စူးစမ်းခြင်း
Vol. 76 Ch. 1137
တိုင်တန်အထက်တန်းကျောင်းနှင့် မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းတို့က သူတို့ အမှတ် ၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်လာကြလိမ့်မည်ဟု ၀မ်လင်းက ကြိုတင် တွေးထားခဲ့သည်။
တကယ်တမ်းတွင် ဤသည်မှာ တိုင်တန်အထက်တန်းကျောင်းနှင့် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ ချမှတ်ထားသည့် နည်းဗျူဟာအစီအစဥ် ဖြစ်၏။
သီအိုရီအရ အမှတ် ၆၀ အထက်တန်းကျောင်း ကဲ့သို့အလယ်အလတ်အဆင့် သတ်မှတ်ချက်သာ ရှိသည့် ကျင့်ကြံခြင်းကျောင်းသည် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းနှင့် တိုင်တန်အထက်တန်းကျောင်းတို့ ကဲ့သို့ နာမည်ကျော် ကျောင်းများ၏ ပစ်မှတ်ဖြစ်လာမည် မဟုတ်ပေ။
သို့သော်လည်း နည်းဗျူဟာတစ်ခုကို ရွေးချယ်သောအခါတွင် ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် အဆုံးသတ်၌ ၄င်းတို့၏ ကျောင်းအုပ်ကြီးများ အကြံဥာဏ်ကို နားထောင်ခဲ့ရသည်။
မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး လီချင်းရှီသည် အသိအကျွမ်းဟောင်း ဖြစ်သည့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ချန်းထျန်းရှန်း၏ ကျောင်းသားများကို ပထမအဆင့်မှာပင် ဖယ်ရှားရန်အတွက်နည်းဗျူဟာများကို အသေးစိတ် ရေးဆွဲခဲ့သည်။
အမှတ် ၆၀ အထက်တန်းကျောင်းသည် မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းနှင့် တိုင်တန် အထက်တန်းကျောင်းတို့၏ နှောင့်ယှက်မှုကို ခံနေရသော်လည်း ထိုကျောင်းနှစ်ကျောင်းသည် အမှန်တကယ် မပူးပေါင်းရသေးသည်မှာ ထင်ရှားနေသည်။
လက်ရှိအချိန်ထိ ကျောင်းနှစ်ကျောင်းမှ ကျောင်းသားအားလုံးနီးပါးသည် ၎င်းတို့ဘာသာ လုပ်ဆောင်နေကြပြီး ပူးပေါင်းဆောင်ရွက်မှု လုံး၀ မရှိကြသေးပေ။
၎င်းတို့က အမှတ် ၆၀ အထက်တန်းကျောင်းအဖွဲ့ကို ရည်ရွယ်၍ စိတ်၀ိညာဥ် စွမ်းအင်များဖြင့် မရပ်မနား ပစ်ခတ်ခဲ့ကြသည်။
ထို့ကြောင့် ဆန်းကြယ်ပင်လယ်သည် ထိုကျောင်းနှစ်ကျောင်းမှ ကျောင်းသားများ ပစ်ခတ်သည့် လမ်းကြောင်းများကို ပိတ်ဆို့ရန် သို့မဟုတ် လမ်းကြောင်းလွှဲရန်အတွက် ရေဒိုင်းတစ်ခုကိုပင် ဖန်တီးခဲ့သည်။
စွန်းရုံသည် ထိုကျောင်းနှစ်ကျောင်းမှ ကျောင်းသားများ တိုက်ခိုက်လာနိုင်သည်ဟု ကြိုတင် တွက်ဆမိခဲ့သည်။
သို့သော်လည်း ဆန်းကြယ်ပင်လယ်၏ စွမ်းအားတစ်ခုတည်းကိုသာ အားကိုးလျှင် သူမတို့၏ လက်ရှိအခြေ အနေကို ထိန်းသိမ်းရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူမ ကောင်းစွာ သဘောပေါက်ခဲ့သည်။
"ဒီကျောင်းတွေက တကယ်ကို ယုတ်မာတာပဲ"
အဖွဲ့ခေါင်းဆောင်အနေဖြင့် စွန်းရုံသည် ယခုအခါတွင် အတော်လေး စိုးရိမ်နေခဲ့၏။
နာမည်ကျော် ကျောင်းနှစ်ကျောင်း တစ်ချိန်တည်းတွင်
တစ်ပြိုင်နက် တိုက်ခိုက်ခြင်းသည် သူတို့ကို အမှန်တကယ် အနိုင်ကျင့်ခြင်းပင် မဟုတ်ပါလော။
၀မ်လင်းက တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။
တကယ်တမ်းတွင် ဤသည်က သူ့အတွက် ရိုးရှင်းသော အခြေအနေတစ်ခုသာ ဖြစ်၏။
သူ့အနေဖြင့် ၎င်းတို့၏ မှော်စွမ်းအင်များကို လာရာလမ်းသို့ ပြန်လှည့်သွားအောင် လုပ်ဆောင်လိုက်ရုံပင်။
သို့သော်လည်း ဖန့်ရှင်းသည် ဝမ်လင်းကို ထိုသို့ လုပ်ဆောင်ရန် လုံး၀ အခွင့်အရေးမပေးခဲ့ပေ။
သူက သူ၏လည်ပင်းကို လက်ဖြင့် အနည်းငယ် လိမ်လိုက်ရာ သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါးဖြစ်သော တောက်ပသည့်မြွေအကြေးခွံ အချို့သည် သူ၏ခန္ဓာကိုယ်ပေါ်ကနေ ချက်ခြင်း ဆိုသလို ကွာကျလာခဲ့သည်။
ဤသည်မှာ အင်မော်တယ်ရှဲဖီ ထံမှ သူအမွေဆက်ခံခဲ့သော မှော်ရတနာလည်း ဖြစ်၏။
မြွေအကြေးခွံများသည် ပုံမှန်မဟုတ်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ရွေ့လျားသွားပြီး ကျောင်းနှစ်ကျောင်း ပေါင်းစပ် တိုက်ခိုက်လိုက်သည့် စိတ်၀ိညာဥ်စွမ်းအင်များကို ချေဖျက်ပစ်လိုက်သည်။
ဤတစ်ကြိမ်တွင် အံ့အားသင့်သွားရသူမှာ တိုင်တန် အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင် ကျူးဟန်ယွင်နှင့် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင် ကောင်းထျန်းမင်တို့ ဖြစ်သည်။
အမှတ် ၆၀ အထက်တန်းကျောင်းသည် သူတို့ ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နေခဲ့၏။
အရေးကြီးဆုံးသောအချက်မှာ သူတို့၏ ၀ိညာဥ်စွမ်းအားများကို ချေဖျက်လိုက်သည့်အရာက မည်သည့်အရာ ဖြစ်သည်ကို သူတို့ မသိခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် ဆန်းကြယ်ပင်လယ်၏ စွမ်းအားတစ်ခုထဲသည် နာမည်ကျော် ကျောင်းနှစ်ကျောင်း၏ ပေါင်းစပ်တိုက်ခိုက်မှုကို ခုခံရန် မလုံလောက်ချေ။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးများနှင့် အဓိကတာ၀န်ခံများသည် နဂါးကိုးကောင် ဘုံကျောင်းနှင့် မနီးမဝေးရှိ ဥပုံသဏ္ဍာန် အဆောက်အဦးအတွင်း စုရုံးခဲ့ကြသည်။
ထိုအဆောက်အဦးမှာ ပြိုင်ပွဲ၏ ကွပ်ကဲရေးဌာန ဖြစ်သည်။
ကွပ်ကဲရေး ဌာနကို ယခုတစ်ကြိမ်တွင် ကြီးကြပ်နေသူမှာ ဗိုလ်ချုပ်ဆယ်ပါးအနက်မှ တစ်ဦးဖြစ်သည့် ဥက္ကဌချီ ဖြစ်၏။
လက်ထောက်ကာကွယ်ရေးချုပ်မှာ သူ၏ဆရာဖြစ်ပြီး နဂါးကိုးကောင်တောင်အောက်ရှိ ကောင်းကင် သွေးပြန်ကြောများ၏ ကာကွယ်ရေးချုပ် ဖြစ်သော ဟွမ်ဖုန်း ဖြစ်သည်။
အဖိုးအိုဟွမ်ဖုန်းက ဗိုလ်ချုပ်ဆယ်ယောက် ထဲတွင် မပါ၀င်သော်လည်း မည်သူ ဖြစ်သည်ကို လူတိုင်းက သိထားကြသည်။
ဗိုလ်ချုပ်ဆယ်ယောက်ထဲမှ တစ်ယောက်၏ ဆရာသည် သာမန်လူတစ်ယောက် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
တစ်စုံတစ်ယောက်က ဤအမျိုးသားအဆင့်ပြိုင်ပွဲကို နှောင့်ယှက်ရန် ကြိုးစားပြီး ကောင်းကင်သွေးပြန်ကြောများ၏ ပင်မသွေးကြောများကို လုယက်မည် ဟူသော ကောလဟာလကြောင့် အဖိုးအိုဟွမ်သည် ပြိုင်ပွဲကို အသေးစိတ် စောင့်ကြည့်နေခဲ့သည်။
ဤနေရာရှိ ကျောင်းအုပ်ကြီးများသည် ဖန့်ရှင်း၏ လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ကြသည်။
အကြောင်းရင်းမှာ ကျောင်းအုပ်အများစုသည် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့်ပင်။
"ဒီကောင်လေးက ဘယ်သူလဲ"
ဟွမ်ဖုန်းက ဖန်သားပြင်ကို စူးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဆရာ.. ဒါ ဟိုတုန်းက ကျန်ရစ်ခဲ့တဲ့ ကလေးပဲ"
ဥက္ကဌချီက ဟွမ်ဖုန်း၏ အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒါဆို သူပေါ့"
ဟွမ်ဖုန်းက ချက်ခြင်းပင် သဘောပေါက်သွားခဲ့၏။
ဖန့်ရှင်း၏ ဇာတ်လမ်းကို သဘာ၀အတိုင်းပင် သူကြားသိခဲ့ရသည်။
ထိုအချိန်က အင်မော်တယ်ရှဲဖီသည် အသတ်မခံရမီတွင် ထောင်ထဲ၌ ကလေးတစ်ဦးကို မွေးဖွားခဲ့ပြီး ထိုကလေးမှာ ဖန့်ရှင်း ဖြစ်၏။
ထိုအချိန်က ဖန့်ရှင်းကို အင်မော်တယ်ရှဲဖီ နှင့်အတူ စွန့်ပစ်သင့်သည်ဟု လူအများက ထင်မြင်ခဲ့ကြ၍ ရုတ်ရုတ်သဲသဲပင် ဖြစ်ခဲ့သေးသည်။
သို့သော်လည်း နောက်ဆုံးတွင် ထိုကလေးသည် အသက်ရှင် ကျန်ရစ်ခဲ့၏။
မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်ရှဲဖီ၏ ကလေးက အရွယ်ရောက်လာသဖြင့် ဟွမ်ဖုန်းကအနည်းငယ် ၀မ်းနည်းသလို ခံစားမိခဲ့သည်။
ဆိုရလျှင် အင်မော်တယ်ရှဲဖီ၏ နောက်ကွယ်မှ အမှန်တရားကို လူတော်တော်များများသည် မသိခဲ့ကြပေ။
ယခု အင်မော်တယ်ရှဲဖီ၏သား ဖန့်ရှင်းက ဤနေရာတွင် ပေါ်ထွက်လာသောကြောင့် အတိုက်အခံများ ပေါ်ထွက်ခဲ့လျှင်ပင် ဥက္ကဌချီသည် အံ့သြမည် မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် ဥက္ကဌချီက ဖန့်ရှင်းဖြစ်ကြောင်း ဟွမ်ဖုန်းကို ပြောကြားပြီးနောက်တွင် ကျောင်းအုပ် အများအပြားသည် ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
"တကယ်ပဲ သူက အင်မော်တယ်ရှဲပိရဲ့ ကလေးအစစ်လား.. သူ့ကိုဘာကြောင့် ပါ၀င်ခွင့်ပေးရတာလဲ.. ဒါကို ဘယ်လိုလုပ်ပြီး အတည်ပြုလိုက်တာလဲ.. အင်မော်တယ်ရှဲဖီက မိစ္ဆာအင်ပါယာကွာဖီရဲ့ တပည့်လေ.. သူက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်ကောင် တစ်ယောက်ပဲ"
"တိတ်ကြစမ်း"
ဥက္ကဌချီက အော်ငေါက်လိုက်သည်။
ခဏအကြာတွင် ဟွမ်ဖုန်းသည် ကျောင်းအုပ်ကြီးများကို ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။
"ဒီကိစ္စကို နောက်တစ်ကြိမ်ထပ်မပြောကြနဲ့တော့.. ကျောင်းသားဖန့် အနေနဲ့ ပြိုင်ပွဲကို ပါ၀င်ခွင့်ရပြီ ဆိုကတည်းက စုံစမ်းစစ်ဆေးရေးတွေကို ကျော်ဖြတ်ပြီးပြီ ဆိုတာ သက်သေပြဖို့ လုံလောက်နေခဲ့ပြီ.. ဒါ့အပြင် ငါသိရသလောက် ကျောင်းသားဖန့်က ငယ်စဥ်ကတည်းကနေစပြီး ဟွာရှို့ မဟာမိတ်အဖွဲ့အစည်းရဲ့ တင်းကြပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တာပဲ.. ဒါကြောင့် မင်းတို့တွေ အခုလိုမေးခွန်းထုတ်နေတာက ဟွာရှို့ မဟာမိတ်အဖွဲ့အစည်းကို သောက်သုံးမကျဘူးလို့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ဖြစ်မနေဘူးလား"
ကွပ်ကဲရေးဌာနရှိ လူတိုင်းသည် ချက်ခြင်းပင် ငြိမ်ကျသွားခဲ့သည်။
ဤစကားသည် အဖိုးအိုဟွမ်၏ နှုတ်မှ ထွက်ပေါ်လာသောစကားများဖြစ်၍ နာခံမှုရှိစွာဖြင့် သူတို့အားလုံးသည် စကားတစ်ခွန်းမှ မပြောရဲခဲ့ကြပေ။
တစ်ဖက်တွင်လည်း မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း နှင့်တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားများသည် သူတို့၏ ၀ိညာဥ်စွမ်းအင်များ ချေဖျက်ခံလိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားစွာ ရေရွတ်လိုက်ကြသည်။
"ထူးဆန်းတယ်.. သူတို့က ငါတို့ရဲ့၀ိညာဥ်စွမ်းရည်တွေကို ဘယ်လိုလုပ်ပြီး ချေဖျက်လိုက်တာလဲ"
ကောင်းထျန်းမင်က ညီးညူလိုက်သည်။
သူက အောက်ကို ငုံ့ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခုကို ရနေခဲ့သည်။
"ကြည့်ရတာ အမှတ် ၆၀ အထက်တန်းကျောင်းအဖွဲ့မှာ စွန်းရုံအပြင် တခြားသူတွေဆီမှာလည်း အရည်အချင်းတချို့ ရှိနေပုံရတယ်"
မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းမှ လူငယ်တစ်ဦးက ပြောဆိုလိုက်သည်။
"ကြည့်ရတာ သူတို့ထဲမှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာ ငါတို့တွေ မသိသေးတဲ့ပုံပဲ"
ကောင်းထျန်းမင်က သုံးသပ်လိုက်သည်။
"ဒီတစ်ခေါက် ပြိုင်ပွဲအတွက် အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ အဖွဲ့ထဲမှာ အပြောင်းအရွှေ့ ကျောင်းသားလေးယောက် ပါ၀င်တယ်.. သူတို့ဆီမှာ နောက်ခံ အချက်အလက်တွေ မရှိဘူး.. သူတို့က လျှို့၀ှက်ကျင့်ကြံသူတွေ ဖြစ်နိုင်တယ်.. အခြားအဖွဲ့၀င်တွေအနေနဲ့ ချန်းချောင်က အားကစားသမား တစ်ယောက်ဖြစ်တယ်.. သူ့မိသားစုက ခန္ဓာ ကိုယ်နည်းစနစ်ကို အထူးပြုတဲ့ သိုင်းသင်တန်းကျောင်းကို ဖွင့်ထားတယ်.. သူက ပြိုင်ပွဲကြီးတွေမှာ ပါ၀င်ခဲ့ဖူးပေမဲ့လည်း အောင်မြင်မှုကိုတော့ မရရှိခဲ့ဘူး.. သူ့ကို လူတွေက ထာ၀ရနံပါတ် ၂ လို့လည်း ခေါ်ဆိုကြတယ်.. နောက်တစ်ယောက်ကတော့ အိမ်မွေးတိရစ္ဆာန်ဆိုင် ဖွင့်ထားတဲ့ ကော်ဟောက်ပဲ.. သူ့မှာ အစွမ်းထက်တဲ့ ကြက်တူရွေးတစ်ကောင် ရှိတယ်လို့ ကြားသိရပေမဲ့ အခုထိ မတွေ့မိသေးဘူး.. ဒါပေမဲ့ ဒီကြက်တူရွေးကို စိတ်ပိုင်းဆိုင်ရာ နည်းစနစ် တစ်ခုခုနဲ့ ဆင့်ခေါ်နိုင်မယ်လို့ ငါထင်တယ်"
"တခြားသူတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ"
"ရှားမင် အကြောင်းကိုတော့ ငါသိပ်မသိဘူး.. မကြာသေးမီကတော့ သူနဲ့ စွန်းရုံအကြောင်း ကောလဟာလတစ်ခု ထွက်ပေါ်ခဲ့တယ်.. မြင်းမြီးကေ ဆံပင်နဲ့ မိန်းကလေးကတော့ လီယိုယွဲ့လို့ ခေါ်တယ်.. သူမတို့ မိသားစုက စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားတယ်.. သူမက အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ လက်ရွေးစင်အခန်း(၂)က အတန်းခေါင်းဆောင်လည်း ဖြစ်တယ်.. အကယ်၍ သူတို့ထဲမှာ လျှို့၀ှက် ကျင့်ကြံသူတစ်ယောက် ရှိနေတယ်ဆိုရင် အဲဒါက အပြောင်းအရွှေ့ ကျောင်းသားလေးယောက် ထဲကပဲ ဖြစ်နိုင်လိမ့်မယ်
သုံးသပ်ချက်များကို ပြောဆိုပြီးနောက်တွင် ကောင်းထျန်းမင်သည် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ကာ ၀မ်လင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒီခံစားချက်မဲ့ငါးမသာမျက်လုံးနဲ့ သူက.."
"ငါဒီကောင့်ကို အရင်က တွေ့ဖူးတယ်.. ငါသူ့ကိုကောင်းကောင်းမှတ်မိတယ်"
လူငယ်တစ်ယောက်က ကောင်းထျန်းမင်၏ စကားကို ဖြတ်ပြောလိုက်သည်။
"သူက အမှတ် ၆၀ အထက်တန်းကျောင်းကို ကိုယ်စားပြုပြီး ပါ၀င်ယှဥ်ပြိုင်ဖူးတယ်.. သူက ကျောင်းရဲ့ လာဘ်ကောင်လေးဖြစ်တယ်လို့ ငါကြားသိခဲ့ရတယ်.. ဒီကောင်ကတော့ ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ဘူး"
"ငါနားလည်ပြီ"
ကောင်းထျန်းမင်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက်တွင် သူ၏လှုပ်ရှားနေသောစိတ်သည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။
အပိုင်း(၁၁၃၇) ပြီး၏