ဒီနေရာမှာ အထွတ်အမြတ်ရတနာတွေ ရှိတယ်
Vol. 99 Ch. 1530
ဧကရီက တွေးတောစဉ်းစားပြီးနောက် အရိုးစုထံမှ အကြည့်ပြန်ရုပ်လိုက်သည်။
ထို့နောက် သူက ဘေးပတ်ပတ်လည်မှ တခြားကျောက်တံခါးခုနစ်ခုကို ကြည့်လိုက်သည်။
ကျောက်တံခါးတစ်ခုပြီးတစ်ခုကို ကြည့်ပြီးနောက် သူ၏ အကြည့်က တတိယမြောက် ကျောက်တံခါးပေါ်သို့ ကျရောက်သွားသည့်အခါ ဧကရီက မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက နေရာမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ တိတ်တဆိတ် စောင့်ဆိုင်းသည်။
တတိယမြောက် ကျောက်တံခါး၏ အနောက်တွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ဝတ်ရုံနက်ပုဂ္ဂိုလ်က မတ်တတ်ရပ်နေသည်။ သူက မဟာဧကရာဇ်ငရဲမီးတောက်၏ တံခါးပိတ်ကျင့်ကြံသော နေရာသို့ ဝင်ရောက်လာပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
သူ၏ အကြည့်က သူ့အရှေ့မှ ကျောက်တံခါးပေါ်သို့ ကျရောက်နေသည်။ ဤသည်မှာ သူ၏ အကြည့်က ကျောက်တံခါးကို ဖောက်ထွင်းသွားသည့်အလားပင်။ သူက မြေအောက်ခန်းထဲမှ အခြေအနေကို စစ်ဆေးလေ့လာပြီးနောက် အင်မော်တယ်အရိုးစု၏ လက်ထဲမှ အနက်ရောင်သလင်းကျောက်ကို အာရုံစိုက်လိုက်သည်။
သူက အလျင်စလို မဆောင်ရွက်ပေ။ သို့သော်လည်း သူ၏ အမူအရာက တည်ကြည်နေသည်။ သူက တင်ပျဉ်ခွေထိုင်ရန် ရွေးချယ်လိုက်ပြီး တိတ်တဆိတ် စောင့်ဆိုင်းသည်။
တစ်ချိန်တည်းမှာ မိုးရေလောကထဲတွင် တခြားလူများသည်လည်း ဈာပနအခန်း၏ တည်နေရာဆီသို့ ချဉ်းကပ်သွားရန် သူတို့၏ ကိုယ်ပိုင်နားလည်မှုနှင့် မတူညီသော နည်းလမ်းများကို အသုံးပြုနေကြသည်။
သူတို့က ဤနေရာဆီသို့ ဦးတည်နေသော ကျောက်တံခါးများကို ရှာဖွေနေကြသည်။
ကျောက်တံခါးများကို ရှာဖွေသည့်နေရာတွင် သူတို့မှာ အားသာချက်များ ရှိသည်။ မည်သို့ဖြစ်ပါစေ သူတို့မှာ သတင်းအချက်အလက်များရှိပြီး သူတို့က မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော နေရာနှင့်ပတ်သက်ပြီး အနည်းအကျဉ်း နားလည်ထားကြသည်။
ထို့ပြင် သူတို့၏ ကျင့်ကြံခြင်းအခြေခံကြောင့် ကျောက်တံခါးများ၏ တည်နေရာများကို အာရုံခံရန် အများကြီး ပိုလွယ်ကူသည်။
သို့ဖြစ်၍ မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော နေရာဆီသို့ ဝင်ရောက်ခဲ့ကြသော လူများထဲတွင် ရွှီချင်းနှင့် အားညိုမှလွဲ၍ ကျန်လူများက အကြံအစည်ရှိသူများ ဖြစ်ကြသည်။
ရွှီချင်းနှင့် အားညိုသည်သာ ဦးတည်ရာမဲ့နေသော ယင်ကောင်များသဖွယ် ဖြစ်နေကြသည်။ မိုးရေလောကထဲတွင် သူတို့နှစ်ယောက်က မြေအောက်ဈာပနအခန်းနှင့် ကျောက်တံခါးများအကြောင်းကို ဘာမှမသိထားကြပေ။
ထို့ပြင် သူတို့၏ ကံကြမ္မာမှာ ကံကြမ္မာဆိုးဖြင့် ပြည့်နှက်နေသည်။ အုပ်ချုပ်သူအဖိုးအိုထွက်သွားပြီးနောက် သူတို့နှစ်ယောက်က ဖုတ်ကောင်များကို မရပ်မနား ဆင့်ခေါ်ပေးလိုက်ကြသည်။
နောက်ဆုံးမှာတော့ အကြိမ်ပေါင်းဒါဇင်ခန့် ဆင့်ခေါ်ပေးပြီးနောက် ထိုဦးခေါင်းမိသားစုက ဗိုက်ပြည့်သွားကြသည်။
ဤအတောအတွင်းမှာ သူတို့က အုပ်ချုပ်သူအဖိုးအို၏ သိုလှောင်အိတ်ကို စစ်ဆေးကြည့်ရန်ပင် အချိန်မရခဲ့ပေ။
မရပ်မနား ဖုတ်ကောင်ဆင့်ခေါ်ခြင်းက ရွှီချင်းနှင့် အားညိုကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ပင်ပန်းနွမ်းနယ်စေသည်။
သို့သော်လည်း ထိုသို့လုပ်ဆောင်ရာတွင် အကျိုးအမြတ်များ ရှိသည်။ သူတို့က အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ဆင့်ခေါ်ပေးပြီးနောက် မီးခိုးရောင်မြူခိုး၏ အသုံးပြုပုံကို ယခင်ထက် ပိုပြီးရင်းနှီးကျွမ်းဝင်သွားကြသည်။
အထူးသဖြင့် အားညိုဖြစ်သည်။ ဖုတ်ကောင်ဆင့်ခေါ်မှုကို အဓိကထိန်းချုပ်သူအနေဖြင့် မရည်ရွယ်သော ဤလေ့ကျင့်မှုအောက်မှာ သူက မီးခိုးရောင်မြူခိုးကို ပိုပြီးကျွမ်းကျင်လာသည်။
လွတ်မြောက်နည်းကိုတော့ ယခုထိ အဖြေရှာမရသေးပေ။ ထိုမိသားစုက ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် သူတို့နှစ်ယောက်ကိုလည်း အတင်းအဓမ္မ ခေါ်ဆောင်သွားကြသည်။ ကောင်းကင်ပေါ်မှာ အချိန်တစ်ခဏကြာ ရွေ့လျားပြီးနောက် ၎င်းတို့က အသိုက်ဆီသို့ ပြန်ရောက်သွားကြသည်။
၎င်းတို့၏ အသိုက်က ကြီးကျယ်ခမ်းနားသော သင်္ချိုင်းတစ်ခုမှာ တည်ရှိသည်။
ထိုသင်္ချိုင်းက တောင်ကြီးတစ်တောင်နှင့် ဆင်တူသည်။
ဤနေရာဆီသို့ ခရီးဆက်ခဲ့သော လမ်းတစ်လျှောက်တွင် ထိုမျှကြီးမားသော တောင်ကြီးကို တစ်ခါမှ သူတို့မမြင်ခဲ့ဖူးပေ။ ယင်းက အလွန်မြင့်မားလေရာ ကောင်းကင်နှင့်ပင် ထိစပ်နေဟန် ရ၏။ တောင်၏ အကျယ်အဝန်းက ဧရာမမြို့တစ်မြို့နှင့် နှိုင်းယှဉ်နိုင်သည်။ တောင်က ဤနေရာမှာ လောက၏ အဓိကထောင့်တိုင်တစ်ခုပမာ ထီးထီးမားမား တည်ရှိနေသည်။
တောင်ထဲတွင် မရေမတွက်နိုင်သော မြေအောက်နန်းတော်များနှင့် အချုပ်အနှောင်အစီအရင်များ ရှိကြသည်။ သို့သော်လည်း ပြန်ရောက်လာသော ဤဦးခေါင်းမိသားစုအတွက်တော့ ထိုအချုပ်အနှောင်အစီအရင်များက အလှတန်ဆာများသာ ဖြစ်ကြသည်။
အသိုက်သို့ ပြန်ရောက်လာပြီးနောက် ဦးခေါင်းမိသားစုက လူစုခွဲလိုက်ကြသည်။ ဦးခေါင်းကြီးနှစ်ခုက အဓိကနန်းတော်ဆီသို့ သွားရောက်ကြပြီး အနားယူရန် မျက်လုံးမှိတ်လိုက်ကြသည်။
ကလေးဦးခေါင်းများသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာနန်းတော်ငယ်များဆီသို့ ပြန်သွားကြပြီး အိပ်စက်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် ၎င်းတို့က အစာအများကြီး စားခဲ့သောကြောင့် အစာခြေဖျက်ရန် အချိန်လိုအပ်သည်။
အချိန်တစ်ခဏကြာပြီးနောက် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော အသက်ရှူသံက ဤသင်္ချိုင်းထဲမှာ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းနှင့် အားညိုက ဆုံးရှုံးသွားသော လွတ်လပ်မှုကို ပြန်ရရှိသွားကြသည်။
“ ဒီလောက်ကြီးတဲ့ သင်္ချိုင်းကပဲ ဒီမိသားစုအတွက် သင့်တော်လိမ့်မယ်… ”
“ ငါကြည့်ရသလောက်တော့ ဒီမိသားစုက အတိတ်မှာ အလောင်းတွေဖြစ်ခဲ့ပုံပဲ… ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် နောက်ပိုင်းမှာ သူတို့က အသိဉာဏ်ရှိလာကြပြီး အတိုင်းအတာတစ်ခုထိ ပြန်ရှင်လာကြတယ် ”
အားညိုက ရွှီချင်းကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အချိန်တစ်ခဏကြာ စောင့်ဆိုင်းပြီးနောက် ဤမိသားစုက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားကြောင်း သူတို့အတည်ပြုနိုင်သွားကြသည်။ ထို့နောက် သူတို့က ဂရုတစိုက် အနောက်ဆုတ်သွားကြပြီး လွတ်မြောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေလိုက်ကြသည်။
သို့သော်လည်း မကြာမီ သူတို့က သက်ပြင်းချလိုက်ကြသည်။
သူတို့၏ လွတ်လပ်မှုက အတိုင်းအတာတစ်ခုထိမျှသာ ဖြစ်သည်။
သူတို့က ဤသင်္ချိုင်းထဲမှာ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်သော်လည်း ဤနေရာမှ မထွက်သွားနိုင်ကြပေ။
ဤနေရာမှ ချုပ်နှောင်ခြင်းအစီအရင်များက ပြဿနာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့က ထိုအစီအရင်များကို ဖယ်ရှားပစ်နိုင်ကြသည်။ အဓိကပြဿနာမှာ သူတို့က အဝေးကြီးသို့ မရွေ့လျားနိုင်ခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့က အဝေးသို့ ရောက်ရှိသွားသည့်အခါတိုင်း မိုးခြိမ်းသံသဖွယ် ဟောက်သံက ရပ်တန့်သွားလိမ့်မည်။ ဤသည်မှာ ဦးခေါင်းကြီးက အချိန်မရွေး နိုးထလာတော့မည့်အလားပင်။
“ သေစမ်း… သူတို့က ငါတို့ကို ထွက်သွားဖို့ လုံးဝခွင့်မပြုဘူး ”
“ သူတို့က တစ်ခါမှ ဒီလောက်ဗိုက်ပြည့်အောင် မစားဖူးတာ သေချာတယ်… ဒါကြောင့် သူတို့က ငါတို့ကို အလွတ်မပေးချင်ဘူး ”
အားညိုက ဒေါသထွက်သွားသည်။ ထို့နောက် သူက အုပ်ချုပ်သူအဖိုးအိုထံမှ ရရှိခဲ့သော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ရိတ်သိမ်းမှုများကို တွက်ချက်ခြင်းကသာလျှင် သူ့ကို စိတ်တည်ငြိမ်စေနိုင်ဟန် ရ၏။
ရွှီချင်းသည်တော့ လေးနက်စွာ တွေးတောလိုက်သည်။ သူက ထိုပစ္စည်းများကို မကြည့်ပေ။ ယင်းအစား သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာလိုက်သည်။ သူ၏ အကြည့်က မြေအောက်နန်းတော်များထံသို့ ကျရောက်သွားပြီးနောက် သူက ရုတ်တရက် ပြောသည်။
“ စီနီယာအကိုကြီး… စွန့်ပစ်ကြယ်ဂြိုလ်ပေါ်မှာ မင်းပြောခဲ့တဲ့ သီအိုရီအရဆိုရင်… ”
“ ငရဲမီးတောက်က အဲ့ဒီကြယ်ဂြိုလ်ပေါ်မှာ ကံကြမ္မာကောင်းတစ်ခုကို ရရှိခဲ့တာဖြစ်မယ်လို့ မင်းသုံးသပ်ခဲ့တယ်… ဒါကြောင့် နေရာတစ်နေရာက ပိုပြီးတော့ အန္တရာယ်များလေ အဲ့ဒီနေရာမှာ အခွင့်အရေးတွေပိုရှိလေပဲ ”
“ ဒါဆိုရင်… ဒီနေရာကရော ”
အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီနေရာရဲ့ မြေအောက်နန်းတော်အများအပြားကို ငါစစ်ဆေးလေ့လာခဲ့တယ်… ဒီနေရာက အဲ့ဒီမိသားစုနဲ့ လိုက်လျောညီထွေတယ်… ဒါ့အပြင် သူတို့ပြန်ရောက်လာတဲ့အခါမှာ ဒီက အချုပ်အနှောင်အစီအရင်တွေက အသက်မဝင်လာကြဘူး ”
“ ဒါဆိုရင်... ဒီနေရာက အဲ့ဒီမိသားစုရဲ့ သင်္ချိုင်းဖြစ်ဖို့ ရာခိုင်နှုန်းများတယ် ”
“ တကယ်လို့ အဲ့ဒီသုံးသပ်မှုက မှန်တယ်ဆိုရင် သူတို့က ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ… သူတို့ကို တခြားအလောင်းတွေနဲ့ ကွဲပြားခြားနားစေတဲ့ အခွင့်အရေးတချို့က ဒီနေရာမှာ ရှိနေတာများလား ”
ရွှီချင်းက စကားပြောပြီးနောက် အားညိုကို ကြည့်လိုက်သည်။
အားညိုက နက်နဲစွာ တွေးတောလိုက်သည်။ ရွှီချင်း၏ နောက်ဆုံးစကားက သူ၏ မျက်လုံးကို ဝင်းလက်သွားစေသည်။
“ မဆိုးဘူး… ချင်းလေး… မင်းရဲ့ သုံးသပ်မှုက ငါ့ရဲ့ သုံးသပ်မှုနဲ့ တစ်ထပ်တည်းပဲ ”
“ ဒီနေရာကို ငါတို့တွေ သေသေချာချာ စူးစမ်းလေ့လာကြဖို့ ငါအကြံပေးချင်တယ် ”
အားညိုက သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
ထုံးစံအားဖြင့် ရွှီချင်းက အားညို၏ ထိုအတွေးကို မငြင်းပေ။ သူ၏ စီနီယာအကိုကြီးက သဘောတူကြောင်း မြင်သွားသောအခါ သူတို့က လုံးဝတုံ့ဆိုင်းမနေဘဲ ဘေးပတ်ဝန်းကျင်မှာ စူးစမ်းရှာဖွေလိုက်ကြသည်။
အချိန်က နှေးကွေးစွာ စီးဆင်းသွားသည်။
မကြာမီ ခုနစ်ရက် ကုန်ဆုံးသွားသည်။
ဦးခေါင်းမိသားစုက နှစ်ချိုက်စွာ အိပ်မောကျနေဆဲပင်။ ၎င်းတို့က အချိန်တိုလေးအတွင်း နိုးထလာလိမ့်မည်မဟုတ်ကြောင်း ထင်ရှားသည်။ ရွှီချင်းနှင့် အားညိုသည်တော့ ဤခုနစ်ရက်အတွင်းမှာ နေရာအားလုံးနီးပါးကို စူးစမ်းရှာဖွေခဲ့ကြသည်။
ကလေးဦးခေါင်းများ အိပ်စက်နေကြသော နန်းတော်ငယ်များကိုပင် သူတို့နှစ်ယောက်က လူစုခွဲ၍ စူးစမ်းရှာဖွေခဲ့ကြသည်။
သို့သော်လည်း သူတို့က ကံကြမ္မာကောင်းနှင့်ပတ်သက်သော မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ကြပေ။
မြေအောက်နန်းတော်ထဲမှာ အရာအားလုံးက ဟာလာဟင်းလင်းဖြစ်နေသည်။ တချို့ပစ္စည်းများက ယိုယွင်းဆွေးမြေ့နေပြီး တန်ဖိုးမရှိပေ။
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က ဦးခေါင်းကြီးနှစ်ခု အိပ်စက်နေကြသော အဓိကနန်းတော်၏ အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။
ဤနေရာသည် သူတို့မစစ်ဆေးရသေးသော တစ်ခုတည်းသောနေရာ ဖြစ်သည်။
“ ရတနာတွေက အထဲမှာများလား ”
အားညို၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။
ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
အဓိကနန်းတော်ထဲမှ အန္တရာယ်သည် အိပ်ပျော်နေကြသော ဦးခေါင်းကြီးနှစ်ခုဖြစ်သော်လည်း သူတို့က ဤအခြေအနေထိ ရောက်နေမှတော့ ယင်းက အန္တရာယ်များလျှင်ပင် သူတို့၏ လက်ရှိအခြေအနေထက် ပိုပြီးအန္တရာယ်များလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က အံကြိတ်လိုက်ပြီး အဓိကနန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့က အထဲသို့ ဝင်ရောက်သွားသည့်အခိုက် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော ဟောက်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဦးခေါင်းကြီးနှစ်ခုက အတူတကွ အိပ်စက်နေကြသည်။
ဤနန်းတော်သည် အပြင်ဘက်ကနှင့် အတူတူပင်။ ယင်းက ဟာလာဟင်းလင်းဖြစ်နေပြီး အထဲမှာ မည်သည့်ရတနာမှ မရှိပေ။ နန်းတော်၏ အဆုံးတွင် ကျောက်တံခါးတစ်ခုသာ ရှိ၏။
ထိုကျောက်တံခါးက ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေပြီး ယင်းပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများကို ရေးထွင်းထားသည်။ အချိန်စွမ်းအင် တစ်စွန်းတစ်စသည်ပင် ကျောက်တံခါးထံမှ ထွက်ပေါ်နေသည်။ ဤသည်မှာ ယင်းက နှစ်ပေါင်းအတော်ကြာအောင် တည်ရှိနေခဲ့သည့်အလားပင်။
ထိုကျောက်တံခါးကို မြင်လိုက်ရသည့်အခိုက် ရွှီချင်းနှင့် အားညိုက နှလုံးတုန်သွားကြသည်။
သူတို့က နေရာတိုင်းမှာ စူးစမ်းရှာဖွေခဲ့ကြသော်လည်း ဤကျောက်တံခါးတစ်ခုတည်းသာ သူတို့အား ထူးဆန်းသော ခံစားမှုကို ပေးသည်။
သို့ဖြစ်၍ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ဦးခေါင်းကြီးနှစ်ခုကို ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က အရှေ့သို့ ဂရုတစိုက် ရွေ့လျားသွားကြပြီး နောက်ဆုံးမှာတော့ ကျောက်တံခါး၏ အရှေ့သို့ ရောက်ရှိသွားကြသည်။
သူတို့က ထိုနေရာမှာ ရပ်လိုက်သည်နှင့်ချက်ချင်း ရွှီချင်းနှင့် အားညိုက မျက်မှောင်ကြုတ်သွားကြသည်။
ထိုမျှနီးကပ်သော အကွာအဝေးတွင် ဂိတ်တံခါးထံမှ ရှေးဟောင်းအငွေ့အသက်က အများကြီး ပိုထင်ရှားလာသည်။ တစ်ချိန်တည်းမှာ အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါက ဂိတ်တံခါးမှတဆင့် အပြင်သို့ ဖြည်းညင်းစွာ စိမ့်ထွက်နေသည်။
“ အထဲမှာ အထွတ်အမြတ်ရတနာတွေ ရှိတယ် ”
အားညို၏ အသက်ရှူသံက မြန်ဆန်လာသည်။ အကြိမ်ရေအနည်းငယ် အနံ့ခံပြီးနောက် သူ၏ မျက်လုံးထဲမှ အလင်းရောင်က တစ်ဟုန်ထိုး အားကောင်းလာသည်။
“ အတိတ်မှာ ရတနာတွေရှာဖွေခဲ့တဲ့ ငါ့ရဲ့ အတွေ့အကြုံပေါ် အခြေခံပြီး ပြောရမယ်ဆိုရင်… ချင်းလေး… ဒီထဲက ရတနာတွေက သေချာပေါက် အံ့ဖွယ်ကောင်းရလိမ့်မယ် ”
အားညိုက နှုတ်ခမ်းသပ်လိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူက ကျောက်တံခါးကို ထိတွေ့လိုက်သည့်အခါ သူ၏ နှလုံးခုန်သံက ပိုပြီးမြန်ဆန်လာသည်။ သူ၏ ခန့်မှန်းမှုက မှန်ကန်ကြောင်း ပိုပြီးသေချာသွားသည်။ ထို့ကြောင့် သူက ကျောက်တံခါးကို အတင်းအဓမ္မ တွန်းဖွင့်လိုက်သည်။
သို့သော် ကျောက်တံခါးက လုံးဝမရွေ့လျားပေ။
ရွှီချင်းက ဝင်ကူညီပေးသည့်တိုင် ကျောက်တံခါးက အနည်းငယ်မျှသာ တုန်ခါသွားပြီး မပွင့်သွားပေ။
အားညိုက စိုးရိမ်ကြောင့်ကြလာသည်။
သူက ရွှီချင်းကို ကြည့်လိုက်သည့်အခါ အပြာရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ ရွှီချင်းက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး အိပ်ပျော်နေကြသော ဦးခေါင်းကြီးနှစ်ခုကို ကြည့်လိုက်သည်။
နောက်ဆုံးမှာတော့ သူ၏ အကြည့်က သူတို့ကို ဤနေရာဆီသို့ ဖမ်းခေါ်လာခဲ့သော ဦးခေါင်းကြီးထံသို့ ကျရောက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ စီနီယာခင်ဗျာ… ဒီခရီးတစ်လျှောက်မှာ ကျုပ်တို့ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ”
“ စီနီယာက ကျုပ်တို့နှစ်ယောက်ကို ဒီနေရာဆီ ခေါ်ဆောင်လာခဲ့ပါတယ်… တကယ်လို့ စီနီယာဆီမှာ ဒီကျောက်တံခါးကို ကျုပ်တို့နှစ်ယောက်ကို ဖွင့်ခိုင်းစေချင်တဲ့ ရည်ရွယ်ချက်မရှိဘူးလို့ပြောရင် ကျွန်တော်မယုံပါဘူး ”
“ ဒီလိုဆိုမှတော့ စီနီယာ… ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပေးပါ ”
လမ်းတစ်လျှောက်တွင် ဦးခေါင်းကြီးက မည်သည့်စကားမှ မပြောဘဲ ပင်ကိုယ်ဗီဇအရသာ လုပ်ဆောင်ခဲ့ဟန် ထင်ရသော်လည်း တစ်ဖက်လူ၏ မူမမှန်သော အပြုံးက ရွှီချင်း၏ စိတ်ထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာဆဲပင်။
ထို့ပြင် ၎င်းက အုပ်ချုပ်သူအဖိုးအိုကို လုယက်ရန် သွယ်ဝိုက်စွာ သဘောတူခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူ၏ အသိဉာဏ်က မမြင့်မားကြောင်း ရွှီချင်း မယုံကြည်ပေ။ ဤသုံးသပ်မှုအပေါ် အခြေခံပြီး ပြောရလျှင် ၎င်းက သူတို့နှစ်ယောက်ကို ဤနန်းတော်ထဲမှာ လွတ်လပ်စွာ သွားလာခွင့်ပေးထားခြင်းက ဤကျောက်တံခါးကို ဖွင့်လှစ်ခိုင်းရန် ဖြစ်နိုင်သည်။
အားညို၏ သုံးသပ်မှုသည်လည်း ထိုအတိုင်းဖြစ်သည်။ ထို့ကြောင့် ရွှီချင်းက အနောက်လှည့်လိုက်ပြီး အရိုအသေပေးလိုက်သည်။ အားညိုသည်လည်း လေးနက်စွာ အရိုအသေပေးလိုက်သည်။
ထိုအခါ ဟောက်သံက ချက်ချင်း ပျောက်ကွယ်သွားသည်။
ဦးခေါင်းကြီးနှစ်ခုက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ကြပြီး ရွှီချင်းနှင့် အားညိုကို စိုက်ကြည့်လိုက်ကြသည်။
ထို့နောက် ၎င်းတို့က အကြည့်ရွှေ့ပြောင်းလိုက်ကြသည်။ ၎င်းတို့၏ အကြည့်က ကျောက်တံခါးပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းတို့၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ အမှန်မှာ ကြောက်ရွံ့သော အရိပ်အယောင်တစ်စွန်းတစ်စပင် ၎င်းတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း နောက်ဆုံးမှာတော့…
ရွှီချင်းနှင့် အားညို၏ ခန့်မှန်းမှုက မှန်ကန်သွားခြင်းလော သို့မဟုတ် တခြားအကြောင်းအရင်းကြောင့်လော သေချာမသိရသော်လည်း ဦးခေါင်းကြီးနှစ်ခုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက် လေမှုတ်လိုက်ကြသည်။
ထိုအခါ ပြင်းထန်သော လေကြမ်းနှစ်ခုက ကျောက်တံခါးပေါ်သို့ တိတ်တဆိတ် ကျဆင်းသွားကြသည်။
ကျောက်တံခါးက ချက်ချင်း တုန်ယင်သွားသည်။ ရွှီချင်းနှင့် အားညိုက ထိုအခွင့်အရေးကို အသုံးပြု၍ သူတို့၏ ခွန်အားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။
နောက်ဆုံးမှာတော့ ကျောက်တံခါးက အပြင်းအထန် တုန်ယင်သွားပြီး အက်ကွဲကြောင်းတစ်ခုစာ ပွင့်သွားသည်။
အက်ကွဲကြောင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း သေခြင်းအရှိန်အဝါက ပျံ့နှံ့ထွက်လာသည်။ ယင်း၏ အနောက်တွင် အခွင့်အာဏာများ၏ တာအိုအမှတ်အသားများထံမှ အားလှိုင်းအတတ်အကျများက လိုက်ပါလာကြသည်။
အားညိုနှင့် ရွှီချင်းက နှလုံးတုန်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအက်ကွဲကြောင်းမှတဆင့် အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သူတို့မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ယင်းက မြေအောက်ခန်းတစ်ခု ဖြစ်သည်။
မရေမတွက်နိုင်သော အရိုးစုများက ထိုအခန်းထဲမှာ ယဇ်ပလ္လင်တစ်ခုပမာ စုပုံနေကြသည်။
ယဇ်ပလ္လင်၏ ဘေးပတ်ပတ်လည်တွင် အရေအတွက်များပြားသော အမွေအနှစ်အမှတ်အသားများနှင့် အခွင့်အာဏာများ၏ တာအိုအမှတ်အသားများ ရှိကြသည်။ ယဇ်ပလ္လင်ပေါ်တွင်တော့ အင်မော်တယ်အရိုးစုတစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။
ထို့ပြင် မဟာဧကရာဇ်အဆင့် ရတနာများသည်လည်း ဘေးပတ်ဝန်းကျင်မှာ လွင့်မျောနေကြသည်။
“ မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာ ”
ထိုစကားက ရွှီချင်းနှင့် အားညို၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ သူတို့က အခန်းထဲမှ တခြားကျောက်တံခါးများကိုလည်း သတိထားမိသွားကြသည်။
တချို့တံခါးများက ပိတ်နေကြပြီး တချို့တံခါးများက ပွင့်နေကြသည်။
ပွင့်နေသော ကျောက်တံခါးများ၏ အနောက်တွင် တင်ပျဉ်ခွေထိုင်နေကြသော ပုံရိပ်များ ရှိကြသည်။
သူတို့က စုစုပေါင်းလူသုံးယောက် ဖြစ်သည်။
သူတို့က မဟာဧရာဇ်ငရဲမီးတောက်၏ တံခါးပိတ်ကျင့်ကြံသော နေရာဆီသို့ သူတို့နှင့်အတူ ဝင်ရောက်ခဲ့ကြသော အနောက်မိစ္ဆာငှက်မွှေးမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ရွှီချင်းနှင့် အားညိုက သူတို့ကို လှမ်းကြည့်လိုက်စဉ် ထိုသုံးယောက်က ခေါင်းမော့လိုက်ကြသည်။ သူတို့၏ အကြည့်များက ရွှီချင်းနှင့် အားညိုရှိနေသော ကျောက်တံခါး၏ အက်ကွဲကြောင်းကို ဖောက်ထွင်းသွားကြသည်။
အင်အားစုနှစ်ခုက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။