေမဲ့ အဲ့ဒီအတွက် လိုအပ်ချက်က ဒီအင်မော်တယ်အတတ်ပညာကို ထပ်ခါထပ်ခါ အသုံးပြုတဲ့အခါ ခံနိုင်ရည်ရှိဖို့ သေချာရမယ်… ဒီဟာက ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းရဲ့ အားနည်းတဲ့ အမှတ်အသားတစ်ခုဆိုပေမဲ့ ဒီအတတ်ပညာက အရမ်းထူးဆန်းတယ် ”
“ ဒီတော့ စီနီယာအကိုကြီး… ငါမင်းကို တစ်ခုတောင်းဆိုချင်တယ် ”
“ မင်းရဲ့ ကာကွယ်ပေးမှုကို ငါလိုအပ်တယ်… ပြီးတော့ ငါသတိလွတ်သွားတဲ့အခါကျရင် ပြန်နိုးထလာနိုင်အောင် မင်းရဲ့ သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာကို အသုံးပြုပေးပါ ”
ယင်းကို အားညိုကြားသောအခါ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အသေးစိတ် ဆွေးနွေးကြသည်။ ရွှီချင်းက အပြင်ပန်းအရ အင်မော်တယ်အတတ်ပညာခန်းမထဲမှ ထွက်ခွာသွားစဉ် အားညိုက အပြင်လောကကို ရှင်းပြလိုက်သည်။ ထို့နောက် သူက တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်သည်။
ညအချိန်တွင် ရွှီချင်းက ပြန်ရောက်လာသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်က အင်မော်တယ်အတတ်ပညာများကို အတူတကွ စူးစမ်းလေ့လာကြသည်။
ငါးရက်ကုန်ဆုံးသွားသည်။
မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးက အာရုံစိုက်ထားသော အဓိကကိစ္စကြီးက မကြာခင် ဖြစ်ပွားလာသည်။ ဤအခိုက်အတန့်မှာ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အနောက်မိစ္ဆာငှက်မွှေးမှ လူတချို့ကို ခေါ်ဆောင်လာသည်။
အရှေ့မိစ္ဆာငှက်မွှေးမှ အုပ်ချုပ်သူများ၏ အကြည့်အောက်မှာ လုလင်းဇီက တောင်ပေါ်မှ ထွက်ခွာသွားသည်။
ယနေ့သည် မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော သီးသန့်နေရာကို ဖွင့်လှစ်မည့် နေ့ဖြစ်သည်။