မိုးရေထဲမှ သင်္ချိုင်း
Vol. 99 Ch. 1526
မဟာဧကရာဇ်ငရဲမီးတောက်၏ အမည်မသိ မှတ်ဉာဏ်အပိုင်းအစတစ်ခုထဲတွင် အနက်ရောင်လွင်ပြင်တစ်ခုရှိသည်။ ထိုလွင်ပြင်ပေါ်တွင် အရွယ်အစားကြီးမားသော ချောက်နက်တစ်ခု ရှိသည်။
ယင်းက အသူရာချောက်နက်တစ်ခုနှင့် ဆင်တူသည်။
ချောက်နက်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် အဖိုးအိုတစ်ယောက်က အရှေ့သို့ ရွေ့လျားသွားနေသည်။
သူ၏ အသွင်သဏ္ဍာန်က ငရဲမီးတောက်မဟုတ်တော့ပေ။ ယင်းအစား အရွယ်အိုမင်းနေသော မျက်နှာဖြစ်သည်။
ထိုလူက မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ တာအိုယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာဖူးသော ဝတ်စုံနက်အမျိုးသားမှလွဲ၍ တခြားလူမဟုတ်ပေ။
သူက အရှေ့သို့ ရွေ့လျားသွားနေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးများက တချွင်ချွင်မြည်နေပြီး လောင်ကျွမ်းသော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ သို့သော်လည်း ယင်းက သူ့ကို မည်သည့်နာကျင်မှုမှ မခံစားရစေပေ။ ယင်းအစား သူက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
“ ရောက်တော့မယ်… ”
ဝတ်စုံနက်အဖိုးအို၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက အရှိန်ထပ်မြှင့်လိုက်လေရာ သူ၏ ခြေလှမ်းက ပိုပြီးမြန်ဆန်လာသည်။ နောက်ဆုံးမှာတော့ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူက ရပ်တန့်သွားသည်။
သူ၏ အရှေ့တွင် အသူရာချောက်နက်၏ အဆုံးသတ်ရှိသည်။
ထိုနေရာတွင် ရေတွင်းတစ်တွင်း ရှိသည်။
ရေတွင်း၏ ဘေးမှာ မတ်တတ်ရပ်နေရင်း အဖိုးအိုက အောက်သို့ ငုံ့ကြည့်လိုက်လေရာ စိတ်လှုပ်ရှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ပိုပြီးထင်ရှားလာသည်။
ရေတွင်းထဲတွင် ရေရှိသည်။ ရေ၏ ရေမျက်နှာပြင်ပေါ်တွင် ပုံရိပ်ပြန်နေသည်မှာ ဝေဝါးသော လောကတစ်ခု ဖြစ်သည်။
ထိုလောကထဲမှာ အမှောင်ထုနှင့် သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
ထိုနေရာတွင် မိုးရွာနေသည်။
“ အဲ့ဒီနေရာပဲ ”
အဖိုးအိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ရေတွင်းထဲသို့ တန်းတန်းမတ်မတ် ခုန်ဝင်သွားသည်နှင့် သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်သွားသည်။
တစ်ချိန်တည်းမှာ နတ်သမီးတိုင်းပြည်နှင့် ဆင်တူသော မှတ်ဉာဏ်လောကတစ်ခုထဲတွင် တေးငှက်များက သာယာစွာ သီကြူးနေကြပြီး ပန်းပေါင်းစုံရနံ့က လေထဲမှာ ပျံ့လွင့်နေသည်။ အဖြူရောင်တိမ်တိုက်များက ကောင်းကင်ပေါ်မှာ လွင့်မျောနေစဉ် အင်မော်တယ်ကြိုးကြာများက ကြော့ရှင်းတင့်တယ်စွာ ပျံသန်းနေကြသည်။
ကောင်းကင်ဘုံတောင်တန်းများက မြေပြင်ပေါ်တွင် ထီးထီးမားမား တည်ရှိနေကြသည်။ မြူခိုးက ယင်းတို့ကို လွှမ်းခြုံထားစဉ် မရေမတွက်နိုင်သော အင်မော်တယ်နန်းတော်များက တောင်တန်းများပေါ်မှာ ထွက်ပေါ်လာကြသည်။
အမှတ်တစ်ဆယ့်ခုနစ် အင်မော်တယ်နန်းတော်၏ ဂိတ်တံခါးအပြင်ဘက်တွင် ယွင်မိသားစု၏ သခင်လေးက မတ်တတ်ရပ်နေသည်။ သူက ခေါင်းလှည့်လိုက်ပြီး ဤလောကကို ကြည့်လိုက်သည့်အခါ သူ၏ အက်ရှရှအသံက တိုးညင်းစွာ ပျံ့လွင့်သွားသည်။
“ မိုးရွာတော့မယ် ”
ထိုသို့ပြောပြီးနောက် သူက သူ့အရှေ့မှ အင်မော်တယ်နန်းတော်၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။
သူက ဂိတ်တံခါးဖွင့်လိုက်သည်နှင့်ချက်ချင်း လေပြင်းက ဤလောက၏ ကောင်းကင်ပေါ်မှာ တိုက်ခတ်လာသည်။
မကြာမီ စိုထိုင်းမှုက ဤလောကထဲသို့ စိမ့်ဝင်လာဟန် ရ၏။
ဂိတ်တံခါးပွင့်သွားသော အင်မော်တယ်နန်းတော်၏ အတွင်းဘက်သည်တော့ မည်းမှောင်နေပြီး မိုးရွာနေသည်။
ယွင်မိသားစု၏ သခင်လေးက ရိုသေလေးစားသော အမူအရာဖြင့် အထဲသို့ လျှောက်သွားသည်။ ဤသည်မှာ သူက ဂါရဝပြုရန် သွားရောက်နေသည့်အလားပင်။
တစ်ချိန်တည်းမှာ အနောက်မိစ္ဆာငှက်မွှေးမှ တခြားလူများနှင့် အရှေ့မိစ္ဆာငှက်မွှေးမှ လင်းခွန်းသည် သူတို့ရောက်ရှိနေသော မှတ်ဉာဏ်လောကထဲမှ ထွက်သွားနိုင်ရန် သူတို့ကိုယ်ပိုင် နည်းလမ်းများကို အသုံးပြုလိုက်ကြသည်။
သူတို့က မတူညီသော နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ တခြားမှတ်ဉာဏ်လောကများကို စူးစမ်းလေ့လာနေကြသည်။
ထိုသို့စူးစမ်းလေ့လာနေစဉ်အတွင်း တူညီသော ရာသီဥတုက မတူညီသော မှတ်ဉာဏ်လောကများထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။
တိမ်တိုက်များက ချက်ချင်း မည်းမှောင်သွားပြီး မိုးစတင်ရွာလာသည်။
“ မိုးရွာနေတာလား ”
မိုးရေစက်တစ်ပေါက်က ရွှီချင်း၏ အရှေ့သို့ ကျဆင်းလာပြီး ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ သစ်ရွက်တစ်ရွက်ပေါ်သို့ ပြုတ်ကျသွားသည်။
မည်းမှောင်နေသော မီးခိုးရောင်ကောင်းကင်ပေါ်တွင် အက်ကွဲကြောင်းက ဖြည်းညင်းစွာ ပြန်ကောင်းမွန်သွားသည်။ တခြားဧရိယာများတွင် တိမ်တိုက်များက စုဝေးသွားပြီး မိုးရေစက်များက စတင်ကျဆင်းလာသည်။
မိုးရေက ရွှီချင်း၊ မြေပြင်နှင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေသော အားညို၏ ဆံပင်ကို ရွှဲစိုသွားစေသည်။
“ စီနီယာအကိုကြီး… သွားကြစို့ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူ၏ နောက်ပန်းတိုင်က ဧကရီကို ရှာဖွေရန် ဖြစ်သည်။
ဤနေရာမှ ထူးခြားဆန်းကြယ်မှုများကို ကိုယ်တိုင်တွေ့ကြုံပြီးသည့်နောက် ဧကရီနောက်ကို လိုက်ခြင်းက အလုံခြုံဆုံးဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။
သို့သော်လည်း အားညိုက ထိုသို့မတွေးသည်မှာ ထင်ရှားသည်။
သူက ဤကြယ်ဂြိုလ်ပေါ်မှာ မည်မျှအခြေအနေဆိုးဝါးခဲ့ကြောင်း သူသာလျှင် အသိဆုံးဖြစ်သည်။
ထို့ပြင် ရွှီချင်း၏ နတ်ဘုရားသဖွယ် ထွက်ပေါ်လာပုံကို ပြန်စဉ်းစားမိသွားသောအခါ အားညို၏ နှလုံးခုန်မှုက အတိတ်တုန်းကထက် အများကြီး ပိုမြန်လာသည်။
‘ တကယ်လို့ ဒီဖုန်းဆိုးမြေကနေ တစ်စုံတစ်ခုကို ငါမယူသွားဘူးဆိုရင် ဒီနေရာမှာ ငါဒုက္ခခံခဲ့တာတွေက အလဟဿဖြစ်သွားလိမ့်မယ် ’
သူက စိတ်ထဲမှာ ထိုသို့စဉ်းစားနေသော်လည်း အပြင်ပန်းတွင် ဂုဏ်ယူဝင့်ကြွားသော ဟန်အမူအရာကို ဆက်လက် ထိန်းသိမ်းထားပြီး တည်ငြိမ်စွာ ပြောသည်။
“ ချင်းလေး… ငါတို့ အလျင်စလို ထွက်သွားဖို့ မလိုပါဘူး… ဒီကြယ်ဂြိုလ်ကို မင်းရဲ့ စီနီယာအကိုကြီးက သိမ်းပိုက်ပြီးပြီ… နောက်လုပ်ရမှာက ကံကြမ္မာကောင်းသစ်သီးကို ခူးဆွတ်ရုံပဲ ”
“ မင်း အတော်လေး ကံကောင်းတယ်… မင်းက အချိန်ကိုက် ရောက်လာခဲ့တယ်… စီနီယာအကိုကြီးအနေနဲ့ မင်းကို မတရား ငါမဆက်ဆံပါဘူး… ငါ့ရဲ့ အောင်မြင်မှုကို မင်းကို ပထမဆုံး မြင်တွေ့စေမယ် ”
အားညိုက ခေါင်းမော့လိုက်ပြီး ဗလာဖြစ်နေသော သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
သူက အထင်သေးရှုံ့ချသော အမူအရာကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း သူက ခြေလက်များကို ဆုံးရှုံးထားပြီး သူ၏ ဆံပင်က ဖရိုဖရဲဖြစ်နေလေရာ တစ်စုံတစ်ယောက်က သူ့ကို မည်သို့ကြည့်ရှုပါစေ အလွန်အခြေအနေဆိုးဝါးသူဟု ထင်မှတ်သွားလိမ့်မည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်က အပေါက်များဖြင့် ဇကာပေါက်ဖြစ်နေသည်။
ရွှီချင်းက စိတ်ထဲမှာ နူးညံ့စွာ သက်ပြင်းချလိုက်သည်။ စီနီယာအကိုကြီး၏ သူ့အပေါ် အနိုင်လိုချင်စိတ်က ထပ်မံ ထွက်ပေါ်လာကြောင်း သူသိလိုက်သည်။
ထို့ကြောင့် သူက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ပေါ်မှ ဆင်းသက်လိုက်ပြီး အားညို၏ အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။ သူက လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။
“ ဘာအခွင့်အရေးလဲ ”
“ ဒါပေါ့… အဲ့ဒါက မဟာဧကရာဇ်ငရဲမီးတောက် အတိတ်တုန်းက ဒီနေရာမှာ ရရှိခဲ့တဲ့ အကြီးမားဆုံး ကံကြမ္မာကောင်းပဲ ”
အားညိုက နှုတ်ခမ်းသပ်လိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ဖြတ်သန်းသွားပြီး အလောင်းများနှင့် လောက်ကောင်များဖြင့် ပြည့်နှက်နေသော စွန့်ပစ်ကြယ်ဂြိုလ်ကို ကြည့်လိုက်သည်။ သူ၏ အသံက တိုးညင်းသွားသည်။
“ ချင်းလေး… မင်းက စောစောကမှ ရောက်လာတာကြောင့် ငါ့ရဲ့ အတွေ့အကြုံကို မင်းမသိဘူး… ငါက ဒီနေရာကို ကောင်းကောင်း နားလည်ထားတယ် ”
“ ဒီနေရာရဲ့ ပတ်ဝန်းကျင်က အရမ်းဆိုးဝါးပေမဲ့ တကယ်တမ်းတော့ ငါ့ရဲ့ သုံးသပ်မှုအရ နေရာတစ်နေရာက ပိုပြီးဆိုးဝါးလေလေ အဲ့ဒီနေရာမှာ ပုန်းအောင်းနေတဲ့ အခွင့်အလမ်းတွေက ပိုပြီးကြီးမားလေပဲ ”
“ ဘာပဲပြောပြော မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ ဒီမှတ်ဉာဏ်အပိုင်းအစက လောကတစ်ခုအဖြစ် ပြောင်းလဲသွားတယ်ဆိုမှတော့ အတိတ်မှာ သူက ဒီနေရာအပေါ် အရမ်းလေးလေးနက်နက် ရှိခဲ့တဲ့ပုံပဲ… ”
“ လက်ရှိ ငါ့ပုံစံကို ကြည့်မယ်ဆိုရင် အတိတ်မှာ မဟာဧကရာဇ်ငရဲမီးတောက်က အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ဒီနေရာမှာ သေအံ့ဆဲဆဲအခြေအနေကို ကျရောက်ခဲ့တာ ထင်ရှားတယ်… ဒါဆိုရင် သူက ဘယ်လိုပြန်ကောင်းမွန်သွားလဲ… ဒီနေရာကနေ သူဘယ်လိုထွက်သွားနိုင်ခဲ့လဲ ”
“ ပုံမှန်အခြေအနေမှာဆိုရင် သူက သေချာပေါက် သေဆုံးသွားလိမ့်မယ်… ဒါပေမဲ့ သူက ဒီကနေ ထွက်သွားနိုင်ခဲ့တယ် ”
“ ဒီအချက်ကို ကြည့်ရင် ကြီးမားတဲ့ အခွင့်အရေးတစ်ခုက ဒီနေရာမှာ ပုန်းအောင်းနေတယ်ဆိုတာ ထင်ရှားတယ်… မဟာဧကရာဇ်ငရဲမီးတောက်က အဲ့ဒီအခွင့်အရေးကို ဘယ်လိုရရှိခဲ့လဲ ”
“ ငါက ဒီနေရာမှာ မဟာဧကရာဇ်ငရဲမီးတောက်အသွင် ပြောင်းလဲသွားတာကြောင့် အဲ့ဒီအခွင့်အရေးကို ရရှိနိုင်တဲ့လူက ငါတစ်ယောက်တည်းပဲ ရှိတယ် ”
အားညို၏ စကားက ရှင်းလင်းပြတ်သားသည်။ ယင်းကို နားထောင်ပြီးနောက် ရွှီချင်းက အကျိုးအကြောင်းကို နားလည်သွားပြီး သူ၏ မျက်လုံးထဲမှာ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
သို့ဖြစ်၍ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တွေးတောစဉ်းစားလိုက်သည်။
ရွှီချင်းက သူ၏ သုံးသပ်မှုကို သဘောတူကြောင်း မြင်သွားသောအခါ အားညိုက သူ၏ ခန့်မှန်းမှုကို ပိုပြီးသေချာသွားသည်။
ထို့ကြောင့် သူက ချောင်းဟန့်လိုက်ပြီး ပြောသည်။
“ ဒါကြောင့် ငါ့ရဲ့ လက်ရှိအခြေအနေက ဆိုးဝါးနေပြီး စောစောတုန်းက လောက်ကောင်တွေရဲ့ လိုက်ဖမ်းခံနေရတာဟာ တမင်ငါလုပ်ဆောင်ခဲ့တာပဲ… အတိတ်မှာ မဟာဧကရာဇ်ငရဲမီးတောက်က အခြေအနေ ဘယ်လောက်ဆိုးဝါးခဲ့လဲဆိုတာကို ငါကိုယ်တိုင် ခံစားကြည့်ချင်လို့ လုပ်ဆောင်ခဲ့တာပဲ ”
အားညိုက စကားကို အကြာကြီး ကွေ့ဝိုက်ပြောပြီးနောက် နောက်ဆုံးမှာတော့ သူလိုချင်သော အဓိကအကြောင်းအရာဆီသို့ ရောက်ရှိသွားသည်။
ထိုသို့လုပ်ဆောင်ရန် အားညိုအတွက် မလွယ်ကူပေ။ ထို့ပြင် သူ၏ စကားများက အဓိပ္ပာယ်ရှိဟန် ရ၏။
ရွှီချင်းက မျက်ခုံးပင့်တင်လိုက်ပြီး အားညိုကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… အဲ့ဒီအခွင့်အရေးကို မင်းရှာတွေ့ပြီလား ”
အားညိုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ နောက်ထပ်နည်းနည်းပဲ… အကြိမ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက် ငါမလုပ်ရသေးတာ နှစ်ခုပဲကျန်တော့တယ် ”
“ တစ်ခုက ဒီနေရာက လောက်ကောင်ကို စားဖို့ပဲ… အခြားတစ်ခုက တစ်ကြိမ်သေဆုံးကြည့်ဖို့ပဲ ”
“ အစကတော့ ဒုတိယရွေးချယ်မှုကို ကြိုးစားကြည့်ဖို့ ငါ့အတွက် အရမ်းခက်ခဲတယ်… ဘာကြောင့်လဲဆိုတော့ တကယ်လို့ မဟာဧကရာဇ်ငရဲမီးတောက်က တစ်ခါသေဆုံးပြီးနောက် အဲ့ဒီကံကြမ္မာကောင်းကို ရရှိခဲ့တယ်ဆိုရင် သူ့ဆီမှာ သေရာကနေ ပြန်ရှင်နိုင်စေတဲ့ ရတနာတချို့ သေချာပေါက် ရှိရမယ် ”
“ ဒါပေမဲ့ ငါ့မှာ အဲ့လိုရတနာမရှိဘူး… ”
“ ဒါပေမဲ့ မင်းရောက်လာပြီဆိုတော့… အဲ့ဒါနဲ့ တူညီတဲ့ အကျိုးသက်ရောက်မှုကို ရရှိနိုင်စေမယ့် နည်းလမ်းတစ်ခုကို ငါစဉ်းစားမိတယ်… ”
အားညိုက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက အားညိုကို ကြည့်လိုက်ပြီး တစ်ဖက်လူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။
“ စီနီယာအကိုကြီး… မင်းပြောနေတာက ငါတို့နှစ်ယောက် ခွဲဝေယူခဲ့တဲ့ သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာမဟုတ်လား ”
အားညိုက ခေါင်းညိတ်လိုက်သည်။
“ ဟုတ်တယ်… ငါတို့ရရှိခဲ့တဲ့ သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာက မူလက တစ်ခုတည်းပဲ… ဒါကြောင့် စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးရဲ့ ချည်မျှင်တွေကို ပေါင်းစည်းပစ်နိုင်တယ်…. ငါတို့က အဲ့ဒါကို ကြိုးတစ်ချောင်းအဖြစ် အသုံးပြုကြမယ် ”
“ အဲ့ဒီကြိုးကို ငါ့ရဲ့ လောဘစိတ်ပေါ်မှာ ကွင်းစွပ်လိုက်မယ်… ငါသေသွားတဲ့အခါ အဲ့ဒီကြိုးက ငါ့ကို သေခြင်းကနေ ပြန်ဆွဲထုတ်ပေးလိမ့်မယ် ”
“ လုပ်ကြရအောင် ”
ထိုသို့ပြောပြီးနောက် ရူးသွပ်မှုက အားညို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာက ထွန်းလင်းတောက်ပသွားသည့်အခါ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များက ထွက်ပေါ်လာကြသည်။
သူ၏ စီနီယာအကိုကြီးက စိတ်ဓာတ်ပြင်းပြနေကြောင်း မြင်သွားသောအခါ ရွှီချင်းသည်လည်း သူ၏ သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာကို လှည့်ပတ်လိုက်သည်။ ထိုအခါ သူ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များက အားညို၏ ချည်မျှင်များဖြင့် ပေါင်းစပ်သွားကြသည်။
ချည်မျှင်များက ထပ်ဆင့်လွှမ်းခြုံသွားပြီး ပေါင်းစပ်သွားသည့်အခိုက် အလွန်ပြင်းထန်သော လောဘစိတ်နှင့် ရူးသွပ်မှုက အားညို၏ ချည်မျှင်များထဲမှ တိုးထွက်လာကြသည်။
သူ၏ ယှဉ်ပြိုင်လိုစိတ်သည်ပင် ထိုထဲမှာ ထွက်ပေါ်လာသည်။
“ မင်းသေချာလား ”
ရွှီချင်းက မေးသည်။
“ ငါသေချာပါတယ်… ဘာမှမစိုးရိမ်နဲ့… ငါ့ရဲ့ အသက်ရှင်ချင်စိတ်က အဲ့လောက် အားမကောင်းဘူး… ဒါပေမဲ့ ငါ့ရဲ့ လောဘစိတ်ကတော့ လုံလောက်ပါတယ်… ငါ့ရဲ့ လောဘစိတ်က တည်ရှိနေသရွေ့ ဘာပြဿနာမှ မဖြစ်နိုင်ဘူး ”
အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အံကြိတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။
ရွှီချင်းက စီနီယာအကိုကြီး၏ စိတ်ဓာတ်ပြတ်သားမှုကို မြင်သွားသည်။ ထို့ပြင် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များက အားညို၏ လောဘစိတ်ပေါ်မှာ အမှန်တကယ် တွယ်ကပ်ထားကြောင်း သူအာရုံခံမိသည်။ အရေးကြီးဆုံးမှာ အားညိုထံမှ အကြည့်ဖြစ်သည်။ ထို့ကြောင့် သူက မည်သည့်စကားမှ ထပ်မပြောတော့ဘဲ တင်ပျဉ်ခွေထိုင်ချလိုက်သည်။
အားညိုသည်လည်း မြန်ဆန်စွာ ထိုင်ချလိုက်သည်။ ထို့နောက် သူက တစ်ဖက်တည်းရှိသော လက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးပေါ်သို့ အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။
ဗုန်းဟူသော မြည်သံနှင့်အတူ သူ၏ ဦခေါင်းက အထဲသို့ ချိုင့်ဝင်သွားပြီး သူက မြေပြင်ပေါ်မှာ ပြိုလဲသွားသည်။
သို့သော်လည်း သူက မသေဆုံးသေးပေ။
သေအံ့ဆဲဆဲအခြေအနေမှာ အားညိုက တိုးညင်းစွာ ပြောသည်။
“ ချင်းလေး… ငါ့ကို ကူညီပါဦး… ငါ့ကိုယ်ငါ သေအောင် မရိုက်နိုင်တော့ဘူး… ”
ရွှီချင်း၏ အမူအရာက ထူးဆန်းသွားသည်။ သူက ညာလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး အားညို၏ ရင်ဘက်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
နောက်အခိုက်အတန့်မှာ အားညို၏ ရင်ဘက်က တုန်ယင်သွားပြီး သူ၏ အသက်ဓာတ်က မြန်ဆန်စွာ ကုန်ခမ်းသွားသည်။
ရွှီချင်းက အာရုံစူးစိုက်လိုက်ပြီး အားညိုနှင့် ဆက်သွယ်ထားသော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များကို စောင့်ကြည့်လိုက်သည်။ အရေးကြီးအခိုက်အတန့်မှာ သူ့ကို သေဘေးမှ အမြန်ဆွဲထုတ်နိုင်ရန် သူက အသင်ပြင့်ထားသည်။
အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ငရဲမီးတောက်အသွင် ပြောင်းလဲသွားသော အားညို၏ ခန္ဓာကိုယ်ပေါ်မှာ အသက်ဓာတ်အများကြီး မကျန်ရှိတော့ပေ။ ယင်းက မြန်ဆန်စွာ လွင့်ပြယ်သွားသည်။
ထိုအခါ ရွှီချင်းက ချည်မျှင်ကို အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်လေရာ သူ၏ အခွင့်အာဏာက ရုတ်တရက် ထွန်းလင်းတောက်ပသွားသည်။
ချက်ချင်းဆိုသလို အားညို၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ လောဘစိတ်က ပေါက်ကွဲထွက်လာသည်။ သူက အသက်ရှူသွင်းလိုက်သည့်အခါ သူ၏ မျက်လုံးက ရုတ်တရက် ပွင့်သွားပြီး သူ၏ မျက်နှာပေါ်မှာ မိန်းမောတွေဝေသော အမူအရာ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ အသက်ဓာတ်က မြန်ဆန်စွာ ပြန်ရောက်လာသည်။ တစ်ချိန်တည်းမှာ သူက ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားနေသည်။
“ သေခြင်းတရားကို ငါအာရုံခံနိုင်တယ်… ငါ့ရဲ့ အရင်သုံးသပ်မှုက မမှားဘူး… သေခြင်းကပဲ ဒီနေရာက အခွင့်အလမ်းတွေကို အာရုံခံနိုင်တယ် ”
“ ချင်းလေး… နောက်တစ်ခေါက် ထပ်လုပ်ရအောင်… ဒီတစ်ခေါက်ကျရင် အချိန်နည်းနည်းကြာပြီးမှ ငါ့ကို ကယ်ပါ ”
အားညိုက စကားပြောပြီးနောက် ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ရွှီချင်းက အကူအညီမဲ့သွားသည်။ သူက လက်မြှောက်လိုက်ပြီး အောက်သို့ ရိုက်ချလိုက်သည်။
အားညိုက မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်ရှားတော့ပေ။
ဤတစ်ကြိမ်တွင် သူ၏ အသက်ဓာတ်က ကုန်ဆုံးသွားသည့်အခိုက် ရွှီချင်းက ချည်မျှင်ကို ချက်ချင်း မဆောင့်ဆွဲခဲ့ပေ။ ယင်းအစား သူက စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များကို အာရုံစိုက်ထားလိုက်သည်။
အားညို၏ လောဘစိတ်က အရောင်မှေးမှိန်သွားသည့်အခါ ရွှီချင်းက နောက်ထပ် မစောင့်ဆိုင်းတော့ပေ။
ထို့ကြောင့် သူက ချည်မျှင်ကို အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်နှင့် သူ၏ အခွင့်အာဏာက ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကံကြမ္မာဖန်တီးခြင်းဓားမြှောင်က ထွန်းလင်းတောက်ပလာသည်။
ချည်မျှင်ကို ဆောင့်ဆွဲလိုက်သည့်အခါ အားညို၏ လောဘစိတ်က တစ်ဟုန်ထိုး မြင့်တတ်သွားပြီး သူ့ကို အသက်ပြန်သွင်းပေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အလွန်အားကောင်းသော သေခြင်းအရှိန်အဝါက ဤကြယ်ဂြိုလ်မှ ပျံ့နှံ့ထွက်လာပြီး အားညို၏ ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
ထိုအခါ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များပေါ်မှာ မီးခိုးရောင်မြူခိုးက ထွက်ပေါ်လာသည်။ ထိုမြူခိုးက အားညိုနှင့်ပတ်သက်သော အရာအားလုံးကို ဝါးမျိုချင်နေသည်။
စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ စီနီယာအကိုကြီးက ထိုအရာထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သူသိသည်။
အားညို၏ အစောနက အကြည့်ကို ကောင်းမွန်စွာ သူနားလည်သည်။
သို့ဖြစ်၍ သူက တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။ ကံကြမ္မာဖန်တီးခြင်းဓားမြှောင်က သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး မီးခိုးရောင်မြူခိုးကို ပိုင်းဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာ အားညို၏ မှေးမှိန်နေသော လောဘစိတ်က ၎င်း၏ ဖုံးကွယ်မှုကို ဖယ်ရှားလိုက်သည့်အလား ချက်ချင်း အလွန်အားကောင်းလာသည်။ သူ၏ လောဘစိတ်က ကောင်းကင်ပေါ်ထိ ပျံတတ်သွားပြီး ကောင်းကင်ဘုံခွေးအဖြစ် အသွင်ပြောင်းလဲသွားဟန် ရ၏။ ၎င်းက မာန်ဖီဟိန်းဟောက်လိုက်ပြီး မီးခိုးရောင်မြူခိုးကို ဝါးမျိုလိုက်သည်။
နောက်အခိုက်အတန့်မှာ လောက၏ အရောင်က ပြောင်းလဲသွားသည်။
ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး မြေပြင်က တုန်ယင်သွားသည်။
စွန့်ပစ်ကြယ်ဂြိုလ်ပေါ်မှ အလောင်းအားလုံးက တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြသည်။
မရေမတွက်နိုင်သော လောက်ကောင်များက အော်ဟစ်ညည်းတွားလိုက်ကြသည်။ ၎င်းတို့က တုန်ယင်သွားကြပြီး ပြိုကွဲပျက်စီးသွားကြသည်။
အားညိုသည်တော့ သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးခိုးရောင်မြူခိုးက ဤကြယ်ဂြိုလ်ထံသို့ မြန်ဆန်စွာ ပြန်သွားနေကြောင်း ရွှီချင်းက ရှင်းလင်းစွာ မြင်တွေ့သွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ မီးခိုးရောင်အမျှင်တန်းတစ်ခုက အားညို၏ လောဘစိတ်၏ တိုက်ရိုက် ဝါးမျိုခံလိုက်ရသည်။
တစ်ချိန်တည်းမှာ ရွှီချင်းက သူ၏ ကံကြမ္မာဖန်တီးခြင်းဓားမြှောင်ကို ကြည့်လိုက်သည်။ ဓားမြှောင်ပေါ်တွင်လည်း မီးခိုးရောင်အမျှင်တန်းတစ်ခု ရှိသည်။ အစောနက မီးခိုးရောင်မြူခိုးကို ဓားမြှောင်ဖြင့် ပိုင်းဖြတ်လိုက်စဉ် အမျှင်တန်းတစ်ခု ကျန်နေခဲ့ခြင်း ဖြစ်သည်။
ယခု ထိုအမျှင်တန်းက ဓားမြှောင်၏ စုပ်ယူခံနေရသည်။
ထိုမြင်ကွင်းက ရွှီချင်း၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်ကို ထွက်ပေါ်လာစေသည်။
တစ်ချိန်တည်းမှာ သေခြင်းအရှိန်အဝါက အားညို၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး သူ့ကို လေပေါ်သို့ မြှောက်တတ်သွားစေသည်။
သူက လေထဲမှာ မျောလွင့်သွားသည့်အခိုက် ဤကြယ်ဂြိုလ်ပေါ်မှ အလောင်းများက ခေါင်းငုံ့လိုက်ကြပြီး ဒူးထောက်လိုက်ကြသည်။
မသေဆုံးသွားခဲ့သော လောက်ကောင်များသည်လည်း ဘောလုံးတစ်လုံးပမာ ကွေးသွားကြသည်။ ၎င်းတို့အားလုံးက အညံ့ခံသော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် အားညို၏ မျက်လုံးက ရုတ်တရက် ပွင့်သွားပြီး မီးခိုးရောင်သို့ ပြောင်းလဲသွားသည်။
နောက်အခိုက်အတန့်မှာ မီးခိုးရောင်က ပျောက်ကွယ်သွားပြီး လောဘစိတ်ဖြင့် အစားထိုးခံလိုက်ရသည်။ ထို့နောက် အားညိုက တဟားဟား ရယ်မောလိုက်သည်။
“ ဒီကြယ်ဂြိုလ်ကို ငါသိမ်းပိုက်လိုက်ပြီ ”
ရွှီချင်း၏ နှလုံးက ပြန်တည်ငြိမ်သွားသည်။ သူက စကားပြောတော့မည့်အချိန် ရုတ်တရက် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။
ဤလောကထဲတွင် မိုးရေစက်များက ကောင်းကင်ပေါ်မှ သည်းထန်စွာ ရွာသွန်းလာသည်။ ယင်းက ယခင်ထက် အဆပေါင်းများစွာ ပိုပြီးသည်းထန်သည်။
မိုးရွာသွန်းနေစဉ် မိုးရေထဲမှာ လောကတစ်ခုက ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
ထိုလောကက မည်းမှောင်နေပြီး အထဲ၌ မရေမတွက်နိုင်သော သင်္ချိုင်းများက မသဲမကွဲ တည်ရှိနေကြသည်။
အပြင်ဘက်မှာ မိုးရွာနေစဉ် ထိုလောကထဲမှာလည်း မိုးရွာနေသည်။
ဤအခိုက်အတန့်မှာ မိုးက ကြားခံနယ်တစ်ခုဖြစ်လာဟန် ရ၏။ လျှပ်တစ်ပြက်အတွင်းမှာ မိုးက အရာအားလုံးနှင့် ပေါင်းစပ်သွားသည်။ ထိုထဲတွင် လေထဲမှာ တဟားဟား အော်ရယ်နေသော အားညိုနှင့် မြေပြင်ပေါ်မှာ အမူအရာပျက်ယွင်းသွားသော ရွှီချင်းလည်း ပါဝင်သည်။
မိုးက သူတို့ကို ဝါးမျိုသွားသည်။