← Chapters

အခန်း (၃၆၉)

Vol. 25 Ch. 369

အခန်း (၃၆၉)

Vol. 25 Ch. 369

"မိန်းကလေး လော်လန်.. ဒီနေရာက သွေးနတ်ဆိုး နန်းတော်ရဲ့ အပျက်အစီးနေရာ ဘယ်လိုဖြစ်သွားရတာလဲ.. သွေးနတ်ဆိုး နန်းတော်အကြောင်း မင်းကြားဖူးလား”

ကျန်းချန်သည် စိတ်ရှုပ်ထွေးစွာဖြင့် နံဘေးမှ ချိုးလော်လန်ကို မေးလိုက်သည်။

“သွေးနတ်ဆိုး နန်းတော်ဆိုတာက တစ်ချိန်တုန်းက မြောက်ပိုင်း တောရိုင်းဒေသမှာ ထင်ရှားတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ.. ဂိုဏ်းရဲ့ အထွတ်အထိပ် ကာလကဆိုရင် သွေးနတ်ဆိုး နန်းတော်က အရမ်းကို အင်အားကြီးမားပြီး လက်ရှိ မြောက်ပိုင်း တောရိုင်းဒေသရဲ့ ထိပ်သီး ဂိုဏ်းကြီး သုံးဂိုဏ်းနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်လို့ ပြောစမှတ်ပြုကြတယ်"

“နောက်ပိုင်းမှာတော့ မြောက်ပိုင်း တောရိုင်းဒေသက ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ဘာသဲလွန်စမှမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့တယ်”

“ခု ဒီနေရာမှာရှိတဲ့ သန္ဓေမူလသိုင်းခန္ဓာကိုယ် ပိုင်ရှင်က သွေးနတ်ဆိုး နန်းတော်ကလူ ဖြစ်နိုင်တယ်”

ခဏအကြာတွင် ချိုးလော်လန်၏ တည်ငြိမ်သော အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ချိုးလော်လန်၏ စကားကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်သည်။

မြောက်ပိုင်း ဂိုဏ်းကြီး သုံးဂိုဏ်းပင် ပူးပေါင်းပြီး တိုက်ခိုက်ရသည်ဆိုလျှင် ဤ သွေးနတ်ဆိုး နန်းတော်သည် မည်မျှပင် အင်အားကြီးမား လိုက်ပါသနည်း။

“အဘိုးယွမ်.. ဒီနေရာက သိပ်မကျယ်ဘူးလို့ ကျွန်တော် ထင်တယ်.. သွေးနတ်ဆိုး နန်းတော်က တစ်ချိန်က ထွန်းကားခဲ့တဲ့ ဂိုဏ်းဆိုတော့ သူတို့ရဲ့ အပျက်အစီး နေရာ ဆိုရင် ဒီထက် အများကြီး ပိုကြီးသင့်တယ် မဟုတ်လား”

မိုကျင့်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သွေးနတ်ဆိုး နန်းတော်က အရမ်း လျှို့ဝှက်တယ်.. မြောက်ပိုင်း တောရိုင်းဒေသရဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းတောင် သူတို့ရဲ့ ဌာနချုပ် ဘယ်မှာရှိလဲ မသိကြဘူး.. ငါတို့က သွေးနတ်ဆိုး နန်းတော်ကို ဘယ်လိုလုပ် အလွယ်တကူ ရှာတွေ့နိုင်မှာလဲ”

အဘိုးယွမ်က ပြုံးပြီး ပြောလိုက်သည်။

“ဒါက သွေးနတ်ဆိုး နန်းတော်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဌာနခွဲ တစ်ခုပဲ”

“ဆရာမို.. ဒါက ဘယ်လို အဓိပ္ပါယ်လဲ.. ဒါက သ​န္ဓေမူလသိုင်းခန္ဓာကိုယ်ပိုင်ရှင် ချန်ထားရစ်ခဲ့တဲ့ အပျက်အစီးနေရာလို့ မင်းပဲ ပြောခဲ့တယ် မဟုတ်လား”

ကျန်းချန်က မသိချင်ယောင်ဆောင်၍ မေးလိုက်သည်။

“ဒီနေရာက သန္ဓေမူလသိုင်းခန္ဓာကိုယ် ချန်ထားခဲ့တဲ့ အပျက်အစီးနေရာလို့ ငါပြောတာ မမှားပါဘူး.. ဘာလို့လဲဆိုတော့ သူက သွေးနတ်ဆိုး နန်းတော်ရဲ့ ဌာနခွဲ အကြီးအကဲ ဖြစ်နိုင်လို့ပဲ”

“သွေးနတ်ဆိုး နန်းတော်က အမြဲလိုလို ဆန်းကြယ်ပြီး ခန့်မှန်းရခက်တယ်.. ဒီနေရာက သာမန်နေရာ မဟုတ်ဘူးလို့ ငါထင်တယ်.. အားလုံးပဲ သတိထားကြပါ”

အဘိုးယွမ်က သတိပေးလိုက်ပြီး လူတိုင်းကို ဦးဆောင်ကာ ဆက်လျှောက်လာခဲ့သည်။

မိနစ်အနည်းငယ် ကြာသောအခါတွင် လူတိုင်းသည် မီတာရာနှင့်ချီ ရှည်လျားသော ကျောက်တံတား တစ်ခု ဆီသို့ ရောက်လာကြသည်။

ကျောက်တံတားပေါ်မှ အလင်းရောင်သည် မှိန်ဖျော့နေပြီး ကျန်းချန်နှင့် အခြားသူများသည် ကျောက်တံတားပေါ်တွင် လျှောက်သွားနေသော သွေးရောင် ပုံရိပ်များစွာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရ၏။

ဤ သွေးရောင်ပုံရိပ်များသည် အလောင်းကောင်များ ကဲ့သို့ ကျောက်တံတား ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေကြသည်။

မီတာရာနှင့်ချီ ဝေးသော နေရာကနေပင် ကျန်းချန်တို့လူစုသည် သူတို့၏ မျက်နှာဆီသို့ ရိုက်ခတ်လာသော သွေးရနံ့ကို ခံစားနိုင်ခဲ့ကြသည်။

“ကျောက်တံတားပေါ်က ဒီသွေးရောင်လူတွေက ဘာတွေလဲ”

မိုကျင့်ယွင်သည် ကျောက်တံတားပေါ်မှ သွေးရောင် ပုံရိပ် ဒါဇင်ပေါင်းများစွာကို ကြည့်ကာ မျက်နှာထား တည်သွားခဲ့၏။

“ဒါက သွေးနတ်ဆိုး နန်းတော်ရဲ့ ထူးခြားတဲ့ လျှို့ဝှက်နည်းနဲ့ သန့်စင်ထားတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ”

အဘိုးယွမ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ကျောက်တံတားက သွေးနတ်ဆိုးနန်းတော်ရဲ့ အပျက်အစီးဆီကို ဦးတည်တဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ.. ငါတို့တွေ အတူတကွ တိုက်ခိုက်ပြီး ဖြတ်ကျော်ကြရအောင်”

စကားဆုံးသည်နှင့် အဘိုးယွမ်က ကျောက်တံတား ပေါ်သို့ တက်သွားခဲ့သည်။

ကျန်းချန်နှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်သောအခါ အလျင်အမြန် လိုက်သွားခဲ့ကြသည်။

သူတို့ ကျောက်တံတားပေါ်သို့ ခြေချလိုက်သောအခါတွင်ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေသော သွေးစုပ်ဖုတ်ကောင်များသည် ချက်ချင်းပင် တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။

သူတို့​က တောက်ပနေသော သွေးရောင်မျက်လုံးများဖြင့် ကျန်းချန်နှင့် အခြားသူများကို ကြည့်လိုက်ကြသည်။

သူတို့နှင့် အနီးဆုံးနေရာရှိ သွေးစုပ်ဖုတ်ကောင် နှစ်ကောင်သည် အော်ဟစ်ကာ သွားများကို ဖြဲ၍ လက်သည်းများကို ဆန့်ထုတ်ကာ ကျန်းချန်နှင့် အခြားသူများဆီသို့ ပြေးဝင်လာကြ၏။

"ဝုန်း"

အဘိုးယွမ်၏ လက်ဖဝါးဖြင့် တိုက်ခတ်မှုကြောင့် ကြောက်စရာကောင်းသော အင်အားတစ်ခုသည် သွေးစုပ်ဖုတ်ကောင် နှစ်ကောင်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ချက်ချင်းပင် သွေးစုပ်ဖုတ်ကောင် နှစ်ကောင်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာများစွာ အကွာအဝေးထိ လွင့်စင်သွားခဲ့၏။

ထို့နောက်တွင် ကျန်းချန်နှင့် အခြားသူများကို တုန်လှုပ်စေသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

အဘိုးယွမ်၏ လက်ဖဝါးဖြင့် လွင့်စင်သွားသော သွေးစုပ်ဖုတ်ကောင် နှစ်ကောင်သည် မြေပြင်မှ ပြန်လည် ထလာခဲ့၏။

ထို့အပြင် နောက်ထပ် သွေးစုပ်ဖုတ်ကောင်များသည်လည်း ကျန်းချန်နှင့် အခြားသူများ ဆီသို့ ဦးတည်၍ ဝင်လာခဲ့ကြသည်။

“ကြည့်ရတာ ဒီသွေးစုပ်ဖုတ်ကောင်တွေကို လုံးဝ သတ်လို့ မရဘူးနဲ့ တူတယ်”

သူတို့ဆီသို့ လာနေသော သွေးစုပ်ဖုတ်ကောင် အုပ်စုကို ကြည့်ကာ အဘိုးယွမ်သည် ထိတ်လန့်တကြားဖြင့် မျက်နှာပျက်သွားခဲ့သည်။

အခန်း(၃၆၉) ပြီး၏

All Chapters