အခန်း (၃၇၄)
Vol. 25 Ch. 374
“ကျန်းချန်.. မင်းက အစီအရင်ကို နားလည်ဟန်ဆောင်ပြီး ထိတ်လန့်အောင် လာလုပ်နေတာလား”
“အဘိုးယွမ်က ပဉ္စမအဆင့် အစီအရင်သခင်ပဲ.. သူကိုယ်တိုင်တောင် ဒါက ဘာအစီအရင်လဲ မသိဘူး...မင်းက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”
ရှန်းရှုံးက မထီမဲ့မြင် ပြောလိုက်သည်။
သူ့ကို သတ်လျှင်ပင် ဤကောင်လေးက အစီအရင်တွင် အဘိုးယွမ်ထက် ပိုအဆင့်မြင့်သည်ဟု သူ မယုံကြည်ပေ။
“မင်းက ငတုံးကောင် ဆိုတော့ မယုံတာ မဆန်းပါဘူး”
“ဟက်.. အဘိုးယွမ်က အစီအရင်ကို မဖြေရှင်းနိုင်ဘူးလို့ ဒီလောက်ပြောနေတာတောင် မင်းက အတင်း ဖြတ်ကျော်ချင်နေတယ်.. ဒါက အထဲဝင်သွားပြီး အသေခံတာနဲ့ ဘာကွာနေလို့လဲ”
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“မင်း သေချင်ရင်လည်း မတားပါဘူး...ဒါပေမဲ့ ဒီသွေးမကောင်းဆိုးဝါး အစီအရင်ကို အာဟာရတွေ မပို့မိစေနဲ့”
“မိတ်ဆွေလေး ကျန်းချန်.. မင်းက အစီအရင်ပညာရပ်လည်း တတ်ကျွမ်းသေးတယ်လား”
အဘိုးယွမ်သည် ထိုအချိန်တွင် အစီအရင် ဖြိုခွဲခြင်းကို လက်လျော့လိုက်သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ့ မျက်လုံးများတွင် မယုံကြည်နိုင်စရာ အံ့သြ ထိတ်လန့်မှုများ ရှိနေခဲ့၏။
သူ၏ ရှေ့မှ အစီအရင် အဆင့်သည် သူ တွေးထင်ထားသည်ထက်ပင် အများကြီး ပိုမြင့်မားနေသည်။
သူ၏ ပဉ္စမအဆင့် အစီအရင်သခင် အင်အားဖြင့်ပင် ဤအစီအရင်က မည်သို့သောအစီအရင်လဲ ဆိုသည်ကို မမြင်နိုင်ခဲ့ပေ။
သို့သော် ကျန်းချန်ကမူ အစီအရင်၏ နာမည်ကို ပြောပြခဲ့၏။
ယင်းမှာ အစီအရင်ပညာရပ်တွင် ကျန်းချန်၏ အောင်မြင်မှုများသည် သူ့လို ပဉ္စမအဆင့် အစီအရင်သခင်ထက်ပင် ပိုမို အားကောင်းသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
အစောပိုင်းက ကျောက်တံတားပေါ်တွင် ကျန်းချန်သည် စတုတ္ထအဆင့် သားရဲသခင်၏ အင်အားကို ပြသခဲ့သောအခါ အဘိုးယွမ်သည် အလွန် တုန်လှုပ်ခဲ့သည်။
ယခုအခါ အစီအရင် နည်းစနစ်တွင်လည်း ကျန်းချန်၏ အောင်မြင်မှုများသည် ပဉ္စမအဆင့် အစီအရင် သခင် ဖြစ်သည့် သူ့ထက်ပင် ပို၍ ရှေ့ရောက်နေပုံရ၏။
“ကျွန်တော်က အစီအရင် နည်းစနစ် တစ်ခု နှစ်ခုလောက် သိထားရုံပါပဲ”
“ရှေ့က အစီအရင်က သွေးမကောင်းဆိုးဝါး အစီအရင်လို့ ခေါ်တဲ့ အလွန် အဆင့်မြင်တဲ့ ဆဋ္ဌမအဆင့် အစီအရင်ပဲ”
ကျန်းချန်က ခန်းမ၏ အဝင်ဝရှိ ပိန်ခြောက်နေသော အလောင်းများကို ညွှန်ပြကာ ပြောလိုက်သည်။
“အဲဒီ အလောင်းတွေကို မြင်လား.. သူတို့က ခန်းမထဲကို အတင်းအကျပ် ဝင်ချင်ခဲ့ကြတဲ့လူတွေပဲ.. ဒါပေမဲ့ အစီအရင်ရဲ့ စုပ်ယူမှုကို ခံရပြီး အလောင်းတွေ ဖြစ်သွားခဲ့တယ်”
“မင်း ဘာကို ဆိုလိုတာလဲ… ဒါက အစီအရင်ကို အာဟာရဖြည့်ဖို့အတွက် သွေးကို အသုံးပြုတဲ့ အစီအရင်အမျိုးအစားလား”
အဘိုးယွမ်သည် ရုတ်တရက် သဘောပေါက်သွားသည်။
“ဒီအစီအရင်က နှစ်ပေါင်းများစွာ တည်ရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူး.. ငါ ဘာချို့ယွင်းချက်မှ ရှာမတွေ့နိုင်တာလဲ မဆန်းပါဘူး.. ငါနားလည်ထားတဲ့ အတိုင်းအတာထက် ပိုနေတာကိုး”
“ဒီအစီအရင်ရဲ့ အားအကောင်းဆုံး အပိုင်းက သွေးနဲ့ အစီအရင်ကို အာဟာရဖြည့်နိုင်တာပဲ”
“အစီအရင်က သွေးများများ စုပ်နိုင်လေ ပိုအားကောင်းလေပဲ”
“အကယ်၍ အစီအရင်ထဲကို အတင်းအကျပ် ပြေးဝင်ပြီး အစီအရင်ကို လတ်ဆတ်တဲ့ သွေးတွေ ရစေခဲ့ရင် အစီအရင်ကို ဖျက်ဆီးဖို့က ပိုပြီး ခက်ခဲသွားလိမ့်မယ်”
ကျန်းချန်က သူ့ရှေ့မှ သွေးမကောင်းဆိုးဝါး အစီအရင်ကို ကြည့်ကာ ရှင်းပြလိုက်သည်။
“ညီနောင် ကျန်းချန်က ဒီအစီအရင်ကို နားလည်နေတော့ ညီနောင်ကျန်းချန် ဆီမှာ ဖြိုခွင်းဖို့ နည်းလမ်းတစ်ခုခု ရှိမယ် ထင်တယ်”
မိုကျင့်ယွင်က ကျန်းချန်ကို ကြည့်လိုက်သည်။
သူ့မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေခဲ့သည်။
“ဟုတ်တယ်.. ဒီကမ္ဘာပေါ်မှာ ငါ မဖြိုခွင်းနိုင်တဲ့ အစီအရင် မရှိဘူး”
ကျန်းချန်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး စနစ်က ပေးထားတဲ့ နည်းလမ်းအတိုင်း အစီအရင်ကို ဖျက်ဆီးရန် စတင်ခဲ့သည်။
ဆယ်မိနစ်အကြာတွင် ခန်းမအဝင်ဝရှိ သွေးမကောင်းဆိုးဝါးအစီအရင်ကို ကျန်းချန်က ဖျက်ဆီးနိုင်ခဲ့သည်။
“ဖွင့်စမ်း”
ကျန်းချန်က သွေးမကောင်းဆိုးဝါး အစီအရင်ကို ဖြေရှင်းပြီးနောက် လက်သီးဖြင့် တံခါးကို ထိုးပစ်လိုက်သည်။
"ဝုန်း"
ခန်းမတံခါးက ပွင့်သွားသည်။
ချက်ချင်းပင် ခိုင်မာသော ဝိညာဉ်ရေးရာ အင်အားနှင့်အတူ တောက်ပကြည်လင်သော အလင်းရောင်တစ်ခုသည် ခန်းမထဲကနေ ထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ အကြည့်က ခန်းမ၏ အတွင်းပိုင်းကို ရောက်ရှိသွားကြ၏။
ထိုအခါ ခန်းမ အလယ်တွင် တောင်ငယ်လေးကဲ့သို့ စုပုံနေသည့် မှော်စွမ်းအင် ကျောက်တုံး အမြောက်အမြားကို မြင်လိုက်ရသည်။
“မှော်စွမ်းအင် ကျောက်တုံးတွေ အများကြီးပါလား.. ဒါတွေအားလုံးက အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံးတွေပဲ”
ခန်းမထဲမှ အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံးကို ကြည့်ကာ ရှန်းရှုံး၏ မျက်လုံးများတွင် လောဘတက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
“ဘာတွေ တွေဝေနေတာလဲ.. အမြန် ဝင်သွားကြစို့”
ရှန်းရှုံးက တိုက်တွန်းလိုက်သည်။
ထို့နောက်တွင် သူက ဦးဆောင်၍ ပြေးဝင်သွားခဲ့သည်။
အခန်း(၃၇၄) ပြီး၏