စွန်းရုံ၏ ဓားဝိညာဥ်နေရာလွတ်
Vol. 76 Ch. 1126
ခွင့်ပြုထားသော အခြေအနေများ စည်းမျဥ်းများအောက်တွင် ကယ်ပေါက်ကို အသုံးချခြင်းသည် ဖြတ်လမ်းတစ်ခု ဖြစ်သည်။
ယခုတစ်ကြိမ်ပြိုင်ပွဲတွင် ပါ၀င်မည့်ကျောင်းများသည် အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲ၀င်ရမည် ဖြစ်၏။
ကျောင်းအုပ်ကြီးချန်းသည် သူ၏ အသိအကျွမ်းဟောင်းများ အကြောင်းကို ကောင်းစွာသိသည်။
သူ၏နှလုံးသားက မှန်ကဲ့သို့ ကြည်လင်ထင်ရှားနေသည်။
ဤအခွင့်အရေးကို အသိအကျွမ်းဟောင်းများက မည်သို့မျှလက်လွှတ်ခံမည်မဟုတ်ကြောင်း သူကောင်းစွာသိသည်။
အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေးအထက်တန်း ကျောင်းအုပ် လီချင်းရှီနှင့် မျှခြေမီးလျှံအလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးကျိုးချင်ချိုးတို့သည် စစ်ဆေးရေးဂိတ်နှင့် ပတ်သက်၍ အစီအစဥ် ဆွဲနေကြသည်မှာ ဖြစ်နိုင်ဖွယ်ရာရှိသည်။
ယခုတစ်ကြိမ်ပြိုင်ပွဲတွင် ပါ၀င်မည့် ကျောင်းများ၏ ကျောင်းအုပ်ကြီးများ အားလုံးထဲတွင် ထိုကျောင်းအုပ် နှစ်ယောက်သည် သူ၏အကြီးမားဆုံးရန်သူ ဖြစ်သည်ဟု ကျောင်းအုပ်ကြီးချန်း ခံစားခဲ့ရသည်။
ယခင်က ထိုနှစ်ယောက်လုံးကို သူအနိုင်ယူခဲ့ဖူးသော်လည်း ယင်းမှာ ၄င်းတို့ ကိုင်တွယ်သော ကျောင်းနှစ်ကျောင်းကို အနိုင်ယူနိုင်မည်ဟု မဆိုလိုပေ။
အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းမှ ကျောင်းသားများသည် ထိန်းချုပ်ခြင်း မှော်စွမ်းရည်များကို ကျွမ်းကျင်ကြပြီး မျှခြေမီးလျှံ အလယ်တန်းကျောင်းမှ ကျောင်းသားများသည် အတွေ့အကြုံကနေ သင်ယူရာတွင် အလွန်ကောင်းမွန်ကြသည်။
ထိုကျောင်းနှစ်ကျောင်းသာ မဟာမိတ်ဖွဲ့သွားခဲ့လျှင် အလွန် ကြောက်စရာကောင်းသည့် ပေါင်းစပ်မှုတစ်ခု ဖြစ်လာနိုင်၏။
မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းသည် ထိန်းချုပ်ခြင်း မှော်စွမ်းရည်တွင် ကောင်းမွန်ပြီး လူနှင့် အရာ၀တ္ထုများကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
၄င်းတို့က စစ်ဆေးရေးဂိတ်တွင် အသုံးပြုသည့် ကိရိယာများကို ရှုပ်ထွေးမှုရှိစေရန်အတွက် ထိန်းချုပ်ခြင်း မှော်စွမ်းရည်များအား အသုံးပြု၍ အမှားအယွင်းများ ဖြစ်အောင် ဖန်တီးနိုင်သည်။
ကျောင်းအုပ်ကြီး လီချင်းရှီ၏ စရိုက်အရ သူ၏ ကျောင်းသားများကို ထိုသို့ သေချာပေါက် လုပ်ဆောင်ခိုင်းမည်ဟု ကျောင်းအုပ်ကြီးချန်း မှန်းဆမိသည်။
ဤရှစ်ရက်ကြာ ပြိုင်ပွဲတွင် အစာရှောင်ဆေး တစ်လုံးကို အတွင်းလို့ သယ်သွားနိုင်လျှင်ပင် ပြိုင်ပွဲ၏ရလဒ်သည် သိသိသာသာပင် တိုးတက်လာနိုင်မည် ဖြစ်သည်။
ကျောင်းအုပ်ကြီးလီချင်းရှီ၏ ကျောင်းသားများနှင့် နှိုင်းယှဥ်လျှင် မျှခြေမီးလျှံ အလယ်တန်းကျောင်းမှ ကျောင်းသားများသည် ပို၍ ရှေးရိုးဆန်ကြသည်။
၄င်းတို့က စည်းမျဥ်းစည်းကမ်းများကို အလေးထားပြီး ခေါင်းမာလေ့ရှိသော စာကြမ်းပိုး အုပ်စု ဖြစ်သည်။
ကယ်ပေါက်ကို အခွင့်အရေးယူရန်မှာ ၄င်းတို့အတွက် လုံး၀ မတွေး၀ံ့သည့် အရာတစ်ခု ဖြစ်သည်။
ကျောင်းအုပ်ကြီး ကျိုးချင်ချိုးအနေဖြင့် သူ၏ ကျောင်းသားများကို ပစ္စည်းအချို့ သယ်သွားရန် ဆွဲဆောင်ခဲ့လျှင်ပင် စည်းကမ်းဖောက်ဖျက်လိုစိတ် မရှိသော ကျောင်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်၏။
ဆိုရလျှင် ကျောင်းအုပ်ကြီး ကျိုးချင်ချိုးသည် သူလုပ်ခိုင်းချင်သည်ကို လွယ်လင့်တကူ လုပ်ခိုင်း၍ရမည်မဟုတ်ပေ။
သို့ရာတွင် ကျောင်းအုပ်ကြီး ကျိုးချင်ချိုးသည် ကျောင်းသားများထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်ကာ ပစ္စည်းများယူဆောင်သွားရန်အတွက် လှည့်ဖြားမှုအချို့ကို အသုံးပြုဖွယ်ရှိသည်ဟု ကျောင်းအုပ်ကြီးချန်း ခန့်မှန်းမိသည်။
မျှခြေမီးလျှံအလယ်တန်းကျောင်းမှ စာကြမ်းပိုးများ အနေဖြင့် ပစ္စည်းအချို့ကို အတွင်းသို့ ယူဆောင်နိုင်ခဲ့လျှင် ၄င်းတို့အခက်အခဲများ ကြုံလာသောအခါ ထိုပစ္စည်းများ၏ အကူအညီများကို ရယူနိုင်မည် မဟုတ်ပါလား။
လူသားများသည် သိပ္ပံနည်းကျ အမှန်တရားကနေ ဘယ်သောအခါမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မျှခြေမီးလျှံအလယ်တန်းကျောင်းကို ကိုင်တွယ်ရာတွင် ကျောင်းအုပ်ကြီးချန်း၏ အစီအစဥ်သည် အလွန်ပင် ရိုးရှင်း၏။
ကျောင်းအုပ်ကြီးချန်း၏ အစီအစဥ်ကို ကြားပြီးနောက်တွင် ကော်ဟောက်၏ နှုတ်ခမ်းများသည် ရွဲ့မလိုပင် ဖြစ်သွားခဲ့သည်။
"သူတို့အကြောင်း သတင်းပို့မယ် ဟုတ်လား.. ဒါက တကယ်ပဲ အဆင်ပြေပါ့မလား ..နည်းနည်းအရှက်မရှိရာ ကျမနေဘူးလား .. "
"ဒါက တရားမျှတတဲ့ပြိုင်ဆိုင်မှု နည်းလမ်းထက် ဘာမှမပိုပါဘူး"
ကျောင်းအုပ်ကြီးချန်းက ပြောကြားခဲ့သည်။
မျှခြေမီးလျှံအလယ်တန်းကျောင်းသည် နောက်ပိုင်းအဆင့်များတွင် ကိုင်တွယ်ရန် ပိုမိုခက်ခဲလာမည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။
၄င်းတို့ကို တိုက်ပွဲတွင် လုံး၀ ရှင်သန်ခွင့်ပြုရန် မဖြစ်နိုင်သောကြောင့် အစောပိုင်းအဆင့်တွင် ဖြစ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရန် လိုအပ်၏။
ပြိုင်ပွဲ၏ အစောပိုင်းတွင် မျှခြေမီးလျှံအလယ်တန်းကျောင်းမှ အဖွဲ့၀င်အချို့ ဖြုတ်ချခံခဲ့ရလျှင် ကျောင်းအားလုံးအတွက် သတင်းကောင်းပင် ဖြစ်သည်။
အမှတ် ၆၀ အထက်တန်းကျောင်းအတွက်မူ မှော်ရတနာများကို မည်ကဲ့သို့ ယူဆောင်သွားရမည်နှင့် ပတ်သက်၍ ကျောင်းအုပ်ကြီးချန်းသည် အစီအစဥ်တစ်ခုကို တွေးထားပြီးပြီ ဖြစ်သည်။
သူတို့အနေဖြင့် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ရန်အတွက် စွန်းရုံ၏ စိတ်၀ိညာဥ်ဓားဖြစ်သည့် ဆန်းကြယ်ပင်လယ်ကို အသုံးပြုနိုင်သည်။
စွန်းရုံ၏ စိတ်၀ိညာဥ်ဓားတွင် ဓား၀ိညာဥ်ရှိနေပြီမှန်း လူတိုင်းသိထားကြသည်။
သူမက ဤဓား၀ိညာဥ်၏စွမ်းရည်ကို အသုံးပြုပြီး ဓါး၀ိညာဥ်နေရာလွတ်အတွင်း မှော်ရတနာများကို ထားရှိသ၍ မည်သည့်စစ်ဆေးကိရိယာမှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ယခုတစ်ကြိမ် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲတွင် စိတ်၀ိညာဥ်ဓားများကို ခွင့်မပြုထားလည်း ဓါး၀ိညာဥ်နှင့် ၄င်း၏သခင်တွင် အစေးကပ်သည့် ဆက်ဆံရေး ရှိနေသ၍ ဓါး၀ိညာဥ်သည် နေရာလွတ်ကို အဝေးကနေ ဖွင့်လှစ်ပေးနိုင်မည် ဖြစ်သည်။
"ဆန်းကြယ်ပင်လယ်က စွန်းရုံ မွေးကတည်းက စွန်းရုံနဲ့အတူ ရှိနေခဲ့တဲ့ ဓားပဲ.. မင်းတို့ထဲမှာ စွန်းရုံလောက် ဓါး၀ိညာဥ်နဲ့ ဆက်ဆံရေး မြင့်မားတဲ့သူ မရှိဘူး.. ဒါကြောင့် ဒီတစ်ခေါက်ပြိုင်ပွဲအတွက် ကျောင်းသူစွန်းရုံကိုပဲ ဒုက္ခပေးရလိမ့်မယ်"
"စိတ်ချပါ ကျောင်းအုပ်ကြီး"
စွန်းရုံဘက်ကလည်း သဘောတူလိုက်သည်။
တကယ်တမ်းတွင် ကျောင်းအုပ်ကြီးချန်းက ဘာမှမပြောလျှင်ပင် စွန်းရုံသည် ထိုနည်းလမ်းကို အဖြေရှာခဲ့ပြီးပြီ ဖြစ်သည်။
သူမက အပျိုလေးတစ်ဦးဖြစ်၍ မှော်ရတနာများစွာ သာမက နေ့စဥ်လိုအပ်သည့် ပစ္စည်းများစွာကိုပါ ပြိုင်ပွဲသို့ ယူဆောင်လာရမည် ဖြစ်သည်။
ဤရှစ်ရက်ကြာပြိုင်ပွဲတွင် လူတိုင်းသည် ညစ်ပတ်ပေရေလာမည်မှာ သေချာ၏။
သို့သော်လည်း စွန်းရုံသည် သူမကိုယ်သူမ ထိုသို့ မဖြစ်စေလိုခဲ့ပေ။
ဤသည်က အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခု ဖြစ်၍ တိုက်ရိုက်ကြည့်ရှုခံရမည် ဖြစ်သောကြောင့် သူမ၏ပုံရိပ်ကို အထူးဂရုပြုရန် လိုအပ်၏။
သို့မဟုတ်လျှင် သူမကြောင့် သူမ၏ မိသားစုဖြစ်သည့် ဟွာကောရေတံခွန်လုပ်ငန်းစု၏ ဂုဏ်သိက္ခာကို ထိခိုက်သွားနိုင်ပေသည်။
ထို့ကြောင့် သူမက သန့်ရှင်းရေး အဆောင်လက်ဖွဲ့နှင့် မိတ်ကပ်အဆောင်လက်ဖွဲ့များကို ယူဆောင်သွားရပေမည်။
အခြေအနေအရ သူမ၏ဆံပင်ကို တစ်နေ့တစ်ကြိမ် လျှော်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
ထို့နောက်တွင် လူတိုင်းသည် ထိုကိစ္စကို ဆွေးနွေးခဲ့ကြသည်။
လီယိုယွဲ့ "တကယ်ပဲ ရှာမတွေ့တာ သေချာရဲ့လား..စွန်းရုံ"
စွန်းရုံက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရယ်မောလိုက်သည်။
"စိတ်ချပါ.. သူတို့ ဘယ်လိုမှရှာတွေ့မှာ မဟုတ်ဘူး.. ဓား၀ိညာဥ်နေရာလွတ်ကို ဖန်တီးဖို့က အရမ်းခက်ခဲတယ်လေ.. ငါ့ရဲ့ဆန်းကြယ်ပင်လယ်မှာ ဓား၀ိညာဥ်နေရာလွတ် ရှိနေတာက ကံကောင်းခြင်းတစ်ခုပါပဲ.. ယေဘုယျအားဖြင့် ပြောရရင် အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသား အနည်းငယ်လောက်ပဲ ဓား၀ိညာဥ်နေရာလွတ်ကို ဖွင့်လှစ်နိုင်စွမ်း ရှိကြတယ်.. ဒါကြောင့် စစ်ဆေးရေးဂိတ်အနေနဲ့ ဓား၀ိညာဥ်နေရာလွတ်အတွက် အထူးစစ်ဆေးမှုတွေ ပြုလုပ်နိုင်မှာ မဟုတ်ဘူး.. သူတို့သာ ပြိုင်ပွဲ၀င်မဲ့ ကျောင်းသားတစ်ထောင်ကျော်လုံးကို ဒီစစ်ဆေးမှုပြုလုပ်မယ်ဆိုရင် ဘယ်လောက်တောင် ကြာမြင့်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ထိုစကားကို ကြားမှသာ လီယိုယွဲ့က သက်ပြင်းချနိုင်ခဲ့သည်။
"ဒါဆို အရမ်းကောင်းတာပဲ.. ဒီပြိုင်ပွဲရှစ်ရက်အတွင်းမှာ ညစ်ပတ်ပေရေသွားရင် ဘယ်လိုလုပ်ရမလဲလို့ ငါတွေးနေမိတာ.. ငါ့အတွက် မိတ်ကပ်နဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေကိုပါ ထည့်လာပေးလို့ရမလား.."
စွန်းရုံ"အေးပါ.. လိုအပ်တာအကုန် ငါပိုပြီး ထည့်ခဲ့ပါမယ်"
ထိုခဏတွင် လျူချင်းရီကလည်း လီယိုယွဲ့၏ စကားကို သံယောင်လိုက်ခဲ့သည်။
"ငါ့အတွက်လည်း ထည့်ခဲ့ပေးပါဦး"
စွန်းရုံက ခေါင်းညိမ့်လိုက်သည်။
"ပြသနာမရှိဘူး ချင်းရီ"
ချန်းချောင်"ဒါပေမဲ့.."
"နင့်ပါးစပ်ကို ပိတ်ထားစမ်းးး"
မိန်းကလေးသုံးယောက်က တစ်ချိန်တည်းတွင် အော်ငေါက်လိုက်ရာ ချန်းချောင်က စကားဆက်မပြောနိုင်တော့ပဲ ရပ်တန့်လိုက်ရသည်။
သူမတို့သုံးယောက်က ချန်းချောင်၏ နှုတ်စွမ်းအားကို လျှော့မတွက်ရဲကြပေ။
လျူချင်းရီက ကိုယ်ပိုင်ပစ္စည်းများကို ယူဆောင်သွားရန် အမှန်တကယ် ဆန္ဒရှိသော်လည်း ပြဿနာမှာ ယခုအချိန်တွင် သူမ၌ ပိုက်ဆံမရှိခြင်း ဖြစ်၏။
ဝေ့ကျစ်ထံမှ အလုပ်လုပ်ရာတွင် ရရှိသောငွေသည် စျေးပေါသော အလှကုန်အချို့ကိုသာ ၀ယ်ယူရန် လုံလောက်သည်။
အောက်ကမ္ဘာတွင် ကျင်လည်နေရသည့် သူမ၏ ဘ၀သည် အလွန်ပင် ခက်ခဲပင်ပန်းလွန်းနေသည်။
ယခုကဲ့သို့ ပိုက်ဆံကို ချွေတာနိုင်ပြီး တခြားတစ်ယောက်ထံတွင် အခမဲ့ ဂုန်းဆင်းခွင့်ရသည်မှာ သူမအတွက် ကောင်းမွန်သော အခွင့်အရေးပင် ဖြစ်သည်မဟုတ်ပါလော။
အသက်ရှင်သန်ရေးအတွက် တိုက်ပွဲ၀င်သောအခါတွင် မိန်းကလေးများ၏ တွေးခေါ်ပုံများသည် ထူးထူးခြားခြားတူညီကြသည်ကို ၀မ်လင်း သဘောပေါက်လိုက်သည်။
သူမတို့၏ ပထမဆုံး စိုးရိမ်မှုမှာ ပြိုင်ပွဲအတွင်း ရှင်သန်နိုင်ရန်မဟုတ်ပဲ သူမတို့၏ အသွင်အပြင် အတွက် ဖြစ်သည်။
စွန်းရုံတို့ မိန်းကလေးသုံးဦး ဆွေးနွေးနေကြသည်ကို မြင်လျှင် ကော်ဟောက်က သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ဒါက အမျိုးသားအဆင့်ပြိုင်ပွဲနော်.. မင်းတို့တွေ နည်းနည်းလောက် လေးလေးနက်နက်ရှိလို့ မရဘူးလား "
"မိန်းကလေးတစ်ယောက် အတွက် လှပသန့်ရှင်းဖို့ထက် ပိုပြီးအရေးကြီးတာ ရှိသေးလို့လား"
လီယိုယွဲ့က ပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူမက စွန်းရုံကို ကြည့်ကာ ပြောလိုက်
သည်။
"ဒါနဲ့ ရုံရုံ.. မီးဖိုချောင်သုံးပစ္စည်းတွေပါ ယူခဲ့နော်.. ပါ၀င်ပစ္စည်းကောင်းကောင်း ရနိုင်မယ်ဆိုရင် အားလုံးအတွက် အစားအသောက်တွေ ပြင်ဆင်ပေးလို့ ရတာပေါ့"
"မီးဖိုချောင်သုံးပစ္စည်းလား.. ပြဿနာ မရှိဘူးငါ့ရဲ့ ဓါး၀ိညာဥ်မှာနေရာလွတ်တွေ အများကြီးရှိတယ် ကုန်တင်ကားနှစ်စည်းစာလောက်အတွက် နေရာအလုံအလောက်ရှိတယ်"
စွန်းရုံက ရယ်မော၍ ပြောလိုက်သည်။
"ဒါဆိုမင်းငါ့ကို ဂိမ်းစက်တစ်ခုယူလာပေးပါလား.."
ကော်ဟောက်ကပါ အကူအညီတောင်းလိုက်သည်။
"နင်က အားလပ်ရက် ပျော်ပွဲစား ထွက်နေတယ်များ မှတ်နေလား"
"ဟားဟား..ပြောမရဘူးလေ နောက်ကျရင် ဂိမ်းပြိုင်ပွဲ၀င်ဖို့ စေလွှတ်ခံရမလားဆိုတာ ဘယ်သူကြိုသိနိုင်မှာလဲ.. စိတ်မပူပါနဲ့ အန္တရာယ်ကင်းတဲ့အချိန်မှ ငါကစားမှာပါ.. နင် ငါ့အတွက် ယူလာပေးသ၍ ငါ နင်ခိုင်းတာ ဘာမဆိုလုပ်ပေးပါ့မယ်"
"အစောတုန်းကပဲ ငါတို့ကို လေးလေးနက်နက်ထားဆို.. နင်ရဲ့ သမာဓိက ဘယ်ရောက်သွားတာလဲ"
ထို့နောက်တွင် စွန်းရုံသည် အခြားလူများဘက်သို့ လှည့်ကြည့်လိုက်သည်။
"နင်တို့တွေကော ငါ့ကိုယူလာစေချင်တာ ရှိလား ငါ့မှာ နေရာလွတ်တွေ အများကြီးကျန်ပါသေးတယ်"
ထိုစကားကို ပြောရင်း သူမက ၀မ်လင်းကို လှည့်ကြည့်လိုက်သည်။
၀မ်လင်း"........"
စွန်းရုံ"အတန်းဖော်၀မ်လင်း နင်ရော သရေစာခေါက်ဆွဲခြောက်တွေ ယူချင်သေးလား"
၀မ်လင်း"........"
အပိုင်း(၁၁၂၆) ပြီး၏