တိုင်တန်အထက်တန်းကျောင်းမှ ကျူးဟန်ယွင်
Vol. 76 Ch. 1134
ဘုံကျောင်း၏ ထိပ်ဆုံးတွင် အခန်းပေါင်းလေးရာညရှိသဖြင့် ဤပထမအဆင့် ဖယ်ရှားရေးတွင် ပြိုင်ပွဲ၀င်သူ နှစ်ရာခန့်သည် တိုက်ရိုက် ထုတ်ပယ်ခံရမည် ဖြစ်သည်။
ယင်းအရေအတွက်သည် ကျောင်းပေါင်းနှစ်ဆယ်မှ လူအရေအတွက်နှင့် ညီမျှ၏။
ဤသည်က ပထမအဆင့်မှာပင် ကျောင်းများအနေဖြင့် လုံး၀ ရှုံးနိမ့်သွားလိမ့်မည်ဟု မဆိုလိုပေ။
သေချာသောအချက်မှာ တချို့ကျောင်းများသည် အဖွဲ့၀င်အချို့ကို ဆုံးရှုံးသွားရမည် ဖြစ်၏။
အသင်းငယ်များအဖြစ် သတ်မှတ်ခံရသော ကျောင်းများသည် ဤအဆင့်ကို ကျော်ဖြတ်ရန် အလွန်ခက်ခဲမည် ဖြစ်၏။
ထို့ကြောင့် ဤပြိုင်ပွဲတွင် စည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးသည်မှာ ပြောစရာပင် မလိုတော့ပေ။
ဘုံကျောင်းမြေညီထပ်ရှိ တံခါးများ ပွင့်သွားပြီးနောက်
တွင် နိုင်ငံတ၀ှမ်းမှ ပေါက်ဖွားလာသော အမိမြေ၏ အနာဂတ် ပန်းပွင့်လေးများသည် အလွန်အမင်း မစဥ်းစားကြတော့ပေ။
အများစုက ရှေ့ကို တွန်းတိုက်ပြီး ပြေးတက်ရန်သာ ရွေးချယ်ခဲ့ကြသည်။
လူပေါင်းများစွာသည် ပင်မတံခါးများ ဆီသို့ အလျင်အမြန်ရောက်ရှိရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြသည်။
"ဘာတွေစောင့်နေတာလဲ ငါတို့မှာ အချိန်မရှိဘူးလေ"
၀မ်လင်းတို့လူစုက မလှုပ်ရှားသေးဘဲ ငေးကြည့်နေသည်ကို မြင်လျှင် အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက သတိပေးလိုက်ကြသည်။
သူတို့ ကျောင်းနှစ်ကျောင်းက လက်ရှိအချိန်တွင် မဟာမိတ်ဖွဲ့ထားသော ကျောင်းများ ဖြစ်ကြ၏။
စင်စစ် လတ်တလောအခြေအနေသည် အလွန်အမင်း စဥ်းစားနေရမည့် အနေအထား မဟုတ်ပေ။
အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများအတွက် လှေကားထစ် ခုနစ်သိန်းကို တက်ရမည်မှာ သူတို့၏အသက်တစ်၀က်ကို တိုစေလိမ့်မည် ဖြစ်၏။
ဤကဲ့သို့ စမ်းသပ်မှုမျိုးသည် လေ့ကျင်းခန်း တစ်ခါမှ မလုပ်ဖူးသော ဖက်တီးတစ်ယောက်ကို ကိုယ်ကာယ စာမေးပွဲအတွက် မီတာတစ်ရာ ပြေးရမည်ဟု ရုတ်တရက် ပြောဆိုခြင်းနှင့် ဆင်တူသည်။
ဆိုရလျှင် ကြားလိုက်ရုံဖြင့်ပင် လူအများကို စိတ်ဖိစီးကာ ထိတ်လန့်သွားစေမည် ဖြစ်၏။
မည်သူကမှ ပထမအဆင့်မှာပင် ထုတ်ပယ် မခံချင်ခဲ့ကြချေ။
ပထမအဆင့် ဖယ်ရှားရေး အစီအစဥ်၏ လုပ်ဆောင်မှုကို နားလည်ပြီးနောက်တွင် လူအများစုသည် အသာစီးရရန်အတွက် ရှေ့သို့ အလျင်အမြန်ပြေးတတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် နဂါးကိုးကောင်ဘုံကျောင်း၏ လှေကားများသည် ခရုပတ်လှေကားများ ဖြစ်သောကြောင့် ဦးဆုံး ရောက်ရှိလာသောသူများသည် အရှိန်များ ရပ်တန့်သွားခဲ့ကြသည်။
ထိုခဏတွင် ဘုံကျောင်း၏ မြေညီထပ်၌ လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။
သို့သော်လည်း တစ်ချိန်ထဲမှာပင် အထက်တန်းကျောင်း အချို့သည် သူတို့ကဲ့သို့ပင် အခြေအနေကို စောင့်ကြည့်နေပြီး မလှုပ်ရှားသေးကြောင်း ၀မ်လင်း သတိပြုမိခဲ့သည်။
ကျောင်းအုပ်ကြီးချန်းက ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်များဟု သတ်မှတ်ထားသည့် အမှတ်၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်း၊ မျှခြေမီးလျှံ အလယ်တန်းကျောင်း တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းနှင့် တိုင်တန် အထက်တန်းကျောင်းများသည် အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။
ဆိုရလျှင် အသာစီးရရှိရန်အတွက် ဦးစွာလှုပ်ရှားခြင်းသည် အခြေခံ တိုက်ပွဲဗျူဟာတစ်ခု ဖြစ်သော်လည်း ဤသည်မှာ အမျိူးသားအဆင့် ပြိုင်ပွဲ ဖြစ်သည်။
ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ပါ၀င်ယှဥ်ပြိုင်မည် ဆိုလျှင် ရှေးရိုးစွဲ တွေးခေါ်ပုံများကနေ ဖောက်ထွက်ရန် လိုအပ်၏။
ဤအခိုက်အတန့်တွင် အမှတ် ၆၀ အထက်တန်းကျောင်း၏ အပြုအမူများသည် ကျောင်းအုပ်ကြီးချန်း အလေးပေးခဲ့သော ဗျူဟာမြောက် တွေးခေါ်မှုနှင့် အံကိုက် ဖြစ်သည်။
ဆိုရလျှင် ကျောင်းသားများသည် မစဥ်းစားမဆင်ခြင်ဘဲ ရှေ့ဆုံးသို့ ပြေးထွက်မလာသင့်ပေ။
၎င်းတို့အနေဖြင့် များများတွေးကာ သတိထား၍ ပြုမူရမည် ဖြစ်သည်။
လှေကားထစ် ခုနစ်သိန်းကို တက်ရန် သာမန်နည်းလမ်းကို အသုံးပြုခြင်းသည် အလွန် ပင်ပန်းနွမ်းနယ်မည်မှာ သေချာ၏။
ထို့အပြင် ဤသည်မှာ ပထမအဆင့်သာ ရှိသေးသည်။
ယနေ့ကျင်းပသည့် ဖယ်ရှားရေး ပထမအဆင့် အပြီးတွင် တကယ့်ပြိုင်ဆိုင်မှုသည် မနက်ဖြန်တွင် စတင်မည် ဖြစ်၏။
ထိုကြောင့် ကျောင်းသားများသည် ဤပထမအဆင့်တွင် ခွန်အားများ ကုန်ဆုံးခဲ့လျှင် မနက်ဖြန်တွင် ယှဥ်ပြိုင်မည့် ပြိုင်ပွဲအတွက် ခွန်အားများ ပြန်လည်ရရှိရန် အချိန်များစွာ ရရှိမည်မဟုတ်ပေ။
ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်၏ ကြေငြာမှုပြီးနောက်တွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် အပေါ်ဆုံးသို့ အလျင်အမြန် တက်ရောက်နိုင်မည့်နည်းလမ်းကို အသေအချာ စဥ်းစားခဲ့ကြသည်။
ယင်းမှာ စေတီတော်၏ အောက်ခြေကနေ ဘုံကျောင်း၏ အပေါ်ထပ်သို့ ခဏအတွင်း တက်နိုင်မည့် နည်းလမ်း ဖြစ်၏။
"ငါတို့ ဘယ်လိုတက်ကြမလဲ"
ကော်ဟောက်က မေးခွန်းထုတ်လိုက်သည်။
"အလျင်လိုစရာမလိုဘူး ခဏလောက် စောင့်ကြည့်ကြရအောင်"
ဤအရေးကြီးသောအခိုက်အတန့်တွင် လူတိုင်းသည် သွေးပူနေသော်လည်း ချန်းချောင်ကမူ ခေါင်းအေးအေး ထားနိုင်ခဲ့သည်။
ယင်းမှာ ချန်းချောင်ကို ကျောင်းအုပ်ကြီးချန်း ရွေးချယ်ခဲ့သည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်သည်။
ချန်းချောင်သည် ၎င်း၏ အားကစားစွမ်းရည်ကြောင့် အမှတ် ၆၀ အထက်တန်းကျောင်းသို့ ၀င်ရောက်နိုင်ခဲ့သည်။
သူသည် ငယ်စဥ်ကတည်းကပင် ပြိုင်ပွဲများစွာတွင် ပါ၀င်ယှဥ်ပြိုင်ခဲ့ပြီး အခြေအနေ အများအပြားကို ကြုံတွေ့ခဲ့ဖူးသည်။
ချန်းချောင်သည် အမျိုးသားအဆင့် ပြိုင်ပွဲများတွင်လည်း ပါ၀င်ခဲ့ဖူး၏။
ထိုကဲ့သို့ အတွေ့အကြုံရင့်ကျက်သည့် ပြိုင်ပွဲ၀င် တစ်ဦးသည် အသင်းအတွက် သေချာပေါက် လိုအပ်သည် မဟုတ်လော။
ချန်းချောင်က သူ၏ ပြိုင်ပွဲအတွေ့အကြုံများကို အခြေခံ၍ ဤအရေးကြီးသော အခိုက်အတန့်တွင် အခြေအနေကို ခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။
အမှတ် ၆၀ အထက်တန်းကျောင်းက အပေါ်ဆုံးသို့ တက်ရောက်နိုင်မည့် နည်းလမ်းကို ဆွေးနွေးနေချိန်တွင် တိုင်တန်အထက်တန်းကျောင်းမှ ကျောင်းသားများသည် သူတို့၏ နည်းလမ်းကို စဥ်းစားပြီးသွားပြီ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်က အလွန်လေးလံသောကြောင့် လှေကားတက်ရသည်မှာ သူတို့အတွက် အမှန်တကယ် နာကျင်ရလိမ့်မည် ဖြစ်၏။
အကယ်၍ လှေကားတက်ရင်း ပြုတ်ကျခဲ့လျှင် သူတို့၏ ခန္ဓာကိုယ် အလေးချိန်ကြောင့် သူတို့အနောက်ရှိ လူများသည် အသေအလဲ ခံစားရပေလိမ့်မည်။
တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားများသည် ထိုအချက်ကိုလည်း ထည့်သွင်းစဥ်းစားခဲ့ကြသည်။
၄င်းတို့က စိတ်နှလုံးကောင်းများ ရှိသောကြောင့် တိုက်ပွဲတွင်
အစကတည်းက မပါ၀င်ခဲ့ကြသည်မှာ ထင်ရှားနေ၏။
တိုင်တန်အထက်တန်းကျောင်း၏ ယူနီဖောင်းသည် အလွန်ပင် ကြည့်၍ ကောင်းသည်။
ယူနီဖောင်းတစ်ခုလုံးကို သားမွေးများဖြင့် ပြုလုပ်ထားပြီး ပုခုံးတွင်လည်း စိတ်၀ိညာဥ်သားရဲများ၏ သွားများကို စီခြယ်ထား၏။
ထိုယူနီဖောင်းတွင် မြောက်ပိုင်းမှ လူမျိုးများ၏ မြွေသားရေကုတ်အင်္ကျီများ ကဲ့သို့ ထူထဲသော သားမွေးကော်လံလည်း ပါရှိသည်။
"စလိုက်ရအောင်"
ထိုအချိန်မှာပင် လူငယ်လေး တစ်ယောက်သည် ရှေ့သို့ လျှောက်လာခဲ့သည်။
၄င်းမှာ တိုင်တန်အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ကျူးဟန်ယွင် ဖြစ်သည်။
သူက သာမန် ကိုယ်လုံးကိုယ်ပေါက်သာ ရှိသော်လည်း တကယ်တမ်းတွင် အလွန် လေးလံသည်။
၀မ်လင်းက သူ၏ ဘုရင်မျက်လုံးကို အသုံးပြု၍ ကြည့်လိုက်ရာ တစ်ဖက်လူက ဂျင်ငါးထောင် အလေးချိန် ရှိနေသည်ကို ခန့်မှန်းမိခဲ့သည်။
ပထမနှစ်ကျောင်းသားအနေဖြင့် ဂျင်ငါးထောင် အလေးချိန်အထိ ရောက်ရှိနေသည်ကို ထောက်လျှင် ကျူးဟန်ယွင်သည် တိုင်တန်ကျင့်စဥ်ကို အနည်းဆုံး စတုတ္ထအဆင့်ထိ ကျင့်ကြံထားပြီးပြီ ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
အမှန်တကယ်ပင် သူသည် တစ်သန်းတွင် တစ်ယောက်ဟု ဆိုနိုင်လောက်အောင် အရည်အချင်းရှိသူလည်း ဖြစ်၏။
သူက ကြီးမားသော ကိုယ်အလေးချိန် ရှိသော်လည်း လမ်းလျှောက်လာစဥ် အတွင်း မြေပြင်က လုံး၀ မတုန်လှုပ်ခဲ့ပေ။
ယင်းမှာ အလွန်ပင် အံ့သြစရာကောင်း၏။
ထို့နောက် သူက သူ၏ အနောက်ဘက်ရှိ ချစ်စရာကောင်း သော မိန်းကလေးကို ပြုံး၍ ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
"ညီမလေး မင်းအရင်လာခဲ့"
သူ၏ ပြောပုံဆိုပုံနှင့် ပြုမူပုံအရ ဤသို့ လုပ်ဆောင်ခြင်းသည် တိုင်တန်အထက်တန်းကျောင်းမှ ကျောင်းသားများ အတွက် ပထမဆုံးအကြိမ် မဟုတ်မှန်း ထင်ရှားနေသည်။
ဂျူနီယာညီမလေးက ကျူးဟန်ယွင်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ဟန်ဖြင့် ကျူးဟန်ယွင်ဆီသို့ လျှောက်သွားခဲ့သည်။
သို့သော် သူမ၏ လမ်းလျှောက်မှုသည် ကျူးဟန်ယွင်ကဲ့သို့ မတည်ငြိမ်ခဲ့ပေ။
သူမ လမ်းလျှောက်လာစဥ် မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
ဤသို့ဖြင့်ပင် သူမသည် ကျူးဟန်ယွင်ဆီသို့ ရောက်ရှိလာခဲ့သည်။
"စီနီယာအကို.. ဒီနည်းလမ်းကိုသုံးလို့ တကယ်ပဲ အဆင်ပြေနိုင်ပါ့မလား"
ထိုအချိန်တွင် အခြားသော တိုင်တန်အထက် တန်းကျောင်းမှ ကျောင်းသားများသည်လည်း သူတို့နားသို့ ရောက်လာခဲ့ကြသည်။
"ဘာမှမစိုးရိမ်နဲ့ ဂျူနီယာ ညီမလေး.. ငါမင်းကို အခုပဲ အပေါ်ထပ်ကို ပို့ပေးမယ်"
ထို့နောက်တွင် ကျူးဟန်ယွင်သည် သူ၏ ဂျူနီယာညီမလေး၏လက်မောင်းကို ကိုင်ကာ သုံးကနေ စတင် ရေတွက်ခဲ့သည်။
"သုံး.. နှစ်.. တစ်.. ၀ုန်းး"
ထိုခဏတွင် ဒုံးကျည်ပေါက်ကွဲသံကဲ့သို့ အသံထွက်ပေါ်လာ၍ ပတ်၀န်းကျင်ရှိ လူအားလုံးသည် အပြင်းအထန်ပင် တုန်လှုပ် ခြောက်ခြားသွားခဲ့ကြသည်။
စင်စစ် ကျူးဟန်ယွင်သည် သူ၏ လက်နှစ်ဖက်ဖြင့်
ဂျူနီယာညီမလေးကို အမြောက်ကျည်ဆန်ကဲ့သို့ ပျံသန်းစေခဲ့ခြင်းပင် ဖြစ်သည်။
လူတိုင်း၏အမြင်တွင် ကျူးဟန်ယွင်၏ ဂျူနီယာညီမလေးသည် ဥက္ကာပျံနှင့်ပင် ဆင်တူနေခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် နဂါးကိုးကောင် တောင်ထိပ်ကနေ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး ကျူးဟန်ယွင်၏ ညီမလေးသည် လေထဲကနေ ပြန်လည် ပြုတ်ကျလာခဲ့သည်။
သူမက ပြုတ်ကျလာပြီးနောက် ခေါင်မိုးထပ်ရှိ အုတ်ကြွပ်များကို ထိုးဖောက်ကာ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားခဲ့သည်။
ဤသို့ဖြင့်ပင် ကျူးဟန်ယွင်၏ ဂျူနီယာညီမလေးသည် အပေါ်ထပ်သို့ ပထမဦးဆုံး ရောက်ရှိသွားခဲ့သည်။
ကျူးဟန်ယွင်က သူ၏ ဂျူနီယာညီမလေးကို အမြောက်ကျည်ဆန်ကဲ့သို့ တစ်ချက်တည်းဖြင့် အပေါ်ထပ်ဆီ ပစ်လွှတ်နိုင်ခဲ့သည်။
သို့သော် ကျူးဟန်ယွင်က သူ၏လုပ်ရပ်ကို အပြီးမသတ်နိုင်သေးပေ။
သူက တခြားဂျူနီယာညီအစ်ကို မောင်နှမများကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ကဲ မြန်မြန်လေး.. နောက်တစ်ယောက်"
ကျူးဟန်ယွင်က သူ၏ဒုတိယမြောက် ပစ်လွှတ်မှုအတွက် စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်ခဲ့သည်။
တစ်ဖက်တွင်လည်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ အကြီးအကဲများသည် ချွေးများစိုရွှဲနေပြီ ဖြစ်သည်။
သူတို့အနေဖြင့် တိုင်တန်အထက်တန်းကျောင်းမှ ကျောင်းသားများ ထိပ်ဆုံးသို့ တက်လှမ်းနိုင်မည်ဟု သံသယမရှိခဲ့ကြပေ။
သို့သော် ပြဿနာမှာ ဤလူအုပ်စုသာ ဤအတိုင်း အပေါ်ထပ်သို့ တက်မည်ဆိုလျှင် နဂါးကိုးကောင် ဘုံကျောင်းသည် ပျက်စီးသွားနိုင်ပေသည်။
အပိုင်း(၁၁၃၄) ပြီး၏