အခန်း (၃၆၅)
Vol. 25 Ch. 365
သူ့နောက်မှ မိုကျင့်ယွင်၏ အသံက လေထဲတွင် ထွက်ပေါ်လာသည်။
ထိုခဏတွင် ရှန်းရှုံး၏ မျက်လုံးများသည် အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားခဲ့သည်။
"သခင်လေး မိုကျင့်ယွင်.. မင်း.."
ရှေ့ကို လျှောက်လာသည့် မိုကျင့်ယွင်ကို ကြည့်ပြီး ရှန်းရှုံး၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသည့် အမူအရာများ ပေါ်လာသည်။
"ငါ မိုကျင့်ယွင်က အမြဲတမ်းလိုလို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာပဲ လုပ်ဆောင်ခဲ့တယ်"
"မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို ဒီက ညီနောင် ဖမ်းထားတာဆိုမှတော့ ငါတို့က ဘယ်လိုလုပ်ပြီး ယူလို့ဖြစ်မှာလဲ"
မိုကျင့်ယွင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သူက ကျန်းချန်ကို မော့ကြည့်ပြီး လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။
"ငါ့နာမည်က မိုကျင့်ယွင်ပါ... ဒီကမိတ်ဆွေရဲ့ နာမည်ကို သိပါရစေ"
"ကျန်းချန်"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း ညီနောင်ကျန်းချန် "
"ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယမျက်လုံးက ငါ့အတွက် အရမ်းအရေးကြီးနေတယ်.. ညီနောင်ကျန်းချန် ငါ့ကို ရောင်းပေးနိုင်မလား သိချင်ပါတယ်"
မိုကျင့်ယွင်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
"ညီနောင် ကျန်းချန် ကျေနပ်လောက်မဲ့ ဈေးနှုန်းကို ငါသေချာပေါက် ပေးပါ့မယ်။"
ကျန်းချန်က ခေါင်းကို ခါယမ်းကာ ပြန်ဖြေလိုက်သည်။
"စိတ်မကောင်းပါဘူး.. ဒါက ငါ့အတွက်လည်း အရမ်းအရေးကြီးတဲ့ပစ္စည်း ဖြစ်နေလို့ပါ"
ရှေးဟောင်းမြေတွင် အဆိပ်ငွေ့များက ပျံ့နှံ့နေသည်။
ဤမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးနှင့်သာ ဆိုလျှင် သူသည် ရှေးဟောင်းမြေတွင် သွားလာရာ၌ အများကြီး ပို၍ လွယ်ကူလာမည်မှာ သေချာသည်။
ထိုကြောင့် ကျန်းချန်သည် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးကို အလွယ်တကူ မရောင်းချခြင်းပင်။
"ကောင်လေး.. သခင်လေး မိုကျင့်ယွင်က သင့်တော်တဲ့ ဈေးနှုန်းကို ပေးဖို့ ဆန္ဒရှိနေတယ်.. ဒါက မင်းကို လုံလောက်တဲ့ မျက်နှာသာကို ပေးထားတာပဲ.. ဝိုင်ကောင်းကို မငြင်းဆန်ကောင်းဘူး"
ကျန်းချန်၏ ငြင်းဆိုမှုကို ကြားလျှင် ရှန်းရှုံးက နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။
"မင်းဘာသာ ရောင်းချင်တာရောင်း"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ငါကတော့ ဘယ်လောက်ပေးပေးး မရောင်းချင်ရင် မရောင်းဘူးကွာ.. မင်းဘာတတ်နိုင်လဲ"
"မင်း"
ရှန်းရှုံးက ရုတ်တရက် လုံးဝ ပေါက်ကွဲတော့မလို ဖြစ်သွားသည်။
"သခင်လေး မိုကျင့်ယွင်.. ဒီကောင်လေးက အကောင်းအဆိုးနားလည်တာမဟုတ်ဘူး.. ဘာလို့ သူ့ကို ယဉ်ယဥ်ကျေးကျေး ဆက်ဆံနေတာလဲ"
"သခင်လေး အမိန့်ပေးရင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က သခင်လေး အတွက် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ မျက်လုံးတွေကို လုယူပေးမယ်"
ရှန်းရှုန်းက သတ်ဖြတ်ချင်သည့် မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်နေ၏။
ကျန်းချန်က သဘောမတူလျှင် တစ်ခုခု လုပ်မည့်ပုံစံမျိုး ရှိသည်။
ဤသည်က နို့နံ့တောင် ကောင်းကောင်း မစင်သေးတဲ့ ကောင်လေးသာ ဖြစ်သည်။
သူတို့ ညီအစ်ကို နှစ်ယောက်က လက်ချောင်းလေး လှုပ်ရုံဖြင့်ပင် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ မျက်လုံးများကို လုယူနိုင်မည် ဖြစ်၏။
ထို့ကြောင့် မိုကျင့်ယွင်က ဤမျှလောက်ထိ ယဉ်ကျေးနေသည်ကို သူ အမှန်တကယ် နားမလည်နိုင်ပေ။
မိုကျင့်ယွင်က ရှန်းရှုံး၏ စကားများကို လျစ်လျူရှုလိုက်သည်။
သူက ကျန်းချန်ကို ပြုံးပြီး ကြည့်ကာ ပြောလိုက်သည်
"ညီအစ်ကို ကျန်းချန်က မရောင်းတော့လည်း ကျွန်တော် အတင်းအကျပ် လုပ်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ငါ့မှာ တောင်းဆိုမှုတစ်ခု ရှိပါသေးတယ်.. ညီနောင် ကျန်းချန် သဘောတူမယ်လို့ မျှော်လင့်ပါတယ်"
ဤတစ်ခေါက်တွင် ကျန်းချန်က ပြန်မဖြေသေးဘဲ မိုကျင့်ယွင် ထပ်ပြောလာမည့် စကားများကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ညီနောင် ကျန်းချန်.. ငါတို့က ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်ရဲ့အမွေအနှစ်ကို ရှာဖွေဖို့အတွက် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယမျက်လုံးကို လိုအပ်နေတယ်"
"ညီနောင်ကျန်းချန် ငါတို့နဲ့အတူ ဒီအမွေအနှစ်ကို စူးစမ်းဖို့ ဆန္ဒရှိလား"
မိုကျင့်ယွင်က အဓိပ္ပါယ်မဲ့ စကားများ ပြောမနေဘဲ ကျန်းချန်ကို တိုက်ရိုက် ဖိတ်ခေါ်လိုက်သည်။
"ဟမ်"
ရှန်းမိသားစု ညီနောင်နှစ်ဖော်သည် မိုကျင့်ယွင်၏ စကားများကို ကြားလျှင် ရုတ်တရက် မပျော်ပိုက်တော့ပေ။
အမြဲလိုလို စိတ်မရှည်တတ်သည့် ရှန်းရှုံးက မကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။
"သခင်လေး မိုကျင့်ယွင်...ဒီကောင်လေးက အရမ်းကြီး သန်မာမနေဘူး.. ဒါ့အပြင် သူ့ဘေးမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ရှိတယ်.. သူ့ကို ကျွန်တော်တို့နဲ့အတူ ဘယ်လိုလုပ်ပြီး ခေါ်သွားလို့ရမှာလဲ"
"ဘာလို့လဲ... မင်းတို့တွေ မကျေနပ်လို့လား"
မိုကျင့်ယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ငါ့ဆန္ဒကို သဘောမတူရင် ထွက်သွားလို့ရပါတယ်"
"ရှန်းရှုံး.. နောက်ဆုတ်စမ်း.. သခင်လေး မိုကျင့်ယွင်ရဲ့ စကားကို တသဝေမသိမ်း နားထောင်လိုက်ပါ"
တစ်ချိန်လုံး ဝင်မပြောခဲ့သည့် ရှန်းဟူသည် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
သူ့အကို ရှန်းဟူ ပြောစကားကို ကြားလျှင် ရှန်းရှုံးသည် မကျေနပ်သော အမူအရာဖြင့် ရှန်းဟူ၏ ဘေးကို ဆုတ်ခွာလိုက်ရ၏။
မိုကျင့်ယွင်က ရှန်းရှုံးကို လျစ်လျူရှုလိုက်သည်။
သူက ကျန်းချန်ကို ထပ်မံ ကြည့်လိုက်သည်။
"ညီနောင် ကျန်းချန်.. ငါတို့ ဒီတစ်ခေါက် စူးစမ်းဖို့ သွားမယ့်နေရာက သန္ဓေမူလ သိုင်းခန္ဓာကို နိုးထနိုင်ခဲ့တဲ့ ရှေးခေတ်က အင်အားကြီးမားတဲ့ ကျင့်ကြံသူ တစ်ယောက် ချန်ထားခဲ့တဲ့ အပျက်အစီး နေရာပဲ"
"ဒီခရီးက ညီနောင် ကျန်းချန်ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါ အာမခံနိုင်ပါတယ်"
အခန်း(၃၆၅) ပြီး၏