← Chapters

အခန်း (၃၇၂)

Vol. 25 Ch. 372

အခန်း (၃၇၂)

Vol. 25 Ch. 372

ကျန်းချန် ထင်ထားသည်ထက်ပင် သွေးစုတ်ဖုတ်ကောင်များကို ထိန်းချုပ်သော လုပ်ငန်းစဉ်သည် ပိုမို ချောမွေ့ခဲ့သည်။

ကျန်းချန်က ရှေးဟောင်း သားရဲထိန်းနည်းစနစ်ကို ထုတ်သုံးလိုက်ရာ ဆယ်မိနစ် မပြည့်ခင်မှာပင် သဘာဝစွမ်းအား ဖွင့်ခြင်း နယ်ပယ်မှ သွေးစုပ်ဖုတ်ကောင် တစ်ဒါဇင်ကို ထိန်းချုပ်နိုင်ခဲ့သည်။

မူလဘူတအဆင့် သွေးစုပ်ဖုတ်ကောင်များကိုမူ မိုကျင့်ယွင်တို့ လေးယောက်က အလွယ်တကူ ဖြေရှင်းခဲ့သည်။

“ကျန်းချန်.. သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် သွေးစုပ်ဖုတ်ကောင်​တွေကို ညီတူညီမျှ ခွဲဝေပေးသင့်တယ်လို့ ငါ ထင်တယ်”

ကျောက်တံတားပေါ်မှ သွေးစုပ်ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက်တွင် ရှန်းရှုံးသည် ကျန်းချန်ကို ပြောဆိုလိုက်သည်။

သွေးစုပ်ဖုတ်ကောင်များက သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကို ရောက်နေ၍ ရှန်းရှုံးသည် သဘာဝအတိုင်း လောဘတက်နေခဲ့သည်။

သွေးစုပ်ဖုတ်ကောင်၏ တိုက်ခိုက်ရေး အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း အစောပိုင်းအဆင့်မှ ကျင့်ကြံသူများနှင့် ညီမျှသော်လည်း အလွန်ပင် ခံနိုင်ရည် ရှိပြီး သာမန် သဘာဝစွမ်းအားဖွင့်ခြင်း ကျင့်ကြံသူများပင် ဖျက်ဆီးရန် မလွယ်ကူလှပေ။

သွေးစုပ်ဖုတ်ကောင် တစ်ကောင် သို့မဟုတ် နှစ်ကောင် ရှိလျှင် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် အင်မော်တယ် ကိုယ်ရံတော် နှစ်ယောက်ကို ရရှိထားခြင်းနှင့် ညီမျှသည် မဟုတ်လော။

သွေးစုပ်ဖုတ်ကောင်များကို ဝေပုံကျ လိုချင်သော ရှန်းရှုံးကို ကြည့်ကာ ကျန်းချန်သည် မထီတရီ ပြုံးလိုက်သည်။

သူက ရှန်းရှုံးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

“ဒီသွေးစုပ်ဖုတ်ကောင်တွေကို အနိုင်ယူခဲ့တာ ငါပဲ.. ဘာလို့ ငါက ဝေပုံကျ ခွဲဝေပေးရမှာလဲ"

“ကျန်းချန်.. မင်းသိပ်မလွန်လာနဲ့"

ကျန်းချန်၏ စကားကို ကြားလျှင် ရှန်းရှုံး၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

“ငါတို့တွေ ခုနက မင်းကို ကာကွယ်မပေးထားရင် မင်း ဒီသွေးစုပ်ဖုတ်ကောင်တွေကို ဒီလောက် အဆင်ပြေပြေ ထိန်းချုပ်နိုင်ပါ့မလား”

သူတို့က ဤသွေးစုပ်ဖုတ်ကောင်များကို အတူတကွ ရှင်းလင်းခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ဤကောင်လေးက တစ်ယောက်တည်း အပိုင်စီးချင်နေသည်မှာ ဖြစ်သင့်ပါသလော။

ရှန်းရှုံး၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပလာသည်။

"ဒီကောင်က သွေးစုပ်ဖုတ်ကောင်တွေကို အပိုင်စီးချင်နေတာလား... အိပ်မက်ပဲမက်နေလိုက်"

“ပထမတစ်ချက်.. မင်းတို့ ခုနက ငါ့ကို မကာကွယ်ထားရင်တောင် ငါ ဒီသွေးစုပ်ဖုတ်ကောင်တွေကို အေးဆေးထိန်းချုပ်နိုင်တယ်”

“ဒုတိယအချက်.. ငါက မင်းကို သွေးစုပ်ဖုတ်ကောင်တွေ ပေးချင်ရင်တောင် မင်းမှာ သူတို့ကို လက်ခံနိုင်တဲ့ အရည်အချင်း မရှိဘူး”

ကျန်းချန်က အေးစက်စက် ခနဲ့လိုက်၏။

သူက လက်ဖဝါးကို တစ်ချက် လှုပ်ရှားလိုက်ရာ သိုလှောင်လက်စွပ်ထဲ သိမ်းထားသည့် သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်သည် ရှန်းရှုံး၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ကျန်းချန်က လက်ချောင်းများဖြင့် သွေးစုပ်ဖုတ်ကောင်များကို ညွှန်ပြလိုက်ပြီး မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။

“မင်းက သွေးစုပ်ဖုတ်ကောင်တွေကို လိုချင်တယ် မဟုတ်လား.. ဒါဆို ငါ မင်းကို အခွင့်အရေး ပေးမယ်.. မင်းမှာ ဒီသွေးစုပ်ဖုတ်ကောင် အားလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် ရှိရင် ငါမျက်ခုံးတစ်ချက် မတွန့်ဘဲ အပိုင်ပေးလိုက်မယ်"

ကျန်းချန်၏ စကားကို ကြားလျှင် ရှန်းရှုံးသည် သွေးသုံးလီတာလောက် အန်ထွက်သွားသလို ခံစားလိုက်ရသည်။

"ငါသာ ဒီသွေးစုပ်ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်ရင် သူတို့ကို တိုက်ရိုက် အနိုင်ယူလိုက်ပြီပေါ့.. မင်းကို အခွင့်အရေး ပေးဖို့ လိုအပ်လို့လား"

“ကျန်းချန်.. သားရဲသခင် တစ်ယောက်အနေနဲ့ မင်းက သွေးစုပ်ဖုတ်ကောင်တွေရဲ့ ထိန်းချုပ်မှုကို ငါတို့ဆီ လွှဲပြောင်းပေးလို့မရဘူးဆိုတာ ငါ မယုံဘူး”

ရှန်းရှုံးက မကျေမနပ် အော်ဟစ်လိုက်သည်။

“ငါ့မှာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ထိန်းချုပ်မှုကို လွှဲပြောင်းပေးဖို့ နည်းလမ်းတွေ ရှိပါတယ်”

ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။

“ဒါပေမဲ့ မင်းက ဘယ်သူမို့ ငါက မင်းကို သွေးစုပ်ဖုတ်ကောင်တွေ လွှဲပေးရမှာလဲ”

“ကျန်းချန်.. မင်းက သွေးစုပ်ဖုတ်ကောင် တစ်ဒါဇင်လုံးကို အပိုင်စီးတယ်.. မင်းက အရမ်း လောဘကြီးတဲ့ကောင်ပဲ”

ရှန်းရှုံးက ကျန်းချန်ကို ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်သည်။

"လောဘကြီးတဲ့ လူတွေက အဆုံးသတ် မကောင်းကြဘူးဆိုတာ မင်းကို ငါသတိပေးချင်တယ်"

"ရှန်းရှုံး...​မင်းနဲ့အပိုစကားတွေ ငါမပြောချင်ဘူး"

“မင်းအနေနဲ့ သွေးစုပ်ဖုတ်ကောင်တွေကို လိုချင်ရင် ကိုယ့်ဘာသာ ကြိုးစားကြည့်ပါ”

“မင်းမှာ အရည်အချင်း မရှိရင်တော့ ထပ်ပြီး ငါ့ကို အာရုံလာမနောက်နဲ့တော့”

ကျန်းချန်က ရှန်းရှုံးကို စိုက်ကြည့်၍ ပြောလိုက်၏။

သူ၏မျက်ဝန်းတွင် စိတ်မရှည်သော အရိပ်အယောင် တစ်ခု ပြသနေခဲ့သည်။

"ကောင်းတယ် သိပ်ကောင်းတယ်"

ရှန်းရှုံးက ဒေါသတကြီး ရေရွတ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးတွင် လူသတ်လိုသော ဆန္ဒများ ပြည့်နှက်နေ၏။

“ကျန်းချန်...မင်းက ဒီသွေးစုပ်ဖုတ်ကောင်တွေကို အပိုင်စီးဖို့ အမှန်တကယ် ရည်ရွယ်ထား​တာကိုး”

“ငါအပိုင်စီးတော့ရော မင်း ဘာလုပ်နိုင်လို့လဲ”

ကျန်းချန်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

သူက စိတ်ထဲကနေ ထိန်းချုပ်လိုက်သည်နှင့် သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်၏ သွေးရောင် မျက်လုံးများသည် ရှန်းရှုံးကို တစ်ပြိုင်နက်ထဲ နေရာကနေ ရွှေ့မရအောင် ဖိနှိပ်ထားလိုက်၏။

အခန်း(၃၇၂) ပြီး၏

All Chapters