← Chapters

ရှုံးထွက်ဒုတိယအဆင့်

Vol. 76 Ch. 1139

ရှုံးထွက်ဒုတိယအဆင့်

Vol. 76 Ch. 1139

ကျူးဟန်ယွင်က သွေးအိုင်ထဲတွင် လဲနေခဲ့သည်။

ကျင့်ကြံခြင်း အထက်တန်းကျောင်းများ၏ အမျိုးသားအဆင့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲ အတွက် အားကောင်းသော ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားသော်လည်း ဤကဲ့သို့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

ပြိုင်ပွဲကျင်းပရေး ကော်မတီသည် လူတိုင်းကို ဘေးကင်းလုံခြုံစေရမည်ဟု အာမခံထားခဲ့သည် မဟုတ်ပါလော။

ကျူးဟန်ယွင်၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို မြင်လိုက်ရလျှင် ကျောင်းသားအားလုံး၏ မျက်နှာထံ၌ ထိတ်လန့်တကြားဖြစ်နေသည့် အမူအရာများ ထင်ရှားနေခဲ့၏။

သေဆုံးသူက သာမန်လူတစ်ဦး မဟုတ်ဘဲ တိုင်တန်အထက်တန်းကျောင်း၏ အသင်းခေါင်းဆောင်ဖြစ်သည့် ကျူးဟန်ယွင် ဖြစ်သည်။

၄င်းက ကိုယ်ပိုင်ခွန်အားဖြင့် ဂျူနီယာညီလေးညီမလေးများကို လှေကားထစ် ၇သိန်းကို ကျော်ဖြတ်၍ ထိပ်ဆုံးသို့ ရောက်အောင် တိုက်ရိုက်ပို့ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာတွင် ကျောင်းသားအရေအတွက်က ပိုမို များပြားလာခဲ့သည်။

ပတ်၀န်းကျင်ရှိ ကျောင်းသားများသည် အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

သူတို့အားလုံးက တိုင်တန်အထက်တန်းကျောင်းမှ ကျောင်းသူလေး ၀မ်းနည်းပူဆွေးနေသည်ကို မြင်လျှင် ရုတ်တရက် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့ကြသည်။

"ဆရာတစ်ယောက်ယောက်ကို ခေါ်လိုက်ကြရအောင်.. ငါတို့တွေ အမြန်ဆုံး သူ့ကို ကယ်တင်ရမယ်"

"သူ့ကို ကယ်တင်ဖို့ နောက်ကျသွားပြီ"

ထိုအချိန်တွင် တစ်စုံတစ်ဦးသည် အေးဆေးတည်ငြိမ်သော လေသံဖြင့် ၀င်ပြောလိုက်သည်။

ထို့နောက် ထိုလူက ကျူးဟန်ယွင် အနားတွင် ဒူးထောက်ထိုင်လိုက်ပြီး ဒဏ်ရာအခြေအနေကို စစ်ဆေးလိုက်သည်။

"အပြင်ဒဏ်ရာတွေတော့ မရှိတဲ့ပုံပဲ.. ဒန်ထျန်အတွင်းမှာ ရှိတဲ့ စိတ်၀ိညာဥ်အရင်းအမြစ်တွေ ကျိုးပဲ့သွားတာကြောင့် အကျိုးဆက်အနေနဲ့ သူ့ရဲ့ဗိုက်ကနေ သွေးယိုစိမ့်မှု ဖြစ်ပေါ်လာတဲ့ပုံပဲ"

"သူတကယ်ပဲ သေသွားပြီလား"

လူတိုင်းက ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

ပြိုင်ပွဲတစ်ခုအတွင်း တစ်စုံတစ်ဦး သေဆုံးသွားသောအခါတွင် လူတိုင်း၏ ပထမဆုံးတုန့်ပြန်မှုသည် အခြေအနေကို တာ၀န်ယူဖြေရှင်းပေးရန် အတွက် ဆရာတစ်ဦးဦးကို ရှာဖွေရန် ဖြစ်သည်။

သို့သော်လည်း ဆရာများကို ရှာဖွေရန် ပြေးထွက်သွားသော ကျောင်းသားများသည် တစ်စုံတစ်ရာ မူမမှန်ကြောင်း မကြာမီမှာပင် သတိထားမိလာကြသည်။

"ပြတင်းပေါက်တွေကို ပိတ်ထားတယ်.. ပိတ်ဆို့ထားတဲ့စနစ်တစ်ခုကို ချထားတဲ့ပုံပဲ.. ငါတို့ ဘယ်လိုမှအပြင်ကို ထွက်လို့မရဘူး.. အရင်က အပေါက်ကလည်း ပြန်ဖာထားပြီးပြီ"

တစ်စုံတစ်ဦးက အော်ဟစ်၍ ပြောလိုက်သည်။

ဤအပေါက်သည် ကျူးဟန်ယွင်က သူ့လူများကို ဘုံကျောင်း ထိပ်သို့ ပို့ဆောင်စဥ် ဖောက်ထွင်းခဲ့သည့် ကြီးမားသောအပေါက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

သို့သော်လည်း ကျောင်းသားများက ၎င်းတို့၏အခန်းတွင် အနားယူနေစဥ် ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ထိုအပေါက်ကို အပြည့်အ၀ ဖာထေးပစ်လိုက်၏။

တစ်နည်းအားဖြင့် သူတို့တွင် အပြင်ဘက်ရှိ ဆရာများကို လက်ရှိအခြေအနေအား အသိပေးနိုင်မည့် နည်းလမ်း မရှိတော့ပေ။

"ဘယ်လိုလုပ်ကြမလဲ.. ပြိုင်ပွဲ၀င်တစ်ယောက်က သေသွားခဲ့ပြီ ပြိုင်ပွဲဆက်၀င်လို့ ဖြစ်ပါ့မလား.. အကယ်၍ လူသတ်သမားက ငါတို့ထဲမှာ ပုန်းနေပြီး ထပ်မံတိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ.. အခုပဲ ည ၂ နာရီ ကျော်နေပြီ.. ည ၁ နာရီထိုးရင် ဒုတိယအဆင့် ဖယ်ရှားခြင်း အစီအစဥ်ကို ကြေငြာမယ်လို့ သူတို့ပဲ ပြောခဲ့တယ် မဟုတ်လား.. အခုထိဘာလို့ မကြေငြာရသေးတာလဲ"

ထိုအချိန်တွင် လူအုပ်ကြီးသည် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်နေခဲ့ပြီး လူတိုင်းသည် မိမိတို့၏ ထင်မြင်ယူဆချက်များကို ဖော်ထုတ်နေခဲ့ကြသည်။

"အရင်ဆုံး စိတ်အေးအေးထားကြပါ"

ထိုအချိန်တွင် ကူရွှင်းကျစ်သည် ရှေ့သို့ ချဥ်းကပ်လာခဲ့သည်။

"ဒုတိယအဆင့် ဖယ်ရှာခြင်း အစီအစဥ်က စနေပြီလို့ ငါထင်တယ်"

လူအားလုံး" ? ? ? "

"ဒုတိယအဆင့် စတင်နေပြီလို့ ပြောလိုက်တာလား"

"ပုံမှန်အားဖြင့် ပြိုင်ပွဲ၀င်တစ်ယောက် သေဆုံးသွားရင် ဆရာတွေက သတိမထားမိဘဲ နေမှာမဟုတ်ဘူး.. ကျူးဟန်ယွင်ရဲ့ သေဆုံးမှုက အစကတည်းက စီစဥ်ထားခဲ့တာ မဟုတ်ခဲ့ရင်ပေါ့"

ကူရွှင်းကျစ်က အခြေအနေကို အေးဆေး တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

တကယ်တမ်းတွင် သူသည် တစ်စုံတစ်ရာကို သတိထားမိခဲ့သည်။

သို့သော်လည်း ထိုအကြောင်းကို တိုက်ရိုက်ပြောပြရန် မဖြစ်နိင်သောကြောင့် ကျောင်းသားများကို မှန်ကန်သော လမ်းကြောင်းဆီသို့ ဦးတည်စေရန်သာ ကြိုးစားခဲ့သည်။

"ဒုတိယအဆင့်ဖယ်ရှားခြင်း အစီအစဥ်ရဲ့ တာဝန်က ကျူးဟန်ယွင်ကို သတ်သွားတဲ့ လူသတ်သမားကို ရှာဖွေခိုင်းတာ ဖြစ်နိုင်တယ်"

သူ၏ စကားကိုကြားလျှင် လူတိုင်းသည် သဘောပေါက်သွားကြသည်။

သို့သော် မြေပြင်ထက်ရှိ ကျူးဟန်ယွင်၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သူတို့အားလုံးသည် အသက်ရှုကြပ်သလို ခံစားလိုက်ရသည်။

ဤသည်က ဒုတိယအဆင့် ဖယ်ရှားခြင်းအတွက် စစ်ဆေးရေး ဖြစ်လျှင် ယင်းမှာ တကယ်ကို ရက်စက်လွန်းသည်ဟုဆိုရမည်။

ပြိုင်ပွဲကျင်းပရေး ကော်မတီသည် စစ်ဆေးရေးအတွက်နှင့် လူတစ်ဦးကို အမှန်တကယ် သတ်ပစ်ခဲ့ပါသလော။

ထိုအချိန်တွင် အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ အသင်းခေါင်းဆောင် ကောင်းထျန်းမင်က ပြောလိုက်သည်။

"ဒီလူက ကျူးဟန်ယွင် မဟုတ်ဘူး"

"ကျူးဟန်ယွင် မဟုတ်ဘူး ဟုတ်လား.. ဒါက ဘာကိုဆိုလိုတာလဲ"

လူအုပ်ကြီးက အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ကျူးဟန်ယွင်က တိုင်တန်ကျင့်စဥ်ကို စတုတ္ထအဆင့်ထိ ကျင့်နိုင်ခဲ့တဲ့အတွက် ပေါင် ၅၀၀၀ ကိုယ်အလေးချိန် ရှိတယ်.. ဒါပေမဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျူးဟန်ယွင်ရဲ့ ခန္ဓာကိုယ်ကတော့ မင်းတို့တွေ မြင်ရတဲ့အတိုင်း အရမ်းကိုပေါ့ပါးနေတယ်"

ထိုစကားကိုပြောနေရင်း ကောင်းထျန်းမင်သည် ကျူးဟန်ယွင်၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် အသာလေး မပြလိုက်သည်။

ဤအခြေအနေအရသည် ကောင်းထျန်းမင်သည် ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားမိခဲ့ပြီး သူ၏မှန်းဆချက်ကို မျှဝေရန်ပြင်လိုက်သော အချိန်မှာပင် ကူရွှင်းကျစ်က ရုတ်တရက် ၀င်ပြောလိုက်သည်။

"တည်ဆောက်ခြင်း မှော်အတတ်.."

ကူရွှင်းကျစ် ထိုစကားကို ပြောပြီးနောက်တွင် ကောင်းထျန်းမင်သည် ကူရွှင်းကျစ်ကို လှမ်းကြည့်လိုက်သည်။

လူတိုင်းသိထားသည်မှာ ဤလူသည် အမှတ်၆၀ အထက် တန်းကျောင်းကို နှစ်၀က်မှ ပြောင်းရွှေ့လာသည့် ကျောင်းသားတစ်ဦး ဖြစ်သည်။

ထိုလူ၏ နောက်ခံအကြောင်းကို မည်သူမှ မသိသော်လည်း သာမန်လူတစ်ဦး မဟုတ်သည်မှာတော့ သိသာ ထင်ရှားလွန်းနေ၏။

အကြောင်းရင်းမှာ တည်ဆောက်ခြင်းမှော်အတတ်သည် တက္ကသိုလ်တွင်သာ တွေ့ရလေ့ရှိသည့် အဆင့်မြင့် မှော်အတတ် တစ်ခု ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ကောင်းထျန်းမင်းက နှုတ်ဆိတ်ရန်သာ ရွေးချယ်ခဲ့ပြီး ကူရွှင်းကျစ်၏ ရှင်းပြချက်များကို ဂရုတစိုက် နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

ကူရွှင်းကျစ်ကလည်း အလျင်စလိုပင် ပြောမိပြီးမှ ထိုမျှမြန်မြန်ဆန်ဆန် မပြောသင့်ကြောင်း ခံစားမိခဲ့သည်။

တကယ်တမ်းတွင် ဤသည်မှာ လုပ်ငန်းဆိုင်ရာ အကျင့်တစ်ခုဖြစ်သည်။

စကြာ၀ဠာ၏ အုပ်ထိန်းသူအနေဖြင့် ကူရွှင်းကျစ်တွင် စုံစမ်းစစ်ဆေးရမည့် ကိစ္စများစွာရှိပြီး ထိုအထဲတွင် ထူးဆန်းသော အမှုကိစ္စ အချို့လည်း ပါ၀င်၏။

ထို့ကြောင့် ကူရွှင်းကျစ်သည် အမှုများကို ကောက်ချက်ချရာတွင် ကျယ်ပြန့်သော အတွေ့အကြုံ ရှိ၏။

ထို့ကြောင့် သူက ကျူးဟန်ယွင်၏ ခန္ဓာကိုယ်ကို ကောင်းထျန်းမင် မစမ်းကြည့်ခင် ကတည်းကပင် တည်ဆောက်ခြင်း မှော်အတတ်၏ လက္ခဏာရပ်များကို တွေ့မြင်ခဲ့ပြီးပြီ ဖြစ်သည်။

သူ့အနေဖြင့် လူအများရှေ့တွင် ကောက်ချက်ချခဲ့သောကြောင့် သိုသိုသိပ်သိပ် နေထိုင်ရန် မဖြစ်နိုင်တော့ပေ။

ကူရွှင်းကျစ်က ဤအမှုကို ဆက်လက် မသုံးသပ်လိုတော့ပေ။

သို့သော်လည်း သူ့ဆီမှ သုံးသပ်မှုကို စောင့်မျှော်နေသည့် ကျောင်းသားအများအပြား ပတ်၀န်းကျင်တွင် ရှိနေသောကြောင့် ဆက်လက်သုံးသပ်ရန် ဆုံးဖြတ်လိုက်သည်။

"တည်ဆောက်ခြင်းမှော်အတတ်က စိတ်၀ိညာဥ်နဲ့ နေရာလွတ်မှော်အတတ်ကို ပေါင်းစပ်ထားတဲ့ မှော်အတတ်တစ်ခုပဲ.. နေရာလွတ်မှော်အတတ်တွေက ရှားပါးတဲ့မှော်အတတ် ဖြစ်ပေမဲ့ တည်ဆောက်ခြင်းမှော်အတတ်ကတော့ နေရာလွတ်မှော်အတတ်တွေထဲမှာ အရိုးရှင်းဆုံးပဲ.. အဲဒါက စိတ်စွမ်းအင်ကို အသိစိတ်လောကမှာ ရှိတဲ့ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်.. အခြေခံအားဖြင့် ဒီပုံရိပ်က ထိတွေ့နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပုံစံတစ်ခုပဲ.. ပုံမှန်အားဖြင့်တော့ ၅နာရီအတွင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်.. လက်ရှိမှာ ဒီမှော်အတတ်ကို ကျင့်ကြံခြင်းလောကမှာ ရှိတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ အသုံးများလာကြတယ်.. ပစ္စည်းတွေကို စီမံခန့်ခွဲသူတိုင်း ဒီအတတ်ကို သင်ယူဖို့လိုအပ်တယ်.. ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်ကို သက်သာစေတဲ့အပြင် ပစ္စည်းတွေကို ဖန်တီးရာမှာလည်း အချိန်တွေကို သက်သာစေတာကြောင့်ပဲ အတိုချုပ်အားဖြင့်ပြောရရင် ငါတို့ အခုကြည့်နေတဲ့ ခန္ဓာကိုယ်က ကျူးဟန်ယွင်ရဲ့ ခန္ဓာကိုယ်မဟုတ်ဘူး.. တည်ဆောက်ခြင်းမှော်အတတ်နဲ့ ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုပဲ.. ငါတို့အနေနဲ့ တကယ့် ကျူးဟန်ယွင်ကို ရှာဖွေဖို့ လိုအပ်နေတယ်"

"ကျူးဟန်ယွင် မသေဘူးလို့ ပြောလိုက်တာလား.. မသေမှတော့ သူ့ကို ငါတို့က ဘာလို့ အားအားယားယား ရှာဖွေရမှာလဲ.. သူက ငါတို့ကို ဟာသလုပ်နေတာ ဖြစ်နိုင်တယ် မဟုတ်လား"

ထိုအချိန်တွင် တစ်စုံတစ်ဦးက ၀င်ပြောလိုက်သည်။

"ဒါတော့ မဖြစ်နိုင်ဘူး"

ကူရွှင်းကျစ်က ခေါင်းခါလိုက်၏။

"တည်ဆောက်ခြင်းမှော်အတတ်က ဘာမှမရှိဘဲ တစ်စုံတစ်ရာကို ဖန်တီးလို့မရဘူး.. ပြောရရင် ဖန်တီးရမဲ့ အရာတွေကို ဦးဆုံးလေ့လာဖို့ လိုအပ်တယ်.. ဒါ့အပြင် ပုံကြမ်းရေးဆွဲဖို့လည်း လိုအပ်သေးတယ်.. ဒါကြောင့် ကျူးဟန်ယွင်က တကယ်မသေဆုံးရင်တောင် နေရာတစ်ခုခုမှာ လဲလျောင်းနေတာ သေချာတယ်"

ကူရွှင်းကျစ် ထိုသို့ပြောပြီးနောက်တွင် အေးဆေး တည်ငြိမ်နေသော ပတ်၀န်းကျင်လေထုသည် နောက်တစ်ကြိမ် တင်းမာလာခဲ့သည်။

ယခု သူတို့ရင်ဆိုင်နေရသော ပြဿနာမှာ လူသတ်သမားအား ရှာဖွေရန်နှင့် ဤအဆင့်ကို ကျော်လွှားရန် ဖြစ်သည်။

ယင်းအတွက်ကြောင့် လူတိုင်း၏ အလီဘိုင်သက်သေများကို တစ်ယောက်ချင်းဆီ စစ်ဆေးရန် လိုအပ်၏။

ပျောက်ဆုံးနေသော ကျူးဟန်ယွင်ကို ချန်လှပ်ထားလျှင် ကျောင်းသား ၇၉၉ယောက် ကျန်နေပါသေးသည်။

စင်စစ် ၇၉၉ယောက်၏ အလီဘိုင် သက်သေအားလုံးကို စစ်ဆေးရန် ကြိုးစားခြင်းသည် လက်တွေ့မကျသည်မှာ ထင်ရှား၏။

ထို့ကြောင့် ကူရွှင်းကျစ်သည် သီးသန့်ဖယ်ရှားခြင်း နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

"ဒီထဲမှာ အပြန်အလှန် အလီဘိုင်သက်သေ ပေးနိုင်မဲ့ မိတ်ဆွေတွေရှိရင် လက်ထောင်ပြပါ.. ဒါ့အပြင် အာရုံခံစွမ်းရည်ကို အထူးပြုတဲ့ ကျောင်းသားတွေက ကျေးဇူးပြုပြီး ရှေ့ထွက်လာခဲ့ပါ.. ဒီအဆင့်ကို ကျော်လွှားဖို့အတွက် ငါတို့တွေ အတူတကွ လုပ်ဆောင်ဖို့ လိုအပ်တယ်"

သူက အာရုံခံစွမ်းရည်ကို အထူးပြုသည့် ကျောင်းသားများအား အဘယ့်ကြောင့် ရှာဖွေရပါသနည်း။

အဖြေမှာ အလွန်ရိုးရှင်း၏။

ကျင့်ကြံသူများသည် မှော်အတတ်ကို အသုံးပြုပြီးနောက်တွင် ၎င်းတို့၏ လက်ပေါ်၌ စိတ်ဝိညာဥ်စွမ်းအင် မော်လီကျူးအချို့ ကျန်ရှိနေမည် ဖြစ်သည်။

ယင်းမှာ စိတ်ဝိညာဥ်စွမ်းအင် မော်လီကျူးများ၏ လျှံထွက်မှုကြောင့် ဖြစ်ပြီး လက်များပေါ်တွင် အကြွင်းအကျန်များ ကျန်ရှိနေတတ်သည်။

ထိုမော်လီကျူး လက်ကျန်များသည် မိနစ် ၃၀ အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။

အာရုံခံ မှော်စွမ်းရည်ကို အထူးပြုသည့် ကျောင်း သားများသာ အကူအညီပေးမည်ဆိုလျှင် ဤလူအုပ်ကြီးကို အလျင်အမြန် စစ်ဆေးနိုင်လိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် လွန်ခဲ့သည့် မိနစ် ၃၀ အတွင်း မှော်အတတ်ကို အသုံးပြုခဲ့သူသည် တည်ဆောက်ခြင်း မှော်အတတ်ကို အသုံးပြုခဲ့သည်ဟု သံသယရှိသူ ဖြစ်လာနိုင်ပေသည်။

အပိုင်း(၁၁၃၉) ပြီး၏

All Chapters