အခန်း (၃၇၁)
Vol. 25 Ch. 371
“ကောင်လေး.. မင်းက သားရဲသခင် တစ်ယောက်လို့ ငါ့ကို မပြောနဲ့နော်”
ရှန်းရှုံးသည် ခဏမျှ အံ့အားသင့်သွားသည်။
သူက ကျန်းချန်ကို ကြည့်ကာ ခနဲ့လိုက်၏။
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါက တကယ်ပဲ သားရဲသခင် တစ်ယောက်ပါ.. အဲဒါ မင်းအတွက် ပြဿနာ တစ်ခုခု ရှိနေလား”
“ကောင်လေး.. မင်းက တကယ်ပဲ သားရဲသခင်လား.. မင်းရဲ့ အဆင့်က ဘယ်လောက်လဲ ငါသိပါရစေ"
အဘိုးယွမ်သည် အံ့အားသင့်စွာ ကျန်းချန်ကို ကြည့်လိုက်သည်။
ဤသွေးစုပ်ဖုတ်ကောင်များကို အနိုင်ယူရန် အနည်းဆုံး စတုတ္ထအဆင့် သားရဲသခင်၏ အင်အား ရှိရပေမည်။
ဤကောင်လေး၏ ကိုယ်ခံပညာ ပါရမီသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်း၏။
သို့ဖြစ်ရာ သားရဲပညာရပ်တွင် စတုတ္ထအဆင့်ကို အမှန်တကယ် ရောက်နိုင်ပါမည်လော။
“ကျွန်တော့်ရဲ့ အဆင့်က သိပ်မမြင့်ပါဘူး.. ဒါပေမဲ့ ဒီ သွေးစုပ်ဖုတ်ကောင်တွေကို အနိုင်ယူဖို့အတွက်တော့ ဘာပြဿနာမှ မရှိဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ဖြေလိုက်သည်။
“သိပ်ကောင်းတာပဲ”
“ညီနောင် ကျန်းချန်က ဒီလောက်ထိတောင် ယုံကြည်မှု ရှိနေတာကိုး.. ညီနောင်ကျန်းချန် သားရဲထိန်းအတတ်ကို ထုတ်သုံးတဲ့အချိန်မှာ ငါတို့တွေ ညီနောင်ကျန်းချန်ကို ကာကွယ်ပေးထားပါ့မယ်”
မိုကျင့်ယွင်၏ မျက်လုံးများက တောက်ပလာပြီး ကျန်းချန်ကို ပြောလိုက်သည်။
“ကျွန်တော် သဘောမတူဘူး”
“အကယ်၍ ဒီကောင်က သွေးစုပ်ဖုတ်ကောင်တွေကို မထိန်းချုပ်နိုင်ရင် ကျွန်တော်တို့ရဲ့ အချိန်နဲ့ ခွန်အားတွေက အလဟဿ ဖြစ်ကုန်လိမ့်မယ်”
ရှန်းရှုံးက နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
"ငါတို့တွေ အတင်းအကျပ် ပြေးဝင်သွားတာပဲ ပိုကောင်းမယ်လို့ ငါ ထင်တယ်”
“မင်းတို့တွေ ပြေးဝင်သွားရင် အဆင်ပြေမယ်လို့ ထင်လား”
“ဒီသွေးစုပ်ဖုတ်ကောင်တွေ ရှိနေတာက ဒီနေရာကို ကာကွယ်ဖို့ဆိုတာ သိသာနေတယ်”
“ငါတို့အတွက် ဆုတ်ခွာဖို့က အဆင်ပြေတယ် ဆိုပေမဲ့ အပျက်အစီးထဲကို ပြေးဝင်သွားရင်တော့ ဒီသွေးစုပ်ဖုတ်ကောင်တွေက လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။
“မိတ်ဆွေလေး ကျန်းချန် ပြောတာ မှန်တယ်.. ငါတို့ ပြေးဝင်သွားရင်လည်း ဒီ သွေးစုပ်ဖုတ်ကောင်တွေရဲ့ရန်ကနေ လွတ်မှာမဟုတ်ဘူး"
“ငါတို့ မိတ်ဆွေလေး ကျန်းချန်ကို ကာကွယ်ပေးထားပါ့မယ်.. မိတ်ဆွေလေး ကျန်းချန်.. ဒီသွေးဖုတ်ကောင်တွေကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါ”
အဘိုးယွမ်က ခေါင်းညိတ်လိုက်ပြီး အဆုံးသတ်တွင် ကျန်းချန်ကို ကြိုးစားခိုင်းရန် ရွေးချယ်လိုက်သည်။
ကျန်းချန်က သွေးစုပ်ဖုတ်ကောင်များကို မထိန်းချုပ်နိုင်လျှင်ပင် သူတို့သည် ဘေးကင်းနိုင်ပါသေးသည်။
သို့သော် တိုက်ရိုက် ပြေးဝင်သွားလျှင်မူ မကြာခင်အချိန်အတွင်း သွေးစုပ်ဖုတ်ကောင်များ၏ စားသောက်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
မိုကျင့်ယွင်နှင့် အဘိုးယွမ်တို့က ကျန်းချန်ဘက်ကနေ ထောက်ခံနေကြသောကြောင့် ရှန်းရှုံး၏ မျက်နှာသည် မကြည်မလင် ဖြစ်နေခဲ့၏။
သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ကောင်လေး.. မင်း ဒီ သွေးစုပ်ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်ဖို့ ဆုတောင်းထားတာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင်တော့ မင်းနဲ့ ငါ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး”
ကျန်းချန်သည် ရှန်းရှုံးကို ဂရုမစိုက်ခဲ့ပေ။
သူက မိုကျင့်ယွမ်တို့နှင့် အတိုချုပ် ဆွေးနွေးပြီးနောက်တွင် သူတို့အုပ်စုသည် ကျောက်တံတားပေါ်သို့ နောက်တစ်ကြိမ် တက်သွားခဲ့သည်။
ကျန်းချန်နှင့် အခြားသူများ၏ အရှိန်အဝါကို ခံစားမိပြီးနောက် သွေးစုပ်ဖုတ်ကောင်များသည် လက်သည်းများကို ဆန့်ထုတ်ကာ နောက်တစ်ကြိမ် ပြေးဝင်လာကြသည်။
ထိုအခါ အဘိုးယွမ်တို့သည် သွေးစုပ်ဖုတ်ကောင် အများစုကို ဟန့်တားလိုက်ပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်မှ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကို ကျန်းချန်အတွက် ချန်ထားခဲ့သည်။
ကျန်းချန်က သူ့ဆီသို့ လာနေသော သွေးစုပ်ဖုတ်ကောင်ကို ကြည့်ကာ ရှေးဟောင်း သားရဲ ထိန်းချုပ်ရေး နည်းစနစ်ထဲမှ သားရဲထိန်းချုပ်သော စည်းတံဆိပ်ကို ထုတ်ဖော်ကာ သွေးစုပ်ဖုတ်ကောင်၏ ခေါင်းပေါ်တွင် ခတ်နှိပ်လိုက်သည်။
သားရဲထိန်း စည်းတံဆိပ်က သွေးစုပ်ဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း မြုပ်ဝင်သွားသည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် သူ၏ ရှေ့မှ သွေးစုပ်ဖုတ်ကောင်နှင့် အတားအဆီးမရှိ ဆက်သွယ်မှုကို တည်ဆောက်နိုင်ပြီဟု ခံစားလိုက်ရသည်။
“ဒီသွေးဖုတ်ကောင်တွေက မျှော်လင့်ထားတဲ့အတိုင်း ပိုင်ရှင်မဲ့နေတဲ့အတွက် ထိန်းချုပ်ဖို့ အားထုတ်စရာ သိပ်မလိုခဲ့ဘူး”
ကျန်းချန်က ချက်ချင်းပင် ဝမ်းသာအားရ ပြောလိုက်သည်။
ထို့နောက်တွင် သူသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသော သွေးစုပ်ဖုတ်ကောင်ကို သိုလှောင်လက်စွပ်ထဲသို့ အမြန်ထည့်လိုက်၏။
“ဒီကောင်လေးက တကယ်ပဲ စတုတ္ထအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေတဲ့ သားရဲသခင်ပဲ"
ကျန်းချန်က သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကို အလွယ်တကူ ထိန်းချုပ်လိုက်သည်ကို မြင်လျှင် မိုကျင့်ယွင်၊ အဘိုးယွမ်နှင့် ရှန်းညီနောင်တို့က ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြ၏။
အခန်း(၃၇၁) ပြီး၏