အခန်း (၃၆၆)
Vol. 25 Ch. 366
"သန္ဓေမူလသိုင်းခန္ဓာ ပိုင်ရှင်ရဲ့ အပျက်အစီးနေရာ"
ကျန်းချန်၏ မျက်ဝန်းက မိုကျင့်ယွင်၏ စကားအဆုံး၌ လျှပ်စီးလက်သွားသကဲ့သို့ တောက်ပသွား၏။
ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုးကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ကောင်းပြီလေ.. ငါ မင်းတို့နှင့်အတူ လိုက်ခဲ့မယ်"
ကျန်းချန်က ခေါင်းညိတ်ကာ မိုကျင့်ယွင်၏ ကမ်းလှမ်းမှုကို ချက်ချင်းပင် လက်ခံလိုက်၏။
သူက ချိုးလော်လန်၏ ဆရာကိုရှာရန် အတွက် သန္ဓေမူလသိုင်းခန္ဓာကိုယ် ပိုင်ရှင်၏ အပျက်အစီး နေရာဖြစ်သည့် ဤအရပ်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
ယခု မိုကျင့်ယွင်၏ ရည်ရွယ်ချက်က သန္ဓေမူလသိုင်းခန္ဓာကိုယ်ပိုင်ရှင်၏ အပျက်အစီးသို့ သွားရန် ဖြစ်သောကြောင့် ကျန်းချန်သည် ၎င်းတို့နှင့်အတူ လိုက်ပါရန် ဆန္ဒရှိခဲ့သည်။
"ညီနောင် ကျန်းချန်ကို ကျေးဇူးတင်ပါတယ်.. အချိန်က တန်ဖိုးမဖြတ်နိုင်တာကြောင့် ငါတို့တွေ အခုချက်ချင်းပဲ ထွက်ခွာကြစို့"
ကျန်းချန်၏ သဘောတူညီမှုကိုရလျှင် မိုကျင့်ယွင်က ဝမ်းသာအားရစွာ ပြောဆိုလိုက်၏။
သူက အချိန်မဆွဲဘဲ ကျန်းချန်တို့ကို ရှေ့ကနေ ဦးဆောင်ကာ တောနက် ထဲသို့ ခေါ်ဆောင်သွား၏။
ထို့နောက်တွင် သူတို့၏ ပုံရိပ်များသည် တောနက်ထဲသို့ လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် တစ္ဆေနှစ်ကောင်ကဲ့သို့ အနက်ရောင်အရိပ်နှစ်ခုသည် ရုတ်တရက် ပေါ်လာ၏။
"အစ်ကိုကြီးက အခုတစ်ကြိမ်မှာ အတော်လေး သတိထားလွန်းတာပဲ"
"သူက နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးပါ.. ကျွန်တော်တို့ သူ့ကို စောစောကတည်းက ရှင်းလင်းလို့ ရရဲ့သားနဲ့ အကိုကြီး ဘာလို့ လုပ်ခွင့်မပေးရတာလဲ"
"အခုတော့ ရုတ်တရက်ကြီး ဒီကောင်လေးရဲ့ ဘေးမှာ အကူအညီပေးသူတွေ အနည်းငယ် ပိုမိုလာခဲ့တဲ့အတွက် ကျွန်တော်တို့ သူ့ကို သတ်ဖြတ်ဖို့ ပိုမို ခက်ခဲသွားခဲ့ပြီ"
ကျန်းချန်နှင့် အခြားသူများ ပျောက်ကွယ်သွားသော တောအုပ်ထဲကို ကြည့်ရှုကာ အနက်ရောင် အရိပ်တစ်ခုက မကျေနပ်သောလေသံဖြင့် ပြောဆိုလိုက်၏။
"သူက သာမန်ကောင်လေး တစ်ယောက် မဟုတ်ဘူး ညီလေး.. ဓားတစ်ချက်တည်းနဲ့ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် တတိယအဆင့်ကို သတ်ဖြတ်နိုင်တဲ့ ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင်ပဲ"
ခန္ဓာကိုယ် ပိုမိုကြီးမားသော အနက်ရောင်အရိပ်က တည်ငြိမ်စွာ ဖြေကြားလိုက်၏။
"ဟမ့်.. သူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် တတိယအဆင့်ကို သတ်နိုင်တော့ရော ဘာများ ထူးခြားနေလို့လဲ"
"ကျွန်တော်တို့ ညီအစ်ကို ပူးပေါင်းလိုက်ရင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် တတိယ အဆင့်မပြောနဲ့ စတုတ္ထအဆင့်ကိုတောင် သတ်ဖြတ်နိုင်တာပဲ"
"ကျွန်တော်တို့ ညီအစ်ကိုသာ သူ့ကို တကယ် သတ်ချင်ရင် ကလေးကစားသလောက်ပါပဲ"
အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက အထင်သေးစွာ ပြောလိုက်သည်။
"ညီလေး.. ဒီကောင်လေးကို လျှော့မတွက်သင့်ဘူး.. ဒီကောင်လေးက မင်းထင်ထားတာထက် အများကြီး ပိုမရိုးရှင်းဘူး"
"ချီထျန်းလွေ့က ဘယ်လိုလူလဲဆိုတာ မင်းသိသင့်တယ်.. သူတောင် ဒီကောင်လေးကို လက်လွတ်စပယ် မလုပ်ဆောင်ရဲလို့မင်းနဲ့ငါ့ကို စျေးကြီးပေးပြီး ဌားရမ်းခဲ့ရတာပဲ.. မင်း နည်းနည်းမှ မတွေးမိဘူးလား"
ခန္ဓာကိုယ်ကြီးမားသော အနက်ရောင်အရိပ်သည် တည်တည်ကြည်ကြည် ပြောဆိုလိုက်၏။
"ဒီကောင်လေးရဲ့ နောက်ခံအကြောင်းတရားက ဘယ်လိုနည်းနဲ့မှ ရိုးရှင်းမှာ မဟုတ်ဘူး.. ငါတို့အနေနဲ့ သဲလွန်စ မကျန်အောင် တစ်ကြိမ်တည်းနဲ့ အောင်မြင်မှဖြစ်လိမ့်မယ်"
"ဒါပေမဲ့ အကိုကြီး.. အခု ဒီကောင်လေးရဲ့ ဘေးမှာ လူလေးယောက် ပိုလာခဲ့ပြီ.. ဒီလေးယောက်ကလည်း မီးစာကုန် ဆီခန်းနေတဲ့ သူတွေ မဟုတ်ဘူး.. ငါတို့တွေ သူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
အနက်ရောင်ဝတ် လူငယ်လေးက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောဆိုလိုက်၏။
"စိတ်မပူပါနဲ့.. ငါတို့တွေ သူတို့နောက်က လိုက်နေရင် အခွင့်အရေး သေချာပေါက် ရလာမှာပါ"
ခန္ဓာကိုယ်ကြီးသော အနက်ရောင်အရိပ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
ထို့နောက် သူတို့က ကျန်းချန်တို့နောက်သို့ ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။
................
တစ်ဖက်တွင်လည်း မိုကျင့်ယွင်၏ ဦးဆောင်မှုဖြင့် ကျန်းချန်တို့သည် ထူထပ်သော တောအုပ်ကို လျင်မြန်စွာ ဖြတ်သန်းကာ အနည်းငယ်မှိန်ဖျော့သော အလင်းရောင်ရှိသည့် ချိုင့်ဝှမ်းတစ်ခု၏ အဝသို့ ရောက်ရှိလာကြ၏။
"ညီနောင် ကျန်းချန်.. ဒါက သန္ဓေမူလ သိုင်းခန္ဓာကိုယ် ကျင့်ကြံသူ ချန်ထားခဲ့တဲ့ အပျက်အစီး နေရာပဲ"
မိုကျင့်ယွင်က သူ၏ ရှေ့မှချိုင့်ဝှမ်းကို ကြည့်ရှုကာ ကျန်းချန်အား ပြုံးပြ၍ ပြောဆိုလိုက်၏။
"ဒီချိုင့်ဝှမ်းက တစ်နှစ်ပတ်လုံး အဆိပ်ငွေ့တွေ ဖုံးလွှမ်းနေတယ်.. ငါတို့တွေ ချိုင့်ဝှမ်းထဲမှာ အချိန်အကြာကြီး နေထိုင်ဖို့ ညီနောင် ကျန်းချန်ကိုပဲ အားကိုးရတော့မယ်"
"ကောင်လေး.. မင်းက ရှေးဟောင်း ကျင့်ကြံသူရဲ့ အပျက်အစီးနေရာထဲ ဝင်ရောက်တော့မှာ ဆိုတော့ မင်းဘေးက မိန်းကလေးကိုပါ တကယ်ပဲ ခေါ်သွားမှာလား"
"ခဏကြာရင် ဘယ်လိုအန္တရာယ်ကိုမဆို ကြုံတွေ့ရနိုင်တယ်.. ငါတို့တွေ သူ့ကို ကာကွယ်မပေးနိုင်ဘူးနော်"
ထိုအချိန်တွင် ရှန်းရှုံး၏ အေးစက်သော အသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာ၏။
"မင်းကိုယ်မင်းပဲ ဂရုစိုက်ပါ"
ကျန်းချန်က မထီတရီ ကြည့်၍ ပြောလိုက်သည်။
"မင်းအနေနဲ့ ငါရဲ့လူကို ကာကွယ်ဖို့ မလိုအပ်ဘူး"
အခန်း(၃၆၆) ပြီး၏