အခန်း (၃၆၁)
Vol. 25 Ch. 361
ရုတ်တရက် အေးစက်စွာ ထွက်ပေါ်လာသော အော်သံကြောင့် ခေါင်းတုံးပြောင်နှင့်လူသည် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ လက်မောင်းကို ဆွဲကိုင်ထားရာကနေ ချက်ချင်း ရပ်တန့်သွားသည်။
သူက မကောင်းဆိုးဝါး တစ်ကောင်၏ မျက်နှာပေးမျိုးဖြင့်ကျန်းချန်ကို စူးစိုက်ကြည့်လိုက်၏။
"ကောင်လေး.. မင်း ဘာစကားပြောတာလဲ"
သစ်တောအုပ်ထဲမှ ထွက်လာစဉ်ကပင် ခေါင်းတုံးပြောင်နှင့်လူသည် မျက်စိရှေ့တွင် ကျန်းချန်တို့ နှစ်ယောက်ကို တွေ့မြင်ခဲ့သော်လည်း လုံးဝ အရေးမထားခဲ့ပေ။
သို့သော်လည်း ယခုအခါတွင် ထိုကောင်လေးသည် သူတို့လိုက်ဖမ်းနေသော မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သူ၏ သားကောင်ဖြစ်ကြောင်း ပြောနေခဲ့ရာ ခေါင်းတုံးပြောင်နှင့်လူသည် သူနားကြားမှားသလားဟုပင် တွေးထင်သွားမိသည်။
ယင်းမှာ စတုတ္ထအဆင့်၊ အခြေခံ သားရဲ ဖြစ်သည့် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး ဖြစ်၏။
သို့ဖြစ်ရာ သူ့ရှေ့မှ နို့နံ့ပင် မစင်သေးသော ကောင်လေး တစ်ယောက်က မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သူ၏ သားကောင်ဟု အခိုင်အမာပြောနေသည်မှာ မည်သို့မျှ ယုတ္တိမရှိပေ။
ထိုအချိန်မှာပင် ကျန်းချန်က မောက်မာသော လေသံဖြင့် ပြောလိုက်သည်။
"ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးက ငါ့ရဲ့သားကောင်ပဲ.. ဘာလဲ...မင်းက မကျေနပ်လို့လား"
"ဒါဆို မင်း တစ်ယောက်တည်းက မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သတ်ခဲ့တယ်လို့ ဆိုလိုချင်တယ်ပေါ့"
ခေါင်းတုံးပြောင်နှင့်လူက မထီမဲ့မြင် ပြုံးလိုက်ပြီး သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"ကောင်လေး... ငါ့ကို မျက်လုံးထဲတောင် မထည့်ဘူး ဆိုတော့ မင်းက ဝက်ဝံ အသည်းနဲ့ ကျားရဲအူကို စားထားတယ် ထင်တယ်"
"ငါက ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို မသတ်ခဲ့ဘူးပဲ ထားပါတော့.. မင်းတို့ ညီအစ်ကိုတွေရော သတ်နိုင်ခဲ့လို့လား"
"မင်းတို့ ညီအစ်ကိုတွေက ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သတ်နိုင်တယ်ဆိုရင် မင်းက ဘာလို့ အခုလို လျောက်ပြောစရာ လိုအပ်မှာလဲ"
ကျန်းချန်က ပထမဆုံး တွေ့ဆုံခဲ့သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်း မယုံရင် သူ့ကို မေးကြည့်နိုင်တယ်"
"ဟုတ်တယ် အကိုကြီး.. ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သူ တကယ် သတ်ခဲ့တာပါ"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက မှင်တက်နေရာကနေ သတိပြန်ဝင်လာပြီး ခေါင်းတုံးပြောင်နှင့်လူကို အလျင်အမြန် ပြောလိုက်သည်။
"ဟမ့်.. သူသတ်ခဲ့တော့ရော ဘာဖြစ်လဲ"
"ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးက ငါတို့ ညီအစ်ကိုတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုနဲ့ အဆုံးသတ်ခါ နီးနေပြီ.. မင်းသာ ကြားဖြတ် အခွင့်အရေးမယူရင် ဒီသားရဲက ငါတို့ရဲ့ သားကောင် ဖြစ်လာမှာ သေချာသလောက်ပဲ"
ခေါင်းတုံးပြောင်နှင့်လူက နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် တင်းမာသော မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ငါ့ရဲ့ သားကောင်ကို ဘယ်သူမှ လာမထိသင့်ဘူး.. မဟုတ်ရင်တော့ ငါ့ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်ဆိုပြီး အပြစ်မတင်နဲ့"
စင်စစ် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးသည် တန်ဖိုးမဖြတ်နိုင်ပေ။
ခေါင်းတုံးပြောင်နှင့်လူသည် သူ့ရှေ့မှ ကောင်လေးက မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သတ်ခဲ့လျှင်ပင် မည်သို့မျှ လက်လွှတ်ပေးမည် မဟုတ်ချေ။
ဆိုရလျှင် သူတို့သည် ဤမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို လိုချင်လွန်း၍ လိုက်ဖမ်းနေခြင်းပင် မဟုတ်ပါလား။
ကျန်းချန်က အစမှ အဆုံးတိုင် လိုက်ဖမ်းပြီး သတ်ခဲ့လျှင်ပင် ခေါင်းတုံးပြောင်နှင့်လူသည် လုယူရန် ဝန်လေးနေမည် မဟုတ်ပေ။
သူတို့ ညီအစ်ကိုက ဆယ်ကျော်သက် ကလေးတစ်ယောက်ကို အနိုင်မယူနိုင်ဟု မည်သို့မျှ မယုံကြည်ချေ။
ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွား၏။
"မင်း လူစကား နားမလည်ဘူးလား"
"ဟားဟား.. မင်းက ငါ့ကို လူစကား နားလည်ဖို့ ပြောနေတာလား"
"ကောင်လေး.. ဒီနေ့ မင်းကို အမှန်တရားတစ်ခု ပြောပြမယ်.. ဒီလို လူသူကင်းမဲ့တဲ့ နေရာမှာ ဘယ်သူ့လက်သီးက ပိုကြီးလဲ ဆိုတာ အဓိကပဲ.. လက်သီးပိုကြီးတဲ့သူရဲ့ စကားက အမှန်တရားပဲ"
ခေါင်းတုံးပြောင်နှင့်လူက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"လူလိုပြောတာ မင်းတို့ မကြိုက်ဘူးမလား"
"တကယ်တော့ ငါလည်း လူလိုသူလို ပြောရတာ သဘောမကျဘူး"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
သူက လက်ထဲမှ ယန်လုံဓားကို ပင့်မြှောက်လိုက်သည်။
သူ၏ မောက်မာသော အသံသည် လေထဲတွင် ပျံ့လွင့်သွား၏။
"ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်.. ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို ငါ ဖမ်းခဲ့တာပဲ.. မင်းတို့ အသက်မပျောက်ချင်ရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားသင့်တယ်"
"ဟမ့်.. မင်းလို သာမညောင်ည ကောင်လေးက ဘာလုပ်ရဲမှာမို့လဲ.. သွားသေလိုက်တော့"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် ခေါင်းတုံးပြောင်နှင့်လူ၏ နောက်မှ ဓားကိုင်ထားသော ကျင့်ကြံသူ တစ်ယောက်သည် ဒေါသထွက်လာခဲ့၏။
သူက ဒေါသတကြီး ကြွေးကြော်ကာ ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူ၏ ဓားရှည်က ကျန်းချန်၏ ခေါင်းဆီသို့ အေးစက်သော အလင်းတန်းတစ်ခုနှယ် တိုးဝင်လာခဲ့၏။
"စတုတ္ထ ညီနောင်.. သတိထားပါ"
ကျန်းချန်နှင့် ပထမဆုံး ထိတွေ့ခဲ့သော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ရုတ်တရက် မျက်နှာပျက်သွားပြီး ဓားကိုင်ထားသော ကျင့်ကြံသူကို အလျင်အမြန် အော်ဟစ် သတိပေးလိုက်သည်။
အခန်း(၃၆၁) ပြီး၏