အခန်း (၃၆၇)
Vol. 25 Ch. 367
"ဟက် လေလုံးထွားထားပေါ့"
"မင်း ခဏနေလို့ အပျက်အစီးအတွင်းမှာ အန္တရာယ်နဲ့ ကြုံတွေ့မှ ငါ့ကို ဒူးထောက်ပြီး ကယ်တင်ပေးဖို့ မတောင်းပန်နဲ့"
ရှန်းရှုံးက အေးစက်စွာ ပြုံးလိုက်သည်။
သူ၏ မျက်လုံးများတွင်လည်း အေးစက်သည့် အလင်းရောင်တစ်ခုက မသိမသာ လင်းလက်သွား၏။
ရှေးဟောင်း ကျင့်ကြံသူ၏ အပျက်အစီးနေရာသည် အန္တရာယ်အလွန်များသောနေရာ ဖြစ်သည်။
ဤကောင်လေးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပထမအဆင့်တွင် ရှိသော်လည်း သူ၏ ဘေးမှ မိန်းကလေးမှာ မူလဘူတနယ်ပယ် အဆင့်သာ ရှိ၍ ဝန်ထုပ်ဝန်ပိုးဟု ဆိုရမည်။
သူတို့၏ ကာကွယ်မှုသာ မရှိလျှင် ဤကောင်လေးသည် အပျက်အစီး နယ်မြေ အတွင်း အသက်ရှင်ရန် မဖြစ်နိုင်သလောက်ပင်။
သူက ဤကောင်လေး မည်မျှ အခက်အခဲ တွေ့သည်ကို ကြည့်ရှုလိုခဲ့သည်။
"ရှန်းရှုံး.. မင်း ပါးစပ်ပိတ်ထားပေးလို့ရမလား"
"ရှေးဟောင်း ကျင့်ကြံသူရဲ့ အပျက်အစီးနေရာက အရမ်း အန္တရာယ်များတယ်.. မင်း မသေချင်ရင် ငါ့ကို ခွန်အား အနည်းငယ် ပေးစမ်းပါ"
မိုကျင့်ယွင်က မျက်မှောင်ကြုတ်ပြီး ရှန်းရှုံးအား အော်ဟစ်လိုက်၏။
"ဆရာမို.. ငါက လူတိုင်းအတွက် တွေးပေးတာပါ"
"ဒီကောင်က ဝန်ထုပ်ဝန်ပိုးတစ်ခုနဲ့အတူ အပျက်အစီး အတွင်းထဲ လိုက်လာလို့ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင် ငါတို့က သူတို့ကို အကာအကွယ်ပေးဖို့ မဖြစ်နိုင်ဘူးလေ"
မိုကျင့်ယွင်က ကျန်းချန်အား ဤမျှအထိ အကာအကွယ် ပေးနေသည်ကိုမြင်လျှင် ရှန်းရှုံး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး မိုကျင့်ယွင်အား နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
ရှန်းရှုံးသည် ကျန်းချန် ပါဝင်လာမှုနှင့် ပတ်သက်ပြီး အလွန်ပင် မကျေမနပ် ဖြစ်ခဲ့၏။
သူတို့က ကျန်းချန်ကို လုံးဝ ဖယ်ရှားပြီး မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးကို လုယူလိုခဲ့သည်။
ထိုအတိုင်းသာဖြစ်လာလျှင် မိုကျင့်ယွင်သည် ရရှိသော ရတနာ၏ ၆၀%ကိုရရှိပြီး သူတို့ ညီအစ်ကို နှစ်ယောက်က ၄၀%ကို ရရှိမည် ဖြစ်သည်။
ယခုအခါ ကျန်းချန်က ရုတ်တရက် ပါဝင်လာရာ ဤအပျက်အစီးအတွင်းကနေ သူတို့ ရရှိမည့် ခွဲတမ်းသည် အနည်းဆုံး သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့၏။
"စိတ်မပူပါနဲ့.. အပျက်အစီးအတွင်းမှာ ဘယ်လိုအန္တရာယ်ပဲကြုံတွေ့ရပါစေ ငါမင်းကို တောင်းပန်မှာ မဟုတ်ဘူး"
ကျန်းချန်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးညွှတ်သွား၏။
"ဒါပေမဲ့လည်း မင်းကတော့ ငါ့ကို အခုတောင်းပန်ရတော့မယ်"
"ဟားဟား... ရယ်စရာပဲ"
"သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် ပထမအဆင့် ကောင်လေးတစ်ယောက်ကများ ငါ့ကို တောင်းပန်ခိုင်းမယ်.. ဟုတ်စ.. မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ"
ရှန်းရှုံးသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသအား ကြားလိုက်ရသကဲ့သို့ လှောင်ရယ်လိုက်သည်။
သူ့လို သဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူက ပထမအဆင့်မှ ကောင်လေး၏ အကူအညီကို လိုအပ်သေးပါသလော။
[ရယ်ဖို့ကောင်းလိုက်တာ]
ကျန်းချန်သည် ရှန်းရှုံးအား ပျင်းရိပျင်းတွဲ့ ကြည့်လိုက်သည်။
သူက ခံစားချက်မဲ့သော အမူအရာဖြင့် သူ၏ သိုလှောင် လက်စွပ်ထဲမှ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးကို ထုတ်ယူကာ စွမ်းအားဖြင့် လှုံ့ဆော်လိုက်သည်။
မကြာမီမှာပင် မှိန်ဖျော့ဖျော့ စိမ်းပြာရောင် အလင်းတစ်ခုသည် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးကနေ ထွက်ပေါ်လာခဲ့၏။
စိမ်းပြာရောင် အလင်းက လေထဲတွင် အလင်းလွှာတစ်ခုကို အလျင်မြန် ဖွဲ့စည်းကာ ကျန်းချန်၊ ချိုးလော်လန်၊ မိုကျင့်ယွင်နှင့် အဘိုကြီးယွမ်ကို တိုက်ရိုက် ဖုံးအုပ်လိုက်သည်။
သို့ရာတွင် ကျန်းချန်သည် ဘေးမှ ရှန်းဟူတို့ ညီအစ်ကို နှစ်ယောက်ကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး အလင်းလွှာဖြင့် ဖုံးအုပ် မပေးခဲ့ချေ။
ထိုခဏမှာပင် အမြဲလိုလို စိတ်မရှည်တတ်သော ရှန်းရှုံးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျန်းချန်.. မင်း ဒါဘာလုပ်တာလဲ"
"ရှေ့က အပျက်အစီးနယ်မြေရဲ့ လေထုထဲမှာ ရှိတဲ့ အဆိပ်ငွေ့က အရမ်း ကြောက်စရာကောင်းတယ်.. သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်ကျင့်ကြံသူတွေ ဖြစ်နေရင်တောင် အကြာကြီး မနေနိုင်ဘူး"
"မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယမျက်လုံး အကာအကွယ် မရှိရင် ငါတို့က အထဲကို ဘယ်လိုဝင်ရမှာလဲ"
"မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယမျက်လုံးက ငါရဲ့ ပစ္စည်းပဲ.. ငါ ကြိုက်သလို အသုံးပြုမယ်.. မင်းတို့မှာ စွက်ဖက်ပိုင်ခွင့် ရှိလို့လား"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"မင်းတို့တွေ တတိယမျက်လုံးရဲ့ အကာအကွယ် လိုချင်ရင် ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရမယ်"
"ကျန်းချန်.. မင်း မလွန်လာနဲ့"
ကျန်းချန်၏ စကားများကို ကြားလျှင် ရှန်းရှုံး၏ အဆုတ်များသည် လုံးဝ ပေါက်ကွဲတော့မလို ဖြစ်သွားသည်။
ကျန်းချန်ကို ကြည့်ရှုနေသော သူ၏ မျက်လုံးထဲကနေ မီးလျှံများ လျှံထွက်တော့မလိုပင် ဖြစ်နေခဲ့၏။
"ညီလေး.. မရိုင်းနဲ့.. ညီနောင် ကျန်းချန် ကျေနပ်အောင် တောင်းပန်လိုက်ပါ"
ရှန်းရှုံးက ပေါက်ကွဲလုနီးပါး ဖြစ်နေသောအချိန်တွင် တစ်ချိန်လုံး အသံတိတ်နေသော ရှန်းဟူ၏ ခပ်တိုးတိုး အသံသည် ရှန်းရှုံး၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
အခန်း(၃၆၇) ပြီး၏