အခန်း (၃၆၈)
Vol. 25 Ch. 368
ရှန်းရှုံး၏ မျက်နှာတွင် ရုတ်တရက် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်သွား၏။
သူက ရှန်းဟူကို စူးစိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးများတွင် မကျေနပ်မှုများ တောက်လောင်နေ၏။
“ညီနောင် ကျန်းချန်ကို တောင်းပန်ဖို့ မင်းကို ငါပြောနေတယ်လေ.. မင်း နားမလည်ဘူးလား”
ရှန်းဟူ၏ အသံက တင်းမာခက်ထန်နေသည်။
“ငါ့စကားကိုတောင် မင်းက မထီမဲ့မြင်ပြုရဲနေပြီပေါ့”
ရှန်းဟူသည် စိတ်မြန်လက်မြန်ရှိသော ညီငယ်ဖြစ်သူကို မည်ကဲ့သို့ ဖျောင်းဖြရမလဲ မသိတော့ပေ။
မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးသည် ယခုအခါတွင် ကျန်းချန်၏ လက်ထဲတွင် ရှိနေသည်။
သူတို့က အပျက်အစီးအတွင်းသို့ ဝင်ရောက်လိုလျှင် ကျန်းချန်၏ အကူအညီကို သေချာပေါက်လိုအပ်၏။
ထို့ကြောင့် ရှန်းဟူသည် ရှန်းရှုံးကို ဆူပူရခြင်း ဖြစ်သည်။
ယခုလို အချိန်မျိုးတွင် ကျန်းချန်ကို စိတ်ဆိုးအောင် လုပ်မိပါက သူတို့အနေဖြင့် အပျက်အစီး အတွင်းသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
၎င်းက အလွန်နစ်နာမည့် ကိစ္စ ဖြစ်သည်။
စင်စစ် ရှန်းဟူ၏ အလျှော့ပေးခြင်းသည် အမှန်တကယ် အလျှော့ပေးခြင်းသက်သက် မဟုတ်ပေ။
သူတို့ညီအကိုသည် ဆယ်စုနှစ်တစ်ခုကျော် နာမည်တစ်လုံးနှင့်နေထိုင်ခဲ့သည်။
ယခုလို ကောင်လေး တစ်ယောက်၏ နှိမ့်ချဆက်ဆံခြင်းကို လုံးဝ သည်းခံနေမည် မဟုတ်ပေ။
ထို့ကြောင့် အပျက်အစီးအတွင်းမှ ပြန်ထွက်လာလျှင် ထိုကောင်လေးထံမှ ကြီးမားသော အဖိုးအခကို ပြန်လည် ပေးဆပ်စေမည် ဖြစ်၏။
ရှန်းဟူ၏ တောင်းပန်ခိုင်းမှုကြောင့် ရှန်းရှုံး၏ နှလုံးသားသည် နာကျင်ကြေကွဲသွားသည်။
သို့သော် သူ့အစ်ကိုကြီး၏ စကားကို မလွန်ဆန်ရဲပေ။
သူက နှလုံးသားထဲမှ ဒေါသကို မြိုသိပ်ကာ ကျန်းချန်ကို စိတ်မပါလက်မပါ အမူအရာဖြင် ပြောလိုက်သည်။
“တောင်းပန်ပါတယ်.. ခုနက ငါရိုင်းပြခဲ့မိပါတယ်”
“ကောင်းပြီ.. အားလုံးပဲ ပြဿနာ မဖြစ်ကြပါနဲ့”
“အခု အရေးကြီးဆုံးက ဒီမှာ ရန်ဖြစ်နေဖို့ မဟုတ်ဘဲ အပျက်အစီးထဲကို ဝင်ဖို့ပဲ”
မိုကျင့်ယွင်သည် စကားဖြတ်ပြောလိုက်သည်။
ထို့နောက် ကျန်းချန်ကို ပြုံး၍ မေးလိုက်သည်။
“ညီနောင် ကျန်းချန်.. မင်းရော ဘယ်လိုသဘောရလဲ”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်သည်။
သူက စကားနှင့်ပြန်မဖြေဘဲ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံးကို ထပ်မံ လှုံ့ဆော်လိုက်၏။
ထိုအခါ မှိန်ဖျော့သော အလင်းတန်းသည် ရှန်းညီနောင်ကိုပါ ဖုံးအုပ်သွားခဲ့သည်။
မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယမျက်လုံး အကာအကွယ်အောက်တွင် လူအုပ်စုသည် ချိုင့်ဝှမ်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။
ချိုင့်ဝှမ်း၏ နက်နဲသော အပိုင်းရှိ ကမ်းပါးတစ်ခုသို့ ရောက်သောအခါတွင်
“အဘိုးယွမ်.. ဒီနေရာလား”
အနက်ရောင်ဝတ် အဖိုးကြီး ရုတ်တရက် ရပ်တန့်လိုက်သောအခါ မိုကျင့်ယွင်သည် စိတ်ရှုပ်ထွေးသော မျက်နှာဖြင့် မေးလိုက်သည်။
“အင်း.. အစကတော့ အဆိပ်ငွေ့ကို ရှောင်ရှားဖို့ ဘာမှ မရှိတဲ့အတွက် ဒီနေရာမှာ ကြာကြာ မနေရဲခဲ့ဘူး.. အပျက်အစီး အဝင်ဝကို ဖုံးကွယ်ဖို့ ဒီနေရာမှာ အစီအရင်ကို အသုံးပြုထားတယ်”
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးက ခေါင်းညိတ်၍ ပြောလိုက်သည်။
သူက လက်ထဲမှ အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူပြီး လေထဲကို ပစ်လွှတ်လိုက်သည်။
ကမ်းပါးပေါ်တွင် နက်နဲသော အလင်းရောင်များ ပေါ်လာ၏။
ခဏအကြာတွင် ကမ်းပါးသည် ပျောက်ကွယ်သွားပြီး အောက်ဘက်သို့ ဦးတည်သော လိုဏ်ဂူတစ်ခု ပေါ်လာခဲ့သည်။
“ပဉ္စမအဆင့်၊ အဆင့်မြင့် ပုံရိပ်ယောင် အစီအရင်ပါလား.. ဒီ အဖိုးကြီးက ပဉ္စမအဆင့် အစီအရင်သခင်ပဲ”
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် အံ့အားသင့်သွားသည်။
“သခင်လေး.. သတိထားပါ.. ဒီနေရာက သိပ်မရိုးရှင်းဘူး”
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးသည် မိုကျင့်ယွင်ကို သတိပေးကာ လိုဏ်ဂူထဲသို့ ဦးဆောင်၍ ဝင်သွားခဲ့သည်။
ရှည်လျားသော လမ်းကြောင်းကို ဖြတ်သန်းပြီး ဆယ်မိနစ်ခန့်အကြာတွင် သူတို့လူစု၏ မြင်ကွင်းသည် ကျယ်ပြန့်လာသည်။
သွေးရနံ့များ ပြည့်နှက်နေသော ပျက်စီးနေသည့် အဆောက်အအုံ တစ်ခုသည် သူတို့၏ အမြင်အာရုံထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့၏။
“ဒီ ဗိသုကာပုံစံနဲ့ အဆောက်အအုံပေါ်က သွေးနတ်ဆိုး သင်္ကေတတွေကို ကြည့်ရတာ ဒီနေရာက ဒဏ္ဍာရီလာ သွေးနတ်ဆိုး နန်းတော်ရဲ့ အပျက်အစီးနေရာ ဖြစ်ပုံပဲ”
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးသည် အဆောက်အအုံကို ကြည့်ကာ တီးတိုးပြောလိုက်သည်။
“ဘယ်လို.. ဒါက သွေးနတ်ဆိုး နန်းတော်ရဲ့ အပျက်အစီးနေရာ လား”
အဘိုးယွမ်ထံမှ စကားကို ကြားလျှင် ရှန်းညီအစ်ကို၏ မျက်လုံးများတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
“သွေးနတ်ဆိုး နန်းတော်လား”
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ တီးတိုးပြောဆိုသံကို ကြားလျှင် ကျန်းချန်သည်လည်း အံ့အားသင့်သွားခဲ့သည်။
[ဒီနေရာက သန္ဓေမူလသိုင်းခန္ဓာ ပိုင်ရှင် ချန်ထားရစ်ခဲ့တဲ့အပျက်အစီးနေရာ မဟုတ်ဘူးလား.. ဘယ်လိုဖြစ်ပြီး သွေးနတ်ဆိုး နန်းတော်ရဲ့ အပျက်အစီးနေရာ ဖြစ်သွားရတာလဲ]
အခန်း(၃၆၈) ပြီး၏