စားသောက်ဆိုင်ရွေးခြင်း
Vol. 76 Ch. 1127
မနက်ဖြန်က သောကြာနေ့ဖြစ်၍ အမှတ် ၆၀ အထက်တန်းကျောင်းသည် ကျင်းဟွာမြို့သို့ ဦးတည်သွားရမည့်နေ့ ဖြစ်သည်။
"ကျောင်းဆင်းရင် အပြင်မှာ အတူတူထွက်စားရအောင်"
ကော်ဟောက်က ပြောလိုက်သည်။
ကျောင်းအုပ်ကြီးချန်းကလည်း ထိုအဆိုကို ထောက်ခံခဲ့သည်။
အမျိုးသားအဆင့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ် ပြိုင်ပွဲသည် တစ်ကိုယ်တော်ပြိုင်ပွဲ မဟုတ်ပေ။
အတူတူ သွားလာစားသောက်ခြင်းသည် ပြိုင်ပွဲ၀င်အချင်းချင်း ရင်းနှီးလာစေရန် အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။
ပြိုင်ပွဲ၀င်ထဲတွင် ရှားမင်နှင့် ၀မ်လင်းတို့သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အခြေအနေ တင်းမာနေခဲ့၍ ကျောင်းအုပ်ကြီးချန်းသည် ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်လာနိုင်သည်ဟု ခံစားခဲ့ရသည်။
"ငါကုန်ကျစရိတ် ကျခံပေးပါမယ်.. ကလေးတွေအားလုံး အပြင်မှာ ထွက်စားကြပေါ့"
ကျောင်းအုပ်ကြီးချန်းက ပြောလိုက်သည်။
ကျောင်းသားများက သူ၏စေတနာကြောင့် အံ့သြသွားကြသည်။
"ဟင်.. ကျောင်းအုပ်ကြီးပါ ကျွန်တော်တို့နဲ့ လိုက်မှာလား.."
"ငါမလိုက်တော့ပါဘူး"
ကျောင်းအုပ်ကြီးချန်းက အလျင်အမြန်ပင် ခေါင်းခါလိုက်သည်။
သူ့လို အဖိုးကြီးတစ်ယောက်က လူငယ်တွေနှင့် အတူသွားရန်မှာ အဆင်ပြေမည် မဟုတ်ပေ။
သူတို့က တူညီသောအကြောင်းအရာများ မရှိသည့်အပြင် မျိုးဆက်ကွာဟမှုကြောင့် စကားပြောဆိုရာတွင်လည်း အဆင်မပြေ ဖြစ်လာနိုင်သည်။
ထို့အပြင် သူ့အနေဖြင့် ကျောင်းသားများနှင့်အတူ လိုက်လာခဲ့လျှင် ကျောင်းသားများသည် လွတ်လွတ်လပ်လပ် စားသောက်နိုင်တော့မည် မဟုတ်ချေ။
"မင်းတို့ဆယ်ယောက်အတွက်ဆိုရင် HNY 3000က လုံလောက်တယ် မဟုတ်လား"
"၀ိုး.. ကျောင်းအုပ်ကြီး အများကြီးပဲ"
"နောက်တစ်ပတ်လုံး မင်းတို့အရမ်းခက်ခဲလိမ့်မယ်.. ဒီပမာဏက ငါ့အတွက် ဘာမှမများပါဘူး"
ထို့နောက် ကျောင်းအုပ်ကြီးချန်းက သူ့အိတ်ကပ်ထဲမှ ပိုက်ဆံကို ထုတ်ကာ စွန်းရုံကို ပေးလိုက်သည်။
"ကျောင်းသူစွန်းရုံက ဦးဆောင်လိမ့်မယ်.. ငါ့မှာတောင်းဆိုချက်နှစ်ခုပဲ ရှိတယ်.. ပထမတစ်ချက်က သန့်ရှင်းသပ်ရပ်တဲ့ စားသောက်ဆိုင်ကို ရှာဖွေပြီး စားသောက်ကြပါ.. ဒုတိယအချက်အနေနဲ့ စားပြီးတာနဲ့ အိမ်ကို စောစောပြန်ကြပါ"
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ကျောင်းသားများက ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
စွန်းရုံက ကျောင်းအုပ်ကြီးချန်းထံမှ HNY 3000ကို ယဥ်ကျေးစွာ လက်ခံခဲ့ပြီးနောက်တွင် သက်ပြင်းချလိုက်သည်။
သူငယ်ချင်းများနှင့် အတူတူစားသောက်ရသည်မှာ သူမအတွက် ကောင်းသော်လည်း တစ်ခါတရံတွင် သူမသည် လူတော်တော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ဆိုရလျှင် သူမသည် ဟွာကောရေတံခွန် လုပ်ငန်းစု၏ မမလေး ဖြစ်သည်။
သူမက သူငယ်ချင်းများနှင့် ထမင်းစားရန် စီစဥ်သည့်အခါတိုင်းတွင် ခမ်းနားထည်၀ါစွာ စားသောက်လေ့ရှိသည်။
ဤကဲ့သို့ အထက်တန်းစား နေထိုင်စားသောက်မှုမျိုးသည် သူငယ်ချင်းများကို အဆင်မပြေဖြစ်စေပြီး မနာလိုအောင် ဆွဲဆောင်သလို ဖြစ်နေသည်။
အဆုံးသတ်တွင် သူငယ်ချင်းများနှင့် သူမ၏ မိသားစုနောက်ခံများသည် မတူညီကြပေ။
စွန်းရုံသည် ငယ်ရွယ်စဥ်ကတည်းက အထက်တန်းစား လူနေမှုပုံစံဖြင့် နေထိုင်ခဲ့ရသည်။
အထက်တန်းကျောင်းတတ်သည်အထိ ဤနေထိုင်ပုံက တစ်စုံတစ်ရာ အမှားအယွင်း ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
သူမ၏ နေထိုင်မှုက တစ်စုံတစ်ဦး၏ ခံစားချက်ကို ထိခိုက်စေရန်လည်း ရည်ရွယ်ချက် မရှိခဲ့ချေ။
သူမ၏မိသားစုက ကြွယ်၀ချမ်းသာသည်မှာ မှန်သည်။
ထိုအတွက် သူမကို အပြစ်တင်၍ ရနိုင်ပါသလော။
သို့သော် ကျောင်း၀င်ခွင့်စာမေးပွဲတွင် သူမသည် ၀မ်လင်းနှင့် တွေ့ဆုံခဲ့သည်။
နှစ်၀က်ကြာ ၀မ်လင်းနှင့် အတန်းဖော်ဖြစ်ပြီးနောက်တွင် ၀မ်လင်းထံမှ များစွာသင်ယူခဲ့ရသည်ဟု သူမ ခံစားခဲ့ရသည်။
စင်စစ် သိုသိပ်စွာနေထိုင်ခြင်းသည်လည်း မကောင်းသောအရာ မဟုတ်ပေ။
အထက်တန်းကျောင်း မတက်မီတွင် သူမသည် တစ်ကျောင်းလုံးမှာရှိသည့် ပုရိသများ၏ နှလုံးသားကို ဖမ်းစားရန် ရည်ရွယ်ပြီး အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာစေရန် ဆန္ဒရှိခဲ့သည်။
သို့ရာတွင် ယခုအခါ၌ သူမ၏ အတွေးအခေါ်သည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းအုပ်ကြီးချန်းထံမှ HNY 3000ကို လက်ခံပြီးနောက်တွင် သူမက စဥ်းစားခန်း၀င်နေမိသည်။
သူမက သူမ၏ သူငယ်ချင်းများနှင့်အတူ အပြင်ထွက်၍ စားသောက်ခဲ့လျှင် သူမ၏ ကိုယ်ရံတော်များက ငွေကို ကြိုတင်ရှင်းထားမည်မှာ သေချာ၏။
သူမ၏ အတန်းဖော်များက ထိုအခြင်းအရာကိုမြင်လျှင် မည်ကဲ့သို့ ထင်မြင်ကြမလဲ သူမ မသိပေ။
သေချာသည့်အချက်မှာ အတန်းဖော်၀မ်လင်းက ကြိုက်နှစ်သက်မည် မဟုတ်ချေ။
"ငါတို့ ဘာသွားစားကြမလဲ"
စွန်းရုံက စားပွဲခုံပေါ်တွင် HNY 3000ကို ဂရုတစိုက် ချလိုက်ပြီး လေးနက်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် အစပျိုးလိုက်သည်။
ယင်းမှာ သူမကိုယ်သူမ နှိမ့်ချ၍ တမင်တကာ မေးနေခြင်းမဟုတ်ပဲ အမှန်တကယ် အကြံဥာဏ်မရှိ၍ ဖြစ်သည်။
စွန်းရုံက သူမ၏ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းရန်အတွက် ပုံမှန်အားဖြင့် ညစာ မစားသောက်ကြောင့် မည်သည့် အစားအစာကို အကြံပြုရန်အတွက် စိတ်ကူးမရှိခဲ့ပေ။
သူမက ညစာအဖြစ် အစာရှောင်ဆေးများကိုသာ စားသုံးလေ့ရှိသည်။
"အ၀ါရောင်နွေဦးလမ်းမှာ စွတ်ပြုတ်ဆိုင်တစ်ဆိုင်ရှိတယ်.. ငါတို့ သွားစားကြည့်ကြမလား.. အဲဒီဆိုင်က အွန်လိုင်းမှာတော့ အတော်နာမည်ကြီးတယ်"
"အ၀ါရောင်နွေဦးလမ်း ဟုတ်လား.. နာမည်ကတော့ အရမ်းမိုက်တာပဲ.. အဲဒီမှာ ဖွားဖွားမုန့်ရဲ့ အတိတ်မေ့စွပ်ပြုတ်ကော ရောင်းလားမသိဘူး"
ကော်ဟောက်က နှုတ်ခမ်းကိုသပ်၍ ပြောလိုက်သည်။
"စကြာ၀ဠာရဲ့ နက်နဲမှုတွေကို ဘယ်သူမှ ရှင်းရှင်းလင်း
လင်း မရှင်းပြနိုင်သေးဘူး.. အခုခေတ်မှာ အဆိပ်ပါတဲ့ စွပ်ပြုတ်တွေလည်း ရှိနေတတ်တာပဲလေ"
ထိုစကားကို ချန်းချောင်က ပြောလိုက်ရာ လူတိုင်းက
ချန်းချောင်ကို လှည့်ကြည့်လိုက်ကြသည်။
ချန်းချောင် "မင်းတို့ ငါ့ကို ဘာလို့ကြည့်နေတာလဲ.. ငါက စကားအဖြစ်ပဲ ပြောတာပါ.. ငါတို့က အ၀ါရောင်နွေဦးလမ်းကို သွားပြီး စွတ်ပြုတ်သောက်ရုံလေးပဲလေ.. အဆိပ်ပါတဲ့ စွပ်ပြုတ်ကို သွားသောက်တာမှ မဟုတ်တာ.. ဟီးဟီး...တကယ်ကြီး သောက်မိခဲ့ရင်တော့ သေမှာပေါ့"
ချန်းချောင်က သေမှာပေါ့ဟု မပြောမီတွင် ကော်
ဟောက်က ချန်းချောင်၏ပါးစပ်ကို အလျင်စလို ဖုံးထားလိုက်သော်လည်း လူတိုင်းသည် ထိုစကားလုံးကို ကြားဖြစ်အောင် ကြားလိုက်ရသည်။
ထိုခဏတွင် ၀မ်လင်းသည် အင်တာနက်တွင် နာမည်
ကြီးနေသော စားသောက်ဆိုင်နှင့် ပတ်သက်၍ စိုးရိမ်
သွားခဲ့သည်။
သူက ထိုစားသောက်ဆိုင်၏ သတင်းကိုရှာဖွေရန် အတွက် သူ့ဖုန်းကို လောခ့်ဖွင့်၍ ကြည့်လိုက်ရာ စားသောက်ဆိုင်၏ သတင်းကို တွေ့လိုက်ရသည်။
သတင်းခေါင်းစဥ်မှာ ဖောက်သည်များကို ပြင်းထန်စွာ ၀မ်းပျက်၀မ်းလျှော ဖြစ်စေခဲ့၍ အ၀ါရောင်နွေဦးလမ်းတွင် ရှိသော နာမည်ကြီးစွပ်ပြုတ်ဆိုင်ကို ပိတ်လိုက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ ပြဿနာများအတွက် စုံစမ်းစစ်ဆေးနေသည်ဟူသော သတင်း ဖြစ်သည်။
"..........."
ထိုသတင်းကို ဖတ်ပြီးနောက်တွင် ၀မ်လင်းသည် သူ့ဖုန်းကို တိတ်တဆိတ် ပိတ်လိုက်သည်။
ချန်းချောင်၏ ပါးစပ်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်ဟုသာ ပြောနိုင်တော့သည်။
သို့သော် ယင်းမှာ တကယ့်လက်တွေ့ ဖြစ်မလာခင် ချန်းချောင်ကမတွေးဘဲ ပြောခဲ့သည်ကို ၀မ်လင်း နားလည်ခဲ့သည်။
ဥပမာ ချန်းချောင်က သူ၏ ပါးစပ်အစွမ်းကို အားကိုးပြီး စာမေးပွဲတွင် အမှတ်ပြည့်ရလိမ့်မည်ဟု ပြောလျှင် အမှန်တကယ် ဖြစ်လာမည် မဟုတ်ပေ။
"ဒါဆို ငါတို့ဘာစားရင်ကောင်းမလဲ.. မင်းတို့တွေရော စဥ်းစားမိပြီလား"
၀မ်ကျန်းက စားပွဲပေါ်ရှိ HNY 3000ကိုကြည့်ရင်း တံတွေးကို မျိုချလိုက်သည်။
သူနှင့်လျူချင်းရီတို့သည် ကောင်းကင်တာအို၏ အပြစ်ပေးခြင်းကို ခံရပြီးနောက်တွင် ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရပြီး လက်ရှိတွင် ခေါက်ဆွဲခြောက်ကိုသာ အဖော်ပြုနေရသည်။
လက်ရှိကမ္ဘာမြေ၏ စျေးနှုန်းအရ HNY 3000သည် သူတို့ ဗိုက်မပြည့်မချင်း စားသောက်ရန် လုံလောက်မည် ဖြစ်၏။
"အရင်ဆုံး လူတိုင်းရဲ့အကြိုက်ကို မေးကြည့်မယ်.. ပြီးမှပဲ သင့်တော်တဲ့ စားသောက်ဆိုင် ကောင်းကောင်း တစ်ဆိုင်ကို ရွေးချယ်ကြတာပေါ့"
လီယိုယွဲ့က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူမက ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ငါက အစပ်မစားဘူး နင်တို့တွေရော ဘယ်လိုလဲ"
စွန်းရုံက ခဏမျှ စဥ်စားပြီးမှ ပြန်ဖြေလိုက်သည်။
"ငါကတော့ အထူးတလည် ရှောင်တာမရှိဘူး"
"........"
ချန်းချောင်"စပ်စပ်မစပ်စပ် ငါ့အတွက် အကုန်ကောင်းတယ် .. ဘဲသားတစ်မျိုးတော့ ငါမစားဘူး"
ကော်ဟောက်"ငါကတော့ ဘာမဆိုစားတယ်"
"ငါတို့လည်း ကော်ဟောက်အတိုင်းပဲ"
၀မ်ကျန်းနှင့် လျူချင်းရီတို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။
ထို့နောက်တွင် သူတို့က စိတ်ပျက်လက်ပျက် အမူအရာကို ဖလှယ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုကာ အဝေးကို မျှော်ကြည့်လိုက်ကြသည်။
ဖန့်ရှင်း"ငါကတော့ အချိုလွန်ကဲတဲ့ အစားအစာတွေ မစားဘူး"
ကူရွှင်းကျစ်"ငါကတော့ ၀မ်လင်းနဲ့ အကြိုက်အတူတူပဲ"
ကျန်းရွမ် "ငါလည်းအတူတူပဲ"
၀မ်လင်း"???"
လီယိုယွဲ့"ဒါဆို အတန်းဖော်၀မ်လင်းက ဘာကိုကြိုက်တာလဲ"
ကူရွှင်းကျစ်က ရယ်မောလိုက်သည်။
"သေချာတာကတော့ အတန်းဖော်၀မ်လင်း ကြိုက်တာက ငရုတ်ကောင်းအရသာပါတဲ့ အစားအစာတွေပဲ.. ဘာလို့လဲဆိုတော့ ခေါက်ဆွဲခြောက်ထုပ်ထဲမှာပါရှိတဲ့ ဟင်းခတ်အမွှေးကြိုင်အထုပ်က ငရုတ်ကောင်းပါတဲ့အထုပ် ဖြစ်လို့ပဲ"
ကူရွှင်းကျစ်က ထိုစကားကို ပြောလိုက်သောအခါတွင် ၀မ်လင်း အံ့သြသွားခဲ့သည်။
စကြာ၀ဠာသုံးပါး၏ အုပ်ထိန်းသူသည် သူမျှော်လင့်ထားသည့်အတိုင်းပင်။
ကူရွှင်းကျစ်က မည်မျှပင် အန္တရာယ်ကြီးလိုက်ပါသနည်း။
အစောပိုင်းတွင် ရှားမင်က ဘာမှ၀င်မပြောရန် စီစဥ်ထားခဲ့သည်။
သို့သော် အားလုံး၀င်ရောက် ဆွေးနွေးနေသည့် အခိုက်တွင် သူ့အနေဖြင့် ဘာမှ၀င်မပြောလျှင် လူမှုရေးအရ အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် သူက ခဏလောက်စဥ်းစားပြီးမှ လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"ငါကတော့ မြေပဲနဲ့ ဓာတ်မတည့်တဲ့အတွက် မြေပဲပါတဲ့အစားအစာတွေကို စားသောက်လို့မရဘူး"
"ကောင်းပြီ ငါသဘောပေါက်ပြီ"
ထို့နောက်တွင် လီယိုယွဲ့သည် အနည်းငယ်စဥ်းစားပြီးမှ ပြောလိုက်သည်။
"ပင်လယ်စာ သွားစားရင်ရော ဘယ်လိုလဲ.. အဲဒါဆိုရင် နင်တို့တွေ အားလုံးအဆင်ပြေမယ်လို့ ငါထင်တယ်.. ခရုလေဒီ လို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ငါသိတယ်.. နင်တို့တွေ အဲဒီဆိုင်ကို ကြားဖူးလား"
လီယိုယွဲ့၏ စကားကိုကြားလျှင် စွန်းရုံသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
အကြောင်းရင်းမှာ ထိုစားသောက်ဆိုင်သည် သူမတို့ ဟွာကောရေတံခွန် လုပ်ငန်းစု၏ လက်အောက်မှ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သောကြောင့်ပင်။
အပိုင်း(၁၁၂၇) ပြီး၏