အခန်း (၃၇၀)
Vol. 25 Ch. 370
“ငါ စမ်းကြည့်မယ်”
“ဒါတွေက အသိစိတ်မရှိဘဲ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေပဲ.. သူတို့ကို မဖျက်ဆီးနိုင်ဘူးလို့ ငါ မယုံဘူး”
အမြဲတမ်း စိတ်မရှည်တတ်သော ရှန်းရှုံးသည် ကြုံးဝါးလိုက်ပြီး သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကို တိုက်ခိုက်လိုက်သည်။
ချက်ချင်းပင် ထက်မြက်သော ဓားအရှိန်အဝါသည် လေထုကို ဖြတ်ကျော်သွားပြီး မျက်စိတစ်မှိတ်အတွင်း သွေးစုပ်ဖုတ်ကောင်၏ ခါးလည်ကို ဖြတ်တောက်လိုက်သည်။
"ရွှစ်"
သွေးဖုတ်ကောင်သည် ရှန်းရှုံး၏ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့သည်။
“ဟားဟား… ဒီ သွေးစုပ်ဖုတ်ကောင်က ဒီလောက်ပဲ တတ်နိုင်တာလား”
ဓားတစ်ချက်တည်းဖြင့် သွေးစုပ်ဖုတ်ကောင်ကို သတ်နိုင်သောကြောင့် ရှန်းရှုံးက ဝင့်ကြွားစွာ ပြုံးလိုက်သည်။
“ဟမ့်.. မင်းက အရမ်းစောပြီး ပျော်နေတာပဲ.. မင်း ခုနက သတ်လိုက်တာက မူလဘူတအဆင့် သွေးစုပ်ဖုတ်ကောင်ပဲ”
ထိုအချိန်တွင် အဘိုးယွမ်သည် ရေအေးကို ခေါင်းပေါ် လောင်းချလိုက်သကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။
“ဟက်.. သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် သွေးဖုတ်ကောင် ဆိုရင်တောင် ကျွန်တော် မသတ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး”
ရှန်းရှုံးက ဝင့်ကြွားစွာ ပြောလိုက်ပြီး သူဆီသို့ လာနေသော သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် သွေးစုပ်ဖုတ်ကောင်ကို တိုက်ခိုက်လိုက်သည်။
“ထန်းး”
ထိုခဏတွင်ရှန်းရှုံး၏ ဓားသည် သွေးစုပ်ဖုတ်ကောင်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွား၏။
လေထဲတွင် သတ္တုချင်း ထိခတ်မိသော အသံ ထွက်ပေါ်လာသည်။
သွေးစုပ်ဖုတ်ကောင်၏ ခန္ဓာကိုယ်က ခဏမျှ ရပ်တန့်သွား၏။
ထို့နောက် မျက်လုံးတွင် သွေးရောင်များ တောက်ပလာပြီိး ရှန်းရှုံးဆီသို့ ပြေးဝင်လာခဲ့သည်။
“ဟမ်”
ရှန်းရှုံးက အံ့သြ တုန်လှုပ်သွားခဲ့သည်။
သူက လက်ထဲမှ ဓားကို ဝှေ့ရမ်းကာ သွေးစုပ်ဖုတ်ကောင်ကို လွင့်စင်သွားစေရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ရှန်းရှုံး၏ တိုက်ခိုက်မှုကို ခံရပြီးနောက်မှာပင် သွေးစုပ်ဖုတ်ကောင်သည် ထိခိုက်မှုမရှိခဲ့ပေ။
ထိုခဏတွင် သွေးစုပ်ဖုတ်ကောင်ထံမှ လည်ချောင်းကိုခြစ်၍ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
ထိုအသံက ဘေးပတ်ဝန်းကျင်မှ သွေးစုပ်ဖုတ်ကောင်များကို လှုံ့ဆော်လိုက်သကဲ့သို့ပင် ပတ်ဝန်းကျင်မှ သွေးစုပ်ဖုတ်ကောင်များသည် သူတို့ဆီသို့ ပြေးဝင်လာခဲ့ကြသည်။
“ဒါ… ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
သူရှေ့မှ မယုံကြည်နိုင်စရာ မြင်ကွင်းကို ကြည့်ကာ ရှန်းရှုံး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
“ကျောက်တံတားပေါ်ကနေ အရင် ဆုတ်ကြစို့”
သူတို့ဆီသို့ ဦးတည်၍ ပြေးဝင်လာသော သွေးစုတ်ဖုတ်ကောင် အုပ်စုကို ကြည့်ကာ အဘိုးယွမ်သည် မျက်နှာပျက်သွားပြီး လူတိုင်းကို ကျောက်တံတားပေါ်ကနေ အလျင်အမြန် ပြန်ဆင်းရန် ဦးဆောင်လိုက်သည်။
သူတို့လူစု ကျောက်တံတားပေါ်မှ ဆင်းလိုက်သည်နှင့် သူတို့ဆီပြေးဝင်လာသော သွေးဖုတ်ကောင်များသည် ဘာမှမဖြစ်သကဲ့သို့ ကျောက်တံတားပေါ်တွင် ယခင်အတိုင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့ကြသည်။
“အဘိုးယွမ်.. ဒီသွေးစုပ်ဖုတ်ကောင်တွေက သာမန် မဟုတ်ဘူး.. ကျွန်တော်တို့ ဘယ်လိုဆက်လုပ်သင့်လဲ”
မိုကျင့်ယွင်သည် ကျောက်တံတားပေါ်မှ သွေးစုပ်ဖုတ်ကောင်များကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
“ဒီသွေးဖုတ်ကောင်တွေကို အင်အားနဲ့ပဲ ဖျက်ဆီးလို့ ရတယ်”
“သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်က သွေးဖုတ်ကောင်တွေကို လုံးဝ သတ်ချင်ရင် စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူတွေပဲ လုပ်နိုင်လိမ့်မယ် ထင်တယ်”
အဘိုးယွမ်က ညည်းညူ၍ ပြောလိုက်သည်။
“ဒီခရီးစဉ်မှာ ငါတို့တွေ သားရဲသခင်တစ်ယောက်လောက် ခေါ်လာမိရင် အရမ်း ကောင်းမှာပဲ”
“အဘိုးယွမ် ဆိုလိုချင်တာ သားရဲသခင်က ဒီ သွေးစုပ်ဖုတ်ကောင်တွေကို အနိုင်ယူနိုင်တယ်ပေါ့.. အဲဒီလိုလား”
ကျန်းချန်၏ နှလုံးသားက တုန်လှုပ်သွားပြီး မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပလာသည်။
ဤသွေးစုပ်ဖုတ်ကောင်များသည် အင်အားကြီးပြီး မသေနိုင်ပေ။
ထို့အပြင် သွေးစုပ်ဖုတ်ကောင် တစ်ကောင်စီ၏ တိုက်ခိုက်ရေး အင်အားသည် စတုတ္ထအဆင့် သားရဲထက်ပင် ပို၍ အားကောင်းသည်။
ဤသွေးစုပ်ဖုတ်ကောင်များကိုသာ ထိန်းချုပ်နိုင်လျှင် သူ့အတွက် အလွန် အသုံးဝင်လာမည် ဖြစ်၏။
“ဒီ သွေးစုပ်ဖုတ်ကောင်တွေက သွေးနတ်ဆိုး နန်းတော်ရဲ့ အကြီးအကဲတွေ သန့်စင်ထားတဲ့ အိမ်မွေးသားရဲ အမျိုးအစားပဲ”
“ခုတော့ ဒီ သွေးစုပ်ဖုတ်ကောင်တွေက ပိုင်ရှင်မဲ့နေပြီး အသိစိတ်လည်း မရှိတော့ဘူး.. ဒါကြောင့် သားရဲသခင်အတွက် သားရဲတွေကို ထိန်းချုပ်တာထက်တောင် သူတို့ကို ထိန်းချုပ်ဖို့က အများကြီး ပိုလွယ်တယ်”
“စတုတ္ထအဆင့် သားရဲသခင် တစ်ယောက်သာ ရှိရင် ဒီ သွေးစုပ်ဖုတ်ကောင်တွေကို အလွယ်တကူ အနိုင်ယူနိုင်တယ်”
အဘိုးယွမ်က ညည်းညူစွာ ပြောလိုက်သည်။
“ဒီစကားတွေ ပြောနေတော့ရော ဘာထူးမှာလဲ.. ငါတို့မှာ သားရဲသခင်မှ မရှိတာ”
ရှန်းရှုံးက နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
“ဒီ သွေးစုပ်ဖုတ်ကောင်တွေက ခံနိုင်ရည်ပဲ ကောင်းတာ.. အတိုက်အခိုက် မကောင်းဘူး.. သူတို့ကို ရှောင်ပြီး ရိုးရိုးရှင်းရှင်းပဲ ပြေးဝင်သွားကြရင် ပိုကောင်းမယ် ထင်တယ်”
“ဒီမှာ သားရဲသခင် မရှိဘူးလို့ ဘယ်သူပြောလဲ”
ရှန်းရှုံး၏ စကားသံ ဆုံးသောအခါတွင် အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
အခန်း(၃၇၀) ပြီး၏