အခန်း (၃၇၅)
Vol. 25 Ch. 375
“ရှန်းရှုံး ရပ်လိုက်စမ်း”
ရှန်းရှုံးက ခန်းမထဲသို့ အရင်ဦးဆုံး ပြေးဝင်တော့မည်ကို မြင်လျှင် ရှန်းဟူက မျက်နှာပျက်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။
အပျက်အစီး ရှာဖွေမှု၏ အန္တရာယ်အရှိဆုံး အပိုင်းမှာ မဆင်မခြင် ဦးဆုံး ပြေးဝင်ခြင်းပင်။
သို့သော် ရှန်းရှုံးသည် ခန်းမထဲသို့ အရင်ဆုံး ပြေးဝင်ခဲ့သည်။
ခန်းမ၏ အစီအရင်ကို ကျန်းချန်က ဖျက်ဆီးထားသော်လည်း ခန်းမထဲတွင် အခြား အန္တရာယ်များ ထပ်မရှိနိုင်ဟု အာမခံရန် ခက်ခဲသည်။
ရှန်းဟူသည် သူ့ညီလေးကို စောစောစီးစီး အလောင်းကောင် မဖြစ်ချင်ခဲ့ပေ။
“စိတ်မပူပါနဲ့.. ဒီခန်းမကို ဆဋ္ဌမအဆင့် အစီအရင်နဲ့ ကာကွယ်ထားလို့ အတွင်းမှာ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး”
ကျန်းချန်က ရှန်းဟူကို ပြောလိုက်ပြီး ချိုးလော်လန်နှင့်အတူ ခန်းမထဲသို့ ဦးဆောင်၍ ဝင်သွားခဲ့သည်။
ခန်းမထဲသို့ ရောက်လာသောအခါတွင် ကြွယ်ဝသော အသက်စွမ်းအားနှင့် မှော်စွမ်းအင်ကျောက်တုံးများ၏ တောက်ပမှုများသည် သူတို့ကို လန်းဆန်းသော ခံစားချက်များ ပေးစွမ်းခဲ့သည်။
ကျန်းချန်သည် အနည်းငယ် အကဲခတ် ကြည့်လိုက်သောအခါ မှော်စွမ်းအင် ကျောက်တုံးများအပြင် ခန်းမထဲတွင် တန်ဖိုးရှိသော ပစ္စည်း အစုအဝေး တစ်ခု ရှိနေသည်ကို သိလိုက်ရသည်။
သူက တစ်ချက် ကြည့်လိုက်ရုံဖြင့် ပဉ္စမအဆင့် ဆေးလုံးကို ဖန်တီးရာတွင် လိုအပ်သည့် ရှားပါးသော ပစ္စည်းများ ဖြစ်နေမှန်း တွေ့လိုက်ရသည်။
“အစ်ကိုကြီး.. အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံး ရာပေါင်းများစွာနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီးပဲ.. ခု ကျွန်တော်တို့ ချမ်းသာပြီ”
ရှန်းရှုံးသည် ခန်းမထဲမှ အခြေအနေကို ကြည့်ကာ မျက်လုံးများ တောက်ပစွာဖြင့် ပြောလိုက်သည်။
ဤအရင်းအမြစ်များကို ခွဲတမ်းချလိုက်လျှင် သူတို့ ညီအစ်ကိုအတွက် နှစ်ပေါင်းများစွာ အသုံးပြုရန် လုံလောက်နေပြီ မဟုတ်ပါလား။
ရှန်းဟူ၏ မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သူက ခန်းမထဲမှ မှော်စွမ်းအင် ကျောက်တုံးများနှင့် တန်ဖိုးရှိပစ္စည်းများကို ကြည့်လိုက်သည်။
ထို့နောက် သူက မိုကျင့်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဆရာမို.. ဒီနေရာက အရင်းအမြစ်တွေကို ခွဲဝေပေးပါ”
မိုကျင့်ယွင်က ခေါင်းညိတ်လိုက်ပြီး ခန်းမထဲမှ အရင်းအမြစ်များကို ဝေပုံကျ ခွဲဝေပေးလိုက်သည်။
တခဏအတွင်းမှာပင် ကျန်းချန်နှင့် အခြားသူများသည် ခန်းမထဲရှိ မှော်စွမ်းအင် ကျောက်တုံးများနှင့် တန်ဖိုးရှိ ပစ္စည်းများကို ရရှိလိုက်ကြသည်။
ထို့နောက်တွင် သူတို့အဖွဲ့သည် ခန်းမ၏ အတွင်းပိုင်းဆီသို့ ဆက်လက် လျှောက်လာခဲ့ကြသည်။
အလွန် မြန်ဆန်စွာပင် ကျန်းချန်တို့သည် ခန်းမ၏ အတွင်းပိုင်း ဆီသို့ ရောက်ရှိလာကြသည်။
ကျယ်ပြန့်သော အပြင်ဘက် နှင့် နှိုင်းယှဉ်လျှင် အတွင်းဘက်သည် သံသယဖြစ်ဖွယ် ကောင်းလောက်အောင်ပင် ပို၍ ကျဥ်းသည်။
ကျန်းချန်က ခန်းမတစ်လျောက် အကဲခတ်ကြည့်လိုက်သည်။
ခန်းမ အလယ်မှ အခြေအနေကို မြင်သောအခါ သူ၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွား၏။
ခန်းမ အလယ်ရှိ ကျောက်စင်မြင့် တစ်ခုပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော အနီရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ဤအနီရောင် ပုံရိပ်ထဲတွင် အသက် အရိပ်အယောင် မရှိပေ။
ထို့ပြင် ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သေဆုံးခဲ့သည်မှာ ထင်ရှား၏။
သို့သော် အံ့သြ တုန်လှုပ်စရာကောင်းသည်မှာ အလောင်းကောင်သည် အလွန်ပင် ကောင်းမွန်စွာ ထိန်းသိမ်းထားပုံ ရနေခြင်းပင်။
၎င်း၏ အရေပြားနှင့် အသားပင် သာမန်လူများနှင့် ကွာခြားမှု မရှိပေ။
“ရှေးဟောင်း မှတ်တမ်းတွေအရ ဒီ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲ ခန်းမက အနည်းဆုံး နှစ်တစ်ထောင်လောက် ရှိခဲ့တယ်”
“ငါ့ရှေ့က ဒီအလောင်းက နှစ်ပေါင်းတစ်ထောင်လောက် မပုပ်သိုးတဲ့ အလောင်းလား.. ဒါက မယုံနိုင်စရာပဲ”
မိုကျင့်ယွင်က အံ့အားသင့်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“သူ သေဆုံးခင်မှာ ဒဏ္ဍာရီလာ သတ္တမအဆင့် ဝိညာဉ် ဆေးလုံးကို သောက်ခဲ့ပုံရတယ်”
အဘိုးယွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါသိသလောက်တော့ သတ္တမအဆင့် ဝိညာဥ်ဆေးလုံးကို သောက်ပြီးရင် ခန္ဓာကိုယ်ကို နှစ်ပေါင်းထောင်ချီ မပုပ်သိုးအောင် လုပ်နိုင်တယ်တဲ့”
“လူက သေနေပြီ.. ခန္ဓာကိုယ်ကို နှစ်ပေါင်းထောင်ချီ မပုပ်သိုးအောင် သတ္တမအဆင့် ဝိညာဉ် ဆေးလုံးကို အသုံးပြုတော့ရော ဘာအသုံးဝင်မှာမို့လဲ”
ရှန်းရှုံးက မထီမဲ့မြင် ပြောလိုက်သည်။
ထိုခဏတွင် သူ၏ အကြည့်သည် အလောင်းရှေ့မှ လက်ဖဝါးအရွယ်အစားရှိ ကျောက်စိမ်း ပုလင်း တစ်လုံး ပေါ်တွင် ရပ်တန့်သွားသည်။
“ကြည့်စမ်း.. အဲဒါက ဘာများလဲ”
လူတိုင်းသည် ရှန်းရှုံး၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။
အလောင်းရှေ့မှ ကျောက်စိမ်း ပုလင်းကို မြင်သောအခါ ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွား၏။
ထိုအချိန်တွင် နံဘေးမှ အဘိုးယွမ်က အော်ဟစ်လိုက်သည်။
“ဆေးလုံး စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်း.. ဒါ… ဒါက သတ္တမအဆင့် ဝိညာဉ် ဆေးလုံးကို သိမ်းဆည်းဖို့ အသုံးပြုတဲ့ ကျောက်စိမ်း စည်းတံဆိပ်ခတ် ဆေးပုလင်းပဲ”
အဘိုးယွမ်၏ စကားကို ကြားလျှင် ရှန်းညီအစ်ကို၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာခဲ့သည်။
သတ္တမအဆင့် ဝိညာဉ် ဆေးလုံးကို ထိန်းသိမ်းသည့် စည်းတံဆိပ်ခတ် ကျောက်စိမ်း ပုလင်း။
ထိုကျောက်စိမ်း ပုလင်းထဲတွင် ဒဏ္ဍာရီလာ သတ္တမအဆင့် ဝိညာဉ် ဆေးလုံးများ ရှိနိုင်ပါသလော။
အခန်း(၃၇၅) ပြီး၏