နိုးထလော့ ငါ့ရဲ့ စစ်သည်တော်တွေ
Vol. 99 Ch. 1527
ဤအခိုက်အတန့်မှာ မိုးက မဟာဧကရာဇ်ငရဲမီးတောက်၏ မှတ်ဉာဏ်အပိုင်းအစများမှ ဖြစ်ပေါ်လာသော မရေမတွက်နိုင်သည့် လောကများပေါ်မှာ ရွာသွန်းနေသည်။
မိုးရေက မှတ်ဉာဏ်လောကများထဲသို့ ဝင်ရောက်လာသူအားလုံးပေါ်သို့ ကျရောက်သွားသည်။
လင်းခွန်းဖြစ်စေ အနောက်မိစ္ဆာငှက်မွှေးမှ ကျင့်ကြံသူများဖြစ်စေ မည်သူမှ မိုးရေထဲမှ မလွတ်မြောက်နိုင်ကြချေ။
အချိန်ကြာလာသည်နှင့်အမျှ မိုးက ပိုပြီးသည်းထန်လာပြီး မှတ်ဉာဏ်လောကအားလုံးကို မိုးရေထဲမှ လောကအဖြစ် ပြောင်းလဲပစ်လိုက်သည်။
မိုးက သည်းထန်စွာ ရွာသွန်းနေစဉ် မည်းမှောင်ပြီး သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသော လောကတစ်ခုက မှတ်ဉာဏ်လောကအားလုံးစီမှာ ထွက်ပေါ်လာကြသည်။
ထို့နောက် ထိုသေခြင်းလောကက အရာအားလုံးကို အစားထိုးသွားသည်။
ယင်းက ဝါးမျိုနေခြင်းနှင့် ဆင်တူသည်။
ယင်းက မှတ်ဉာဏ်အပိုင်းအစများအားလုံးကို သုသာန်တစ်ခုပြီးတစ်ခုအဖြစ် ပြောင်းလဲပစ်နေသည်။
ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူက မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိတော့ပေ။ သူက နေရာမှာ လဲလျောင်းနေစဉ် အမှောင်ထုနှင့် စိုထိုင်းမှုက နေရာတိုင်းမှာ ပျံ့နှံ့နေသည်။ တစ်ချိန်တည်းမှာ သူ၏ ကျင့်ကြံခြင်းစိတ်အာရုံက ပျောက်ကွယ်သွားကြောင်း သူခံစားမိသွားသည်။
သူက အထိအတွေ့ဖြင့်သာ အကြမ်းဖျဉ်း အာရုံခံနိုင်တော့သည်။
သူက ဘေးကို ထိတွေ့လိုက်သည့်အခါ အေးစက်စက် သစ်သားကို ခံစားမိသွားသည်။
သူ၏ ဘေးပတ်ဝန်းကျင်နှင့် သူ၏ ခန္ဓာကိုယ်သည်လည်း ထို့အတူပင်။
ဤနေရာက ကျဉ်းမြောင်းပြီး ရှည်လျားသောကြောင့် သူက ထမထိုင်နိုင်ပေ။
“ ဒီဟာက ခေါင်းတလားပဲ ”
ရွှီချင်း၏ နှလုံးက လေးနက်သွားသည်။
“ စီနီယာအကိုကြီးတည်ရှိတဲ့ စွန့်ပစ်ကြယ်ဂြိုလ်ပေါ်မှာ မိုးက သည်းထန်စွာ ရွာသွန်းလာတယ်… အဲ့ဒီမိုးက ထူးဆန်းတယ်… မိုးရေက ကန့်လန့်ကာတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ အထဲမှာ မှောင်မည်းနေတဲ့ လောကတစ်ခု ထွက်ပေါ်လာတယ် ”
“ အဲ့ဒီလောကထဲမှာ မရေမတွက်နိုင်တဲ့ အုတ်ဂူတွေကို မသဲမကွဲ မြင်တွေ့နိုင်တယ်… ”
“ ဒါဆိုရင် အခု ငါက အဲ့ဒီအုတ်ဂူတွေထဲက တစ်ခုမှာ ရှိနေတာလား ”
“ ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ ကျင့်ကြံခြင်းစိတ်အာရုံက ဖိနှိပ်ခံထားရတယ် ”
“ ဒါဆို ငါ့ရဲ့ လက်ရှိပုံစံက ငရဲမီးတောက်လား ”
ရွှီချင်းက ညာလက်ကို သူ၏ မျက်နှာပေါ်သို့ တင်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။
သူက ငရဲမီးတောက်မဟုတ်သလို ရွှယ်ချန်းဇီလည်း မဟုတ်ပေ။
သူထိတွေ့သွားသည်မှာ သူ့မူလခန္ဓာကိုယ်၏ မျက်နှာဖြစ်သည်။
“ ဒီလောကက ထူးဆန်းတယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး သူ့အပေါ်မှ ခေါင်းတလားအဖုံးကို အကြမ်းပတမ်း ထိုးလိုက်သည်။
သူ၏ လက်သီးက ကျရောက်သွားသည့်အခါ ခေါင်းတလားက တုန်ယင်သွားပြီး အဖုံးပေါ်မှာ အက်ကွဲရာတစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုအက်ကွဲရာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ချိပ်ပိတ်ခြင်းစွမ်းအားက ယင်းပေါ်မှာ စုဝေးသွားသည်။ သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ အက်ကွဲရာက ပြန်ကောင်းမွန်သွားသည်။
ရွှီချင်းက သူ၏ လက်ချောင်းများကို အသုံးပြု၍ ယင်းကို အာရုံခံလိုက်သည်။ ထို့နောက် သူက ခွန်အားကို အလဟဿ အသုံးပြုရန် မစဉ်းစားတော့ပေ။ ထို့ကြောင့် နောက်အခိုက်အတန့်မှာ သူ၏ အသိစိတ်ပင်လယ်ထဲတွင် ကံကြမ္မာနတ်ဘုရားအခွင့်အာဏာက ထွန်းလင်းတောက်ပလာပြီး ဓားမြှောင်တစ်လက်သို့ ပြောင်းလဲသွားသည်။ ဓားမြှောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး သူ့အပေါ်မှ ခေါင်းတလားကို ပိုင်းဖြတ်လိုက်သည်။
ထိုသို့ပိုင်းဖြတ်လိုက်သည့်အခါ ကြေးမုံအက်ကွဲသံက ပဲ့တင်ထပ်သွားသည်။
ထိုနောက် ချိပ်ပိတ်ခံနေရသော ခံစားမှုက ကြီးကြီးမားမား လွင့်ပြယ်သွားသည်။ ရွှီချင်းသည်တော့ ချိပ်ပိတ်ခံထားရသော သူ၏ ကျင့်ကြံခြင်းနှင့် စိတ်အာရုံကို ပြန်ရရှိသွားသည်။
အထွတ်အမြတ်အဆင့် နတ်ဘုရားအခွင့်အာဏာဖြစ်သည့်အလျောက် ဤလောကတွင် ကံကြမ္မာဖန်တီးခြင်းဓားမြှောင်၏ သက်ရောက်မှုမခံရသော ချိပ်တံဆိပ်များက အနည်းအကျဉ်းမျှသာ ရှိ၏။
ဓားမြှောင်ဖြင့် ပိုင်းဖြတ်ပြီးနောက် ရွှီချင်းက လက်သီးဖြင့် နောက်တစ်ကြိမ် ထိုးလိုက်သည်။
ဝုန်းခနဲ မြည်သံက ဟိန်းထွက်လာသည်။
ယင်းက ခေါင်းတလားထဲမှာ ပဲ့တင်ထပ်သွားပြီး အပြင်လောကသို့လည်း ဆက်လက် ပျံ့လွင့်သွားသည်။
ဝုန်း… ဝုန်း… ဝုန်း…
မိုးက ဆက်လက် ရွာသွန်းနေစဉ် မြေကြီးထဲမှ ပဲ့တင်ထပ်လာသော ဝုန်းခနဲ မြည်သံက တိတ်ဆိတ်နေသော ဤလောက၏ တစ်ခုတည်းသောအသံ ဖြစ်လာသည်။
မြေကြီးက အနက်ရောင်ဖြစ်ပြီး ကောင်းကင်နှင့် မြေပြင်ကြားမှ နယ်မြေသည်လည်း အဆုံးမဲ့သော အမှောင်ထုဖြစ်သည်။
တစ်စုံတစ်ယောက်သည် ထိုမြေကြီးပေါ်မှာ အဆုံးမဲ့သော အုတ်ဂူများကို မြင်တွေ့နိုင်သည်။
ဤနေရာက သုသာန်တစ်ခု ဖြစ်သည်။
အေးစက်စက် စိတ်ဆန္ဒက လေထဲမှာ စိမ့်ဝင်နေပြီး ရက်စက်ကြမ်းကြုတ်သော ခံစားမှုက လေထဲမှာ ပျံ့နှံ့နေသည်။
အုတ်ဂူများထဲမှ တစ်ခုသည်သာ ဝုန်းခနဲ မြည်နေသည်။ မြည်သံက တဖြည်းဖြည်း ပြင်းထန်လာပြီးနောက် အုတ်ဂူက ရုတ်တရက် တုန်ယင်သွားပြီး အပြင်ဘက်သို့ ချိုင့်ဝင်သွားသည်။
ထိုသို့ဖြင့် မိနစ်အနည်းငယ်ကြာပြီးနောက် လက်တစ်ဖက်က မိုးရေကြောင့် ပြန့်ကျဲနေသော ရွှံ့မြေထဲမှ ဆန့်တန်းထွက်လာသည်။
အကယ်၍ ထိုမြင်ကွင်းကို သေမျိုးများသာ မြင်တွေ့သွားမည်ဆိုလျှင် သူတို့က သေချာပေါက် တုန်လှုပ်ချောက်ချားသွားလိမ့်မည်။ သို့သော်လည်း ကျင့်ကြံခြင်းလောကတွင် ယင်းက သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။
မကြာမီ ရွှီချင်းက ရွှံ့မြေထဲမှ တွားသွားထွက်လာသည်။
အပြင်သို့ ရောက်ရှိသွားသည့်အခိုက် ရွှီချင်းက သတိကြီးစွာထားလိုက်သည်။ သူက မိုးရေထဲမှာ သုသာန်ကို စစ်ဆေးကြည့်လိုက်သည်။
သူမြင်နေရသည်မှာ အမှောင်ထု၊ အုတ်ဂူများနှင့် မြေပုံများ ဖြစ်ကြသည်။
ဤနေရာမှ အမှောင်ထုက ထူးခြားဆန်းကြယ်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံသည်ပင် အဝေးကြီးသို့ ထွင်းဖောက်မမြင်နိုင်ပေ။ သူ၏ ဘေးပတ်ပတ်လည်မှ ပေတစ်ထောင်အတွင်းကိုသာ မြင်နိုင်သည်။
ထိုအုတ်ဂူများက ရက်စက်ကြမ်းကြုတ်သော တစ္ဆေများနှယ် ချောက်ချားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ယင်းက ရွှီချင်း၏ သတိထားမှုကို အဆုံးစွန်ထိ မြင့်တတ်သွားစေသည်။
သူက ဘေးပတ်ဝန်းကျင်ကို နီးကပ်စွာ စစ်ဆေးကြည့်နေစဉ် ကျယ်လောင်သော မြည်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး အသံကြားရာ နေရာဆီသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံ၏ နယ်နိမိတ်အစွန်းသို့ ရောက်ရှိသွားသည့်အခါ ရပ်တန့်လိုက်ပြီး ယင်းကို ဂရုတစိုက် ကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူ၏ အာရုံစိုက်မှုအောက်မှာ ပိုပြီးကျယ်လောင်သော အသံက အုတ်ဂူတစ်ခုထံမှ ပဲ့တင်ထပ်လာသည်။ ထိုနောက် အုတ်ဂူ၏ မြေပုံက အတွင်းဘက်ထဲသို့ ချိုင့်ဝင်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုက အထဲမှ ပျံသန်းထွက်လာသည်။
ထိုရွှေရောင်အလင်းတန်းထဲ၌ ရွှေကြွက်ပေါက်စလေးတစ်ကောင် ရှိသည်။
သို့သော်လည်း ၎င်းက ရွှီချင်း၏ ရွှေကြွက်လေး မဟုတ်ပေ။ ၎င်းက ယခုမှ အကောင်ပေါက်လာဟန်ရပြီး ဤလေဟာနယ်ကို ဝါးမျိုရန် ကြိုးစားနေသည်။
သို့သော်လည်း မွေးကင်းစ ရွှေကြွက်လေးအတွက် ဤနေရာမှ လေဟာနယ်ကို ကိုက်ရန် အတော်လေး ခက်ခဲနေသည်။ သို့ဖြစ်၍ အကြိမ်ရေအနည်းငယ် ကိုက်ပြီးနောက် ရွှေကြွက်လေးက အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။
ထိုရွှေကြွက်လေးကို မြင်လိုက်ရသည့်အခိုက် ရွှီချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက မြေပုံထဲမှာ နစ်မြုပ်နေသော အုတ်ဂူဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။
သူက အနားသို့ ချဉ်းကပ်သွားသည်နှင့် အားညို၏ မူလခန္ဓာကိုယ်က အုတ်ဂူထဲမှ တွားသွားထွက်လာနေကြောင်း မြင်တွေ့သွားသည်။
“ ဒါက ဘယ်လိုနေရာလဲ ”
အားညိုက တွားသွားထွက်လာပြီးနောက် သူ၏ ပါးစပ်ထဲမှ မြေကြီးကို ထွေးထုတ်လိုက်သည်။ သူက မူလအသွင်သဏ္ဍာန်သို့ ပြန်ပြောင်းလဲသွားသော်လည်း ဆိုးဝါးသော အခြေအနေမှာ ရှိနေဆဲပင်။ ထို့ကြောင့် သူက အလွန်စိတ်ဓာတ်ကျသွားသည်။
စွန့်ပစ်ကြယ်ဂြိုလ်ကို သိမ်းပိုက်ပြီး သေခြင်းအမွေအနှစ်ကို ရယူခြင်းက သူ့အတွက် လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့သော်လည်း သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေသည့်အချိန် မိုးရေ၏ ဝါးမျိုခံလိုက်ရသည်။
အတိတ်ဘဝများတွင် သူကသာ ဝါးမျိုခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဤဘဝတွင် သူက အကြိမ်ရေအနည်းငယ် ဝါးမျိုခံခဲ့ရသည်။
မိုးသည်ပင် သူ့ကို ဝါးမျိုသွားခဲ့သည်။
ယင်းက အားညိုကို မပျော်မရွှင်ဖြစ်စေသည်။ သူက အုတ်ဂူထဲမှ တွားသွားထွက်လာနေစဉ် ရွှီချင်းက သူ့ဆီသို့ ချဉ်းကပ်လာနေကြောင်း သတိထားမိသွားသည်။ သို့ဖြစ်၍ သူက အပေါ်သို့ မြန်မြန်ဆန်ဆန် တတ်သွားသည်။
ရွှီချင်းက သူ့ဆီသို့ မရောက်လာမီ အားညိုက အုတ်ဂူထဲမှ အပြည့်အဝ ထွက်ခွာနိုင်သွားသည်။ သူက ဆံပင်ကို သပ်ရပ်စွာ ပြုပြင်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ…
အားညို၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ဤနေရာသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသော ရွှီချင်းသည်လည်း သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူ၏ အမူအရာက ပျက်ယွင်းသွားသည်။ သူက အားညိုနှင့်အတူ ဆတ်ခနဲ ခေါင်းမော့လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက တိတ်တဆိတ် ထွက်ပေါ်လာပြီး ဤအခိုက်အတန့်မှာ ရုတ်တရက် ဆင်းသက်လာသည်။
ဖိအားက ဆင်းသက်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှ အုတ်ဂူအားလုံးက တုန်ယင်သွားကြသည်။ ယင်းတို့အားလုံးက ဖျစ်ညှစ်ခံလိုက်ရသည့်ဟန် ရ၏။ မိုးရေစက်သည်ပင် မကျဆင်းနိုင်တော့ပေ။ ဤသည်မှာ မိုးရေက တားဆီးခံလိုက်ရသည့်အလားပင်။
ရွှီချင်းနှင့် အားညို၏ အသိစိတ်က အကြီးအကျယ် လှုပ်ခတ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဖိအား၏ စွမ်းအားက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ကျော်လွန်နေပြီး အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းက သာမန်အုပ်ချုပ်သူတစ်ပါး မဟုတ်ပေ။
သို့ဖြစ်၍ ထိုဖိအားအောက်မှာ ရွှီချင်းနှင့် အားညို၏ အသက်ရှူသံက မြန်ဆန်လာသည်။ ဤသည်မှာ သူတို့က နေရာမှာ အေးခဲသွားကြသည့်အလားပင်။
သူတို့၏ အပေါ်တွင် မျောလွင့်နေသော တစ်စုံတစ်ခု ရှိသည်။
ယင်းက ပေပေါင်းတစ်သိန်း ကြီးမားသော ဧရာမဦးခေါင်းတစ်လုံး ဖြစ်သည်။
၎င်း၏ အသွင်သဏ္ဍာန်က လူသားတစ်ယောက်နှင့် ဆင်တူသော်လည်း ၎င်း၏ အရေပြားက မီးခိုးရောင်ဖြစ်သည်။ ၎င်းက မျက်လုံးဖွင့်လိုက်သည့်အခါ အေးစက်မှုက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် အားညို၏ အပေါ်တွင် ၎င်းက မျောလွင့်နေပြီး သူတို့ကို စိုက်ကြည့်နေသည်။ ၎င်း၏ တည်ရှိမှုကြောင့် မိုးရေက တားဆီးခံလိုက်ရသည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းနှင့် အားညိုက အလွန်အမင်း သေးငယ်သည်။ မကြာမီ ထူးဆန်းသော ထိုဦးခေါင်းက သူတို့ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ဤသုသာန်ကို ကြည့်လိုက်သည်။
ထို့နောက် ရွှီချင်းနှင့် အားညိုကို ဦးရေပြားစပ်ဖျင်းဖျင်း ခံစားရစေမည့် မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။
ဦးခေါင်းက ပါးစပ်ဟလိုက်ပြီး မြေကြီးကို အကြမ်းပတမ်း စုပ်ယူလိုက်သည်။
ထိုစုပ်ယူမှုအောက်မှာ ဖော်မပြနိုင်အောင် ကြောက်စရာကောင်းသော စုပ်အားက ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
မရေမတွက်နိုင်သော မြေကြီးနှင့် မိုးက လေထဲသို့ မြှောက်တတ်သွားကြပြီး ဦးခေါင်း၏ ပါးစပ်ပေါက်ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားကြသည်။
ဤသည်မှာ ၎င်းက ဝါးမျိုနေသည့်အလားပင်။
မြေကြီးက လေထဲသို့ မြှောက်တတ်သွားသည့်အခါ ခေါင်းတလားတချို့က ထွက်ပေါ်လာကြသည်။ ထိုခေါင်းတလားများသည်လည်း လေထဲသို့ မြှောက်တတ်သွားပြီး ဦးခေါင်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားကြသည်။
ယင်းတို့က ထူးဆန်းသော ဦးခေါင်း၏ ဝါးစားခံလိုက်ရသည်။
၎င်းက ဦးခေါင်းတစ်ခုတည်းသာ ဖြစ်သော်လည်း ၎င်းက ဝါးစားလိုက်သည့်အခါ မည်သည့်အရာမှ ထွက်ကျမလာပေ။ ဤသည်မှာ အဆုံးမဲ့သော တွင်းနက်တစ်ခုက ထိုဦးခေါင်းထဲမှာ ပုန်းအောင်းနေသည့်အလားပင်။
ရွှီချင်းနှင့် အားညိုသည်တော့ နှလုံးတုန်သွားကြသည်။ သူတို့က ဦးခေါင်း၏ စုပ်အားကို တောင့်ခံရန် အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။
သို့သော်လည်း သူတို့က အချိန်ကြာကြာ မတောင့်ခံနိုင်ပေ။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက အားညိုကို ကြည့်လိုက်သည်။ အားညိုက ရွှီချင်း၏ အတွေးကို နားလည်သောကြောင့် လုံးဝတုံ့ဆိုင်းမနေဘဲ ချက်ချင်း အော်ပြောလိုက်သည်။
“ နိုးထလော့… ငါ့ရဲ့ စစ်သည်တော်တွေ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း မီးခိုးရောင်မြူခိုးက အားညို၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သေခြင်းစွမ်းအားက ဤနေရာပေါ်သို့ သဏ္ဍာန်မဲ့စွာ ဆင်းသက်လာသည်။
နောက်အခိုက်အတန့်မှာ ဦးခေါင်း၏ စုပ်ယူခံနေရသော မြေပြင်ပေါ်မှ အုတ်ဂူများက တုန်ယင်သွားကြသည်။ ဖုတ်ကောင်များက ခေါင်းတလားများကို ချိုးဖြတ်လိုက်ကြပြီး အထဲမှ တွားသွားထွက်လာကြသည်။
၎င်းတို့က အရေအတွက် အလွန်များပြားသည်။
ဖုတ်ကောင်များက ထွက်ပေါ်လာသည်နှင့်ချက်ချင်း အားညိုကို နှုတ်ဆက်ရန် ဟန်ပြင်လိုက်ကြသည်။ သို့သော်လည်း ဦးခေါင်းထံမှ ပြင်းထန်သော စုပ်အားကြောင့် ၎င်းတို့က မနှုတ်ဆက်နိုင်မီ လေထဲသို့ မြှောက်တတ်သွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာ ဖုတ်ကောင်တစ်ထောင်ကျော်က ဦးခေါင်း၏ ဝါးမျိုခံလိုက်ရသည်။
ထိုပမာဏက ဦးခေါင်းကို ဗိုက်ပြည့်သွားစေဟန် ရ၏။ ထို့ကြောင့် ဦးခေါင်းက တဂျွတ်ဂျွတ် ဝါးစားနေစဉ် ၎င်း၏ စုပ်အားက မြန်ဆန်စွာ လွင့်ပြယ်သွားသည်။
ဦးခေါင်းသည်လည်း ဝေဝါးလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ရွှီချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အားညိုကို ကြည့်လိုက်သည်။
အားညိုက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင်လည်း ကြောက်ရွံ့သော အရိပ်အယောင်တစ်စွန်းတစ်စ ရှိသည်။
အစောနက အဖြစ်အပျက်သည် အလွန်အန္တရာယ်များသည်။
သူတို့နှစ်ယောက်က ဤလောကထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ထူးဆန်းပြီး ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြင့် တွေ့ဆုံခဲ့ရသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် အုတ်ဂူများဖြင့် ပြည့်နှက်နေသော ဤမိုးရေလောကက မည်မျှအန္တရာယ်များကြောင်း စိတ်ကူးကြည့်နိုင်သည်။
“ နေရာတစ်နေရာက ပိုပြီးအန္တရာယ်များလေ ရတနာတွေပိုရှိလေတဲ့… ဒါပေမဲ့ ချင်းလေး… ဧကရီကို ငါတို့တွေ အမြန်ဆုံး ရှာဖွေတာက ပိုပြီးတော့ ကောင်းလိမ့်မယ် ”
ရူးသွပ်သော ခေါင်းဆောင်သည်ပင် ထိုသို့ပြောလာသည်။
ရွှီချင်းက လေးနက်စွာ သဘောတူလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က ဤနေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ရုတ်တရက် ထပ်မံ ဆင်းသက်လာပြန်သည်။
ဦးခေါင်းက ပြန်ရောက်လာသည်။
၎င်းက သူတို့နှစ်ယောက်၏ အပေါ်မှာ လွင့်မျောနေသည်။
ဤတစ်ကြိမ်တွင် ၎င်းက ယခင်ထက် ပိုပြီးနီးကပ်သည်။
၎င်းက သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
ရွှီချင်းနှင့် အားညိုက မလှုပ်ရှားနိုင်ခင် ဦးခေါင်းက ရုတ်တရက် အသက်ရှူသွင်းလိုက်သည်။ ထို့ပြင် ဤတစ်ကြိမ်မှာ ၎င်း၏ စုပ်အားက ဘေးပတ်ဝန်းကျင်ဆီသို့ မပျံ့နှံ့သွားပေ။ ယင်းအစား ၎င်းက သူတို့နှစ်ယောက်ကိုသာ ပစ်မှတ်ထားလိုက်သည်။
သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းနှင့် အားညိုက လုံးဝခုခံနိုင်ခြင်းမရှိဘဲ တိုက်ရိုက် စုပ်ယူခံလိုက်ရသည်။
သို့သော်လည်း ဦးခေါင်းက ၎င်းတို့ကို မဝါးမျိုခဲ့ပေ။ ယင်းအစား ဦးခေါင်းက ရွှီချင်းနှင့် အားညိုကို ၎င်း၏ အရှေ့မှာ ချုပ်နှောင်လိုက်သည်။ ထို့နောက် ရွှီချင်းနှင့် အားညို၏ အံ့ဩထိတ်လန့်သော အကြည့်အောက်မှာ ၎င်းက အဝေးသို့ ဖြည်းညင်းစွာ ပျံသန်းသွားသည်။
ဦးခေါင်းက ရွေ့လျားနေစဉ် မိုးရေက ၎င်းပေါ်သို့ ကျဆင်းလာသည်။ သို့သော်လည်း ၎င်းက မိုးရေကို လျစ်လျူရှုထားသည်။
ရွှီချင်းနှင့် အားညိုသည် လုံးဝမလှုပ်ရှားနိုင်ကြပေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ မရေမတွက်နိုင်သော လွတ်မြောက်နည်းလမ်းများကို စဉ်းစားနေစဉ် သူတို့၏ သူငယ်အိမ်က ကျုံ့သွားသည်။
သို့သော်လည်း ဦးခေါင်း၏ အကြွင်းမဲ့စွမ်းအားအောက်မှာ သူတို့၏ နည်းလမ်းများက အောင်မြင်နိုင်ခြေ အလွန်နည်းပါးသည်။
သူတို့နှစ်ယောက်က စိုးရိမ်ကြောင့်ကြနေစဉ် ဦးခေါင်းက နောက်ထပ် သုသာန်တစ်ခုဆီသို့ ရောက်ရှိသွားသည်။ ၎င်းက ထိုနေရာမှာ ရပ်တန့်လိုက်ပြီး လေမှုတ်လိုက်သည်။
ရွှီချင်းနှင့် အားညို၏ ခန္ဓာကိုယ်က ပြင်းထန်သော အင်အားဖြင့် တွန်းထုတ်ခံလိုက်ရပြီး သုသာန်ထဲသို့ ပြုတ်ကျသွားကြသည်။
ချက်ချင်းဆိုသလို ဦးခေါင်းက ပါးစပ်ဟလိုက်ပြီး စုပ်အားကို နေရာအနှံ့ဆီသို့ ပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ၎င်းက သူတို့နှစ်ယောက်ကို အေးစက်စက် မျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။
ဤသည်မှာ ၎င်းက အစာစားချိန်ရောက်ပြီဟု သူတို့ကို သတိပေးနေသည့်အလားပင်။