← Chapters

ခရုလေဒီ

Vol. 76 Ch. 1128

ခရုလေဒီ

Vol. 76 Ch. 1128

စွန်းရုံပြောခဲ့သလိုပင် ဟွာကောရေတံခွန် လုပ်ငန်းစု၏ လက်အောက်တွင် လုပ်ငန်းအများအပြား ရှိသည်။

၄င်းတို့၏ အဓိကလုပ်ငန်းက ဆေး၀ါးထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော်လည်း ကုမ္ပဏီ၏ ကျော်ကြားသော သြဇာလွှမ်းမိုးမှုကြောင့် ဟွာကောရေတံခွန်လုပ်ငန်းစုသည် အခြားသောနယ်ပယ် အသီးသီးတွင်လည်း လုပ်ငန်းများစွာကို ချဲ့ထွင်ထားခဲ့သည်။

ထိုအထဲတွင် ရုပ်ရှင်ထုတ်လုပ်ရေး၊E-sport၊အစား

အသောက်ဆိုင်များ နှင့် စျေး၀ယ်စင်တာများပင် ပါ၀င်၏။

ဟွာကောရေတံခွန်လုပ်ငန်းစု၏ လက်တံက အတော်လေး ရှည်သည်ဟု ပြောရမည်။

ဥပမာအားဖြင့် ဤခရုလေဒီ ပင်လယ်စာ စားသောက်ဆိုင်သည် ဟွာကောရေတံခွန်လုပ်ငန်းစု၏ လက်အောက်တွင် ရှိသော်လည်း ထိုအကြောင်းကို လူအများက မသိခဲ့ကြပေ။

စွန်းရုံက သူငယ်ချင်းများနှင့် အတူတူ လွတ်လွတ်လပ်လပ်နေရာတွင် စားချင်၍ လီယိုယွဲ့၏ စကားကိုကြားလျှင် မသက်မသာ ဖြစ်သွားခဲ့သည်။

ကျောင်းအုပ်ကြီးချန်း သူတို့အတွက် ပိုက်ဆံပေးစဥ်တွင် စွန်းရုံက စိတ်အေးလက်အေး ဖြစ်ပုံပေါ်သော်လည်း ယခုအခါတွင် မသက်မသာ ဖြစ်နေသည်ကို လီယိုယွဲ့က သတိထားမိခဲ့သည်။

"စွန်းရုံ.. နင့်ကို ကြည့်ရတာ အဆင်မပြေသလိုပဲ.. ပင်လယ်စာ မကြိုက်လို့လား"

လီယိုယွဲ့က မေးခွန်းထုတ်လိုက်သည်။

"မဟုတ်ပါဘူး ငါအဆင်ပြေပါတယ်"

စွန်းရုံက အလျင်အမြန်ပင် ခေါင်းခါယမ်းလိုက်၏။

ထို့နောက်တွင် သူမက ဖုန်းကို တိတ်တဆိတ်ထုတ်ကာ ကျောင်းတံခါး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ယာဥ်မောင်းထံသို့ ခရုလေဒီဆိုင်ကို ကြိုတင် အကြောင်းကြားထားရန် မက်ဆေ့ချ် ပေးပို့ခဲ့သည်။

ကျောင်းတံခါးအပြင်ဘက်မှ ယာဥ်မောင်းသည် စွန်းရုံ၏ မက်ဆေ့ချ်ကြောင့် စိတ်ရှုပ်သွားခဲ့သည်။

ခရုလေဒီဆိုင်ကို အကြောင်းကြားထားပါ ဆိုသည်ကလွဲ၍ ဘာပြောရမည်ကို အတိအကျ မပြောခဲ့ပေ။

အဓိကအချက်မှာ ခရုလေဒီ စားသောက်ဆိုင်သည် ဟွာကောရေတံခွန်လုပ်ငန်းစု၏ ဟွာကော ရှော့ပင်းမောတွင် ရှိနေခြင်းဖြစ်၏။

ထိုရှော့ပင်းမောတွင် စွန်းရုံကို မသိသည့်ဆိုင် တစ်ဆိုင်မှ မရှိပေ။

"အကြောင်းကြားဖို့ လိုသေးလို့လား"

ကားသမားက သူ့ဖုန်းမှ မက်ဆေ့ချ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူက အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ဤသည်မှာ မမလေး၏ တောင်းဆိုချက်ဖြစ်၍ မနာခံဘဲ မနေ၀ံ့ပေ။

ကားမောင်းသမားက ချက်ခြင်းပင် စွန်းရုံ၏ ညွှန်ကြားချက်ကို လိုက်နာခဲ့သည်။

ထို့နောက်တွင် ကားမောင်းသမားသည် အနီးနားရှိ သက်တော်စောင့်များကို စွန်းရုံနှင့် သုံးကီလိုမီတာ အကွာအဝေးထိ ဆုတ်ခွာခိုင်းခဲ့သည်။

သူတို့လူစု စာသင်ခန်းမှ ထွက်လာသောအခါတွင် အပြင်ဘက်တွင် အစောပိုင်းက စောင့်ကြပ်နေသော ကိုယ်ရံ တော်များက ဆုတ်ခွာသွားသည်ကို မြင်လိုက်ရပြီး စွန်းရုံက စိတ်သက်သာရာရသွားခဲ့သည်။

"ငါတို့ ခရုလေဒီ စားသောက်ဆိုင်ကို ဘယ်လိုသွားကြမလဲ"

ချန်းချောင်က မေးလိုက်သည်။

"ငါတို့ ဓားပျံပဲစီးပြီး သွားရအောင်.. ပြိုင်ပွဲအတွက် ငါတို့ရဲ့ခံနိုင်ရည်ကို တည်ဆောက်ဖို့ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်သင့်တယ်.. ဒါ့အပြင် ဓားပျံစီးတာက စွမ်းရည်များစွာသုံးစွဲရတဲ့အတွက် ငါတို့က ပိုမိုပြီး ဆွဲရေးပေးနိုင်လိမ့်မယ်"

ကော်ဟောက်က အကြံပြုလိုက်သည်။

သူ၏ အဓိကအားနည်းချက်မှာ ကြံ့ခိုင်ရေး ဖြစ်၍ ဤသည်မှာ လေ့ကျင့်ဖို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေသည်။

စွန်းရုံက ခေါင်းညိမ့်လိုက်သည်။

"ငါသဘောတူတယ်"

စွန်းရုံ၏ သဘောတူညီချက်ကြောင့် လူတိုင်းက အံ့သြသွားကြသည်။

အဘယ်ကြောင့်ဆိုသော် စွန်းရုံသည် သူတို့နှင့် နောက်ခံမတူသည့် ချမ်းသာသော မမလေးတစ်ဦး ဖြစ်သောကြောင့်ပင်။

ပုံမှန်အားဖြင့် သူမ ကျောင်းတတ်လျှင် ကျောင်းတံခါးအပြင်ဘက်၌ အနက်ရောင် ဇိမ်ခံကားတစ်စီးက အသင့်စောင့်ဆိုင်းနေလေ့ ရှိသည်။

စွန်းရုံက သဘောတူလိုက်သောကြောင့် မည်သူမှ မငြင်းဆန်ခဲ့ကြပေ။

"ဒါဆိုလည်း ကောင်းပြီလေ.. ငါတို့တွေ ဓားပျံစီးပြီး ပျံသန်းကြရအောင်.. ဘယ်သူက ငါတို့ကို ဦးဆောင်မှာလဲ"

လူတိုင်းက သူတို့၏ စိတ်၀ိညာဥ်ဓါးများကို ထုတ်ယူလိုက်ကြသည်။

၀မ်ကျန်းနှင့် လျူချင်းရီတို့ကမူ ၄င်းတို့ကို ဗုံးပစ်စီနီယာအင်မော်တယ် ပေးအပ်ထားသည့် စိတ်၀ိညာဥ်ဓားများကိုသာ ထုတ်ယူခဲ့ကြသည်။

ကောင်းကင်တာအိုက ၎င်းတို့ကို မှော်ရတနာများ အသုံးပြုခြင်းအား တားမြစ်ခဲ့သည့်အပြင် ကိုယ်ပိုင်စိတ်၀ိညာဥ်ဓားများ အသုံးပြုခြင်းကိုလည်း တားမြစ်ခဲ့သည်။

သို့ရာတွင် ကျင့်ကြံသူတစ်ဦး အနေဖြင့် စိတ်၀ိညာဥ်ဓားမပါဘဲ သွားလာရန်မှာ အလွန်ပင်ခက်ခဲ၏။

ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် ၎င်းတို့နှင့် လိုက်ဖက်သည့် စိတ်၀ိညာဥ် ဓားတစ်လက်စီကို ပေးအပ်ထားခဲ့သည်။

သို့သော်လည်း အလဲအလှယ်အနေဖြင့် ဝေ့ကျစ်ကို ကူညီပြီး အားလပ်ချိန်များတွင် အမှောင်နက်ဝေါ့ခ်မှ ရာဇ၀တ်​ကောင်များကို လိုက်လံရှာဖွေခြင်းကဲ့သို့ ကိစ္စရပ်များအပေါ်တွင် မဟာဗျူဟာ လှည့်ဖြားမှုရုံးအား အကူအညီပေးရမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ၀မ်လင်းသည် ၀မ်ကျန်းနှင့် လျူချင်းရီတို့က အလွန် သနားစရာကောင်းသည်ဟု ခံစားမိခဲ့သည်။

၄င်းတို့သည် အထက်ကမ္ဘာတွင် ထိပ်တန်းမိသားစုများ၏ သခင်လေး၊ သခင်မလေးများ ဖြစ်ကြသည်။

သို့သော်လည်း အဆုံးသတ်တွင် ထူးဆန်းသောအခြေအနေများကြောင့် နှစ်ဦးစလုံးသည် ဝေးရာသို့ ထွက်ပြေးလာခဲ့ကြပြီး အောက်ကမ္ဘာတွင် ကောင်းကင်တာအို၏ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။

သူတို့က အိမ်မပြန်နိုင်ရုံသာမက အောက်ကမ္ဘာတွင် ရှင်သန်ရန်အတွက် အလုပ်ပင် လုပ်နေခဲ့ကြရသည်။

မည်မျှပင် ကြေကွဲဖို့ ကောင်းလိုက်ပါသနည်း။

လူတိုင်းက ကိုယ်ပိုင် စိတ်၀ိညာဥ်ဓါးများဖြင့် ပျံသန်းရန်ဆုံးဖြတ်ခဲ့ကြသဖြင့် ၀မ်လင်းသည်လည်း သဘာ၀အတိုင်းပင် ကန့်ကွက်ခြင်း မရှိခဲ့ပေ။

ဓားပျံစီးခြင်းသည် သက်လုံနှင့် စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုများကို များစွာအသုံးပြုရသော အလုပ်ဖြစ်သည်။

ဓားပျံစီးနင်းသည့် လုပ်ငန်းစဥ်အတွင်း အာရုံစူးစိုက်ထားရန် လိုအပ်၏။

သို့မဟုတ်ပါက ချော်ကျ၍ လေထဲမှ ပြုတ်ကျရန် အလွန်လွယ်ကူမည် ဖြစ်သည်။

ဓားပျံစီးနင်းရာတွင် အဖွဲ့ကို ဦးဆောင်မည့်သူ ရှိလေ့ရှိပြီး လောလောဆယ်တွင် ဤအခန်းကဏ္ဍကို စွန်းရုံကသာ တာ၀န်ယူနိုင်ပုံ ရသည်။

လက်ရှိအခြေအနေတွင် ၀မ်လင်း၊၀မ်ကျန်း၊လျူချင်းရီ၊ကျန်းရွမ် နှင့် ကူရွှင်းကျစ်တို့သည် ၎င်းတို့၏ ခွန်အားကို ဖုံးကွယ်ထားရသည်။

ထို့ကြောင့် သူတို့လူစုထဲတွင် ဓား၀ိညာဥ်ရှိသည့် တစ်ဦးတည်းသောသူမှာ စွန်းရုံ ဖြစ်သည်။

ဓား၀ိညာဥ်၏ အကျိုး​ကျေးဇူးများထဲမှ တစ်ခုမှာ ဓား၀ိညာဥ်သည် ဓားကို သူ့ဘာသာသူ ပျံသန်းနိုင်ပြီး သခင်၏ စိတ်ပိုင်းဆိုင်ရာ၀န်ကို မျှဝေပေးနိုင်သည့် အော်တိုမောင်းနှင်သည့် မုဒ်ပါရှိသည်။

ထို့အပြင် အဖွဲ့လိုက်ပုံစံဖြင့် ဓားပျံစီးနင်းလျှင် ဦးဆောင်သူ ဓား၀ိညာဥ်သည် အဖွဲ့၀င်တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ ၀န်ထုတ်၀န်ပိုးကို မျှဝေခံစားပေးနိုင်သည်။

ယင်းက အုပ်စုလိုက် ဓားပျံ စီးနင်းရသည်ကို လူအများက ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

ဤသည်က ၀မ်လင်း အပြင်ထွက်စားသည့် အကြိမ်အနည်းငယ်ထဲမှ တစ်ကြိမ်ဟု ယူဆနိုင်၏။

ထို့အပြင် ဤတစ်ခေါက်တွင် သူ့အတန်းဖော်များလည်း သူနှင့်အတူ ရှိနေခဲ့သည်။

ခရီးတစ်လျောက်လုံးတွင် စွန်းရုံ၏ ဆန်းကြယ်ပင်လယ်သည် ဖိအားဒဏ်များကို ခံစားခဲ့ရ၏။

ထိုဖိအားက ၀မ်လင်း၏ ကျင့်ခယ်ထံမှ ဖြစ်ကြောင်းဆန်းကြယ်ပင်လယ်က ကောင်းစွာ သိရှိခဲ့သည်။

သူက သေးငယ်သော ဓါး၀ိညာဥ်လေးသာ ဖြစ်ရာ ဓား၀ိညာဥ်များ၏ ဘော့စ် ပါ၀င်နေသည့်အတွက်ကြောင့် ဖိအားများသွားခဲ့၏။

သို့သော်လည်း ဆန်းကြယ်ပင်လယ်က ဘော့စ်၏ စရိုက်လက္ခဏာကို မသိ၍ ဘာမှမမေး၀ံ့ခဲ့ပေ။

အကြောင်းရင်းမှာ ဘော့စ်ကျင့်ခယ်က သူ့ကို သတ်မည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

အဆုံးသတ်တွင် ဝမ်လင်းတို့လူစုသည် ဓါးပျံများကို စီးနင်းရင်း ခရုလေဒီစားသောက်ဆိုင်ရှိသည့် ရှော့ပင်းမောလ်သို့ ရောက်ရှိလာကြသည်။

လူတိုင်းက ဓါးပျံပေါ်မှ ဆင်းသက်ခဲ့သော အချိန်တွင် ကော်ဟောက်သည် အတော်လေးမောဟိုက်နေခဲ့သည်။

"လခွမ်း.. ငါတိုင်တည်တယ်.. ဒီလောက်အထိ ဝေးဝေးကို ငါဘယ်တော့မှ မပျံသန်းတော့ဘူး.. ငါသေတော့မလိုတောင် ခံစားလိုက်ရတယ်.. အိမ်စာတစ်နာရီ လုပ်တာတောင် ဒီလောက်မပင်ပန်းဘူး"

"မင်းရဲ့ခံနိုင်ရည်အားက ကြောက်စရာပဲ.. ခန္ဓာကိုယ်နည်းစနစ်နှီးနှောဖလှယ် ပြိုင်ပွဲမှာ အားကိုးပါရစေဘော့စ်"

ချန်းချောင်က ကော်ဟောက်ကို စနောက်လိုက်သည်။

ရှော့ပင်းမောလ်၏ ပင်မ၀င်ပေါက်သို့ ရောက်လျှင် စွန်းရုံသည် သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမ၏ ယာဥ်မောင်းက ကြိုတင် အသိပေးထားပုံရ၏။

အရာအားလုံးက သူမ၏ အစီအစဥ်အတိုင်း ဖြစ်နေခဲ့သည်။

ခရုလေဒီ စားသောက်ဆိုင်သို့ သွားရာလမ်းတွင် စွန်းရုံသည် သူမကိုယ်သူမ အားပေးနေခဲ့သည်။

သူမသည် ယခုအခါတွင် သာမန်ကျောင်းသူမျှသာ ဖြစ်၍ အခြားသူများကဲ့သို့သာ ဖြစ်ချင်ပြီး အထူးအခွင့်အရေးမျိုး မလိုချင်ခဲ့ပေ။

သို့သော်လည်း စားသောက်ဆိုင်သို့ လျှောက်လာရင်း ကုန် တိုက်ထဲမှ လူတိုင်း၏ အကြည့်များကို သတိထားမိပြီး သူမ၏ ခံစားချက်များက ဆိုးရွားလာခဲ့သည်။

"တစ်ခုခုတော့ မှားနေပြီ"

ယာဥ်မောင်းအဖိုးကြီးလီက သူမ၏ ယာဥ်မောင်းဖြစ်သည်မှာ ကြာပြီ ဖြစ်၍ သူမ၏ အတွေးများကို သိသောကြောင့် နားလည်မှု လွဲသွားခြင်းမျိုး မဖြစ်နိုင်ပေ။

ထို့ကြောင့် စွန်းရုံက သူမ ပို့လိုက်သည့် မက်ဆေ့ချ်ကို စစ်ကြည့်လိုက်ရာ မက်ဆေ့ချ်ပါ အကြောင်းအရာကို မြင်သည်နှင့် သွေးအန်လုနီးပါး ခံစားလိုက်ရသည်။

ထိုအချိန်က သူမ အလွန်စိတ်လှုပ်ရှားနေ၍ ယာဥ်မောင်းအဖိုးကြီးလီ ထံသို့ မက်ဆေ့ချ်ပို့ရာတွင် သေသေချာချာ မပြောမိခဲ့ပေ။

ထို့ကြောင့် အဖိုးကြီးလီ အနေဖြင့် သူမ၏ မက်ဆေ့ချ်ကိုနားလည်မှုလွဲရန်မှာ အလွန်ပင် လွယ်ကူ၏။

ဤသို့ဖြင့် စွန်းရုံက ခရုလေဒီ စားသောက်ဆိုင်သို့ သူမ၏ သူငယ်ချင်းများကို ခေါ်ဆောင်လာခဲ့သည်။

စားသောက်ဆိုင်မန်နေဂျာနှင့် ၀န်ထမ်းများက စွန်းရုံကိုမြင်သည်နှင့် မျက်နှာပေါ်တွင် အပြုံးပန်းများ ဆင်မြန်း၍ ဆိုင်ထဲမှ ထွက်လာကြပြီး တလေးတစား တန်းစီ၍ ရပ်လိုက်ကြသည်။

ထို့နောက်တွင် မန်နေဂျာက အရှေ့သို့ အနည်းငယ် လှမ်း၍ စွန်းရုံကို ဦးညွတ်လိုက်သည်။

"မမလေး.. ၀န်ထမ်းအားလုံးက မမလေးရဲ့ စစ်ဆေးမှုကိုခံယူဖို့အသင့် စောင့်နေပါပြီ"

စွန်းရုံ "..........."

လူတိုင်း".........."

အပိုင်း(၁၁၂၈) ပြီး၏

All Chapters