ဆန်းကြယ်ပင်လယ်ရဲ့ပုံပန်းသွင်ပြင်
Vol. 76 Ch. 1136
စွန်းရုံ၏ ဓား၀ိညာဥ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းသည် ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
သူမသည် ပုံမှန်အားဖြင့် ဓား၀ိညာဥ်နေရာလွတ်ကို ဖွင့်နိုင်သလို ဓားမပါလျှင်ပင် ဓါး၀ိညာဥ်ကို ခေါ်ယူနိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့သည်။
စွန်းရုံသည် အမှတ်၆၀ အထက်တန်းကျောင်း၏ အထူးစွမ်းရည် ရှိသူများထဲတွင် ဓား၀ိညာဥ်ရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။
ဤသည်မှာ အပေါ်ယံတွင် လူတိုင်းသိထားသည့်အချက်ဖြစ်သည်။
ထိုအထဲတွင် ၀မ်လင်းနှင့် အခြားသူများကို ထည့်သွင်းစဥ်းစားထားခြင်း မရှိခဲ့ပေ။
စွန်းရုံက ဆန်းကြယ်ပင်လယ်ကို ခေါ်ယူပြီး ရေထုတစ်ခုအနေဖြင့် သူတို့လူစုကို ပို့ဆောင်ရန် စီစဥ်ထားခဲ့သည်။
ထို့ကြောင့် သူမသည် ဆန်းကြယ်ပင်လယ်၏ စစ်မှန်သည့် ဓား၀ိညာဥ်အသွင်အပြင်ကို ဆင့်ခေါ်ဖို့ လိုအပ်၏။
ယင်းမှာ လူတိုင်းအတွက် ဆန်းကြယ်ပင်လယ်၏ ပုံပန်းသွင်ပြင်အစစ်အမှန်ကို ပထမဆုံးအကြိမ် မြင်တွေ့ရမည့် အခွင့်အရေးလည်း ဖြစ်သည်။
"စွန်းရုံရဲ့ ဓား၀ိညာဥ်ကို နင်တို့တွေ မြင်ဖူးကြလား"
လီယိုယွဲ့က စူးစမ်းစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
ဆန်းကြယ်ပင်လယ် ဟူသောအမည်သည် ဦးလေးကြီး တစ်ယောက်၏ နာမည်ဟု ထင်ရသော်လည်း ဓား၀ိညာဥ်များသည် ၎င်း၏ပိုင်ရှင်များကို အတုယူတတ်သည်။
ထို့အပြင် ဓား၀ိညာဥ်၏ ပုံသဏ္ဍာန်သည် ပိုင်ရှင်သဘောကျသည့် ပုံစံအပေါ်တွင် အခြေခံထားသည်။
"စွန်းရုံက ဦးလေးကြီး တစ်ယောက်ကို နှစ်သက်တဲ့သူ
များ ဖြစ်နေမလား"
လီယိုယွဲ့က ထိုအချက်ကို မဖြစ်နိုင်ဟု မထင်ခဲ့ပေ။
ယခုခေတ်တွင် မိန်းကလေးများသည် ဖြူဖွေးသောမျက်နှာ၊ မြင့်မားသောနှာတံ၊ ဖြောင့်စင်းသောမျက်ခုံးနှင့် မျက်ရစ်နှစ်ထပ် ရှိသူများကို ငြီးငွေ့နေကြပြီ ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် ခန့်ညားချောမောသည့် ဦးလေးကြီးပုံစံများသည် သူမတို့အတွက် ပို၍ ဆွဲဆောင်မှု ရှိလာခဲ့သည်။
တခြားသူများတွင်လည်း ဆန်းကြယ်ပင်လယ်၏ ပုံသဏ္ဍာန်နှင့်ပတ်သက်၍ ထင်မြင်ချက်များ ရှိခဲ့ကြသည်။
ကော်ဟောက် "ငါတော့ ဆန်းကြယ်ပင်လယ်ကို မမြင်ဖူးဘူး ဒါပေမဲ့ သူ့မှာ ခံစားချက်မဲ့ငါးမသာ မျက်လုံးတစ်စုံတော့ မရှိဘူးလို့ ထင်တာပဲ"
ထိုစကားကို ကြားလျှင် ၀မ်လင်း၏ မျက်ခွံများသည် ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤစကားက သူ့ကို တမင်တကာစောင်းချိတ်နေသည်ဟု ခံစားမိသောကြောင့်ပင်။
စွန်းရုံက သူတို့ကို တမင်တကာ စဥ်းစားခွင့်ပေးပြီးနောက်တွင် မျက်လုံးကို မှိတ်လိုက်ကာ ဓား၀ိညာဥ်ကို စတင် ဆင့်ခေါ်ခဲ့သည်။
သူမက ဆန်းကြယ်ပင်လယ်၏ စစ်မှန်သည့် ပုံပန်းသွင်ပြင်ကို လူအများရှေ့တွင် ဘယ်တုန်းကမှ မဖော်ပြခဲ့ပေ။
တစ်ခါတစ်ရံတွင် သူမသည် ဆန်းကြယ်ပင်လယ်ကို ကာကွယ်ရန်အတွက် အတုအယောင် အသွင်အပြင်ကို ပြုလုပ်စေခဲ့သည်။
သို့သော် ဤသည်မှာ အမျိုးသားအဆင့်ပြိုင်ပွဲတစ်ခု ဖြစ်၍ လူအများက ကြည့်ရှုနေကြသောကြောင့် စွန်းရုံအနေဖြင့် ဖုံးကွယ်စရာ မလိုအပ်တော့ဟု ခံစားမိခဲ့သည်။
ဤတစ်ကြိမ်ပြိုင်ပွဲတွင် သူမသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။
တိုင်တန်အထက်တန်းကျောင်း၏ ခေါင်းဆောင် ကျူးယန်ယွင်နှင့် မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်း၏ ခေါင်းဆောင် ကောင်းထျန်းမင် တို့၏ အင်အားပြမှုနှင့် ရင်ဆိုင်ရာတွင် သူမသည် အလွယ်တကူ အရှုံးမပေးလိုခဲ့ပေ။
အနည်းဆုံးတော့ သူမသည် စိတ်ဓာတ်ပိုင်းတွင် အရှုံးမပေးလိုချေ။
"အနန္တသမုဒ္ဒရာ အရှေ့ဘက်လှိုင်း"
စွန်းရုံက မန္တာန်ကို ရွတ်ဆိုလိုက်ရာ သူမ၏ အနောက်ကနေ အပြာရောင်အလင်းတန်းတစ်ခုက စတင် တောက်ပလာသည်။
တစ်ခဏအတွင်းမှာပင် လူတိုင်းသည် လှိုင်းထန်နေသော ပင်လယ်ပြင်မှ ဆားငန်ရည်အနံ့ကို ရရှိသလို ခံစားလိုက်ရသည်။
သူတို့က အမှန်တကယ်ပင် ပင်လယ်နားတွင် ရှိနေပြီး
လှိုင်းလုံးများဆီမှ အသံကို ကြားနေရသလို ခံစားခဲ့ရ၏။
စည်းကမ်းထိန်းသိမ်းရေး ဆရာများပင် စွန်းရုံ၏ လှုပ်ရှားမှုကို သတိထားမိကာ အံ့အားသင့်သွားခဲ့သည်။
"အခြေခံတည်ထောင်ခြင်း အဆင့်ပဲ ရှိသေးတဲ့ ကျောင်းသူတစ်ယောက်က ဓား၀ိညာဥ်ကို မွေးဖွားနိုင်ခဲ့ပြီလား"
ယင်းက သူတို့အတွက် နားလည်ရန် ခက်ခဲစေခဲ့သည်။
ဤဓား၀ိညာဥ်၏ ကိုယ်ရောင်ကိုယ်၀ါအရ ဓား၀ိညာဥ်သည် မကြာသေးမီကမှ ဖြစ်တည်လာခြင်းမဟုတ်ပေ။
ဤသည်မှာ အလွန်ရင့်ကျက်သော အရှိန်အ၀ါရှိသည့် ရှေးကျသော ဓား၀ိညာဥ် ဖြစ်သည်။
ဓား၀ိညာဥ်ကို အသစ်ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ် ခွဲခြားရန်မှာ အလွန်လွယ်ကူသည်။
အဘယ်ကြောင့်ဆိုသော် ယခုမှ စတင်ဖြစ်ပေါ်လာသည့် ဓား၀ိညာဥ်သည် မွေးကင်းစ ကလေးတစ်ယောက် ကဲ့သို့ နို့အနံ့ကို ပေးတတ်သောကြောင့် ဖြစ်သည်။
စွန်းရုံ၏ ဆန်းကြယ်ပင်လယ်တွင် ထိုကဲ့သို့ ရနံ့မရှိပေ။
အပြာရောင်အလင်းတန်းက ခဏမျှ တောက်ပပြီးနောက်တွင် ပင်လယ်ပြာရောင် အ၀တ်အစားကို ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်သည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့သည်။
သူမ၏ ဆံနွယ်သည် ငွေရောင်အစင်းကြောင်းများ ပါ၀င်သည့် အပြာရောင်ရင့်ရင့် ဖြစ်ပြီး အပျိုဖော်၀င်စ လန်းဆန်းတတ်ကြွမှုကို ဆောင်ကျဥ်းနေခဲ့သည်။
ဆန်းကြယ်ပင်လယ်၏ ပုံသဏ္ဍာန် အစစ်အမှန်ကို ကြည့်ရင်း လူတိုင်းသည် တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားခဲ့သည်။
စင်စစ် ဆန်းကြယ်ပင်လယ်၏ စစ်မှန်သော ပုံပန်းသွင်ပြင်သည် မှော်အစွမ်းရှိသည့် မိန်းကလေးတစ်ယောက်၏ ပုံပန်းသွင်ပြင် ဖြစ်သည်။
ဤသည်မှာ သင့်တော်သည့် ရလဒ်တစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ဆန်းကြယ်ပင်လယ်သည် အစောပိုင်းကမှ ဖြစ်တည်လာသော ဓား၀ိညာဥ်မဟုတ်ဘဲ စွန်းရုံငယ်စဥ်ကတည်းကပင် ဖြစ်တည်လာခဲ့သော ဓား၀ိညာဥ် ဖြစ်သည်။
သူမ၏ပုံပန်းသွင်ပြင်က မှော်အစွမ်းရှိသည့် မိန်းကလေးအသွင် ဖြစ်နေခြင်းမှာ မိန်းကလေးတိုင်းသည် ကလေးဘ၀တုန်းက တစ်ချိန်မဟုတ်တစ်ချိန် စိတ်ကူးယဥ်ခဲ့ရသည့် အသွင်အပြင်ဖြစ်သောကြောင့်ပင်။
ဆန်းကြယ်ပင်လယ်၏ ပုံပန်းသဏ္ဍာန်ကိုကြည့်ရင်း ၀မ်လင်းသည် ချစ်စရာအလွန်ကောင်းသည့် ဂျပန်မန်ဂါ စီးရီးမှ ဇာတ်ကောင် ဖြစ်သော ဆာကူရာကိုပင် ချက်ချင်း သတိရမိခဲ့သည်။
ဤသည်မှာ ၀မ်လင်းတို့ အသက်အရွယ် လူငယ်များအနေဖြင့် ကလေးဘ၀တွင် မှတ်မိနေသည့်အရာ ဖြစ်သည်။
"ကဲ ကျေးဇူးပြုပြီး နင်တို့ရဲ့ စိတ်၀ိညာဥ်စွမ်းအင်တွေကို ငါ့ကို ငှားရမ်းပေးပါ"
စွန်းရုံက ပြုံးရွှင်စွာ ပြောလိုက်သည်။
လီယိုယွဲ့နှင့် လျူချင်းရီတို့က ပထမဆုံးရှေ့ကို တက်လာခဲ့ပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ကြသည်။
ယောကျာ်းလေးများကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကာ အရှေ့မှလူ၏ ပုခုံးပေါ်တွင် လက်ကို တင်ထားလိုက်ကြသည်။
ဤသည်မှာ ၀ူရှ၀တ္ထုထဲတွင် တွေ့ရလေ့ရှိသည့် အတွင်းအားထည့်သွင်းသည့် ပုံသဏ္ဍာန်နှင့် ဆင်တူသည်။
ချန်းချောင်ကမူ အနည်းငယ် ရှက်နေခဲ့သည်။
သူက လက်တစ်ဖက်ကို လီယိုယွဲ့၏ ညာဘက်ပုခုံးပေါ်တွင်တင်ပြီး နောက်လက်တစ်ဖက်ဖြင့် သူ့မျက်နှာကို အုပ်ထားခဲ့သည်။
"အားလုံးသေချာလေး ကိုင်ထားကြပါ"
ခဏအကြာတွင် စွန်းရုံသည် မန္တန်ကို ထပ်မံ ရွတ်ဆိုလိုက်သည်။
ထိုခဏတွင် ဆန်းကြယ်ပင်လယ်ဆီကနေ ကြီးမားသည့် စိတ်၀ိညာဥ်လှိုင်းများ ထွက်ပေါ်လာပြီး အမှတ်၆၀ အထက်တန်း ကျောင်းသားများ၏ ခြေထောက်အောက်တွင် ရေပန်းကဲ့သို့ရေထုကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဝုန်း"
ကျယ်လောင်သောအသံနှင့်အတူ ရေထုကြီးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
"အောင်မြင်သွားပြီ"
စွန်းရုံက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လူဆယ်ယောက်၏ စိတ်၀ိညာဥ်စွမ်းရည် ပေါင်းစပ်မှုက လုံလောက်မှု မရှိလောက်ဟု အစောပိုင်းတွင် သူမ ထင်ခဲ့သည်။
သို့သော်လည်း အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အမှတ် ၆၀ အထက်တန်းကျောင်း၏ ရေထုကြီးသည် လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လှေကားကို တက်နေကြသည့် ကျောင်းသားများသည် ထိုရေထုကို စိတ်၀င်စားသွားပြီး အံ့သြထိတ်လန့်သွားခဲ့ကြသည်။
"ဘာတွေဖြစ်နေတာလဲ.. ဒါက ဘယ်အထက်တန်းကျောင်းလဲ ကျောင်း၀တ်စုံကတော့ အတော်လေး ရုပ်ပေါက်တာပဲ.. ကျောဘက်မှာလည်း ငပေါတွေလိုမျိုး လက်ရွေးစင်ဆိုတဲ့စာလုံးကိုတောင် ရေးထားသေးတယ်.. ဒီအဖွဲ့က ဘာလို့ အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ တူနေရတာလဲ"
တစ်စုံတစ်ယောက်က ပြတင်းပေါက်ကနေ ကြည့်ရင်း
ရေရွတ်လိုက်သည်။
"ဟုတ်တယ်.. ဒါက အမှတ် ၆၀ အထက်တန်းကျောင်းပဲ.. အဲဒီကျောင်းက စီနီယာကျိုးရီ ဘွဲ့ရခဲ့တဲ့ကျောင်းလည်း ဖြစ်တယ် ဒါပေမဲ့ ငါမှတ်မိသလောက် သူတို့ရဲ့ အဆင့်သတ်မှတ်ချက်က အရမ်းကြီး မမြင့်မားပါဘူး.. သူတို့တွေက ဘာလို့ ဒီလောက်ထိ ထူးထူးခြားခြား လုပ်ပြနိုင်ရတာလဲ"
တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ရေရွတ်လိုက်သည်။
သူ၏ စကားကိုကြားလျှင် နောက်ထပ် ကျောင်းသားတစ်ယောက်က ခနဲ့ကာ ပြောလိုက်သည်။
"ထူးထူးခြားခြား လုပ်ပြနိုင်တယ် ဟုတ်လား သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်က စွန်းရုံလေ သူတို့လူစုထဲမှာ သူမ တစ်ယောက်ပဲ အနည်းငယ် ပိုထူးခြားတယ်.. ငါ့အမြင်တော့ ကျန်တဲ့သူတွေက သာမန်ပါပဲ.. သူတို့အဆင့်က တိုင်တန်အထက်တန်းကျောင်းနဲ့ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းတို့ကို ယှဥ်လို့မရသေးဘူး"
ကျောင်းသားအချို့က အမှတ် ၆၀ အထက်တန်းကျောင်းအဖွဲ့ကို အထင်သေးစွာ ရေရွတ်လိုက်ကြသည်။
အမှတ် ၆၀ အထက်တန်းကျောင်း၏ အဆင့်သတ်မှတ်ချက်က မြင့်မားခြင်းမရှိသည့် အတွက် လှေကားကနေ တတ်နေသည့်ကျောင်းသားများသည် အမှတ် ၆၀ အထက်တန်းကျောင်းက သူတို့ကို ကျော်တက်သွားသည်ကို လုံး၀ လက်မခံလိုခဲ့ကြပေ။
"အမှတ် ၆၀ အထက်တန်းကျောင်းလား.. ဘယ်လိုဖြစ်နိုင်မှာလဲ.. အဲဒီကျောင်းက အဓိကမြို့ပြ အထက်တန်းကျောင်း အဆင့်တောင် မဟုတ်သေးဘူးလေ"
မည်မျှပင် သူတို့က မနာလိုဖြစ်နေပါစေ၊ ဤသည်မှာ အမှန်တရားဖြစ်၍ သူတို့ကိုယ်သူတို့ ခွန်အားနည်းသလို ခံစားမိခဲ့သည်။
ဤတစ်ကြိမ်ပြိုင်ပွဲတွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် မမျှော်လင့်ထားဘဲ ဖျက်မြင်း အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဒေသအဆင့် သတ်မှတ်ချက်တွင် အမြဲလိုလို နောက်ဆုံးနေရာမှာသာရှိသည့် အထက်တန်းကျောင်းတစ်ကျောင်းအနေဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲ၏ ပထမအဆင့်တွင် ထင်ပေါ်လာလိမ့်မည်ဟု မည်သူမှ စိတ်ကူးဖြင့်ပင် မမှန်းဆမိခဲ့ကြပေ။
ထိုအချိန်မှာပင် လေထုထဲ၌ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံနှင့်အတူ ပြင်းထန်သည့် စွမ်းအားလှိုင်းတစ်ခုက ကပ်ပါလာ၍ လှေကားကနေ တက်နေသည့် ကျောင်းသားအချို့ကိုပင် လဲကျလုနီးပါး ဖြစ်စေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
တစ်စုံတစ်ယောက်က နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။
"တိုင်တန် အထက်တန်းကျောင်းနဲ့ မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းတို့က အမှတ် ၆၀ အထက် တန်းကျောင်းကို တိုက်ခိုက်နေပုံပဲ"
ထိုစကားကိုကြားသည်နှင့် လူတိုင်းသည် သူတို့၏ မျက်လုံးများကို ပြတင်းပေါက် အပြင်ဘက်သို့ လှည့်လိုက်ကြသည်။
ထို့အပြင် သူတို့၏ လည်ပင်းများကိုလည်း ပြတင်းပေါက်အပြင်သို့ ထုတ်ကာ အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
အပေါ်ဆုံးထပ်ကို ပထမဆုံး ရောက်ရှိခဲ့သည့် ကျောင်းနှစ်ကျောင်းသည် အပေါ်သို့ တက်လာနေဆဲ ဖြစ်သည့် အမှတ် ၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်နေပုံရ၏။
ယခုအခါတွင် အပေါ်ဆုံးထပ်၌ စိတ်၀ိညာဥ်စွမ်းရည်အလင်းတန်းများ တောက်ပနေခဲ့ပြီး စွမ်းအင်လှိုင်းလုံးများသည် အမှတ် ၆၀ အထက် တန်းကျောင်း၏ ရေထုဆီသို့ တည့်မတ်စွာ ဦးတည်နေခဲ့သည်။
အပိုင်း(၁၁၃၆) ပြီး၏