← Chapters

ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်း

Vol. 76 Ch. 1131

ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်း

Vol. 76 Ch. 1131

ဖန့်ရှင်းသည် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းမှ အပြောင်းအရွှေ့ ကျောင်းသားတစ်ဦး ဖြစ်သည်။

ထိုကျောင်းသည် မျိုးဆက်တစ်လျောက် အရည်အချင်းရှိသူ များစွာကို မွေးထုတ်ပေးခဲ့ပြီး ကျင့်ဟွာမြို့ရှိ အထက်တန်းကျောင်းများတွင် ဂုဏ်သရေရှိ အသိုင်းအဝန်းမှ ဦးစားပေး ရွေးချယ်သောကျောင်း ဖြစ်သည်။

သို့သော် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းသည် ယခုတစ်ကြိမ် အမျိုးသားအဆင့် ခန္ဓာကိုယ်နှီးနှော ဖလှယ်ပြိုင်ပွဲတွင် ပါ၀င်ခြင်းမရှိခဲ့ပေ။

ယင်းက ထိပ်တန်းနေရာ တစ်နေရာအတွက် တိုက်ပွဲ၀င်နေသော အထက်တန်းကျောင်းများ အတွက် သက်သာရာ ရစေခဲ့သည်။

အကယ်၍ ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းသာ ပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်ခဲ့လျှင် အနည်းဆုံး ထိပ်ဆုံးလေးနေရာသို့ ၀င်ရောက်နိုင်မည် ဖြစ်၏။

"ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းက သူတို့ရဲ့ကျော်ကြားတဲ့ ဂုဏ်သတင်းကြောင့် နာမည်ရဖို့အတွက်နဲ့ အမျိုးသားအဆင့်ပြိုင်ပွဲကို အားကိုးနေစရာ မလိုအပ်ဘူးလေ.. ပြောရရင် ဒီပြိုင်ပွဲက အန္တရာယ်ရှိတဲ့ပြိုင်ပွဲ ဖြစ်တဲ့အတွက် ခေါင်းဆောင်တချို့က သူတို့ရဲ့ ကလေးတွေကို မပါစေချင်ကြဘူး.. ဒါကြောင့် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းက ပြိုင်ပွဲမှာ ၀င်မပါခဲ့တာလို့ ငါထင်တယ်"

ကျောင်းအုပ်ကြီးကျင်းက ပြောလိုက်သည်။

"မင်း ငါ့ကို အခုထိ မပြောပြရသေးဘူးနော်.. သူတို့ရဲ့ ကျောင်းသားကို မင်းဘယ်လို လုယက်ခဲ့တာလဲ"

"ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းမှာ ကျောင်းလခကင်းလွတ်ခွင့်ရှိတဲ့ အထူး၀င်ခွင့် ကျောင်းသားအချို့ရှိတယ်.. ဒါပေမဲ့ ပထမနှစ်၀က် အတွင်း သူတို့ရဲ့အဆင့်တွေနဲ့ ရမှတ်တွေ ကျဆင်းခဲ့ရင်တော့ ဒုတိယနှစ်၀က်မှာ ဒီသက်သာချောင်ချိရေး အကျိုးကျေးဇူးတွေကို ခံစားခွင့်မရှိတော့ဘူး.. ဒါကြောင့် သူတို့တွေက ကျောင်းလခ မတတ်နိုင်လို့ ငါတို့ကျောင်းဆီ ပြောင်းလာခဲ့ကြတာပဲ"

ကျောင်းအုပ်ကြီးကျင်းက ခပ်တိုးတိုး ပြောပြလိုက်သည်။

ကျောင်းအုပ်ကြီးချန်းက မျက်ခုံးပင့်လိုက်ပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။

သူက ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းမှ ပြောင်းရွှေ့လာသော ကျောင်းသားများကို အကဲခတ်ကြည့်လိုက်သည်။

အပြောင်းအရွှေ့ကျောင်းသားများ ဖြစ်သော်လည်း ၎င်းတို့တစ်ဦးစီသည် ထက်မြက်သော အသွင်အပြင်ရှိသည်ကို သူအကဲခတ်မိခဲ့သည်။

ဆိုရလျှင် ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းသည် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သောကျောင်း ဖြစ်သည်။

ရမှတ်နှင့် အဆင့်များ ကျဆင်း၍ ကျောင်းပြောင်းခဲ့လျှင်ပင် ၄င်းတို့သည် ထူးချွန်နေဆဲ ဖြစ်၏။

ကျောင်းအုပ်ကြီးချန်းသည် သူ၏ ဂျူနီယာညီလေးဖြစ်သည့် ကျောင်းအုပ်ကြီးကျင်း အကြောင်းကို ကောင်းစွာသိသည်။

သူ၏ ဂျူနီယာညီလေးက ထိုကျောင်းသားများကိုလုယက်ရန်အတွက် ငွေကြေးများစွာ သုံးစွဲခဲ့ခြင်းဖြစ်နိုင်၏။

ထိုအပိုင်းတွင် သူ၏ဂျူနီယာညီလေးထက် သာလွန်သူ တစ်ယောက်မှ မရှိပေ။

ကျောင်းအုပ်ကြီးကျင်း"ငါတို့ အဲဒီကိုရောက်ရင် တခြားကျောင်းတွေနဲ့ မဟာမိတ်ဖွဲ့ရမယ်.. အနည်းဆုံးတော့ ငါတို့ ထိပ်ဆုံးငါးဆယ်ထဲ ပါအောင် တိုက်ပွဲ၀င်ရမယ်"

"........"

သူ၏စကားကိုကြားလျှင် နံဘေးတွင်ရှိနေသော ကျောင်းအုပ်ကြီးချန်းနှင့် စန်းယွမ်တို့က လှောင်ပြောင် ရေရွတ်လိုက်သည်။

"ထိပ်တန်းငါးဆယ်လား မင်းရဲ့ရည်မှန်းချက်က မလုံလောက်သေးဘူး"

----------------------

မွန်းလွဲတစ်နာရီခန့်တွင် အင်မော်တယ်စစ်သင်္ဘောသည် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ သတ်မှတ်ထားသည့် နဂါးကိုးကောင်တောင် စခန်းသို့ ဆိုက်ရောက်လာခဲ့သည်။

ထိုနေရာတွင် အခြားခရိုင်များမှ အင်မော်တယ်စစ်သင်္ဘော အများအပြားသည်လည်း ရပ်နားထားကြသည်။

အမှတ် ၆၀ အထက်တန်းကျောင်းနှင့် အမှတ် ၅၉ အထက်တန်းကျောင်းက လေးနာရီစော၍ ကြိုရောက်ခဲ့သော်လည်း ၄င်းတို့က ပထမဆုံး ရောက်ရှိခဲ့ခြင်း မဟုတ်ပေ။

၀မ်လင်းက သူ၏ဘုရင်မျက်လုံးဖြင့် နဂါးကိုးကောင်တောင်၏ အခြေစိုက်စခန်း ပတ်၀န်းကျင်ကို စကင်န်ဖတ်လိုက်သည်။

နဂါးကိုးကောင် တောင်တစ်ခုလုံးကို လော့ခ်ချထားခဲ့ပြီး ပြိုင်ပွဲတွင် ပါ၀င်သည့်ကျောင်းသားများ၊ ဆရာဆရာမများနှင့် စည်းကမ်းထိန်းသိမ်းရန် အတွက် တာ၀န်ရှိသော ၀န်ထမ်းများမှလွဲ၍ တခြားသူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။

အခြေစိုက်စခန်း၏ အပြင်ဘက်တွင် အင်မော်တယ်ကင်းလှည့်တပ်ဖွဲ့မှလူများကို ကာကွယ်ရေးအတွက် စေလွှတ်ထားပြီး ပတ်၀န်းကျင်ကို ဖြတ်သန်းသွားသည့် ယာဥ်များအားလုံးကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်။

ယခုတစ်ကြိမ် အမျိုးသားအဆင့် ခန္ဓာကိုယ်နည်းစနစ်နှီးနှောဖလှယ်ပြိုင်ပွဲ၏ လုံခြုံရေး သတိထားမှုသည် ထိပ်တန်းအဆင့် ဖြစ်သည်။

နိုင်ငံတစ်၀န်းမှ ကျောင်းသားတစ်ထောင်ကျော် ပြိုင်ပွဲ၀င်မည်ဖြစ်၍ ထိုကျောင်းသားများကို ကာကွယ်ခြင်းသည် နံပါတ်တစ်ဦးစားပေးလည်း ဖြစ်၏။

တကယ်တမ်းတွင် အလွန်အရေးကြီးသည့် အကြောင်းပြချက်တစ်ခုရှိသည်။

ယင်းမှာ ပြိုင်ပွဲကျင်းပမည့်နေရာသည် သာမညောင်ည နေရာတစ်ခုမဟုတ်သည့် နဂါးကိုး​ကောင်တောင် ဖြစ်နေသောကြောင့်ပင်။

ဒဏ္ဍာရီလာ ကောင်းကင်သွေးပြန်ကြောများ၏ ပင်မသွေးကြောသည် ဤနေရာတွင် တည်ရှိ၏။

ဥက္ကဌချီနှင့် သူ၏ဆရာဖြစ်သည့် ဟွမ်ဖုန်းတို့သည် အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်၏ ဦးခေါင်းခွံ ခိုးယူခံရသည့် ဖြစ်ရပ်ကြောင့် ဤတစ်ကြိမ် အမျိုးသားအဆင့်ပြိုင်ပွဲ၏ လုံခြုံရေးကို တင်းကြပ်ထားခဲ့သည်။

ထို့ကြောင့် ဤတစ်ကြိမ်ပြိုင်ပွဲသည် လုံခြုံရေး အလွန်တင်းကျပ်သော ပြိုင်ပွဲတစ်ခု ဖြစ်၏။

၀မ်လင်းက အခြားသူများနှင့်အတူ တန်းစီ၍ ရပ်နေခဲ့သည်။

များမကြာမီမှာပင် အနီရောင် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး ဓားပျံများကို အုပ်စုလိုက် စီးနင်းလာသော အဖွဲ့တစ်ဖွဲ့သည် အဝေးကနေ ပျံသန်းလာခဲ့သည်။

ထိုအဖွဲ့ကို မြင်လျှင် ချန်းချောင်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။

"ဒါက နဂါးကိုးကောင်တောင်ပေါ်မှာ အ​ခြေစိုက်ထားတဲ့ အထူးတပ်ဖွဲ့ပဲ"

တစ်စုံတစ်ယောက် "ဒါက နဂါးကိုးကောင်အထူးတပ်ဖွဲ့ မဟုတ်လား.. ဒီအထူးတပ်ဖွဲ့မှာ ပါ၀င်တဲ့သူတိုင်းက ထူးခြားတဲ့ သမိုင်းကြောင်းတွေ ရှိကြပြီး ဂရုတစိုက် ရွေးချယ်ထားတဲ့သူတွေချည်းပဲ.. နဂါးကိုးကောင် တောင်အောက်မှာရှိတဲ့ မြေအောက် ၀ိညာဥ်ရေးသွေးပြန်ကြောတွေက အလွန်တစ်ရာ အရေးကြီးတယ်လို့ကြားသိရတယ်.. ဒါကြောင့် ဒီမြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောတွေ လုယက်ခံရမဲ့ ရန်ကနေ ကာကွယ်ဖို့ တစ်နှစ်ပတ်လုံး ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒီနေရာမှာ အထူးတပ်ဖွဲ့ ဖွဲ့ထားတာပဲ"

ထိုစကားကိုကြားလျှင် အားလုံးသည် ချက်ခြင်းပင် သဘောပေါက်သွားကြသည်။

နိုင်ငံတစ်၀န်းမှ ကျောင်းသားများသည် နဂါးကိုးကောင် အထူးတပ်ဖွဲ့မှ သူရဲကောင်းများ၏ အဓိကတာ၀န်ကို သိလိုက်ရလျှင် အံ့သြသွားခဲ့ကြသည်။

ဤတစ်ကြိမ်ကျင်းပသည့် အမျိုးသားအဆင့် ပြိုင်ပွဲကို ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က မည်မျှအရေးထားကြောင်း သူတို့တဖြည်းဖြည်း နားလည်လာခဲ့ကြ၏။

ကျောင်းသားများ၏ လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် နယ်မြေခံ အထူးတပ်ဖွဲ့များကိုပင် တာ၀န်ပေးထားသည် မဟုတ်ပါလော။

၀မ်လင်းတို့လူစုက အချိန်အကြာကြီး တန်းမစီလိုက်ရပေ။

အနီရောင် တာအို၀တ်စုံကို ၀တ်ဆင်ထားသော အထူးတပ်ဖွဲ့၀င်များသည် နေရာလွတ်တစ်ခုတွင် အစီအရင်တစ်ခုကို စတင် ခင်းကျင်းလိုက်ကြသည်။

၎င်းတို့က လျှို့၀ှက်ဆန်းကြယ်သော သင်္ကေတများကို မြေကြီးပေါ်တွင် ရေးဆွဲလိုက်ပြီးနောက် လက်ဟန်များကို ကျွမ်းကျင်စွာ ပြုလုပ်လိုက်ကြသည်။

၎င်းတို့၏ လက်ဟန်လှုပ်ရှားမှုက ကြည့်ကောင်းလှသဖြင့် မည်သူမှ မျက်လုံးပင် မခွာနိုင်ခဲ့ပေ။

"ဒါက ကြယ်အပြောင်းအရွှေ့ အစီအရင်ပဲ"

အစီအရင်ခင်းကျင်းမှု မပြီးဆုံးမီ ဗဟုသုတရှိသော ကျောင်းသားအချို့သည် အစီအရင်၏ဇာစ်မြစ်ကို သိရှိခဲ့ကြသည်။

ယင်းမှာ ကြယ်အပြောင်းအရွှေ့ အစီအရင်ဖြစ်ပြီး အဆောက်အဦးတစ်ခုလုံးကို ချက်ခြင်း တည်နေရာ ရွှေ့ပြောင်းနိုင်သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် အမျိုးအစားတစ်ခု ဖြစ်၏။

သိပ်မကြာခင်မှာပင် ခမ်းနားသော အလင်းတန်းများနှင့် အတူ ဘုံကျောင်းကဲ့သို့ အဆောက်အဦးတစ်ခု ချက်ခြင်းပင် ပေါ်ထွက်လာခဲ့သည်။

ဤဘုံကျောင်းက သူတို့အတွက် ညအိပ်မည့်နေရာ ဖြစ်လောက်သည်ဟု ကျောင်းသားများက ထင်မြင်ခဲ့ကြသည်။

သို့သော်လည်း အထူးတပ်ဖွဲ့၀င်များက ဘုံကျောင်းကို တည်နေရာ ရွှေ့ပြောင်းလာပြီးနောက်တွင် ဘာမှဆက်မလုပ်ပဲငြိမ်သက်နေ၍ ကျောင်းသားများကလည်း စောင့်ဆိုင်းနေခဲ့ကြသည်။

မိနစ်အနည်းငယ်အကြာတွင် အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသော ဆရာ၀န်အဖွဲ့ တစ်ဖွဲ့သည် ဘုံကျောင်းထဲကနေ ထွက်လာခဲ့၏။

ထိုအုပ်စုထဲမှ အသက်အနည်းငယ် ကြီးပုံရသောဆရာ၀န်တစ်ယောက်သည် ရှေ့ကိုလှမ်းလာခဲ့ပြီး ၀မ်လင်းနှင့် တခြားသူများကို ပထမဆုံး ညွှန်ကြားချက်များ ပေးလိုက်သည်။

"နဂါးကိုးကောင် ဘုံကျောင်းကို ညနေ ငါးနာရီမှာ စတင်ဖွင့်လှစ်မယ်.. လူတိုင်းက တစ်ဦးချင်း စစ်ဆေးမှုကို ခံယူဖို့အတွက် တံခါး၀မှာ စနစ်တကျ တန်းစီကြရမယ်"

ထို့နောက်တွင် ဆရာ၀န်သည် အနီးအနားတွင် ဆောက်လုပ်ထားသည့် ရွက်ဖျင်တဲကြီးနှစ်လုံးကို ညွှန်ပြလိုက်သည်။

"လောလောဆယ်တော့ စစ်ဆေးဖို့အတွက် ကျောင်းအလိုက် အုပ်စုမခွဲသေးဘူး.. ကျေးဇူးပြုပြီး ကျား/မ အလိုက် တန်းစီပေးကြပါ.. ယောကျာ်းလေးတွေက ဘယ်ဘက်က ရွက်ဖျင်တဲရှေ့မှာ တန်းစီပြီး မိန်းကလေးတွေက ညာဘက်က ရွက်ဖျင်တဲရှေ့မှာ တန်းစီရမယ်.. ပြီးရင်တော့ ငါတို့ခေါ်တာကို စောင့်ဆိုင်းပေးပါ"

"ဒါကဘာလဲ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့များလား"

သူတို့ကို အသိပေးထားသည့်အထဲတွင် ဤကဲ့သို့ စစ်ဆေးမှုမျိုး မရှိသောကြောင့် ကျောင်းသားများသည် နားမလည်ခဲ့ကြပေ။

သို့သော်လည်း တရား၀င် တောင်းဆိုချက်တစ်ခု ဖြစ်၍ သူတို့အဖို့ နာခံရုံသာ ရှိ၏။

တကယ်တမ်းတွင် ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းမျှသာ မဟုတ်ပေ။

ဆိုရလျှင် ဤတစ်ကြိမ် အမျိုးသားအဆင့်ပြိုင်ပွဲ၌ ကျောင်းသားဦးရေ အများအပြား ပါ၀င်၏။

ယခင်က ကျောင်းခြောက်ကျောင်း ပူးတွဲ လေ့ကျင့်ခဲ့ဖူးသည့် စစ်ရေးလေ့ကျင့်မှုအတွင်း မိစ္ဆာအင်ပါယာသည် ကျောင်းသားယောင် ဆောင်ကာ ရောနှော ၀င်ရောက်လာခဲ့သည်။

ထို့ကြောင့် ယခုတစ်ကြိမ် ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲတွင်လည်း အမှားအယွင်းတချို့ ဖြစ်ပေါ်လာမည်မဟုတ်ဟု အာမ မခံနိုင်ပေ။

ဤအတွက်ကြောင့် ဥက္ကဌချီနှင့် သူ၏ ဆရာဟွမ်ဖုံးတို့သည် အနည်းငယ်မျှပင် မပေ့ါဆရဲခဲ့ကြပေ။

----------------

ယောကျာ်းလေးများကို အုပ်စုငါးစု ခွဲထားခဲ့သည်။

၀မ်လင်း၊ ၀မ်ကျန်း၊ ချန်းချောင်၊ ကော်ဟောက်နှင့် ကူရွှင်းကျစ်တို့သည် တစ်ဖွဲ့တည်းတွင် ပါ၀င်ခဲ့၏။

ရွက်ဖျင်တဲ ထဲသို့ ၀င်လိုက်သည်နှင့် အစောပိုင်းက လမ်းညွှန်ချက်ပေးခဲ့သည့် ဆရာ၀န်ကို ၀မ်လင်းက တွေ့လိုက်ရသည်။

ဆရာ၀န်က သူတို့ကို တစ်ကိုယ်လုံးခြုံ၍ ကြည့်လိုက်ပြီး

"ကဲ.. မင်းတို့ရဲ့အတွင်းခံက လွဲရင် အ၀တ်အစားတွေ အားလုံး ချွတ်လိုက်ကြ"ဟု အမိန့်ပေးလိုက်သည်။

၀မ်လင်း"........"

ယင်းမှာ ၀မ်လင်းယခင်က ဖြေဆိုခဲ့ဖူးသော ကာယစာမေးပွဲကဲ့သို့ မဟုတ်ပေ။

အခြားလူများရှေ့တွင် ဤကဲ့သို့ အ၀တ်ဗလာချွတ်ပြရသည်မှာ သူ၏ပထမဦးဆုံးအကြိမ် ဖြစ်သည်။

ထိုအချိန်တွင် ၀မ်လင်းသည် သူ၏ခန္ဓာကိုယ်ကို ပျော့ညံ့သော ခန္ဓာကိုယ်အဖြစ် ဖန်တီးရန်အတွက် အ၀တ်မချွတ်မီ အနည်းငယ် ဆုပ်နယ်သင့်သလားဟု တွေးနေမိသည်။

{ဝမ်လင်းက ခန္ဓာကိုယ်ကို လက်ဖြင့်ပွတ်၍ လိုသလိုပုံသွင်းနိုင်စွမ်းရှိသည်}

သူ၏ ကိုယ်လုံးကိုယ်ပေါက်က အလွန်ကောင်းနေလျှင် လူအုပ်ထဲတွင် အတော်လေး ထင်ရှားပေါ်လွင်နေလိမ့်မည် မဟုတ်ပါလော။

အပိုင်း(၁၁၃၁) ပြီး၏

All Chapters